၂၄ နာရီ အရောင်းဆိုင်ကို ၀င်ရောက်လုယူခဲ့သည်ဆိုသူ ၄ ဦးကို ဖမ်းမိ

ဖိုးလပြည့်(ခ)အောင်ပြည့်မြတ်၊ အာယုကျော်၊ စည်သူလွင်၊ ကျော်ထူး(ခ)လှမျိုးနိုင်တို့နှင့် သက်သေခံပစ္စည်းများ။

စမ်းချောင်းမြို့နယ်တွင် ဖွင့်လှစ်ထားသည့် ၂၄ နာရီ အရောင်းဆိုင်ကို ၀င်ရောက်လုယူခဲ့သည်ဆိုသူ
၎ ဦးကို သက်ဆိုင်ရာက သြဂုတ်လ ၁၁ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဆိုပါနေ့ နံနက် ၂ နာရီ ၄၀ အချိန်ခန့်တွင်စမ်းချောင်းမြို့နယ်၊ စမ်းချောင်း (မြောက်)ရပ်ကွက်၊
စမ်းချောင်းလမ်းတွင် ဖွင့်လှစ်ထားသော g&g စတိုးဆိုင်တွင် လုယက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ g&g စတိုးဆိုင်အရောင်းဝန်ထမ်းက သက်ဆိုင်ရာသို့ တိုင်ကြားရာတွင် သည်အခြား
အရောင်းဝန်ထမ်းများနှင့်အတူ ဈေးရောင်းနေစဉ် Mask အနက်ရောင်များတပ်ဆင်ထားသော
လူငယ် ၄ ဦးမှာ ဆိုင်အတွင်းသို့ ၀င်ရောက်လာပြီး လူငယ် ၃ ဦးမှ အရောင်းဝန်ထမ်းနှစ်ဦးအား
ဓားဖြင့် ထောက်ကာ ကျန်လူငယ်မှ ဆိုင်ကောင်တာ အံဆွဲအတွင်းရှိ ဈေးရောင်းချရငွေ
ကျပ် ၄၀၀၀၀၀ ခန့်နှင့် အရောင်းဝန်ထမ်း နှစ်ဦးထံမှ ရွှေလက်စွပ်မောင်းကွင်း တစ်ကွင်း၊
Oppo Neo-7 လက်ကိုင်ဖုန်း၊ Mi 4-X လက်ကိုင်ဖုန်းနှင့် ဖုန်းငွေဖြည့်ကတ်မျိုးစုံ စုစုပေါင်း
တန်ဖိုးငွေကျပ် ၁၀၅၄၀၀၀တို့အား လုယက်ကာ ဆိုင်ရှေ့တွင် အသင့်ရပ်ထားသော
BB-3434 Probox အမျိုးအစားခဲရောင် အငှားယာဉ်ပေါ်သို့ တက်ကာ ထွက်ပြေးသွားကြောင်း
တိုင်တန်းချက်အရ စမ်းချောင်းမြို့မရဲစခန်း(ပ)၃၄၅/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ အရ
အမှုဖွင့်စုံစမ်းခဲ့သည်။

အမှုမှပြစ်မှုကို ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာပူးပေါင်းအဖွဲ့ဝင်များ၏ မေးမြန်းစုံစမ်းချက်အရ
g&g စတိုးဆိုင်ထဲမှ လူငယ်(၄)ဦးပြေး ထွက်ပြေးလာပြီး ဆိုင်ရှေ့ရပ်ထားသော BB-3434
ယာဉ်ပေါ်သို့ တက်ကာ မောင်းနှင်ထွက်ပြေးသွားကြောင်း အတည်ပြုနိုင်ခဲ့သဖြင့် ဖမ်းဆီးရမိရေး
ဆက်လက် ဆောင်ရွက်ခဲ့ရာ မရမ်းကုန်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်နေ စည်သူလွင်၊ (၁၈)နှစ်အား
မော်တော်ယာဉ်နှင့်အတူ နေအိမ်တွင် ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူ စည်သူလွင်အား ဆက်လက်စစ်ဆေးရာ ပြစ်မှုကျူးလွန်ရာတွင် ၎င်းနှင့်အတူ
မရမ်းကုန်းမြို့နယ်နေ အာယုကျော်၊ (၂၃)နှစ်၊ ဖိုးလပြည့်(ခ)အောင်ပြည့်မြတ်၊ (၁၉)နှစ်နှင့်
ကျော်ထူး(ခ)လှမျိုးနိုင်၊ (၁၈)နှစ်တို့ ပါဝင်ကြောင်း ပေါ်ပေါက်သဖြင့် ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ
နံနက် ၁၁နာရီခွဲအချိန်တွင် ၎င်းတို့ နေထိုင်ရာ နေအိမ်အသီးသီးမှ ဖမ်းဆီးရမိခဲ့ပြီး အမှုမှပါဆုံး
သက်သေခံပစ္စည်း Oppo Neo-7 လက်ကိုင်ဖုန်း (၁)လုံး၊ ရွှေလက်စွပ်မောင်းကွင်း တစ်ကွင်း၊
ဖုန်းငွေဖြည့်ကတ်မျိုးစုံ၊ ငွေကျပ် (၁၆၀၄၀၀)တို့အား ပြန်လည် သိမ်းဆည်းခဲ့ကြောင်းသိရသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - မှုခင်းသတင်းတိုများ