၂၈ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည်နေ့ ရင်လှိုင်းခတ်သံ

နတ်ဆိုး အဝှက် ခံထားရသူတွေ

nld-flag.jpg - 16.18 KBnld-flag.jpg - 16.18 KB
(၈.၈.၈၈)
- အဲဒီတုန်းက
သူတို့ ပါခဲ့တယ်
သူတို့ နာခဲ့တယ်
နာတာမှ အပြင်းအထန်
ကျည်ဆန်ထိ သေပွဲဝင်
လူစဉ်မမီ ဒုက္ခိတ ဖြစ်
စစ်ကြောရေး စခန်းမှာ
လူမဆန်စွာ နှိပ်စက် ခံရ
နှစ်ရှည် ထောင်ဒဏ် ကျခံခဲ့ရသူတွေ။

- အဲဒီတုန်းက
သူတို့ ပါခဲ့တယ်
သူတို့ နာခဲ့တယ်
မိသားစု ကမ္ဘာပျက်
မျိုးဆက်တစ်နွယ်လုံး
ဝရုန်းသုန်းကား ဖြစ်
ဘဝနှစ် အနစ်နာခံခဲ့ကြသူတွေ။

- အဲဒီတုန်းက
သူတို့ ပါခဲ့တယ်
သူတို့ နာခဲ့တယ်
အန္တရာယ်က နေ့လား၊ ညလား
တရားမဲ့ ခေတ်ပျက်ကြီးထဲမှာ
ဆက်ပြီး မနေသာ
စစ်မျက်နှာအသစ် နေရာရှာဖွေ
နယ်ခြားမြေနဲ့
ပြည်ပ ရောက်ခဲ့ကြသူတွေ။

- အဲဒီတုန်းက
သူတို့ ပါခဲ့တယ်
သူတို့ နာခဲ့တယ်
စာပေ၊ ဂီတ
သုခုမ၊ ရုပ်ရှင်
အနုပညာရှင် တချို့
လုပ်ပိုင်ခွင့်များ ပိတ်ဆို့ တားမြစ်ခံရ
ဘဝ ဝမ်းရေးအတွက်
လက်မမြှောက် အညံ့မခံ
အလံဖြူ မတင်ခဲ့တဲ့သူတွေ။

(၂ဝ၁၆၊ အစိုးရသစ်)
- ဘိသိက်ခံ
ညီလာခံ ခြိမ့်သဲ ယင်ပြင်မှာ
သေချာ ရှာကြည့်တော့
''ပါခဲ့သူတွေ
နာခဲ့သူတွေ''
ဘယ်ရောက်နေကြသလဲ
ဘယ်ပျောက်နေကြသလဲ
အံ့လောက်ဖွယ်ရာ ဖြစ်ရပ်
သမိုင်း အလှည့်အပတ်မှာ
နတ်ဆိုး ဝှက်တာ ခံကြရပြီထင့်။


* ဝှက် = ဖွက်

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ဆောင်းပါး