တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံကြား ချိန်ခွင်လျှာညီမျှရေး

ပြီးခဲ့သည့် စက်တင်ဘာလ အာဆီယံထိပ်သီးအစည်းအဝေးတွင် အမေရိကန်၊ တရုတ်ခေါင်း ဆောင်များနှင့် အာဆီယံခေါင်းဆောင်များကို တွေ့ရစဉ်။ ဓာတ်ပုံ - အီးပီအေပြီးခဲ့သည့် စက်တင်ဘာလ အာဆီယံထိပ်သီးအစည်းအဝေးတွင် အမေရိကန်၊ တရုတ်ခေါင်း ဆောင်များနှင့် အာဆီယံခေါင်းဆောင်များကို တွေ့ရစဉ်။ ဓာတ်ပုံ - အီးပီအေ

ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံဖြစ်သည့် တရုတ်နှင့် အမေရိကန်တို့ အပြုအမူများအပေါ်
စိုးရိမ်ပူပန်လာသည့်အလျောက် အရှေ့တောင်အာရှဒေသသည် အဆိုပါ နှစ်နိုင်ငံအကြား
အနည်းငယ်မျှလောက်သော ချိန်ခွင်လျှာညီမျှမှုတစ်ခု ရရှိနိုင်ရေး စူးစမ်းရှာဖွေလျက်ရှိသည်။

အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်အရေးတွင် အလျှော့ပေးမည့် လက္ခဏာမပြသသည့်
ပေကျင်း၏ ရပ်တည်ချက်နှင့်အတူ ဒေါ်နယ်ထရမ့်သမ္မတဖြစ်လာပြီး လပိုင်းအတွင်း အင်အားကြီး
နှစ်နိုင်ငံအကြား သွေးတိုးစမ်းမှုများကို အရှေ့တောင်အာရှနိုင်ငံများက သတိကြီးစွာ
စောင့်ကြည့်နေကြသည်။

ဝါရှင်တန်နှင့် ပေကျင်း၏ လွန်ဆွဲမှုမှာ မလျော့လွန်းမတင်းလွန်းသည့် တင်းမာမှု အခြေအနေတစ်ခု
ဖြစ်နေခြင်းသည်သာ အကောင်းဆုံးဆိုသည့် အချက်ကို အရှေ့တောင်အာရှဒေသ နိုင်ငံများက
နားလည် လာကြသည်။

တစ်နည်းအားဖြင့် ဒေသအတွင်း အမေရိကန်တို့ ရှိနေခြင်းသည် တရုတ်၏ အလွန်အမင်း
ဒေါသထွက်မှုကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။

အရှေ့တောင်အာရှ ဒေသနိုင်ငံများအဖို့ ၎င်း၏ မြောက်ဘက်ဒေသများနှင့် စပ်လျဉ်း၍
ပြောရေးဆိုခွင့်တွင် ပေကျင်း၏ တန်ခိုး အာဏာကြီးထွားမှုကို ဟန့်တားခြင်း
မပြုနိုင်တော့လောက်အောင် ဒေသတွင်း၌ အမေရိကန် အင်အား မချိနဲ့သွားစေရန် လိုအပ်နေသည်။

"တရုတ်နိုင်ငံနဲ့ စစ်မက် မဖြစ်လိုပါဘူး။ သို့သော် အမေရိကန်ကို ၀င်လာစေချင်တယ်။
အင်အားပြစေချင်တယ်။ တန်ခိုးထွားလာတဲ့ တရုတ်နဲ့ အင်အားချိန်ခွင်လျှာ ပြန်လည်ညီမျှစေဖို့
အရှေ့တောင်အာရှ နိုင်ငံတွေအတွက် အမေရိကန်ကို ၀င်လာစေချင်ပါတယ်"ဟု ယခုလအတွင်း
ကျင်းပခဲ့သည့် အမေရိကန် အခန်းကဏ္ဍဆိုင်ရာ အာရှအမြင်များ ဆွေးနွေးပွဲ၌ ချူလာလောင်ကွန်း
တက္ကသိုလ်၊ နိုင်ငံတကာလေ့လာရေးနှင့် လုံခြုံရေးဌာန၊ ညွှန်ကြားရေးမှူး သစ်တီနန်ပွန်ဆွတ်ဟီရက်က
ပြောကြားခဲ့သည်။

"အာရှနိုင်ငံတွေ မျှော်လင့်တဲ့ တရုတ်-အမေရိကန် ဆက်ဆံရေးကတော့ အမြဲထိပ်တိုက်တွေ့နေတဲ့
ဆက်ဆံရေး မဟုတ်သလို၊ အမြဲသဘောထားတူညီပြီး ပူးပေါင်းဆောင်ရွက်နေတဲ့
ဆက်ဆံရေးမျိုးလည်း မဟုတ်ပါဘူး"ဟု ၀ါရှန်တန်အခြေစိုက် စတီဆန်ဗဟိုဌာန အငြိမ်းစားဥက္ကဋ္ဌ
အယ်လန်လိုင်ပဆန် က ဆိုသည်။

"ကမ္ဘာ့ရေးရာ အဆုံးအဖြတ်တွေကို နှစ်နိုင်ငံတည်း တစ်ဖက်သတ် ချမှတ်ဆောင်ရွက်နေမယ့် ဂျီ-၂ လို
အမေရိကန်နဲ့ တရုတ် ဆက်ဆံရေးကို သူတို့ အလိုမရှိဘူး။ ထို့အတူ ဘယ်တော့ စစ်ထဖြစ်မလဲလို့
အမြဲတွေးတော စိုးရိမ်ပူပန်နေရအောင် အမြဲတမ်းပဋိပက္ခဖြစ်နေတဲ့ အမေရိကန်-တရုတ်
ဆက်ဆံရေးမျိုးလည်း သူတို့ မလိုလားပါဘူး။ အဲဒီ နှစ်မျိုးကြားထဲမှာပေါ့။ တချို့နေရာတွေ နှစ်နိုင်ငံ
ပူးပေါင်း ဆောင်ရွက်မယ်၊ တချို့နေရာတွေကျတော့ အငြင်းပွားမယ်၊ ယှဉ်ပြိုင်မယ်။ အဲဒီလို
အမေရိကန်-တရုတ် ဆက်ဆံရေးကို ချစ်ကြည်ရင်းနှီးပြီး ယှဉ်ပြိုင်နေတဲ့ ဆက်ဆံရေးမျိုး
ဖြစ်စေချင်ပါတယ်"ဟု အယ်လန်လိုင်ပဆန်က ရှင်းပြသည်။

အင်အားကြီးနိုင်ငံများအကြား အဆင်ပြေစွာ ရပ်တည်နိုင်သည်ဟု ဂုဏ်ယူနေကြသော နိုင်ငံများ
အပါအ၀င် အရှေ့တောင်အာရှ ဒေသတစ်ခုလုံးအတွက် ပထ၀ီနိုင်ငံရေး အခြေအနေမှာ စိတ်ချစရာ
အခြေအနေ မရှိချေ။ အာဆီယံ တည်ထောင်မှု နှစ် (၅၀) ပြည့် အခမ်းအနားများ ကျင်းပရင်း
ဒေသလုံခြုံရေးအတွက် ဂုဏ်ယူဝင့်ကြွားနေသော်လည်း အာဆီယံအဖွဲ့သည် တရုတ်နိုင်ငံနှင့်
ရင်ဆိုင်နေရသော စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေး မျက်နှာစာ အားလုံးတွင် အားနည်းလျက်ရှိသည်မှာ
အထင်အရှားဖြစ်သည်။

တရုတ်နိုင်ငံနှင့် ဆက်ဆံရေးသည် အာဆီယံအချက်အချာကျမှုနှင့် အာဆီယံစည်းလုံးညီညွတ်မှုအတွက်
အဓိက စမ်းသပ်မှုကြီးလည်း ဖြစ်၏။

တရုတ်နိုင်ငံသည် စစ်ရေးအင်အား တိုးချဲ့ လာခြင်းသာမက ကျူးကျော်မှုများလည်း ကြီးကြီးမားမား
ပြုလုပ်လျက်ရှိသည်။

နှစ်ပေါင်းများစွာအတွင်း တောင်တရုတ်ပင်လယ်၌ လူလုပ် ကျွန်းများ တည်ဆောက်ခဲ့သည်။

အခြားနိုင်ငံများက ပိုင်ဆိုင်သည်ဟု ပြောဆိုထားသော သန္တာကျောက်တန်းများကို သိမ်းပိုက်ခဲ့သည်။

၁၉၉၀ ပြည့်လွန်နှစ်များက မဲခေါင်မြစ်အထက်ပိုင်းတွင် ရေကာတာများတည်ဆောက်မည့် တရုတ်၏
အစီအစဉ်ကို အရှေ့တောင် အာရှနိုင်ငံများက ၀ိုင်းဝန်းကန့်ကွက်ခဲ့ကြသော်လည်း ယနေ့တွင်မူ
မဲခေါင်မြစ်ဆိုင်ရာ တရုတ်ပိုင် လန်ဆန်မဲခေါင်ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှုများကို အားလုံးမှာ
နေသားတကျ ဖြစ်သွားခဲ့ပြီဖြစ်သည်။

တရုတ်နိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံ အများအပြားနှင့် ပူးပေါင်းဆောင်ရွက်မှုများ အများအပြား
တိုးမြှင့်လာခဲ့ပြီး ယခုနောက်ဆုံးလုပ်ရပ်မှာ ကမ္ဘောဒီးယားနိုင်ငံကို "ပိုးလမ်းမ" စီမံကိန်း"ဖြင့်
ချဉ်းကပ်ခဲ့သည်။ အာဆီယံနိုင်ငံများ၌ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ကြီးထွားလာလျက်ရှိသည်။

၂၀၁၆ ခုနှစ် အာဆီယံရင်းနှီးမြှုပ်နှံမှု အစီရင်ခံစာအရ ၂၀၁၅ ခုနှစ်အတွင်း အာဆီယံနိုင်ငံများ၌ ပြည်ပမှ
ရင်းနှီးမြှုပ်နှံမှုမှာ အီးယူနိုင်ငံများက ဒေါ်လာ ၂၀ ဘီလျံဖြင့် ၂၀ ရာခိုင်နှုန်း၊ အမေရိကန်ပြည်ထောင်စုက
ဒေါ်လာ ၁၂ ဒသမ ၂ ဘီလျံဖြင့် ၁၇ ရာခိုင်နှုန်း အသီးသီးကျဆင်းသွားခဲ့သော်လည်း တရုတ်နိုင်ငံ၏
ရင်းနှီးမြှုပ်နှံမှုမှာမူ ဒေါ်လာ ၈ ဒသမ၂ ဘီလျံ ဖြင့် ၁၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း တွေ့ရှိရသည်။

လာအို၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့တွင် တရုတ်နိုင်ငံသည် အများဆုံး ရင်းနှီးမြှုပ်နှံသည့်
နိုင်ငံအဖြစ် ရပ်တည်လျက်ရှိ၏။

တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ် အတွင်း ၎င်းတို့၏ လုပ်ရပ်များနှင့် စပ်လျဉ်း၍ အများ၏
ပြောဆိုမှု၊ ဝေဖန်မှုများကို ကန့်သတ် ထိန်းချုပ်လာသည့် နည်းတူ၊ အာဆီယံ-တရုတ်
ဆက်ဆံရေးဆိုင်ရာ ညှိနှိုင်းရေး ကိုယ်စားလှယ်ဖြစ်သော စင်ကာပူနိုင်ငံကိုလည်း ပူးပေါင်းဆောင်ရွက်မှု
အားနည်းသည်ဟုဆိုကာ တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်၍ စိတ်ရှည်သည်းခံမှု
မရှိကြောင်း ပြသလာခဲ့သည်။

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလတွင် ကျင်းပခဲ့သည့် ဘက်မလိုက်ထိပ်သီးညီလာခံ၌ အရှေ့တောင်အာရှ
အရေးတွင် တောင်တရုတ် ပင်လယ်ကိစ္စကို ထည့်သွင်းရန် အာဆီယံဥက္ကဋ္ဌ လာအိုနိုင်ငံ၏ အဆိုပြုမှုကို
အိမ်ရှင် ဗင်နီဇွဲလားနိုင်ငံက ပယ်ချစေရေး တရုတ်တို့က အောင်မြင်စွာ စည်းရုံးနိုင်ခဲ့သည်။

ယင်းအဆိုမှာ စင်ကာပူနိုင်ငံ၏ လက်ချက်ဟု တရုတ်နိုင်ငံက စွပ်စွဲခဲ့သော်လည်း စင်ကာပူကမူ
ငြင်းဆိုခဲ့သည်။

နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးမှုများအပြီး မတ်လရောက်မှသာ တရုတ်တို့၏ လေသံ အနည်းငယ်
ပျော့ပြောင်းသွားကာ "စင်ကာပူနိုင်ငံအနေဖြင့် တောင်တရုတ်ပင်လယ်အရေးကို ဘက်မလိုက်
ညီလာခံ၌ ထည့်သွင်းရန် ကြိုးပမ်းမှု၏ အန္တရာယ်များကို နောက်ဆုံးတွင် သိရှိနားလည်သွားခဲ့ပြီ"ဟု
တရုတ်အစိုးရ ကိုယ်စားပြု အသံလွှင့်ဌာနဖြစ်သော ရှင်ဟွာသတင်းဌာနက ထုတ်လွှင့်ခဲ့၏။

၂၀၁၆ ခုနှစ်၊ ဇွန်လအတွင်းက တောင်တရုတ်ပင်လယ်အတွင်း တင်းမာသည့် အခြေအနေများအပေါ်
စိုးရိမ်မိသည်ဟု အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ သတင်းထုတ်ပြန်ချက်ကိုလည်း တရုတ်နိုင်ငံ၏
ဖိအားပေးမှုကြောင့် အာဆီယံက ပြန်လည်ရုပ်သိမ်းခဲ့ရသည်။

"အရှေ့တောင်အာရှဒေသနဲ့ ပြိုင်ပွဲမှာ တရုတ်က အနိုင်ရရှိနေရုံမျှမက အရှေ့တောင်အာရှဒေသကိုပါ
တရုတ်က အောင်မြင်စွာ စည်းရုံးသိမ်းသွင်းနိုင်လျက် ရှိနေပါတယ်" ဟု သစ်တီနန်က ထောက်ပြခဲ့၏။

ထရမ့်၏ မူဝါဒများကြောင့် ပြည်တွင်းရေးသာ ဦးစားပေးသော အမေရိကန်ပြည်ထောင်စု ဖြစ်လာပြီး၊
အခြားနိုင်ငံများကို ကိုယ့်တာဝန် ကိုယ်ယူစေခြင်းမျိုး ဖြစ်လာမည်ကို အာဆီယံနိုင်ငံများ တစ်ဖက်က
စိုးရိမ်လာကြသကဲ့သို့ ယခင်အတိုင်းအတာအထိ မဟုတ်စေကာမူ ဒေသတွင်း၌ စစ်အင်အားကြီးနိုင်ငံ
တစ်ခုအဖြစ် အမေရိကန်ဆက်လက်ရပ်တည်ရန် လိုအပ်သည်ဟု အာဆီယံနိုင်ငံများ
သုံးသပ်ယူဆလာကြသည်။

အဆိုပါ အယူအဆ၏ ထူးခြားသည့်ရလဒ်မှာ တရုတ်ကို ရင်ဆိုင်ရေးအတွက်
အခြားမဟာမိတ်နိုင်ငံများက နိုင်ငံပေါင်းစုံ အနေအထားဖြင့် နေရာယူ ၀င်ရောက်လာစေနိုင်ခြင်း
ဖြစ်သည်ဟု လေ့လာသူများက ဆိုသည်။

"အရှေ့တောင်အာရှဒေသရဲ့ ပထ၀ီနိုင်ငံရေး ချိန်ခွင်လျှာညီအောင် ထိန်းကျောင်းတဲ့ နေရာမှာ
ထရမ့်အစိုးရက ပိုမိုထိရောက်မယ်ဆိုရင် ဒါ အထင်နဲ့အမြင် တလွဲအခြေအနေမျိုး ဖြစ်မယ်"ဟု
တရုတ်နိုင်ငံအပေါ် အပြင်းအထန် ဝေဖန်ခဲ့သော်လည်း ၎င်းလက်ထက်တွင်ပင် တရုတ်တို့
အင်အားပိုမိုကြီးထွားပြီး ပိုမိုနေရာယူလာခဲ့သည့် အိုဘားမားနှင့် နှိုင်းယှဉ်လျက် သစ်တီနန်က
ပြောသည်။

"တရုတ်တွေက နေရာတိုင်းမှာ ဖြစ်နေတယ်။ ဒါ ပြောင်းလဲလာရမယ်။ အမေရိကန် မဟာမိတ်တွေ၊
မိတ်ဖက်တွေနဲ့ အမေရိကန်နိုင်ငံ ကိုယ်တိုင် ပါဝင်လာပြီး ချိန်ခွင်လျှာ ညှိရမယ်။ အမေရိကန်များများ၊
ဂျပန်များများ၊ ဩစတြေလျများများ၊ အိန္ဒိယနည်းနည်း ပါဝင်လာပြီး တရုတ်ရဲ့ အခန်းကဏ္ဍကို
လျှော့ချရမယ်။ ဒါ အရှေ့တောင်အာရှရဲ့ မျှော်လင့်ချက်ပါပဲ"ဟု သစ်တီနန်က ဖြည့်စွက်ပြောသည်။

"အခု လက်ရှိအချိန်မှာတော့ အရှေ့တောင် အာရှဟာ တစ်ဖက်က ကျောက်တုံး နှစ်တုံးအကြား
ရောက်နေသလိုပါပဲ။ တဖြည်းဖြည်း နှစ်ခုအကြား ညပ်လာတယ်။ တရုတ်ကွန်မြူနစ်ပါတီအကြီးအကဲ
ကျီကျင်းပန်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့အကြားပေါ့"ဟု သူက ဆက်လက်ပြောကြားသည်။

တရုတ်အပေါ် ကုန်သွယ်ရေး အရေးယူမှုများ ဆောင်ရွက်ရန်နှင့် အရှေ့တောင်အာရှ ဒေသတွင်
စစ်ရေးအင်အား တိုးချဲ့ရန် ပြောကြားခဲ့သည့် ကတိများအတိုင်း ထရမ့်က လိုက်နာဆောင်ရွက်ပါက
ပေကျင်းနှင့် ၀ါရှင်တန်အကြား တင်းမာမှုများ အလွန်အမင်းမြင့်တက်ကာ ဒေသတွင်း မတည်မငြိမ်မှုများ
ဖြစ်ပေါ်စေနိုင်သည်။

သို့ရာတွင် ထရမ့်က ပြောခဲ့သည့်အတိုင်း တင်းတင်းမာမာ မဆောင်ရွက်ပါကလည်း ဒေသတစ်ခုလုံး
အပေါ်တွင် တရုတ်က ဩဇာလွှမ်းမိုးသွားမည်ဖြစ်ရာ၊ အထက်ပါအခြေအနေ နှစ်မျိုးစလုံးက
အရှေ့တောင်အာရှ ဒေသက အလိုရှိသည့် ပထ၀ီနိုင်ငံရေးအခြေအနေကို မရရှိနိုင်ဟု သစ်တီနန်က
သုံးသပ်ပြောကြားသည်။

အမေရိကန်အား လုံခြုံရေး အာမခံချက်ပေးသော အင်အားကြီးနိုင်ငံအဖြစ် မှတ်ယူထားသာ
အာဆီယံနိုင်ငံများအဖို့ ကမ္ဘာ့ရေးရာများ၌ ပါဝင်ဆောင်ရွက်မှု လျှော့ချမည့် ထရမ့်၏ စကားများက
စိုးရိမ်စိတ် ဖြစ်ပေါ်စေခဲ့သည်။

သို့သော် ကာကွယ်ရေးအသုံးစရိတ်ကို ဒေါ်လာ ၆၀၃ ဘီလျံအထိ တိုးမြှင့်သုံးစွဲမည့် ထရမ့်၏
အစီအစဉ်ကို ဖေဖော်ဝါရီလအတွင်း က ကြေညာခဲ့ခြင်းကမူ လုံခြုံရေးဒေါက်တိုင်ကြီးကို
အားကောင်စေမည်ဖြစ်သဖြင့် အာရှနိုင်ငံများ အစိုးရိမ်သက်သာကြရသည်ဟု လိုင်ပဆန်က
ပြောသည်။

"အာရှ-ပစိဖိတ်ဒေသမှာ အမေရိကန် စစ်အင်အား အလွန်အမင်းကြီးထွားလာရင် တရုတ်ကလည်း
ပြန်လည်တုံ့ပြန်မှာပဲ။ အဲဒီအခါ အမေရိကန်နဲ့ တရုတ်အကြားမှာ ပိုပြီး ရန်လိုတဲ့ ဆက်ဆံရေးဆိုတာ
ဖြစ်နိုင်ခြေ တစ်ခုပါ"ဟု လိုင်ပဆန်က ဆက်လက် ပြောကြားသည်။

ထရမ့်၏ အစိုးရသက်တမ်းမှာ အလွန်နုနယ်သေးကာ မတ် ၆ ရက်က မြောက်ကိုရီးယား၏
ဒုံးကျည်ပစ်လွှတ်မှုအပြီး ဂျပန်ကို ရာနှုန်းပြည့် ထောက်ပံ့ကူညီမည်ဟု ထရမ့်၏ အာမခံချက်အပေါ်
မူဝါဒ စောင့်ကြည့် လေ့လာသူများက အားတက်လျက် ရှိကြသည်။

"အခု အချိန်အထိတော့ ကျွန်တော်တို့ အများအပြား ယူဆထားသလောက် သူ (ထရမ့်) ဟာ
စိတ်ပေါ့သွပ်ခြင်း မရှိဘူးဆိုတာ တွေ့ရ ပါတယ်"ဟု သစ်တီနန်က ဖြည့်စွက်ပြောကြားခဲ့သည်။

ဇော်ညွန့် ဘာသာပြန်သည်။


ဂျိုဟန်နာဆန်သည် ဘန်ကောက်အခြေစိုက် ဂျာနယ်လစ်တစ်ဦးဖြစ်ပြီး၊ လွန်ခဲ့သည့်နှစ်ပေါင်း
၂၀ ကျော်တိုင် အရှေ့တောင်အာရှရေးရာများကို အထူးပြုရေးသားနေသူဖြစ်သည်။ မစ္စဂျိုဟန်နာသည်
Reporting ASEAN မီဒီယာအစီအစဉ် တည်ထောင်သူနှင့် အယ်ဒီတာဖြစ်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။