ပညာရေး အလှမ်းဝေးသလား

 

လှည်းတန်းခုံးကျော်တံတားအောက်ရှိ အခမဲ့စာသင်ဝိုင်းတွင် ပညာသင်ကြားနေသည့် ကလေးငယ်များကို တွေ့ရစဉ်။ ညိုမီ/ မြန်မာတိုင်း(မ်)လှည်းတန်းခုံးကျော်တံတားအောက်ရှိ အခမဲ့စာသင်ဝိုင်းတွင် ပညာသင်ကြားနေသည့် ကလေးငယ်များကို တွေ့ရစဉ်။ ညိုမီ/ မြန်မာတိုင်း(မ်)

မနက်မိုးလင်းစဆိုသော်လည်း ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံနေရာက လမ်းလျှောက်နေသူတွေ၊
ဈေးရောင်းသူတွေ၊ ဖြတ်သန်းသွားလာနေတဲ့ ကားတွေနဲ့ အရောင်အသွေးစုံစုံလင်လင် သက်ဝင်
လှုပ်ရှားနေပါပြီ။ မီးပွိုင့်မီးနီသွားစဉ် လှည်းတန်းစင်တာဘက်က အမျိုးသမီးတစ်ဦးထွက်လာပါတယ်။
ကလေးလွယ်အိတ်တစ်လုံးကို လွယ်လျက် ထမင်းချိုင့်နဲ့ခြင်းတောင်းကို လက်တစ်ဖက်ကဆွဲကာ
ကျန်လက်တစ်ဖက်နဲ့ အဖြူအစိမ်း ကျောင်းဝတ်စုံနဲ့ ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦးကို
ဆွဲကာ ခုံးကျော်တံအောက် ခပ်မြန်မြန်ဖြတ်ကူးလာနေတယ်။

ဒီမြင်ကွင်းကို မြင်ရတဲ့အခိုက် ကားတွေကြားထဲ အသံတကြော်ကြော်နဲ့ ပန်းရောင်းနေတဲ့
ထွန်းထွန်း အသံတိတ်လျက် မျက်လုံးမှိတ်ထားလိုက်တယ်။ မီးပွိုင့်မှာ ကားတွေကြားထဲ
ဖိနပ်မပါတဲ့ ခြေအစုံနဲ့ အပြေးအလွှားပန်းလိုက်ရောင်းနေတဲ့ ထွန်းထွန်း (အမည်လွှဲ)က
၁၂ နှစ်အရွယ်ရှိပေမဲ့ တစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်ခဲ့ရသူဖြစ်ပါတယ်။

လှည်းတန်းခုံးတံတားအောက်မှာ ခွေးတစ်ကောင်နဲ့အတူ နေသားကျနေတဲ့ ထွန်းထွန်းက
ကျောင်းစိမ်းဝတ်စုံနဲ့ ကလေးတွေကို မြင်နေကျ ဖြစ်ပေမဲ့ ''အဖြူအစိမ်းဝတ်ကျောင်းသားတွေ
မြင်ရင် အရမ်းငိုချင်တယ်။ ကျောင်းကို သတိရလို့ ကားကြိတ်ခံရမှာ ကြောက်ပေမဲ့ သူတို့လာရင်
မမြင်ရအောင် မျက်လုံးမှိတ်လိုက်တာ'' လို့ ဆိုပါတယ်။

အသားလတ်လတ်၊ ဆံပင်တိုတို၊ မျက်လုံးဝိုင်းဝိုင်းနဲ့ ထွန်းထွန်းက လေးတန်းအထိ
ကျောင်းနေဖူးပေမဲ့ အဖေဖြစ်သူဆုံးပြီးကတည်းက ပန်းရောင်းနေခဲ့တာ နှစ်နှစ်ရှိပါပြီ။ လှည်းတန်း
ခုံးတံတားအောက်မှာပဲပန်းရောင်း၊ ရေသန့်ဘူးရောင်း၊ ကြက်ဥပြုတ်၊ငုံးဥပြုတ်ရောင်းနေကြတဲ့
ထွန်းထွန်းလိုအရွယ် ကလေး ၁ဝ ယောက်နီးပါးရှိပါတယ်။

မြန်မာနိုင်ငံမှာ ၂ဝ၁၁ ခုနှစ်ကတည်းက အခမဲ့ပညာရေးစနစ်ကို စတင်ခဲ့ပေမဲ့ ကျောင်းမနေနိုင်တဲ့
ထွန်းထွန်းလိုကလေးများစွာကတော့ ကျန်ရှိနေဆဲဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာနရဲ့ အဆိုအရ
မြန်မာနိုင်ငံကကျောင်းနေအရွယ်ကလေး သုံးသန်းနီးပါးဟာ ကျောင်းနေနိုင်ခြင်းမရှိသူနဲ့
ကျောင်းထွက်စောသူတွေ ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံက ကလေးငယ် ၁ ဒသမ ၃ သန်းဟာလည်း
လုပ်ငန်းခွင်ထဲကို ရောက်နေရတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့က ဆိုပါတယ်။

နိုင်ငံတိုင်း နိုင်ငံတိုင်းဟာ ၁၂ နှစ်တာအခြေခံပညာသင်ကြားရေးကို ပြီးဆုံးရမယ်လို့
ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ကြီးက ဆိုပါတယ်။ ၁၂ နှစ်တာပညာရေးကို
မပြီးဆုံးနိုင်ရင်တောင် အနည်းဆုံး ကိုးနှစ်တာ အခြေခံပညာသင်ကြားရေးကို ပြီးဆုံးစေရမယ်လို့
ဆိုပါတယ်။ သို့သော်လည်း ဆင်းရဲနွမ်းပါးပြီး စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့
ကလေးငယ်တွေ ပညာသင်ကြားခွင့် မရကြသေးပါဘူး။

ပညာရေးဆိုတာ ကျောင်းတက်မှ၊ စာသင်ခန်းထဲရောက်မှ သင်ယူနိုင်တာမျိုး မဟုတ်သော်ငြားလည်း
ခုချိန်ထိ ဆင်းရဲနွမ်းပါးမိသားစုဝင် ကလေးငယ်တွေနဲ့ လမ်းပေါ်က လေလွင့်ကလေးတွေဟာ
ပညာရေးနဲ့ ဝေးနေဆဲ ဖြစ်ပါတယ်။

 

ကျောင်းနှင့် ဝေးရသည့် ကလေးများ

သားသမီးနှစ်ယောက်နဲ့အတူ လှည်းတန်းခုံးကျော်တံတားအောက်မှာ ပန်းရောင်း၊ရေသန့်ဘူး
ရောင်းနေတဲ့ ဦးကိုလေးကတော့''အကြီးကောင်က အသက်၁၂ နှစ်၊ လေးတန်း၊ အငယ်မက
ခုနစ်နှစ်၊ တစ်တန်း တက်နေတာ။ အခုတော့ သားအဖသုံးယောက်စားဖို့ တစ်နေ့ကို ငါးထောင်
လောက်ရဖို့ မနည်းရှာစားရတယ်။ ဝမ်းရေးအတွက် ပင်ပင်ပန်းပန်းရုန်းကန်နေရတော့
ကျောင်းအကြိုအပို့ မလုပ်ပေးနိုင်ဘူး။ ကျောင်းထားချင်ပေမဲ့ မွေးစာရင်းတွေက ပျောက်ကုန်တော့
ကျောင်းအပ်ဖို့ အသစ်ပြန်လုပ်ရရင်လည်း သောင်းကျော်ကုန်မှာဆိုတော့ မတတ်နိုင်တော့
ကျောင်းနားခိုင်းထားရတယ်''လို့ ပြောပါတယ်။

ကျပန်းအလုပ်နဲ့အသက်မွေးရင်း ကလေးတွေလမ်းပေါ်မရောက်အောင် ကျောင်းထားနိုင်ဖို့
ကြိုးစားနေတဲ့ ကလေးခြောက်ယောက်မိခင် ဒေါ်မြင့်မြင်အေးကတော့ အငယ်ကလေးသုံးယောက်ကို
ကျောင်းထားနိုင်ပေမဲ့အကြီးကလေးတွေကိုတော့ ကျောင်းထုတ်လိုက်ရပြီလို့ ပြောပါတယ်။

ကျောင်းအပ်ခမကုန်ပေမဲ့ တစ်ယောက်ကိုတစ်လ ၃,ဝဝဝ နဲ့ ၅,ဝဝဝ ကြား ကျောင်းစရိတ်ကုန်သဖြင့်
အကြီးကလေးတွေကို ကျောင်းထုတ်ခဲ့ရခြင်း ဖြစ်ပါတယ်။ စာမတတ်ရင် လမ်းဘေးရောက်မှာစိုးလို့
ရွှေငွေမရှိသော်လည်း အငယ်သုံးယောက်ကိုတော့ ပညာအမွေပေးနိုင်အောင် ကြိုးစားဖို့
ဆုံးဖြတ်ထားတယ်လို့ လှိုင်မြို့နယ်မှာနေထိုင်တဲ့ ဒေါ်မြင့်မြင့်အေးက ဆိုပါတယ်။

''ကျောင်းက သူတို့ပြောတာတော့ အခမဲ့ပေါ့လေ။ ကျောင်းအပ်ခတစ်ခုပဲ လွတ်တာ။
ကလေးတစ်ယောက်မှာ စာရွက်စာတမ်း၊ လွယ်အိတ်၊ ထမင်းချိုင့်၊ မိုးတွင်းဆို ထီးက
အခြေခံလိုအပ်ချက်လေ။ ကလေးဆိုတာ မျိုးက သူများမုန့်စားရင်စားချင်တော့ မုန့်ဖိုးဆိုတာက
ရှိသေးတယ်။ အသက်ငယ်သေးတော့ ကျောင်းပို့ကျောင်းကြိုလုပ်ပေးမှ စိတ်ချရမယ်။
မိဘတွေက ထမင်းစားဖို့ အနိုင်နိုင်ဆိုတော့ မလုပ်ပေးနိုင်ဘူးလေ'' လို့ ဒေါ်မြင့်မြင့်အေးက
ပြောပါတယ်။

 

ပညာရေး ဖြည့်ဆည်းပေးနေသည့် ပရဟိတအဖွဲ့များ

ပရဟိတစိတ်နဲ့ ပညာသင်ကြားပေးနေတဲ့ အဖွဲ့အစည်းတွေကတော့ အကြောင်းအမျိုးမျိုးကြောင့်
ကျောင်းပညာရေးနဲ့ ဝေးနေရတဲ့ကလေးတွေအတွက် မျှော်လင့်အားထားရာတစ်ခု ဖြစ်ပါတယ်။

ထွန်းထွန်းလို လမ်းပေါ်မှာ ပန်းရောင်းနေတဲ့ ကလေးတွေသာမက လမ်းဘေးမှာ လေလွင့်နေတဲ့
ကလေးတွေ၊ တောင်းစားနေရတဲ့ ကလေးတွေကိုပါ ပညာသင်ကြားရေးနဲ့ အလှမ်းမဝေးအောင်
ပေါင်းကူးပေးနေတဲ့အဖွဲ့တစ်ဖွဲ့ကတော့ လှည်းတန်းခုံးတံတားအောက်မှာ ညတိုင်းစာသင်ပေးနေတဲ့
တွဲလက်များ ပရဟိတအဖွဲ့ ဖြစ်ပါတယ်။

စာသင်ချိန် (ည ၇ နာရီနဲ့ ၈ နာရီခွဲအတွင်း)မှာ ဝမ်းစာအတွက် မပူပင်ရဘဲ စိတ်အေးအေးနဲ့
သင်ယူနိုင်အောင် ကလေးတွေရဲ့ ပန်းရောင်းခြင်းအလုပ်ကိုပါ တွဲလက်များ ပရဟိတအဖွဲ့က
ကူရောင်းပေးကြပါတယ်။ ကလေးသုံးယောက်ကို ပန်းကူရောင်းရင်း စာစသင်ပေးခဲ့တဲ့
တွဲလက်များအဖွဲ့ဟာ လေးလသက်တမ်းအတွင်းမှာ တစ်ရက်ကို ပျမ်းမျှ ကလေး ၁ဝ ဦးနဲ့
၁၅ ဦးကြား ပညာသင်ပေးနေပါတယ်။

ကလေးတွေအတွက် လုပ်အားဒါနရော၊ ပညာဒါနပါ စိုက်ထုတ်ပေးနေတဲ့အတွက် ပန်းရောင်းတဲ့
ကလေးတွေသာမက ပညာလိုချင်လို့ အပြင်ကလာတက်သူတွေလည်း ရှိနေပါတယ်။
တွဲလက်များပရဟိတအဖွဲ့က လမ်းပေါ်က ကလေးတွေကို ပန်းကူရောင်းရင်း
စာသင်ကြားပေးနေတာပါ။

သို့သော်လည်း သားသမီးကို စာတတ်စေချင်လို့ မဟုတ်ဘဲ ပန်းအမြန်ရောင်းကုန်ဖို့ စာသင်ဝိုင်း
လွှတ်တဲ့ မိဘတွေနဲ့ ပုံမှန်ထက် ပန်းပိုပြီး ထည့်ပေးလိုက်တဲ့သူတွေ ရှိနေပေမဲ့လည်း
ကလေးတွေအတွက်ဆိုတဲ့ စိတ်တစ်ခုနဲ့သာ ဆောင်ရွက်ပေးနေတယ်လို့ တွဲလက်များပရဟိတ
ဦးဆောင်အဖွဲ့ဝင် ကိုစွမ်းညီညီက ပြောပါတယ်။

''ကျွန်တော်တို့ ကူရောင်းပေးလို့ စောစောကုန်သွားတော့ သူတို့စောစောအိပ်ရတယ်ဆိုတဲ့
အတွေးပဲ တွေးတော့တယ်။ စာသင်ကြားရေးအပြင် စည်းကမ်းနဲ့ စာရိတ္တပိုင်းကို
ကြပ်ကြပ်မတ်မတ် သင်ပေးနေတယ်။ တောင်းနေတဲ့ ကလေးတွေကိုလည်း မတောင်းနဲ့၊
ပန်းရောင်းပါလား၊ ရောင်းပေးမယ်လို့ပြောပြီး စည်းရုံးပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့နဲ့
တွေ့ချိန်ထက် သူတို့မိဘတွေနဲ့တွေ့ချိန်က ပိုများတော့ ဘယ်စရိုက် လက္ခဏာက
အနိုင်ယူနိုင်မလဲဆိုတာတော့ ကြည့်ရမှာပေါ့။ ကျန်တာတော့ ခေါင်းထဲမထည့်တော့ပါဘူး။
ကလေးဆိုတာ အဖြူထည်ပါ။ အရောင်ဆိုးနေတာက မိဘတွေနဲ့ ခိုင်းနေတဲ့သူတွေပါ''လို့
ကိုစွမ်းညီညီက ပြောပါတယ်။

ပလုံကောက်(အမှိုက်ကောက်)တဲ့ကလေးတွေ၊ လမ်းပေါ် ကလေးတွေ၊ ကျူးကျော်ရပ်ကွက်က
ကလေးတွေကို အထူးပြုကူညီနေတဲ့ နောက်ပရဟိတအဖွဲ့တစ်ဖွဲ့ကတော့ ဂျာမနီနိုင်ငံက
ထောက်ပံ့လှူဒါန်းမှုနဲ့ လှုပ်ရှားနေ တဲ့ သူရိယလူမှုရေးအသင်း (Sonne Social Organization)
ဖြစ်ပါတယ်။ သူရိယလူမှုရေးအသင်းက ၂ဝ၁၄ ခုနှစ်ကစပြီး ရန်ကုန်မြို့သုံးနေရာမှာ
နေ့ပိုင်းစောင့်ရှောက်မှုစင်တာ (Day Care Center) တွေ ဖွင့်ခဲ့ပါတယ်။ နံနက် ၉ နာရီကနေ
မွန်းလွဲ ၂ နာရီအထိဖွင့်လှစ်ထားတဲ့ အဲဒီစင်တာသုံးခုစလုံးမှာ ကလေးပေါင်း ၁၂ဝ နီးပါးကို
စာသင်ကြားရုံသာမက အာဟာရကျွေးတာ၊ ကျန်းမာရေးစောင့်ရှောက်မှုကိုပါ ပေးနေတာ
ဖြစ်ပါတယ်။

စင်တာကိုရောက်လာတဲ့ ကလေးတွေကို တစ်ကိုယ်ရေ သန့်ရှင်းရေးအကြောင်း သင်ပေးရုံသာမက
သူတို့မိဘတွေ လွှတ်ချင်အောင်နဲ့ မိသားစုအတွက်ပါ ကျန်းမာရေးစောင့်ရှောက်ပေးတာ၊
အသေးစားငွေချေးပေးတာ၊ ကျောင်းတက်နေတဲ့ ကလေးငယ်တွေကို ထောက်ပံ့ပေးတာတွေ
ဆောင်ရွက်ပေးပါတယ်။ စင်တာမှာလည်း ကလေးတွေကို စာသင်ပေးတာအပြင်
အလုပ်အကိုင်နဲ့ ချိတ်ဆက်ပေးတဲ့ စက်ချုပ်၊ ကြိမ်ထိုး၊ ဆိုင်ကယ်ပြင် သင်တန်းတွေ
ပေးတယ်လို့ ဆိုပါတယ်။

''သူတို့ အဆင်ပြေတဲ့အချိန် လာနိုင်အောင် တစ်ခေါက်ဖြစ်ဖြစ် လာပြီး ထမင်းစားဖို့၊
လာနားဖို့ စည်းရုံးတယ်။ သူတို့ ခဏနားလို့ရတဲ့နေရာအဖြစ် လာကြတာတွေလည်းရှိတယ်။
အဓိကကတော့ သူတို့လာဖို့ပါပဲ။ အများကြီး မဟုတ်တောင် သူတို့ထမင်းစားနေတုန်းလေး
တစ်ခုလောက်လေးဘဲ အသိပညာထည့်ပေးလိုက်နိုင်ရင်တောင် ကျွန်မတို့အနေနဲ့
အောင်မြင်တယ်လို့ မှတ်ယူပါတယ်။ ဆွယ်ရတာကတော့ သူတို့မှာ ငွေရလမ်းလည်း
ရှိနေတော့ ပညာရေးဘက် အလေးသာအောင် လုပ်ပေးရတာပါ။ စာအဓိကတော့မဟုတ်ဘူး၊
သူတို့တွေရဲ့ နေထိုင်မှုဘဝကိုပါ သင်ပေးတာပါ'' လို့ သူရိယအဖွဲ့ရဲ့ လက်ထောက်စီမံကိန်း
မန်နေဂျာ မချိုသန္တာဝင်းက ပြောပါတယ်။

မိုင်မီး (myMEproject) လို့ လူသိများတဲ့ မြန်မာရွေ့လျားပညာရေးစီမံကိန်းကတော့
နယ်ဘက်တွေကနေ မြို့ပေါ်ရောက်လာပြီး လက်ဖက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်တွေမှာ
အလုပ်လုပ်နေရတဲ့ ကလေးတွေရဲ့ ပညာရေးကို ပေါင်းကူးပေးနေတဲ့ ပရဟိတအဖွဲ့
ဖြစ်ပါတယ်။ ၂ဝ၁၄ ခုနှစ်က စတင်ခဲ့တဲ့ မိုင်မီးပညာရေးက သုံးနှစ်တာ ကာလအတွင်းမှာ
လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေမှာ အလုပ်လုပ်နေရတဲ့ကလေးတွေ အပြင်
ဆိုက်ကားနင်း၊ စပယ်ယာလိုက်၊ ဒိုင်နမို ပြင်နေတဲ့ ပျမ်းမျှအသက် ၁၃၊၁၄ နှစ်အရွယ်
ကလေးပေါင်း ၆,၅ဝဝ ကို ကလေးဗဟိုပြုသင်ရိုးညွှန်းတမ်းနဲ့ ထိတွေ့စေခဲ့ပြီးဖြစ်တယ်လို့
ဆိုပါတယ်။

မိုင်မီးပညာရေးက အဆင့်တစ်ခုကို ခြောက်လအထိ ကြာမြင့်တာကြောင့် နောက်ဆုံး
အဆင့်ငါးအထိ ပညာသင်ကြားမှုပြီးဆုံးတဲ့ကလေး မရှိသေးသော်လည်း အဆင့်ငါးဆင့်စလုံး
ပြီးဆုံးသူများအတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်ဖို့လည်း ကြိုးပမ်း
ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

''အသက် ကိုးနှစ်၊ ၁ဝ နှစ်ဆိုတာက နွေးနွေးထွေးထွေနဲ့ မိသားစုတွေနဲ့ နေရမယ့်ဘဝပါ။
မိဘတွေကိုယ်တိုင်က ကျောင်းထုတ်ပြီး နီးစပ်ရာမြို့တွေပို့ပြီး အလုပ်လုပ်ခိုင်းတယ်။ သူတို့
ဆန္ဒမပါဘဲနဲ့ ထွက်ခွာလာရပြီး အခုလို တစ်နေ့တစ်နေ့ နာရီပေါင်းများစွာ အလုပ်လုပ်နေရတဲ့
အခြေအနေက ကလေးသူငယ်တစ်ယောက်အတွက် အကြီးမားဆုံးသော ထိခိုက်မှုပါပဲ'' လို့
မြန်မာရွေ့လျားပညာရေးစီမံကိန်း ဒါရိုက်တာ ဦတင်မောင်မောင်အေးက ပြောပါတယ်။

ဒီလို ကြီးပြင်းရတာတွေကြောင့် ကလေးတွေမှာ စိတ်ပိုင်းဆိုင်ရာ ယိုယွင်းထိခိုက်မှုတွေ
ခံစားရတာ မြင်နေရသော်လည်း စာသင်နိုင်ချိန့် ၁ နာရီခွဲ၊၂ နာရီလောက်အတွင်းမှာ
အခြေခံပညာရေးနဲ့ သက်မွေးကျောင်းမှုတွေကို သင်ပေးရတာကြောင့် စိတ်ပိုင်းဆိုင်ရာကို
မိုင်မီးအနေနဲ့ မဖြည့်ဆည်းပေးနိုင်ဘူးလို့ ဆိုပါတယ်။

''ဆင်းရဲမွဲတေမှုနဲ့ ပညာရေးစနစ်ရဲ့ လက်တွေ့မကျမှု၊ ထိရောက်မှုမရှိတာတွေကို လက်တွေ့
မဖြည့်ဆည်းပေးနိုင်သေးပေမဲ့လက်တွေ့ကျမှုနဲ့ ပိုမိုကောင်းမွန်တဲ့ ပတ်ဝန်းကျင်ဖြစ်လာဖို့
စာသင်ကြားပေးနေတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ်ပဲ ဆောင်ရွက်နိုင်ပါသေးတယ်။ အကုန်လုံး
အတွက် အကျိုးကျေးဇူးရှိနိုင်တဲ့ လမ်းကြောင်းတွေ ရှိပါတယ်။ လက်တွေ့အကောင်အထည်
ဖော်နိုင်ဖို့ကတော့ အစိုးရပါမှဖြစ်မှာ။ ကျွန်တော်တို့က တစ်ပိုင်းတစ်စသာ ဝိုင်းကူနိုင်မှာလေ'' လို့
ဦးတင်မောင်မောင်အေးက ပြောပါတယ်။

 

အစိုးရပညာရေး

အစိုးရကျောင်းတွေမှာ အခမဲ့မသင်မနေရ မူလတန်းပညာရေးစနစ်ကို ၂ဝ၁၁ - ၁၂ ပညာသင်နှစ်မှာ
စတင်ခဲ့ပါတယ်။ ၂ဝ၁၄ ၁၅ ပညာသင်နှစ်မှာတော့ အခမဲ့အလယ်တန်းပညာရေးနဲ့
၂ဝ၁၅-၁၆ ပညာသင်နှစ်မှာတော့ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအားလုံးကို
အခမဲ့ပညာရေးစနစ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ကျောင်းလုံးဝမနေဖူးသူ၊ ကျောင်းနေဖူးသော်လည်း မူလတန်း
ပညာရေး မပြီးဆုံးခင် ကျောင်းထွက်ခဲ့ရတဲ့ အသက် ၁ဝ နှစ်ကနေ ၁၄ နှစ်အရွယ် ကလေးတွေ
အတွက် ကျောင်းပြင်ပမူလတန်းပညာရေး (Non Formal Primary Education) ကို
၂ဝဝ၈ - ၂ဝဝ၉ ပညာသင်နှစ်ကတည်းက စတင်ခဲ့ပါတယ်။ ကျောင်းပြင်ပ အလယ်တန်း
ပညာရေးကို ၂ဝ၁၅ ၁၆ ပညာသင်နှစ်မှာ စတင်ခဲ့ပါတယ်။

ကျောင်းမနေနိုင်တဲ့ကလေးငယ်တွေ လေလွင့်ကလေးငယ်တွေအတွက် ပညာဒါနအဖွဲ့အစည်းတွေက
ကြိုးပမ်းလုပ်ဆောင်နေကြပေမဲ့ ကလေးအားလုံး ကျောင်းစာသင်ခန်းထဲရောက်နိုင်ဖို့၊ ကျောင်းပြင်ပ
ပညာရေးနဲ့ ချိတ်ဆက်နိုင်ဖို့တော့ လိုအပ်ချက်တွေ ရှိနေပါတယ်။

ပရဟိတအဖွဲ့အစည်းတွေသာမက အစိုးရညွှန်ကြားမှုနဲ့ စတင်ခဲ့တဲ့ ကျောင်းပြင်ပမူလတန်းပညာရေး
စနစ် (ကျောင်းပြင်ပညာရေးဦးစီးဌာန) ဟာလည်း ရှစ်နှစ်တာ သက်တမ်းအတွင်း ပညာသင်ကြားပေး
နိုင်သူဦးရေ ခြောက်သောင်းကျော်ပဲ ရှိပါသေးတယ်။ ဒီပမာဏဟာ ကျောင်းပြင်ပရောက်နေတဲ့
ကလေးသူငယ်အရေအတွက် (အထက်တွင်ဖော်ပြပြီး)နဲ့စာရင် အတော်ပဲနည်းပါးနေတာ တွေ့ရပါတယ်။

၂ဝဝ၈ ခုနှစ်က ကျောင်းပြင်ပမူလတန်းပညာရေးကို မြို့နယ်ငါးခုမှာသာ စတင်နိုင်ခဲ့ပေမဲ့
လက်ရှိမှာတော့ မြို့နယ်ပေါင်း ၁ဝ၅မြို့နယ်မှာ အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။
ကျောင်းပြင်ပပညာရေး မူလတန်းအဆင့်ကို နှစ်စဉ်တက်ရောက်သူ တစ်သောင်းရှိသော်လည်း
မူလတန်းအဆင့်ပြီးဆုံးပြီးနောက် အလယ်တန်းအဆင့်ကို တက်ရောက်သူ ၅,ဝဝဝ ကျော်နဲ့
အထက်တန်းအဆင့်ကို တက်ရောက်သူ ၂၇ ယောက် သာရှိတယ်လို့ ဆိုပါတယ်။

''တစ်နှစ်ကို ၁ဝ,ဝဝဝ ကျော်လောက်ဆိုတာ သိပ်နည်းလွန်းပါတယ်'' လို့ မြန်မာနိုင်ငံစာတတ်မြောက်ရေး
အထောက်အကူပြုပင်မဌာနမှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်ညိုက ပြောပါတယ်။

ပညာရေးဝန်ကြီးဌာနက အမျိုးသားပညာရေးဥပဒေနဲ့ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့
ဥပဒေနဲ့အညီ ကျောင်းပညာရေးနည်းလမ်းအပြင် ပညာရယူနိုင်တဲ့ ကျောင်းပြင်ပပညာရေး၊ ကိုယ်တိုင်
သင်ယူပညာရေးစသဖြင့် မည်သည့်နေရာ၊မည်သည့်အချိန်မှာမဆို အလွယ်တကူသင်ယူနိုင်တဲ့
ပညာရေးဖြစ်တဲ့ ကျောင်းပြင်ပပညာရေး(Alternative Education) ဦးစီးဌာနကို
လက်ရှိအစိုးရသစ်လက်ထက်မှာ ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။

''ကျောင်းပြင်ပ ရောက်ရှိနေတဲ့ ကလေးတွေ၊ အိုးအိမ်နဲ့ ရပ်ရွာအတည်တကျ မရှိတဲ့ကလေးတွေ၊
တိုင်းရင်းသားကလေးငယ်တွေ၊မသန်စွမ်းကလေးတွေနဲ့ ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသက ကလေးတွေ
အတွက် သင့်လျော်တဲ့ပညာရေး အစီအစဉ်တွေနဲ့ အရည်အသွေးပြည့်ဝ ပညာရေးရရှိဖို့ ကျောင်းပြင်ပ
ပညာရေးဦးစီးဌာနက ဦးစားပေးဆောင်ရွက်သွားမယ်'' လို့ ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်
ဒေါက်တာခိုင်မြဲက ဆိုပါတယ်။

အမျိုးသားပညာရေး ဥပဒေပုဒ်မ၃၁(ခ)တွင် အကြောင်းအမျိုးမျိုးကြောင့် အခြေခံပညာရေးအဆင့်
အသီးသီးကို ဆုံးခန်းတိုင် မသင်ကြားခဲ့ရသူများအား ပညာရေးအဆင့်ပြီးမြောက်စေရန်နှင့်
ကျောင်းပြင်ပမှ ပညာသင်ကြားလိုသူများ ဆက်လက်သင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်မည်ဟူ၍
လည်းကောင်း၊ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ပုဒ်မ၂၉(ဆ)တွင် ပညာသင်ယူမှု
မပြီးဆုံးမီ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူမှုရပ်တန့်ခဲ့ရသော ကျောင်းသားများအတွက်
သင့်လျော်သော ပညာသင်ယူခွင့်တစ်ခုခု ပြန်လည်ရရှိစေရန် လိုအပ်သော အစီအမံများ
သတ်မှတ်ထားခြင်းဟူ၍လည်းကောင်း ပြဋ္ဌာန်းပါရှိပါတယ်။

 

အားလုံးပါဝင် ဖြေရှင်းရမယ့် ပညာရေး

ကလေးငယ်တွေအတွက် အခြေခံပညာရေးဆိုတာ ကျောင်းပညာရေး သင်ကြား ပြီးဆုံးခြင်းဆိုတာ
တစ်ခုတည်းမဟုတ်ပါဘူး။ ကလေးငယ်တွေ ကျောင်းပညာသင်ယူခြင်းမရှိခြင်း၊ ကျောင်းမနေခြင်းကြောင့်
အနာဂတ် လူ့အဖွဲ့အစည်းအတွင်းမှာ ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေလည်းရှိနေပါတယ်။
ပညာသင်ကြားမှုမရှိတဲ့ လူ့အဖွဲ့အစည်းဟာ အနာဂတ်မှာ ပိုပြီးခက်ခဲလာမှာဖြစ်ပါတယ်။

နိုင်ငံတွင်းမှာ ဆင်းရဲမွဲတေမှုနဲ့ ပညာသင်ကြားမှုမရှိခြင်း အကျိုးဆက်တွေကြောင့် ရာဇဝတ်မှု
ထူပြောလာနိုင်ခြင်းသာမက စီးပွားရေးတံခါးဖွင့်ဝါဒနဲ့အတူ ဝင်ရောက်လာမယ့် နိုင်ငံခြားရင်းနှီး
မြှုပ်နှံမှုလုပ်ငန်း တွေအတွက် အရည်အသွေးပြည့်မီတဲ့လုပ်သားတွေ ဖြည့်ဆည်းပေးနိုင်ရေးမှာလည်း
အခက်အခဲတွေ့စေပါလိမ့်မယ်။ အလုပ်အကိုင် အခွင့်အလမ်းသစ်တွေကို ဖမ်းဆုပ်နိုင်ဖို့ ကျွမ်းကျင်
လုပ်သားတွေ လိုအပ်သလို ကျွမ်းကျင်လုပ်သားတွေရှိမှလည်း ရင်းနှီးမြှုပ်နှံမှုနဲ့ အလုပ်အကိုင်
အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။

လုပ်သားလိုအပ်ချက်ကြောင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ နည်းသွားရင် အလုပ်အကိုင်
ဖန်တီးပေးနိုင်မှုလည်း နည်းသွားမှာဖြစ်ပါတယ်။ အလုပ်အကိုင်မရှိတဲ့ တိုင်းပြည်ဟာ ဝင်ငွေ
နည်းပါးလာမှာ ဖြစ်ပါတယ်။ အကျိုးဆက်ကတော့ လမ်းပေါ်မှာ ကလေးငယ်တွေ ပိုပြီးရောက်လာ
နိုင်ပါတယ်။

ပညာရေးပြဿနာဟာ တစ်မျိုးသားလုံး၊ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်နေပါတယ်။ပညာရေးလိုအပ်ချက်
တစ်ခုတည်းကို ဖြေရှင်းပေးနိုင်ရုံနဲ့ ပြဿနာရဲ့ အဖြေထွက်ပေါ်မလာနိုင်ပါဘူး။

ပညာရေး၊ ကျန်းမာရေး၊ လူမှုဖူလုံရေးအတွက် အစိုးရဝန်ကြီးဌာနတွေ အားလုံးပူးပေါင်းဆောင်ရွက်ဖို့
လိုပါတယ်။ နိုင်ငံရဲ့ စီးပွားရေးကျဆင်းမှု၊ စားဝတ်နေရေး ကျပ်တည်းမှု၊ အလုပ်အကိုင် အခွင့်အလမ်း
ရှားပါးမှု၊ ဆင်းရဲမွဲတေမှုနဲ့ ပညာရေးနိမ့်ပါးမှုတွေက တစ်ခုနဲ့တစ်ခု ဆက်စပ်နေတဲ့အတွက်
မဟာဗျူဟာကျကျ ဆောင်ရွက်မှရနိုင်မယ်လို့လည်း တာဝန်ရှိသူတွေက ဆိုပါတယ်။

''ဒီနေ့လာ၊ ဒီနေ့တွေ့၊ ဒီနေ့ကလေးတွေကို စာကူသင်ရုံမျှနဲ့တော့ ဒီလမ်းကြောင်းကို ပြန်လာနိုင်ဖို့
သိပ်တော့ မလွယ်ဘူး။ အပြင်ဘက်ရောက်နေတဲ့ ကလေးတွေက အရေအတွက် သိပ်များတယ်။
လမ်းပေါ် ရောက်သွားတဲ့ကလေးတွေက ကျောင်းခန်းထဲ ပြန်မဝင်ချင်တာ သိပ်များတယ်။
ကျောင်းပြင်ပ ပညာရေးက စာလုံးဝမတတ်ဘဲနဲ့ပတ်ဝန်းကျင်မှာ လေလေလွင့်လွင့်ဖြစ်မယ့်အစား
သူတို့အတွက် အထောက်အပံ့ဖြစ်မှာပါ''လို့ ဒေါက်တာတင်ညိုက ဆိုပါတယ်။

''သားက ဆရာဝန်ကြီး၊ အင်ဂျင်နီယာကြီး မလုပ်ချင်ပါဘူး။ ကားပြင်၊ လေယာဉ်ပြင်နိုင်တဲ့
သိပံ္ပပညာရှင်တော့ သိပ်ဖြစ်ချင်တာပဲ။ စူးစမ်းလေ့လာချင်ရင် ဖြစ်မယ်လို့ဆရာကပြောတော့
ကျွန်တော်ဖြစ်ချင် တာပါ။ မဖြစ်နိုင်လောက်ပါဘူး'' လို့ အားလျှော့စကားပြောနေတဲ့ ထွန်းထွန်းက
သူ့ကို စာသင်ချင်လားမေးတဲ့ သတင်းထောက်ကို ''အန်တီဆိုရင်ရော ဘောပင်ကိုင်ချင်လား၊
နေပူထဲထွက်ချင်လားလို့'' ပြန်မေးခွန်းထုတ်ခဲ့ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။