အကျဉ်းစံ တက္ကသိုလ်ကျောင်းသား ကိုဆန်းထွေးမောင်

အင်းစိန်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသည့် လူငယ်အကျဉ်းသားတစ်ဦး၊ ထောင်ထဲမှ
နေ့ရက်များကို ဖြတ်သန်းရင်း အဝေးသင် ပညာရေးနှင့် ဘွဲ့တစ်ခု ရယူရန် ကြိုးပမ်းလျက်ရှိသည်။

အသက် ၂၁ နှစ်ဟု ဆိုသော်လည်း ကိုဆန်းထွေး မောင်၏ မျက်နှာတွင် အရွယ်နှင့် မမျှသည့်
တည်ငြိမ်ရင့်ကျက်မှုက အထင်သားပေါ်လွင်နေသည်။

ရင့်ကျက်သည် ဆိုသော်လည်း သူ့သွင်ပြင်က ထောင်သားတစ်ယောက်ထက် ကျောင်းသား
တစ်ယောက်နှင့် ပိုတူလှ၏။

အင်းစိန်အကျဉ်းထောင်တွင် တွေ့ဆုံခွင့်ရခဲ့သည့် နှစ်ကြိမ်စလုံး ထောင်ဝတ်စုံထက် အဖြူ အစိမ်းကို
ဝတ်ဆင်ထားသည်ကို သတိထားမိ၏။

"ကျောင်းအကူတစ်ပိုင်း ဆရာတစ်ပိုင်းမို့ အဖြူအစိမ်းဝတ်ရတာပါ"ဟု ကိုဆန်းထွေးမောင်က ပြောသည်။

လွန်ခဲ့သော သုံးနှစ် သီတင်းကျွတ်ပွဲတော် ကာလအတွင်း မထင်မှတ်သော ကံကြမ္မာ
အလှည့်အပြောင်းတစ်ခုကို ကိုဆန်းထွေးမောင် ကြုံတွေ့ခဲ့ရသည်။

လူငယ်အပေါင်းအသင်းအချင်းချင်း အရက်မူးလွန် ရန်ဖြစ်ခဲ့ရာမှတစ်ဆင့် အကျဉ်းသားဘ၀ကို
ကိုဆန်းထွေးမောင် ရောက်ရှိခဲ့ခြင်းဖြစ်သည်။

အရက်မူးလွန်နေသဖြင့် ရန်ဖြစ်ခဲ့သည်ကိုသာ မှတ်မိခဲ့ပြီး ကျန်အကြောင်းအရာများကို
ကိုဆန်းထွေးမောင် မမှတ်မိခဲ့။

သူသိသည် က ရန်ဖြစ်သည့်အတွက် အချုပ်ခံရသည်။ ထို့နောက် ပြန်လွှတ်ပေးသည်။
ထိုသို့သာ ဖြစ်သည်။

"ဒီအမှုကို ကျွန်တော် သိပ်မသိဘူး။ ရဲတွေက မင်းတို့ လူသတ်တယ်ဆိုပြီးပြောတယ်။
သက်သေထွက်ချက်တွေနဲ့ အမိန့်ချလိုက်တယ်"ဟု အမှုရင်ဆိုင်ခဲ့ရသည့် ရက်များအပေါ်
ကိုဆန်းထွေးမောင်က ပြန်ပြောင်းပြောပြသည်။

လူငယ်ချင်း ရန်ဖြစ်ရာမှတစ်ဆင့် အသက် ၆၀ အရွယ် လူကြီးတစ်ဦး ဒဏ်ရာရရှိ သေဆုံးသွားခဲ့သည့်
အတွက် ပုဒ်မ ၃၀၂ လူသတ်မှုဖြင့် ထောင်ဒဏ်ရှစ်နှစ် ကိုဆန်းထွေးမောင် ကျခံခဲ့ရခြင်းဖြစ်သည်။

အသက် ၆၀ အရွယ်လူကြီးကို မသတ်ခဲ့ဘူးဆိုတာကို ခုချိန်ထိ ထင်မိနေဆဲဖြစ်သော်လည်း
အင်းစိန်အကျဉ်းထောင်ထဲ သူဖြတ်သန်းနေထိုင်ခဲ့သည်ကတော့ သုံးနှစ်ကျော်ရှိလာခဲ့ပြီ ဖြစ်သည်။

"အခန်းထဲမှာ လူတွေအများကြီးဆိုတော့ မနေတတ်မထိုင်တတ်ဖြစ်တာပေါ့။ ဘယ်နားထိုင်လို့
ထိုင်ရမှန်းမသိဘူး ဟိုလူ့မြင်လည်းလန့် ဒီလူ့ မြင်လည်းလန့်၊ မျက်စိသူငယ် နားသူငယ်နဲ့" ဟု
ကိုဆန်းထွေးမောင်က ထောင်ကိုရောက်စ အတွေ့အကြုံကို ပြန်ပြောပြသည်။

"ရောက်ရောက်ချင်းတုန်းကဆို အိမ်နဲ့ အပေါင်းအသင်းတွေကို အရမ်းလွမ်းမိတယ်။ နောက်တော့လည်း
ဒီလိုပါပဲ"ဟု သူကဆိုသည်။

အတိတ်ကို မေ့ထားလျက် ကံစေစားရာ လိုက်ပါရင်း ပစ္စုပ္ပန်ကိုသာ တည့်တည့်ရှုမည်ဟု
ကိုဆန်းထွေးမောင် ရည်ရွယ်ထားပုံရသည်။

ထောင်မကျခင်အချိန်က ကိုဆန်းထွေးမောင်သည် အထက်တန်းကျောင်းသားတစ်ဦး သာဖြစ်သည်။

အထက(၁) စမ်းချောင်းမှာ ကျောင်းတက်ရင်း ၂၀၁၁ ခုနှစ်၌ တက္ကသိုလ် ၀င်တန်းစာမေးပွဲ
ဝင်ရောက်ဖြေဆိုခဲ့သည်။

စာမေးပွဲကျရှုံးခဲ့ပြီး မပြေလည်သော မိသားစုအခြေအနေကြောင့် နောက်နှစ်တွင် ကျောင်းဆက်
မတက်နိုင်ဘဲ လုပ်ငန်းခွင်ဝင်ရောက်ခဲ့ ရသည်။

ထို့နောက်ပိုင်း ပညာရေးနှင့် နှစ်နှစ်ခန့် အဆက်အသွယ်ပြတ် တောက်ခဲ့သည်။

အကျဉ်းထောင်သို့ စတင်ရောက်ရှိချိန်တွင် အသက် ၁၈ နှစ်မပြည့်သေးသဖြင့် အင်းစိန်အကျဉ်းထောင်
လူငယ်ဆောင်တွင် နေခဲ့ရသည်။

လူငယ်ဆောင်တွင် နေရခြင်းက သူ့အတွက် ကံကောင်းသည်ဟု ဆိုရမလို ဖြစ်သည်။

အင်းစိန်ထောင် လူငယ်ဆောင်ထဲတွင် စာကျက်နေသည့် လူငယ်အကျဉ်းသားတချို့ကို
ကိုဆန်းထွေးမောင် တွေ့ခဲ့ရသည်။

အကျဉ်းထောင်ထဲမှာ ဖြတ်သန်းရမည့်အချိန်များ အလဟဿကုန်ဆုံး မသွားစေဖို့ ကိုဆန်းထွေးမောင်
ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့သည်။

ကျောင်းပြန်တက်ပြီး စာမေးပွဲပြန်ဖြေရန် ဖြစ်သည်။

"တခြားလူငယ်ထောင်သားတွေ စာကျက်နေတာမြင်တော့ ကျောင်းသားတစ်ယောက်အနေနဲ့
ကျောင်းပြန်တက်ချင်စိတ် အရမ်းဖြစ်မိတယ်။ ထောင်ထဲမှာက အလကားနေရင် အလကားပဲ
အချိန်တွေကုန်သွားမှာ။ ဒါကြောင့် အပြောင်းအလဲတစ်ခုလည်းဖြစ်အောင် ထောင်ထဲကနေ
ဆယ်တန်းပြန်ဖြေဖို့ ဆုံးဖြတ်ခဲ့တာ"ဟု ကိုဆန်းထွေးမောင်က ပြောသည်။

သူ့ဆုံးဖြတ်ချက်နှင့် သူ့ကြိုးစားမှုက အမှန်တကယ်အရာထင်ခဲ့သည်။ ၂၀၁၄ - ၁၅ ခုနှစ်
တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အမှတ်ပေါင်း ၃၄၀ နီးပါးဖြင့် နှစ်ချင်းပေါက် အောင်မြင်ခဲ့သည်။

စာမေးပွဲအောင်မြင်လိမ့်မည်ဟု မျှော်လင့်မထားခဲ့သော်လည်း တကယ်တမ်းအောင်မြင်သွားသည့်အခါ
အရမ်းပျော်ရွှင်ခဲ့ရသလို သူ့အတွက်ပျော်နေသည့် မိဘတွေကို ကြည့်ပြီး ပိုမိုပျော်ရွှင်ခဲ့ရသည်ဟု
ကိုဆန်းထွေးမောင်က ပြောသည်။

"သူကံဆိုးလို့ ထောင်ကျသွားပေမဲ့ ကံကောင်းလို့ ဆယ်တန်းအောင်သွားတာလေ"ဟု
ကွမ်းချိုးကပ်နေသည့် သွားများပေါ် အောင်ရယ်ရင်း အသက် ၅၃ နှစ်အရွယ် ကိုဆန်းထွေးမောင်၏
မိခင် ဒေါ်ထွေးထွေးက ပြောသည်။

"သူ့ကို နေ့တိုင်းတော့ သတိရနေတာပဲ"ဟု ကိုဆန်းထွေးမောင်ငယ်စဉ်က ဆုယူခဲ့သည့်
ဆေးရောင်ပြယ်လွင့်လုနီးပါး ဓာတ်ပုံတချို့ကိုကြည့်ရင်း ရှိုက်သံတစ်ဝက်ဖြင့် ဒေါ်ထွေးထွေးက
ဆက်ပြောလေသည်။

ကိုဆန်းထွေးမောင်၏ မိဘတွေက စမ်းချောင်းမြို့နယ်ထဲက မုန့်လက်ဆောင်းကုန်းဟုခေါ်သည့်
ရပ်ကွက်ထဲတွင် နေထိုင်ကြခြင်းဖြစ်သည်။

မိခင်ဖြစ်သူက ရပ်ကွက်ထဲလှည့်လည်ပြီး အ၀တ်လျှော်သည့် အလုပ်ကို လုပ်ကိုင်ပြီး ဖခင်ဖြစ်သူက
ဆိုက်ကား (အနှေးယာဉ်)နင်းသည့် အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေကြခြင်းဖြစ်သည်။

ကိုဆန်းထွေး မောင်ရှိစဉ်က ဓာတ်ပုံဆိုင်နှင့် ကွန်ပျူတာဆိုင်တစ်ခုမှာ အလုပ်လုပ်ကိုင်သည့်
ဝင်ငွေရှိသဖြင့် အိမ်ငှားနေနိုင်ခဲ့သော်လည်း ကိုဆန်းထွေးမောင် ထောင်ကျပြီးနောက်ပိုင်း အိမ်ငှား
မနေနိုင်တော့ဘဲ ဆွေမျိုးများ၏ အိမ်ဘေးတွင် အဖီဆွဲနေထိုင်နေကြခြင်းဖြစ်သည်။

"အိမ်ငှား မနေနိုင်တော့ ဒီလမ်းကြားမှာ တဲလေးထိုးပြီးတော့နေတယ်။ လမ်းရှင်းတော့မယ်ကြားတော့
ရင်ပူနေရတယ်။ အရင်တုန်းက သားက နွေရာသီကျောင်းပိတ်တိုင်း အလုပ်လုပ်ပြီး မိဘကို
ထောက်ပံ့ပေးခဲ့တာ။ သူ့ကို နေ့တိုင်းမျှော်မိတယ်"ဟု ပါးပြင်ပေါ်ကျလာသည့် မျက်ရည်စအချို့ကို
သုတ်ဖယ်ရင်း ဒေါ်ထွေးထွေးက ပြောသည်။

ကိုဆန်းထွေးမောင် လူသတ်မှု ကျူးလွန်ခဲ့သည်ဆိုခြင်းကို သူတို့ မိသားစုတစ်ခုလုံး ယနေ့တိုင်
မယုံကြည်နိုင်သေးကြောင်း ဒေါ်ထွေးထွေးက ဆိုသည်။

သားဖြစ်သူ ကိုယ်တိုင်ကလည်း သူမကျူးလွန်ကြောင်းပြောသော်လည်း ကိုယ်တိုင် မမြင်တွေ့ရခဲ့သည့်
နည်းတူ သားဖြစ်သူ ကိုယ်တိုင်လည်း အရက်မူးလွန်နေခဲ့သည့် အားနည်းချက်က တရားရုံးမှာ
ဒေါ်ထွေးထွေးမိသားစုအတွက် ပြန်လည်ချေပနိုင်ခွင့်ကို ဆုံးရှုံးစေခဲ့သည်။

"၀ဋ်ကြွေးရှိလို့ ခံရတယ်လို့ပဲ မှတ်ယူဖို့ သားနဲ့ တွေ့တိုင်း ပြောဖြစ်တယ်။ ခုထိ ယုံကို
မယုံနိုင်သေးဘူး"ဟု ဒေါ်ထွေးထွေးက ပြောသည်။

ရန်ကုန်မြို့ရှိ အင်းစိန်ဗဟိုအကျဉ်းထောင်ကို ယမန်နှစ် ဇူလိုင်လအတွင်းက ဝေဟင်မှ တွေ့မြင်ရစဉ်။ ဓာတ်ပုံ - အီးပီအေရန်ကုန်မြို့ရှိ အင်းစိန်ဗဟိုအကျဉ်းထောင်ကို ယမန်နှစ် ဇူလိုင်လအတွင်းက ဝေဟင်မှ တွေ့မြင်ရစဉ်။ ဓာတ်ပုံ - အီးပီအေ

ထောင်ဝင်စာသွားတွေ့တိုင်း သားဖြစ်သူ စိတ်ဓာတ်ကျမှာ စိုးရိမ်သဖြင့် သားရှေ့တွင် မငိုမိအောင်
အမြဲထိန်းထား အံကြိတ်ထားရကြောင်းလည်း ဆိုသည်။

"လွတ်ချိန်တန်ရင်တော့ လွတ်လာမှာပါ။ လွှတ်ပါဆိုပြီးလည်း လွတ်တာမှ မဟုတ်တာ။
အတင်းလည်းသွား ဆွဲယူလို့လည်း ရတာမှမဟုတ်တာ"ဟု ဒေါ်ထွေးထွေးက ပြောသည်။

အကျဉ်းထောင်ထဲမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးနောက်ပိုင်း ဘ၀ရပ်တည်မှုအတွက်
ဘွဲ့တစ်ခုရယူနိုင်ဖို့ အဝေးသင်တက္ကသိုလ် တက်ရောက်ရန် ကိုဆန်းထွေးမောင် ဆုံးဖြတ်ထားသည်။

တက္ကသိုလ်ဝင်တန်းအောင်မြင်စဉ်ကာလက ရပ်ကွက်ထဲက လူတွေရဲ့ ချီးကျူးစကားသံကို
မိခင်ကတစ်ဆင့် သူကြားခဲ့ရသည်။

အကယ်၍ သူသာ ဘွဲ့ရရှိခဲ့မယ်ဆိုသော အတွေးက ထောင်ထဲကတစ်ဆင့် အဝေးသင်တက္ကသိုလ်
ဆက်တက်ဖို့ သူ့အတွက် တွန်းအားဖြစ်စေခဲ့သည်။

ကိုဆန်းမောင်ထွေး၏ ဆန္ဒတွေအကောင်အထည်ပေါ်ရန် အင်းစိန်အကျဉ်းထောင်
တာဝန်ရှိသူများကလည်း ဖြည့်ဆည်းပေးခဲ့သည်။

အင်းစိန်ဗဟိုအကျဉ်းထောင် တာဝန်ခံအရာရှိ ဦးမျိုးဦးက အကျဉ်းထောင်ထဲရောက် ရှိနေသော်လည်း
ပညာဆက်လက်သင်ကြားလိုသော မည်သည့်အကျဉ်းသားကိုမဆို ပညာဆက်လက်
သင်ကြားခွင့်ပြုထားခြင်းဖြစ်ကြောင်း၊ ကိုဆန်းထွေးမောင် ပညာဆက်လက် သင်ကြားနိုင်ရန်လည်း
အကျဉ်းထောင်က တာဝန်ယူ စီစဉ်ပေးထားခြင်းဖြစ်ကြောင်း ပြောသည်။

"သူက လူငယ်ဆောင်ရဲ့ စံပြပဲ"ဟု ကိုဆန်းထွေးမောင်အပေါ် ဦးမျိုးဦးက မှတ်ချက်ပြုသည်။
ကိုဆန်းထွေးမောင်သည် အင်းစိန်အကျဉ်းထောင်ထဲမှတစ်ဆင့် မြန်မာစာ အထူးပြုဘာသာရပ်ဖြင့်
အဝေးသင်တက်ရောက်လျက်ရှိသည့် တစ်ဦးတည်းသော အဝေးသင်ကျောင်းသား ဖြစ်သည်။

အလယ်တန်း ကျောင်းသားအရွယ်က တက္ကသိုလ်ကျောင်းသားဘ၀ကို စိတ်ကူးယဉ်ခဲ့ဖူးသော်လည်း
လက်ရှိ၌ အခြေအနေအရ စိတ်ကူးယဉ်ဖို့အတွက် အချိန်မရှိတော့ဘူးဟု သူကပြောသည်။

ဘွဲ့ရပြီး အလုပ်လုပ်နေသည့် ငယ်သူငယ်ချင်းများ၏ သတင်းကို ကြားရသည့်အခါမျိုးတွင်
အားငယ်စိတ်ဖြစ်မိကြောင်းပြောသည်။

"သူတို့က အလုပ်တစ်ခုမှာ ကောင်းကောင်းမွန်မွန် လုပ်နေပြီး ကျွန်တော်က ထောင်ထဲမှာ"ဟု
ပြောရင်း ကိုဆန်းထွေးမောင် အသံတွေ တိမ်ဝင်သွားသည်။

"ဒီထဲကနေ ကျွန်တော်ကြိုးစားမှ ရမယ်ဆိုတာသိတယ်" ဟု ခပ်ပြင်း ပြင်းအသက်ရှူရင်း ပြောသည်။

အတိတ်က ကြိုးစားမှု မရှိခဲ့ခြင်းများအပေါ် ၀မ်းနည်းစိတ်မကောင်းနေမည့်အစား အနာဂတ်မှာ
ကောင်းကောင်းမွန်မွန် ရပ်တည်ရှင်သန်သွားနိုင်ဖို့ ကိုဆန်းထွေးမောင် တွေးထားလေသည်။

ထောင်မကျခင်အချိန်က ဓာတ်ပုံဆိုင်နှင့် ကွန်ပျူတာဆိုင်များတွင် အလုပ်လုပ်ခဲ့ဖူးသည်မို့
အကျဉ်းထောင်က ဖွင့်လှစ်ထားသည့် ကျောင်းတွင် ကွန်ပျူတာနှင့် အတန်းစာသင်ပေးသော
ဆရာအဖြစ်တစ်လှည့် ထိုကျောင်း၏ ကျောင်းအကူအဖြစ်တစ်မျိုး အကျဉ်းထောင်ထဲက အချိန်တွေကို
အလဟဿမဖြစ်အောင် ကုန်ဆုံးနေကြောင်း ကိုဆန်းထွေးမောင်က ပြောသည်။

ကိုဆန်းထွေးမောင်၏ စည်းရုံးမှုကြောင့် လက်ရှိပညာသင်နှစ်တွင် ပညာသင်ချင်၍
လျှောက်လွှာပေးပို့ထားသည့် လူငယ်ဆောင်အကျဉ်းသား ၂၀ ယောက်ရှိကြောင်း
အင်းစိန်ဗဟိုအကျဉ်းထောင် တာဝန်ခံအရာရှိက ပြောသည်။

"သူကကျောင်းမှာ တော်တော်အားကိုးရတယ်။ စာသင်နေတဲ့ ကျောင်းသားတချို့ စာသင်ဖို့
ပျင်းလာတဲ့အခါ စည်းရုံးရေးလည်း ဆင်းတတ်ပါတယ်"ဟု ကိုဆန်းထွေးမောင် အဝေးသင်တက္ကသိုလ်
တက်ရောက်ရန် လိုအပ်သည့်ကိစ္စများ ဆောင်ရွက်ပေးရသည့် အကျဉ်းထောင်ဝန်ထမ်း
တပ်သားဇော်လင်းမောင်က ပြောသည်။

မကြာမီ အဝေးသင်တက္ကသိုလ်စာမေးပွဲကြီး ဖြေဆိုရတော့မည်ဖြစ်သည်။ စာသင်ရင်း ကျောင်းအကူ
လုပ်ရင်းဖြင့် ဖြေဆိုရတော့မည့် စာမေးပွဲအတွက် အကောင်းဆုံးပြင်ဆင်ထားကြောင်း
ကိုဆန်းထွေးမောင်က ပြောသည်။

ထိုစာမေးပွဲက သူ့အတွက်အောင်မှ ဖြစ်မည့် စာမေးပွဲဖြစ်သည်။

ဘွဲ့တစ်ခုရရှိရန် သူကြိုးစားရမည့် တက်လမ်းပင်ဖြစ်သည်။

ဘွဲ့တစ်ခုရမှ အလုပ်တစ်ခုရရန် သေချာသည့် ယနေ့ ခေတ်တွင် သူဘွဲ့တစ်ခုရမှ ဖြစ်မည်ဟု
ကိုဆန်းထွေးမောင် ယုံကြည်ထားသည်။

ဘ၀အတွက် ရေရှည်တွင် ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ကိုင်နိုင်ရန်၊ ငွေးကြေးအရင်းအနှီး
ရရှိရန်အတွက် သူများထံတွင် အလုပ်လုပ်နိုင်ရန် အသိအမှတ်ပြု ဘွဲ့တစ်ခု ရအောင်ယူမှဖြစ်မည်ဟု
ကိုဆန်းထွေးမောင် ရည်ရွယ်ထားသည်။

အကျဉ်းထောင်ထဲ ရောက်ရှိခဲ့သည်မှာ သုံးနှစ်ရှိပြီမို့ ကျန်ရှိပြစ်ဒဏ်ကာလ ငါးနှစ်တာကို
ကျောင်းတက်ရင်းဖြင့် ကုန်ဆုံးသွားရန် သူရည်ရွယ်ထားသည်။

ဘွဲ့ရပြီးနောက် လွတ်မြောက်ရန် ကျန်ရှိသည့်အချိန်များကို အကျဉ်းထောင်တွင်း ဖွင့်လှစ်ထားသည့်
သင်တန်းများတွင် ဆရာအဖြစ် စာသင်ကြားပေးသွားရန် စိတ်ကူးထားသည်။

ထောင်ကထွက်သည့်အခါ အကြီးဆုံးသားတစ်ယောက်အနေဖြင့် မိဘအနားတွင်နေရင်း
အလုပ်အကျွေးပြု ကျေးဇူးဆပ်သွားနိုင်ဖို့ ဘွဲ့တစ်ခုရအောင်ယူမည်ဟု ကိုဆန်းထွေးမောင်က ပြောသည်။

"အလုပ်လျှောက်တဲ့အခါ ဘွဲ့ရဆိုရင် ဦးစားပေးမယ်လို့ထင်တယ်။ ဘွဲ့တစ်ခုနဲ့ အလုပ်တစ်ခု
ကောင်းကောင်းရဖို့အတွက် ကျွန်တော်ကြိုးစားမယ်"ဟု လေးဖက်လေးတန် အုတ်နံရံတွေကြား
ပျောက်ကွယ်လု ကောင်းကင်ယံကို ငေးမောရင်း ကိုဆန်းထွေးမောင်က ဆိုလေသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ဆောင်းပါး