ရွှေထည်နှင့် ငွေများ ၆၂ သိန်းကျော်ဖိုး ခိုးယူခဲ့သည့် ဆိုင်ဝန်ထမ်းဟောင်းကို ဖမ်းဆီး

လသာမြို့နယ်ရှိ အလှပြင်ဆိုင်မှ ရွှေထည်နှင့် ငွေများ ၆၂ သိန်းကျော်ဖိုး ခိုးယူခဲ့သည့်
ဆိုင်ဝန်ထမ်းဟောင်းကို သက်ဆိုင်ရာက မေလ ၁၁ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

မေလ ၇ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ အချိန်ခန့်တွင် လသာမြို့နယ်၊ (၅)ရပ်ကွက်၊ ဗိုလ်ရွဲလမ်းနေ
အမျိုးသမီးတစ်ဦးသည် လသာလမ်း၌ ဖွင့်လှစ်ထားသည့် အလှပြင်ဆိုင်ကို ဖွင့်လှစ်ရန်
နေအိမ်တံခါးအား သော့ခတ်ပြီး ဆိုင်ဝန်ထမ်းများနှင့်အတူ လသာလမ်းရှိ အလှပြင်ဆိုင်သို့
သွားရောက်ခဲ့သည်။

ညနေ ၅ နာရီခွဲအချိန်ခန့်တွင် နေအိမ်သို့ပြန်သွားသော ဆိုင်ဝန်ထမ်းတစ်ဦးမှ ဆိုင်သို့
ပြန်လည်ရောက်ရှိစဉ် နေအိမ်တံခါးပွင့်နေပြီး ပစ္စည်းများ ပြန့်ကျဲနေသည်ကို တွေ့ရသဖြင့်
ကြည့်ရှု စစ်ဆေးခဲ့သည်။

၎င်းပိုင် ပလပ်စတစ်သေတ္တာသော့မှာ ပျက်နေပြီး အတွင်းရှိလက်ကိုင်အိတ်ဖြင့် ထည့်ထားသော
ရွှေထည်ပစ္စည်း(၁၄)မျိုးနှင့် ငွေကျပ်(၁၀)သိန်း၊ ဆိုင်ဝန်ထမ်းများ၏ ခရီးဆောင်အိတ်များအတွင်းမှ
ငွေကျပ် (၄၁၀,၀၀၀)နှင့် ရွှေနားကပ် ၁ ဖက်၊ လက်ကိုင်ဖုန်း ၁ လုံးတို့မှာ ပျောက်ဆုံးနေကြောင်း
သိရသဖြင့် အရေးယူပေးရန်တိုင်ကြားခဲ့ရာ လသာမြို့မရဲစခန်း(ပ)၁၇၀/၁၇၊ ရာဇသတ်ကြီး
ပုဒ်မ-၃၈၀ အရအမှုဖွင့်စုံစမ်းခဲ့သည်။

အမှုကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များနှင့် လသာမြို့မရဲစခန်းမှ
ရဲတပ်ဖွဲ့ဝင်များ၏ ပူးပေါင်းစုံစမ်းချက်များအရ ယခင်က အလှပြင်ဆိုင်ဝန်ထမ်းဟောင်းများဖြစ်သည့်
ခန့်စည်သူ(ခ)စည်သူနှင့် ၎င်း၏ ဇနီးဖြစ်သူ ဥမ္မာကျော်(ခ)ဥမ္မာ(ခ)အေမီတို့ဖြစ်နိုင်ကြောင်း
စတင်စုံစမ်း သိရှိခဲ့သည်။

၎င်းတို့(၂)ဦးကို စစ်ဆေးနိုင်ရန် စုံစမ်းခဲ့ရာ မေလ ၁၁ ရက်နေ့၊ နေ့လယ် ၂ နာရီခွဲအချိန်ခန့်တွင်
ဒလမြို့နယ်နေ ခန့်စည်သူ(ခ)စည်သူကို ဆိပ်ကမ်းမြို့နယ်၊ ပန်းဆိုးတန်းဆိပ်ကမ်းမှလည်းကောင်း၊
ညနေ ၃ နာရီခွဲအချိန်တွင် ဥမ္မာကျော်(ခ)ဥမ္မာ(ခ)အေမီ၊ (၂၁)နှစ်အား လမ်းမတော်မြို့နယ်၊
အနော်ရထာလမ်းနှင့် လှည်းတန်းလမ်းထောင့်မှလည်းကောင်း အသီးသီးဖမ်းဆီးခဲ့သည်။

၎င်းတို့ ၂ ဦးကို စုံစမ်းစစ်ဆေးချက်များအရ မေလ ၇ ရက်နေ့ ၁၁ နာရီ ၅၀ အချိန်ခန့်တွင်
အခင်းဖြစ်တိုက်ခန်းသို့ ခိုးယူရန် တက်ရောက်ခဲ့ရာ တံခါးသော့ ခတ်ထားသည်ကို တွေ့ရပြီး
သော့ဖျက်ရန် ပစ္စည်းကိရိယာများ မပါရှိသဖြင့် နေအိမ်သို့ပြန်ကာ သံထောက် ၁ ခုအား
ယူဆောင်လာပြီး လမ်းဘေးဆိုင်မှ ၀က်အူလှည့် ၁ ချောင်းအား ၀ယ်ယူကာ အခင်းဖြစ် တိုက်ခန်းသို့
တက်ရောက်၍ သော့အားကန့်လန့်ကာ အတွင်းရှိ ငွေနှင့် ရွှေထည်ပစ္စည်း၊ လက်ကိုင်ဖုန်းတို့အား
ခိုးယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်ဟု ဆိုသည်။

၎င်းပြင် ဧပြီလ ၂၃ ရက်နေ့ကလည်း နေ့လယ် ၁၂ နာရီအချိန်ခန့်တွင် အဆိုပါတိုက်ခန်းသို့ ခိုးယူရန်
သွားရောက်စဉ် အသက် ၅၀ နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦးနှင့် တွေ့ရှိသဖြင့် ယခင်က သိကျွမ်းသူ
ဆိုင်ဝန်ထမ်း၏ အမည်အားမေးရာ မရှိကြောင်းပြောပြသဖြင့် ၎င်းတို့မှ ရေအိမ်အသုံးပြုပြီး
ပြန်ထွက်လာစဉ် ဆမ်ဆောင်းအမျိုးအစား လက်ကိုင်ဖုန်း ၁ လုံးအား ခိုးယူခဲ့ကြောင်း၊
ထို့ပြင် ခန့်စည်သူ(ခ)စည်သူသည် ဧပြီလအတွင်းက ကျောက်တံတားမြို့နယ်၊ (၃၉)လမ်းရှိ
နေအိမ်တစ်အိမ်အတွင်းမှ တီဗီတစ်လုံးကို ခိုးယူပြီး နေအိမ်တွင် သိမ်းဆည်းထားကြောင်း
ထပ်မံပေါ်ပေါက်ခဲ့သည်။

ပေါ်ပေါက်ချက်များအရ အမှုမှပါဆုံးသွားသော သက်သေခံ ရွှေထည်ပစ္စည်းများနှင့် ခိုးယူရရှိသည့်
ငွေများဖြင့် ၀ယ်ယူထားသော ကင်မရာ ၁ လုံးနှင့် အ၀တ်အစားတို့အား ပြန်လည်သိမ်းဆည်းနိုင်ခဲ့ကာ
လသာမြို့မရဲစခန်းနှင့် ကျောက်တံတားမြို့မရဲစခန်းများတွင် အမှုများအသီးသီး ရေးဖွင့်ကာ
ဆက်လက်စစ်ဆေးဆောင်ရွက်ထားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - မှုခင်းသတင်းတိုများ