တူမဖြစ်သူကို အနိုင်ကျင့်နှိပ်စက်ခဲ့သည့် ခင်ပွန်းကို ဦးလေးကမကျေနပ်သဖြင့် ဓါးဖြင့်ခုတ်

မှော်ဘီမြို့နယ်တွင် တူမဖြစ်သူကို အနိုင်ကျင့်ခဲ့သည့် ခင်ပွန်းကို ဦးလေးက မကျေနပ်သဖြင့် ဓါးဖြင့်
ခုတ်သတ်ခဲ့သည်ဆိုမှုကို သက်ဆိုင်ရာက သြဂုတ် ၈ ရက်နေ့ တွင်ဖော်ထုတ်ဖမ်းဆီးခဲ့သည်။

အဆိုပါနေ့ နံနက် ၉ နာရီအချိန်ခန့်တွင် မှော်ဘီမြို့နယ် ကျီးပင်ဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူး
ဦးသိန်းဇော်အေး နေအိမ်တွင်ရှိနေစဉ် ပေါက်ကုန်းမြောက်ဘက်ကွင်း၊ ပုလဲနှင့်ငါးမွေးမြူရေးလုပ်ငန်းပိုင်
ငါးကန် ဘောင်ပေါ်တွင် အမျိုးသားတစ်ဦးသေဆုံးနေသည်ကို တွေ့ရကြောင်း ရပ်မိရပ်ဖဖြစ်သူ
ဦးဟဲခူက ၄င်းထံသို့ငါးကန်တာဝန်ခံကလာရောက် အကြောင်းကြားသောကြောင့်သွား ရောက်ကြည့်ရှု
ခဲ့သည်။

ငါးကန်ဘောင်ပေါ်တွင် အသက်၃၀ အရွယ် အမျိုးသားတစ်ဦး ဦးခေါင်းနောက်စေ့နှင့်လည် ဂုတ်တို့
ခုတ်ခံထားရသည့် ဒဏ်ရာဖြင့်သေဆုံးနေသည်ကို တွေ့ရသည်။ သေဆုံးသူနှင့် ၄င်း၏ လွယ်အိတ်
အတွင်းပါ ရှိသည့် မှတ်ပုံတင်ကို တိုက်ဆိုင်စစ်ဆေးရာ လက်ပံတန်းမြို့နယ်နေ သက်လွင်ဦး(၂၈ နှစ်)
ဖြစ်ကြောင်း သိရသောကြောင့် ပြစ်မှုကျူးလွန်သူကို အရေးယူပေးရန်တိုင်ကြားခဲ့သည်။

မှော်ဘီမြို့မ ရဲစခန်းက(ပ)၈၇၄/၁၇ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်စုံစမ်းခဲ့သည်။
အမှုနှင့်ပတ်သက်၍ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များနှင့်
မှော်ဘီ မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များကစစ်ဆေးအတည်ပြုခဲ့ရာ သေဆုံးသူမှာ လက်ပံတန်းမြို့ နယ်နေ
ဝင်းလွင်ဦး၊ (၂၈)နှစ်ဖြစ်ပြီး ၎င်းသည် ညီဖြစ်သူ သက်လွင်ဦး ၏ နိုင်ငံသားစိစစ်ရေးကတ်ကို
ယူဆောင်ကာ ရန်ကုန်မြို့သို့အလုပ်လုပ်ကိုင်ရန်ထွက်လာခြင်းဖြစ်ကြောင်း
အတည်ပြုနိုင်ခဲ့သည်။

ဆက်လက် စုံစမ်းခဲ့ရာ သြဂုတ်လ ၇ ရက်နေ့ ညနေ ၆ နာရီ အချိန်ခန့်တွင် မှော်ဘီမြို့နယ်၊တောကြီး
ကျေးရွာနေ သေဆုံးသူ၏ ဦးလေးတော်စပ်သူထံ ဇော်မိုးနှင့် အတူလာရောက်၍ အရက်သောက်ပြီးနောက်
ည ၇နာရီအချိန်ခန့်တွင် ပြန်သွားကြောင်း စစ်ဆေးပေါ်ပေါက်၍ ဇော်မိုး နေထိုင်ရာ မှော်ဘီမြို့နယ်၊
ကျီးပင် ဆိပ်ကျေးရွာသို့ သွားရောက်၍ စုံစမ်းရှာဖွေရာ မတွေ့ရှိဘဲ ၎င်း၏ဇာတိ ပဲခူးတိုင်းဒေသကြီး၊
လက်ပံတန်းမြို့နယ်၊ တော်ကလပ်ကျေးရွာသို့ပြန်သွားကြောင်း သိရှိခဲ့သည်။

၎င်းနောက် ရဲတပ်ဖွဲ့ဝင်များက အမှုဖြင့် မသင်္ကာသူ ဇော်မိုးအား ထိန်းသိမ်းစစ်မေးနိုင်ရေး ၎င်းနေထိုင်ရာ
သို့ သွားရောက်ရှာဖွေ ဖမ်းဆီးခဲ့ရာ သြဂုတ်လ ၉ရက်နေ့ နံနက် ၄နာရီခွဲအချိန်တွင် ၎င်း၏ နေအိမ်
တွင် ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသူ ဇော်မိုးအား စစ်ဆေးရာ သေဆုံးသူ ၀င်းလွင်ဦး၏ ဇနီးဖြစ်သူမှာ
၎င်း၏တူမဖြစ်ပြီး၊ ၀င်းလွင်ဦးက တူမဖြစ်သူအား အနိုင်ကျင့်နှိပ်စက်ခြင်း၊ အိမ်ထောင်တာဝန်မကျေပွန်ခြင်း
တို့ကြောင့် ကျေနပ်မှုမရှိ၍ ဓားဖြင့်ခုတ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ပေါ်ပေါက်ချက်အရ ဇော်မိုး၊
(၃၅)နှစ်ကို အမှုဖြင့် ဆက်လက်အရေးယူထားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - မှုခင်းသတင်းတိုများ