မန္တလေးမြို့သစ်ဈေးကွက် ဈေးနှုန်းနှင့် ဖွံ့ဖြိုးမှု ရှေ့တန်းကို ရောက်လာ

မန္တလေးမြို့ရဲ့ အိမ်ခြံမြေ အကွက်အကွင်းနဲ့ ပတ်သက်ပြီး သိသာတဲ့ အချက်တစ်ခုကို ပြောပါ
ဆိုရင် မြို့ဟာ အရှေ့တောင်ဘက်ကို ရွေ့နေတယ်ဆိုတဲ့အချက်ကို ထည့်ပြောနိုင်ကြပါလိမ့်မယ်။

အဲဒီအရှေ့တောင်ဘက်ဧရိယာကို မြို့သစ် လို့ ခေါ်တွင်ပြီး ဒီမြို့သစ်ရဲ့ အိမ်ခြံမြေဈေးကွက်ဟာ
မြို့သစ်စတည်ခဲ့တဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကျော်ကာလနဲ့ယှဉ်ကြည့်ရင် အခြေအနေက
များစွာကွာခြားသွားခဲ့ပြီဖြစ်ပါတယ်။

ကွာခြား သွားပြီဆိုရာမှာ ဖွံ့ဖြိုးမှုသာမကဘဲ မြို့သစ် ရဲ့ တချို့နေရာတွေက အိမ်ခြံမြေဈေးနှုန်းတွေဟာ
အရင်က အကောင်းဆုံးလို့ပြောကြတဲ့ မြို့တွင်းက ဈေးနှုန်းတွေထက် ပိုမြင့်လာတဲ့ အထိပါပဲ။
မြို့သစ်ဧရိယာဟာ ချမ်းမြသာစည်မြို့နယ် အတွင်းမှာ ရှိပါတယ်။ စတည်စအချိန်က အခုအခါ
တကယ့်မိန်းလမ်းမကြီးဖြစ်တဲ့ ၆၂ လမ်း ပေါ်မှာ ပေ ၄၀၊ ပေ ၆၀ အကျယ် မြေ တစ်ကွက်ကို
ကျပ် ၃၀, ၀၀၀ ၀န်းကျင်လောက်နဲ့ ၀ယ်နိုင်ပါတယ်။

ဒါပေမဲ့ အခုအခါမှာတော့ အဲဒီနေရာတွေဟာ အဆောက်အအုံတန်ဖိုး မပါဘဲနဲ့ မြေဈေးနှုန်းအရဆို
မြေတစ်ကွက် ကို ကျပ်သိန်း ၈, ၀၀၀ အောက် ဈေးခေါ်သူ မရှိတော့ပါဘူး။ မန္တလေးတိုင်းဒေသကြီး
အစိုးရအဖွဲ့ရုံး ကနေ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ အိမ်ခြံမြေ ရောင်းဝယ်ရာမှာ ကျင့်သုံးဖို့ သတ်မှတ်ထုတ်
ပြန်ပေးခဲ့တဲ့ စံနှုန်းတွေအရ မြို့သစ်အတွင်း စည်ကားတဲ့ဧရိယာတချို့ရဲ့ ဈေးနှုန်းဟာ မြို့တွင်းထက်
ဈေးပိုမြင့်နေသလို တချို့နေရာ တွေဟာ ရင်ပေါင်တန်းပြီး လိုက်နိုင်နေတာကို တွေ့ရပါတယ်။
အထူးသဖြင့် မြို့သစ် (၁) ရပ်ကွက်အတွင်း တစ်ဧကစံနှုန်း သတ်မှတ်ချက်တွေအဖြစ် မြို့သစ်
သိပ္ပံလမ်းပေါ်မှာ ကျပ်သန်းပေါင်း ၁၈,၀၀၀ ကနေ ၂၅,၀၀၀ အထိ၊ ၆၂ လမ်းပေါ် မှာ ကျပ်သန်းပေါင်း
၁၅, ၀၀၀ ကနေ ၂၁, ၀၀၀ အထိရှိနေချိန်မှာ မြို့တွင်း အဓိကကျတဲ့ လမ်းတွေဖြစ်တဲ့ ၇၃ လမ်း
(၃၅ လမ်းနဲ့ ၃၆ လမ်းကြား) မှာ ကျပ်သန်းပေါင်း ၁၁, ၀၀၀ မှ ၁၄,၀၀၀ အထိ၊ ၃၅ လမ်း (၇၃
လမ်းနဲ့ ၇၆ လမ်းကြား) မှာ ကျပ်သန်းပေါင်း ၁၄, ၀၀၀ မှ ၁၈,၀၀၀ ထိ၊ အဓိက လမ်းမကြီးတစ်လမ်း
ဖြစ်တဲ့ ၇၈ လမ်း (၃၇ လမ်းနဲ့ ၃၈ လမ်းကြား)မှာ ကျပ်သန်းပေါင်း ၁၇, ၀၀၀ မှ ၂၀, ၀၀၀၊
ဈေးချိုနဲ့အနီးတ၀ိုက်ဖြစ်တဲ့ ၂၆ လမ်း (၈၂ လမ်း နဲ့ ၈၆ လမ်းကြား) မှာ ကျပ်သန်းပေါင်း ၁၃,၀၀၀ မှ
၁၈,၀၀၀ ကြားမှာ ရှိနေပါတယ်။ ဒါကိုကြည့် ရင် မြို့သစ်ရဲ့မြေဈေးနှုန်းက ထိပ်က ပြေးနေတာ
သိသာပါတယ်။

မြို့သစ်ရဲ့ မြေဈေးနှုန်းအပြောင်းအလဲဟာ ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်မှာ တစ်ကြိမ်၊ ၂၀၁၁ ခုနှစ်မှာ
တစ်ကြိမ် သိသိသာသာဖြစ်ပျက်ခဲ့တယ်လို့ ဈေးကွက်သတင်းတွေအရ သိရပါတယ်။ အဲဒီ နှစ်တွေတုန်းက ဈေးကွက်လှုပ်ခတ်ခဲ့ရာမှာ ဈေးနှုန်းတွေအတက်ကြမ်းခဲ့သလို အရောင်း
အ၀ယ်လည်း သွက်ခဲ့ပါတယ်။ တရုတ်လူမျိုး ၀ယ်လက်တွေလည်း မြို့သစ်မှာ ၀ယ်ယူနေထိုင်
လာတာမျိုးက ၂၀၀၀ နဲ့ ၂၀၁၀ ပြည့်နှစ် အပိုင်း အခြားအတွင်း သိသိသာသာ များလာပါပြီ။

လက်ရှိ အနေအထားအရ အိမ်ခြံမြေ အရောင်းအ၀ယ်က ငြိမ်နေပါတယ်။ ဒါပေမဲ့ မြို့သစ်ရဲ့ အိမ်ခြံမြေ
အကွက်အကွင်းက တော့ ဆက်ဖွံ့ဖြိုးမယ့် အလားအလာကောင်း တွေ ရှိနေဆဲဖြစ်ပါတယ်။
စူပါမားကက်တွေ၊ ဟိုတယ်တွေ၊ လုံးချင်းအိမ်ရာတွေ ပါဝင်တဲ့ မင်္ဂလာမန္တလေးစီမံကိန်း၊ မန္တလေးမြို့ ရဲ့
ပထမဆုံးဖြစ်လာမယ့် လက်ရှိအကောင် အထည်ဖော်နေဆဲ ကွန်ဗင်းရှင်းစင်တာအပါ အ၀င် ၁၂
ထပ်ဟိုတယ်၊ ရုံးခန်း တာဝါ၊ ဈေးဝယ်စင်တာတွေပါမယ့် စီမံကိန်းတွေက မြို့သစ်ဧရိယာထဲမှာ
ရှိနေပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။