ဥရောပတိုက်ရဲ့ ပျော်ရွှင်ဖွယ် မြို့ကြီးများ

 

ပြင်သစ်နိုင်ငံ၊ စထရပ်ဘိုးမြို့လယ် တစ်နေရာကို ၂ဝ၁၅ ခုနှစ်၊ နိုဝင်ဘာလအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - အီးပီအေ ပြင်သစ်နိုင်ငံ၊ စထရပ်ဘိုးမြို့လယ် တစ်နေရာကို ၂ဝ၁၅ ခုနှစ်၊ နိုဝင်ဘာလအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - အီးပီအေ

ချစ်မိတ်ဆွေများရှင်။ အားလုံးနေကောင်းကြ တယ်မဟုတ်လား။ ကျန်းမာချမ်းသာကြ
လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပြီးခဲ့တဲ့ စာနှစ်စောင်တုန်းက ဥရောပမြို့ကြီးတွေရဲ့ နေထိုင်မှု
ဘဝ၊ မြို့ကြီးတွေကို ဘယ်လိုလှည့်ပတ်လေ့လာတယ်၊ မြို့ကြီးတွေကို ဘယ်လိုသန့်ရှင်းအောင်
လုပ်ထားတယ်ဆိုတဲ့အကြောင်းကို ကျွန်မ ရေးပြပြီးပါပြီ။ အခု သုံးခုမြောက် နောက်ဆုံး
ဆောင်းပါးမှာ ဥရောပတိုက်ရဲ့ ပျော်ရွှင် ချမ်းမြေ့စရာ အကောင်းဆုံးမြို့ကြီးတွေနဲ့
ပတ်သက်လို့ ဒီကနေ့ ပြောကြားပါမယ်။

ဒီတစ်ပတ်တည်းမှာပဲ ကုလသမဂ္ဂကနေ ၂ဝ၁၇ ခုနှစ် ကမ္ဘာ့ပျော်ရွှင်မှု အစီရင်ခံစာကို
ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအစီရင်ခံစာမှာ ကမ္ဘာ့နိုင်ငံအသီးသီးက ပြည်သူတွေ ဘယ်လို ပျော်
ရွှင်မှုရှိတယ်ဆိုတာကို တိုင်းတာပြီး အဆင့် သတ်မှတ်ပေးဖို့ ကြိုးပမ်းထားပါတယ်။ အဲဒီ ထဲက
ထိပ်ဆုံးခြောက်နိုင်ငံက ဥရောပတိုက် နိုင်ငံတွေပါ။ ၂ဝ၁၇ ခုနှစ်မှာ နော်ဝေနိုင်ငံ ဟာ
ကမ္ဘာပေါ်မှာ ပျော်ရွှင်မှုအရှိဆုံးနိုင်ငံဖြစ် ပါတယ်။ သူ့နောက်မှာတော့ ဒိန်းမတ်၊ အိုက်
စလန်၊ ဆွစ်ဇာလန်၊ ဖင်လန်နဲ့ နယ်သာလန် နိုင်ငံတို့ အသီးသီးလိုက်ကြပါတယ်။ မြန်မာ
နိုင်ငံကတော့ ဒီ ၂ဝ၁၇ ခုနှစ်စာရင်းမှာ ၁၁၄ နေရာကနေ လိုက်ပါတယ်။ ကမ္ဘာပေါ်မှာ
အပျော်ရွှင်ဆုံးမြို့တွေကလည်း ဥရောပတိုက်က မြို့ကြီးတွေအများစုဖြစ်ပါတယ်။
အဲဒီပျော်ရွှင်ချမ်းမြေ့စရာအကောင်းဆုံးမြို့ကြီးတွေကို ပျော်စရာအကောင်းဆုံးနိုင်ငံတွေ
မှာပဲ တွေ့နိုင်ပါတယ်။ ဥရောပသမဂ္ဂဟာ ဥရောပမြို့ကြီးတွေရဲ့ ဘယ်မြို့ကြီးတွေက
ပြည်သူလူထုဟာ အပျော်ရွှင် ဆုံးဖြစ်တယ်ဆိုတာကို ရှာဖွေဖို့ စစ်တမ်းတစ်စောင်
သုံးနှစ်တစ်ကြိမ် ကောက်ယူမြဲဖြစ်ပါတယ်။

နောက်ဆုံးကောက်ယူတဲ့ စစ်တမ်းကတော့ ၂ဝ၁၅ ခုနှစ်ကဖြစ်ပါတယ်။ အဲဒီ စစ်တမ်းဟာ
မြို့ကြီး ၇၉ မြို့က လူပေါင်း လေးသောင်း အကျုံးဝင်ပါတယ်။ ဒီစစ်တမ်း မှာ လန်ဒန်၊ ပါရီ၊
ရောမတို့လို မြို့ကြီးတွေ၊ အမ်စတာဒမ်၊ ဗီယင်နာ၊ ကိုပင်ဟေဂင်နဲ့ စတော့ဟုမ်းလို
မြို့ငယ်လေးတွေ၊ ပြင်သစ်တောင်ပိုင်းက ပင်လယ်ဆိပ်ကမ်းမှာရှိပြီးရာသီဥတု ပူနွေး
မျှတတဲ့မြို့ဖြစ်တဲ့ မာဆေးနဲ့ ဂရိနိုင်ငံက အေသင်၊ စထရပ်ဘိုးနဲ့ အခြားမြို့ကြီးတွေ
အပါအဝင် အမျိုးမျိုးခွဲခြားသုံးသပ် ဖော်ပြထားပါတယ်။ ဒီစစ်တမ်းမှာ ဒေသခံ ပြည်သူတွေ
ဘယ်လောက်ပျော်ရွှင်နေကြတယ် ဆိုတာကို သိရအောင် မေးခွန်းတွေအမျိုးမျိုး
မေးခဲ့ပါတယ်။

သူတို့နေထိုင်တဲ့ မြို့မှာ လေထုအရည်အသွေး သန့်ရှင်းမှု၊ ဆူညံသံအဆင့်နဲ့ ပြည်သူတွေ
အနားယူအပန်းဖြေစရာ စိမ်းလန်းစိုပြည်တဲ့နေရာတွေ၊ ပန်းခြံတွေ ဘယ်လောက်ရှိနိုင်သလဲ
စတဲ့ သဘာဝ ပတ်ဝန်းကျင်အရေးနဲ့ စပ်လျဉ်းလို့ မြို့သူမြို့သားတွေ ကျေနပ်ရဲ့လား။
အများပြည်သူပို့ဆောင်ရေး ယာဉ်များ၊ အိမ်ရာများ၊ ကျန်းမာရေးစောင့် ရှောက်မှု၊ အားကစား၊
ယဉ်ကျေးမှု၊ ပညာရေး ဆိုင်ရာ အဆောက်အအုံများနဲ့ အများပြည်သူ အပန်းဖြေစရာ
နေရာများတို့လို မြို့ကြီးရဲ့ အခြေခံ စီးပွားရေးအဆောက်အအုံတွေနဲ့ စပ်လျဉ်း လို့
မြို့သူမြို့သားတွေ ပျော်ရွှင်ရဲ့လား။ သူတို့ မြို့မှာ နေထိုင်ရတာကို စိတ်ချလက်ချနေရတယ်လို့
ခံစားမိရဲ့လား။ မြို့တော်အုပ်ချုပ်ရေး နဲ့ပတ်သက်လို့ရော မြို့သူမြို့သားတွေက
ကျေနပ်ကြရဲ့လား။

စစ်တမ်းရဲ့ ရလဒ်ကတော့ အတော်အံ့အား သင့်စရာပါ။ အလုပ်အကိုင်အခွင့်အလမ်းတွေ
လည်းအများကြီးရှိ ဖျော်ဖြေရေးတွေကလည်း ပေါတဲ့ လန်ဒန်၊ ဒါမှမဟုတ် ပါရီလို မြို့ကြီး
ပြကြီးတွေမှာ ပြည်သူတွေဟာ အပျော်ရွှင်ဆုံး လို့ စာရှုသူထင်ကောင်းထင်ပါမယ်။ ဒါမှ
မဟုတ်ရင်လည်း လူတွေက နေရောင်ခြည်ကို ချမ်းမြေ့စွာ ရယူနိုင်ပြီးတော့ အပူချိန်အခြေ
အနေကလည်း ပိုပြီး မျှတတဲ့ ပင်လယ်စိုး ရာသီ ဥတုမျိုးရရှိတဲ့ ဥရောပတိုက် တောင်ပိုင်းက
နိုင်ငံတွေမှာ နေထိုင်တဲ့လူတွေဟာ ပျော်ရွှင် ချမ်းမြေ့ကြလိမ့်မယ်လို့ ထင်ချင်လည်း ထင်ကြ
မယ်။ တကယ်တမ်းမှာတော့ စစ်တမ်းရဲ့ အဖြေ အရ စီးပွားရေးလုပ်ငန်းတွေ နည်းပါးပြီး
စည်စည်ကားကားမရှိလှတဲ့ မြို့ငယ်လေးတွေ မှာ မြို့နေပြည်သူလူထုဟာ အပျော်ရွှင်ဆုံး
ဖြစ်နေတယ်ဆိုတာကို သိရပါတယ်။ ဒီစစ်တမ်း အရဆိုရင် အော်စလို၊ ကိုပင်ဟေဂင်၊
စတော့ ဟုမ်း၊ ဗီယင်နာ၊ ဇူးရစ်နဲ့ မြူးနစ်တို့လို မြို့ကလေးတွေဟာ ဥရောပတိုက်မှာ ပျော်ရွှင်
ချမ်းမြေ့စရာအကောင်းဆုံး မြို့တော်တွေ ဖြစ်ပါတယ်။

အဲဒီမြို့ကလေးတွေမှာ နေထိုင်တဲ့ မြို့သူ မြို့သားတွေရဲ့ ၉၉ ရာခိုင်နှုန်းကလည်း သူတို့
ပျော်ရွှင်ချမ်းမြေ့စွာ နေရပါတယ်လို့ ဖြေကြား ခဲ့ပါတယ်။ ပါရီနဲ့ လန်ဒန်မှာရှိတဲ့ မြို့သူမြို့သား
တွေထဲက ၈၆-၈၉ ရာခိုင်နှုန်းပဲ ကျေနပ်မှုရှိ တယ်ဆိုတာ သိရှိခဲ့ရတယ်။ ဒီစစ်တမ်းမှာ
စထရပ်ဘိုးမြို့လည်း ပါပါတယ်။ အဲဒီမြို့က မြို့သူမြို့သားတွေရဲ့ ၉၃ ရာခိုင်နှုန်းက
စထရပ်ဘိုးမြို့ကြီးမှာ နေရတာ သူတို့ဘဝ ပျော်ရွှင်ချမ်းမြေ့တယ်လို့ ဆိုပါတယ်။

တကယ် တော့ ဒီမြို့ကြီးဟာလည်း ဥရောပတိုက်မှာ ထိပ်ဆုံးအဆင့် မရရှိပါဘူး။
ကျွန်မတို့ကတော့ ဒီမြို့မှာနေရတာ ပျော်ရွှင်ချမ်းမြေ့တာ အသေ အချာပါပဲ။ လန်ဒန်၊
ဒါမှမဟုတ် ပါရီထက် တောင် သာမယ်ထင်သေးတယ်။ တကယ်တော့ ဥရောပကောင်စီကနေ
ကျွန်မခင်ပွန်းသည်အငြိမ်းစားယူပြီးတဲ့နောက် နှစ်အတန်ကြာမှာ ကျွန်မတို့မိသားစုဟာ
ဘယ်နိုင်ငံဖြစ်ဖြစ် ဘယ် မြို့ကြီးမှာပဲဖြစ်ဖြစ် အခြေချနေထိုင်ဖို့ အခွင့် အလမ်းတွေ
ရခဲ့ပါတယ်။ အမျိုးမျိုးသော ဖြစ် နိုင်ခြေတွေကို ကျွန်မတို့ လေ့လာခဲ့တယ်။ ပြီးတော့
နောက်ဆုံးမှာစထရပ်ဘိုးမြို့မှာပဲ အခြေချတော့မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

ကျွန်မတို့စဉ်းစားတဲ့အထဲမှာ အရေးအကြီး ဆုံးအချက်ကတော့ ကျွန်မတို့ကလေးတွေ
အတွက်ပါပဲ။ သူတို့ရဲ့ ပညာရေးနဲ့ တခြား ပညာရပ်ဆိုင်ရာကျောင်းတွေ တက်နိုင်ဖို့ကို
ထည့်စဉ်းစားရပါတယ်။ စထရပ်ဘိုးမြို့မှာ ပညာရေးကတော့ အင်မတန်ကောင်းတယ်။
ကျောင်းပညာအတန်းတိုင်းမှာ နိုင်ငံတကာ ပညာရေး နဲ့ဆိုင်ရာတွေရှိတဲ့ ကျောင်းတွေ
အပါအဝင် အရည်အသွေးရှိတဲ့ ကျောင်းအမျိုးမျိုးကို ကောင်းကောင်း ရွေးချယ်နိုင်ပါတယ်။
အထက်တန်းပညာတွေနဲ့ပတ်သက်လို့လည်း စထရပ်ဘိုးမြို့တက္ကသိုလ်ဟာ နာမည်ကျော်
တက္ကသိုလ်ကြီးဖြစ်ပါတယ်။ ဥရောပမှာ ပညာ သင်ယူရေးနဲ့ပတ်သက်လို့ 'ဥရောပပညာရေး'
ဆိုတဲ့ ခေါင်းစဉ်နဲ့ နောက်ကျွန်မရေးပို့မယ့် အစီအစဉ်တွေမှာ ဆက်ပြီးဖော်ပြပါမယ်။

စထရပ်ဘိုးမြို့ကြီးမှာ အခြေချဖို့ ရွေးချယ်တဲ့ကိစ္စမှာ အကြောင်း တစ်ကြောင်းက
ကောင်းမွန်တဲ့ အရည်အသွေးရှိတဲ့ အိမ်ကောင်းရာကောင်းတွေ အလွယ်တကူဝယ်ယူ
ရရှိနိုင်တဲ့ ကိစ္စလည်း ပါပါတယ်။ ကျွန်မတို့မြို့လယ်ကောင်မှာ နှစ်ပေါင်း ၅ဝဝ ကျော်
သက်တမ်းရှိတဲ့ ကာကွယ်စောင့်ရှောက်ထားသော သမိုင်းဝင် အဆောက်အအုံတစ်ခုမှာ
နေခွင့်ရတာကလည်း အတော့်ကို ကုသိုလ်ကံထူးပါတယ်။ ပါရီ ဒါမှမဟုတ် လန်ဒန်လို
မြို့ကြီးတွေကိုများ ကျွန်မတို့ပြောင်းရွှေ့မိရင် အခုကျွန်မတို့နေတဲ့ အိုးအိမ်တိုက်တာမျိုး
ရှာတွေ့ဖို့ဆိုတာ လွယ်မှာမဟုတ်ပါဘူး။ အလားတူအိုးအိမ်မျိုး ရှိခဲ့တယ်ဆိုရင်တောင်မှပဲ
လန်ဒန်နဲ့ ပါရီမှာ ကျွန်မတို့ ဝယ်နေနိုင်ဖို့တတ်နိုင်ချင်မှ တတ်နိုင်မှာပါ။ အဲဒီမြို့ကြီးတွေမှာ
အိမ်ရာဈေးနှုန်းတွေက အတော်ကိုကြီးပါတယ်။ လူတော်တော်များများဟာ ဒီမြို့ကြီးတွေမှာ
အိမ်ဝယ်ဖို့ မတတ်နိုင်ကြပါဘူး။ အဲဒါကြောင့် အိမ်ငှားခတွေ ဈေးအကြီးကြီးပေးပြီးတော့
အိမ်ကျဉ်းကျဉ်းကလေးမှာပဲ နေရပါတယ်။

ရန်ကုန်မှာနေဖူးတဲ့လူတွေဆိုရင်လည်း ဒီအတွေ့အကြုံမျိုးကို သိမှာပါ။ တစ်ချက်က တော့
ရန်ကုန်မှာ အိုးအိမ်ခြံမြေဈေးတွေ တရားလွန်တက်ခဲ့တယ်ဆိုတာနဲ့ပတ်သက်လို့ကျွန်မ
ယုံတောင်မယုံပါဘူး။ မြို့ကြီးပြကြီး တွေအတွက် အကြီးဆုံးစိန်ခေါ်မှုတစ်ခုက တော့
ကိုယ်တတ်နိုင်တဲ့အိမ်ရာမျိုး ရရှိဖို့ပါပဲ။ လူဦးရေကလည်း တစ်နေ့တခြား တိုးနေ တာကို
မြို့ပြအုပ်ချုပ်ရေးအဖွဲ့ကလည်း ထိန်း နိုင်ဖို့ဆိုတာ ခဲယဉ်းပါတယ်။ စထရပ်ဘိုးမြို့ ဆိုတာက
မြို့ကြီးတစ်မြို့မှမဟုတ်ဘဲ။ အဲဒီ တော့ အိမ်ရာကိစ္စနဲ့ပတ်သက်လို့ ဆောင်ရွက် မယ်ဆိုရင်
တယ်ပြီးမခဲယဉ်းလှပါဘူး။ မြို့တော် အုပ်ချုပ်ရေးအဖွဲ့ကလည်း အိမ်ရာစီမံကိန်း
အမျိုးမျိုးတွေနဲ့ အမြဲပဲ အလုပ်ရှုပ်နေတာ။ အဲဒီတော့ လူတွေအဖို့ ကိုယ်တတ်နိုင်တဲ့အိမ်
ရှာရတာ အတော်လေး လွယ်ကူတယ်လို့ ဆိုရ ပါလိမ့်မယ်။ မြို့လယ်ကောင်မှာ အိုးသစ်
အိမ်သစ်တွေမရှိဘူး။ မြို့ဟောင်းရဲ့ ဗဟို ချက်မနေရာကို လွန်ခဲ့တဲ့နှစ် ရာစုပေါင်းများ
စွာကနဲ့တူအောင် ထိန်းသိမ်းထားရှိပါတယ်။

အဆောက်အအုံသစ်တွေကတော့ မြို့လယ်ကောင်ရဲ့ ပြင်ပမှာပဲရှိပါတယ်။ စထရပ်မြို့မှာ
အမြင့်ဆုံးအဆောက်အအုံကတော့ ၇၇ မီတာ မြင့်ပြီး အထပ်ပေါင်း ၂ဝ ရှိပါတယ်။ အဲဒီ
အဆောက်အအုံကို ၁၉၇၉ ခုနှစ်မှာ တည် ဆောက်ခဲ့တယ်။ စည်းမျဉ်းစည်းကမ်း
ပြဋ္ဌာန်းချက်တွေကလည်း အခုတော့ ပိုပြီးတင်းကျပ် လာခဲ့တယ်။ အဆောက်အအုံသစ်တွေ
ဆိုရင် အမြင့် မီတာ ၅ဝ ဝန်းကျင်ပဲရှိရမယ်။ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းအမျိုးမျိုးနဲ့လည်း
လိုက်လျောညီထွေရှိဖို့ လိုအပ်တယ်။ အိမ်ရာ စီမံကိန်းသစ်တွေမှာ တိုက်တာခြံမြေတွေ
ဝယ်မယ့် မိသားစုတွေအတွက် ငွေရေးကြေး ရေး မက်လုံးပေးတာတွေရှိတယ်။ အဲဒီ
အိုးအိမ်တိုက်တာခြံမြေတွေဟာ ဝင်ငွေ အလယ်အလတ်ရှိတဲ့ မိသားစုတွေအတွက်
တတ်နိုင်တယ်။ ဒီလိုလှပတဲ့ အခန်းသစ် လေးတွေဝယ်နိုင်တဲ့ ကျွန်မတို့ မိတ်ဆွေအချို့လည်း
ရှိပါတယ်။ ဝင်ငွေနည်းတဲ့ မိသားစုတွေ အတွက်ကတော့ ဒေသအာဏာပိုင်တွေနဲ့ နိုင်ငံ
အစိုးရက ဖွဲ့စည်းစီစဉ်ပေးထားတဲ့ ထောက်ပံ့ကူညီရေး စီမံကိန်းအမျိုးမျိုးရှိပါသေးတယ်။

ဂီတ၊ ပြဇာတ်၊ ဒါမှမဟုတ် ကပွဲတွေနဲ့ ပတ်သက်လို့ ကျွန်မတို့ရဲ့ ခံစားမှုရသက
ဘယ်လိုပဲဖြစ်ဖြစ် ပျော်ရွှင်ချမ်းမြေ့တဲ့ မြို့သူ မြို့သားတွေဆိုတာ ဖျော်ဖြေမှုတစ်မျိုးမျိုးတော့
ရှိဖို့လိုအပ်ပါတယ်။ စထရပ်ဘိုးမြို့အပါအဝင် ဥရောပတိုက်မှာရှိတဲ့ ပျော်ရွှင်ချမ်းမြေ့ဖွယ်
မြို့ကြီးတွေမှာ ရုပ်ရှင်ရုံတွေ၊ တေးဂီတကပွဲ တွေ၊ ပြဇာတ်ရုံတွေ တစ်မြို့လုံးအနှံ့ရှိပြီး
ကြိုက်တာရွေးချယ်ခွင့်ရှိပါတယ်။ စထရပ်ဘိုး မြို့မှာ အကြီးဆုံးတေးဂီတပွဲအတွက်
ဇာတ်ရုံကတော့ ပွဲကြည့်ပရိသတ် ၁ဝ,ဝဝဝ ကျော် ဆံ့တဲ့ ဇင်းနစ်တေးဂီတစင်တင်
ခန်းမပဲဖြစ် ပါတယ်။ ဂျပ်စတင်ဘီဘာလို ကမ္ဘာကျော် ပေါ့ပ်အဆိုတော် သီဆို
ဖျော်ဖြေခဲ့ပါတယ်။ စက်တင်ဘာလတုန်းက ဘုန်းတော်ကြီး ဒလိုင်းလားမား တရားပွဲကို
ဇင်းနစ်မှာပဲ ပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲမှာ ပရိသတ်ကတော့အပြည့်ပါပဲ။

ပျော်ရွှင်ချမ်းမြေ့မှုရှိတဲ့ မြို့သူမြို့သားတွေ ဆိုတာ ကျန်းမာတဲ့ မြို့သူမြို့သားတွေဖြစ်ပါတယ်။
ဥရောပတိုက်က ပျော်ရွှင်ချမ်းမြေ့ဖွယ် မြို့ကြီးပြကြီးတွေမှာ ဆေးရုံတွေ၊ ဆေးခန်းတွေကလည်း
အများကြီးပါ။ တစ်ခါက စထရပ်ဘိုးမြို့က ကျန်းမာရေးဌာနတွေနဲ့ပတ်သက်လို့ လည်း
ကျွန်မရေးခဲ့ပြီးပါပြီ။ ဥရောပတိုက်က ချမ်းမြေ့ဖွယ်မြို့ကြီးပြကြီးတွေအားလုံးမှာအင်မတန်
ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးရာ ဌာနတွေရှိပါတယ်။ ကျန်းမာတဲ့
မြို့တော်သူ မြို့တော်သားတွေဟာ ကောင်းစွာ အနားယူအပန်းဖြေနိုင်ပြီး ကျန်းမာရေး
လေ့ကျင့်ခန်းတွေလုပ်ဖို့အတွက် စိမ်းလန်းစိုပြည်တဲ့နေရာတွေလည်း လိုအပ်ပါတယ်။

ဥရောပမြို့ကြီးပြကြီးအတော်များများကို ကျွန်မသဘောကျတာကတော့ အဲဒီလို
စိမ်းလန်းစိုပြည်တဲ့နေရာတွေရှိလို့ပါ။ အဲဒီ မြို့ကြီးတွေမှာ ပန်းခြံတွေနဲ့ သိပ်မဝေးတဲ့
နေရာတွေမှာ ကလေးကစားကွင်းတွေလည်း ရှိပါတယ်။ စထရပ်ဘိုးမြို့မှာ ကလေးတွေ
အတွက်ရော လူကြီးတွေအတွက်ပါ နှစ်လို့ ဖွယ်အကောင်းဆုံးနေရာကတော့
Orangerie  နဲ့ Citadelle ပန်းခြံတွေပဲဖြစ်ပါတယ်။

ဂျာမနီနိုင်ငံထဲကို ခြေကျင်လျှောက်သွားလို့ရတဲ့ တံတားတစ်ခုတည်ဆောက်ထားရာ
ရွိုင်းမြစ်ကမ်းတစ်လျှောက်မှာလည်း လှပတဲ့ ပန်းခြံကြီးတစ်ခုရှိပါတယ်။ အဲဒီပန်းခြံတွေ
အားလုံးကို ကောင်းကောင်းမွန်မွန်ထိန်းသိမ်း စောင့်ရှောက်ထားပြီး ဒီပန်းခြံတွေအားလုံးမှာ
ကလေးတွေကစားဖို့ ကစားကွင်းတွေရှိတယ်။ အဲဒါအပြင် လူကြီးတွေအတွက်လည်း
ချမ်းမြေ့ပျော်ရွှင်စွာ အနားယူဖို့နေရာတွေ လုပ်ပေးထားတယ်။ အဲဒီနေရာတွေမှာ ပန်းခြံ
လာတဲ့လူတွေက လမ်းလျှောက်နိုင်တယ်။ ပြေးနိုင်တယ်။ တခြားလေ့ကျင့်ခန်းတွေလည်း
လုပ်နိုင်တယ်။

ဒီနားမှာပဲ သစ်တောလေးတွေ ကလည်း ရှိသေးတယ်။ တစ်ပတ်ကို နှစ်ကြိမ် လောက်
ကျွန်မတို့အိမ်နီးနားချင်းအားလုံး ၁ဝ ကီလိုမီတာ လမ်းလျှောက်ထွက်တယ်။ကျွန်မဖေဖေကတော့
လေ့ကျင့်ခန်းတွေပုံမှန် လုပ်ပြီး ကျန်းမာအောင်နေဖို့ အမြဲတမ်း အားပေးခဲ့ပါတယ်။ သူဆုံးမတာ
မှန်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးရင် ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာမှုကို
ခံစားရရှိနိုင်လို့ပါ။

ပျော်ရွှင်ချမ်းမြေ့ဖွယ် မြို့ကြီးပြကြီးတွေမှာ အားကစားနဲ့ပတ်သက်တဲ့ ဌာနတွေလည်း
အတော်များများရှိပါတယ်။ စထရပ်ဘိုးမြို့မှာ ခေတ်မီအားကစားကွင်းကြီး တည်ဆောက်နေပါပြီ။
၂ဝ၂ဝ ပြည့်နှစ်မှာ စတင်အသုံးပြုနိုင် မှာဖြစ်ပါတယ်။ အဲဒီအားကစားရုံကြီးဟာ ဘောလုံးကွင်း၊
အားကစားခန်းမ၊ တင်းနစ် ကွင်း၊ ဘိုးလိန်းကစားကွင်း၊ ရေခဲစကိတ်ကွင်းစတဲ့ နဂိုကတည်းကရှိတဲ့
အားကစားဌာန တွေအပြင် ထပ်တိုးတဲ့ ကွင်းပဲဖြစ်ပါတယ်။ ကျွန်မရဲ့ သမီးအကြီးဆုံးက
ရေခဲစကိတ်စီးရ တာကို သိပ်သဘောကျတာမို့ ရေခဲစကိတ်ကွင်း ကို ပုံမှန်သွားပါတယ်။

ကျွန်မရဲ့ ဒုတိယသမီး လေးကတော့ ကျွမ်းဘားဝါသနာပါပါတယ်။ အဲဒါကြောင့် ကျွမ်းဘား
ကလပ်မှာ သွားပြီးလေ့ကျင့်ပါတယ်။ အဲဒီမြို့မှာ အားကစားနဲ့ ယဉ်ကျေးမှု ဆိုင်ရာလုပ်ငန်းတွေ
ဆောင်ရွက်တဲ့ ကလပ်အတော်များများလည်းရှိတယ်။ ကျောင်းတက်ပြီးတဲ့အခါနဲ့ အိမ်စာတွေ
လုပ်ပြီးတဲ့နောက်မှာ ကလေးတွေဟာ အဲဒီအချိန်ပိုမှာ ဆောင်ရွက်ရတဲ့ လုပ်ငန်းမျိုးစုံမှာ
ဝင်ပြီးလုပ်နေကြပါတယ်။ စထရပ်ဘိုးမြို့မှာ အိုလံပစ်အားကစား ရေကူးကန်အမျိုးအစား
ရေကူးကန်နှစ်ကန် ရှိပါတယ်။ ကျွန်မသားလေး အိုလီနဲ့ ကျွန်မကတော့ ရေကူးရတာ
သဘောကျတယ်။ အဲဒါကြောင့် ရေကူးကန်ကို နှစ်စဉ်ကြေးပေးပြီး အသင်းဝင်ထားပါတယ်။

အဲဒီလက်မှတ်နဲ့ ဘယ်နှကြိမ်ကူးကူး ကူးခွင့်ရှိတယ်။ ဘယ်ရေကူးကန်မှာ ကူးမလဲ
ဆိုတာကိုလည်း ကျွန်မတို့ ရွေးချယ်ခွင့်ရှိတယ်။ မြို့တော်အုပ်ချုပ်ရေးကော်မတီကလည်း
အဲဒီအားကစားကွင်းတွေနဲ့ပတ်သက်လို့ လိုအပ်တာမှန်သမျှ ရနိုင်အောင် စီစဉ်ဆောင်ရွက်
ပေးထားတယ်။ ဒါပေမဲ့ ဒေသတွင်းကောက်ခံတဲ့ အခွန်တွေက မြင့်မားနေသည့်တိုင်
ကျွန်မတို့ အဲဒီမြို့မှာ နေရတာ အလွန်စိတ်ချမ်းသာပါတယ်။

ဒါကြောင့် ချစ်မိတ်ဆွေများရှင်။တစ်ဆိတ်လောက် ကျွန်မကို ပြောပြပါလား။ သင်ကိုယ်တိုင်
ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာ ကောင်းတဲ့ မြို့တစ်မြို့မှာ နေပါသလား။ မြန်မာလူမျိုးတွေဟာ
ယေဘုယျအားဖြင့်တော့ အတော့်ကို ပျော်ပျော်နေတတ်တဲ့ သူတွေပါ။ ကျွန်မတို့က ဘဝကို
အကောင်းမြင်ရှုထောင့် ကနေ ကြည့်လေ့ရှိပါတယ်။ ဘယ်လောက်ပဲ အခက်အခဲတွေကို
ဖြတ်သန်းရ ဖြတ်သန်းရ ဘာကိုမှ မမှုပါဘူး။ ပြုံးပြုံးကလေးနဲ့ပဲ ဒီ အခက်အခဲကို
အမြဲတမ်းကျော်ဖြတ်လေ့ရှိပါ တယ်။ မဟုတ်ဘူးလားရှင်။ နောက်မှန်တဲ့တစ်ချက်က
ကျွန်မတို့နိုင်ငံမှာ သန်းနဲ့ချီရှိတဲ့ လူတွေအတွက် လူနေမှု အဆင့်အတန်း တိုးမြင့်ဖို့ဆိုတာ
အမှန်ကို လိုအပ်ပါတယ်။ ကျွန်မတို့နိုင်ငံက ရှေ့ကို တက်လှမ်းနေတာမို့ လူတော်တော်
များများဟာ လူနေမှု ဘဝပိုမိုကောင်းမွန်ရေးကို ရှာဖွေရှင်းနဲ့ မြို့ကြီးပြကြီးတွေဆီကို
ပြောင်းလာကြ တယ်။ တခြားနိုင်ငံတွေကနေပြီးတော့လည်း ဒီအတွေ့အကြုံတွေကို
ရယူနိုင်ပါတယ်။ ကမ္ဘာတစ်ဝန်းလုံးက ဖွံ့ဖြိုးဆဲနိုင်ငံတော်တော်များ များမှာ ဆင်းရဲမွဲတေမှုနဲ့
ဆိုးဝါးတဲ့ အနိဋ္ဌာရုံ တွေကို ဦးတည်စေတဲ့၊ စနစ်တကျစီစဉ်ဆောင် ရွက်ထားခြင်းမရှိတဲ့
အလောသုံးဆယ်လုပ်တဲ့ မြို့ပြဖွံ့ဖြိုးရေးမျိုးကို ကျွန်မတို့ မလိုလားပါဘူး။တကယ့်ကို
စနစ်တကျ ဂရုတစိုက်နဲ့ စီစဉ် ဆောင်ရွက်ထားတဲ့ မြို့ကြီးပြကြီးမျိုးတွေကိုပဲ
လိုလားတာပါ။

ဥရောပတိုက်က အတွေ့အကြုံတွေကို ကျွန်မတို့ ရယူနိုင်ပါတယ်။ ပျော်ရွှင်ချမ်းမြေ့ မှု
အရှိဆုံး မြို့ကြီးပြကြီးတွေဆိုတာ အင်မတန်စည်ကားပြီး လူတွေ တရားလွန် ကျပ်သိပ်
နေတဲ့ မြို့ကြီးတွေ မဟုတ်ပါဘူး။ ပျော်ရွှင် ချမ်းမြေ့မှု အရှိဆုံးမြို့ကြီးတွေဆိုတာ
ခပ်သေးသေးတွေပဲ။ ဒီလောက်ကြီး မစည်ကား လှပဲနဲ့ စနစ်တကျကောင်းမွန်စွာ
စီစဉ်ဆောင် ရွက်ထားတဲ့နေရာပါ။

ဒါကြောင့် ရန်ကုန်၊ ဒါမှမဟုတ် မန္တလေးဆီသို့အားလုံး ကမန်းကတန်း လုပ်ဖို့ မလိုအပ်ပါဘူး။
ကျွန်မတို့နေတဲ့နေရာနားက မြို့လယ်ကောင် မှာ အသက်မွေးဝမ်းကျောင်းနေထိုင်မှုတွေ
ကိုလည်း ကျွန်မတို့တွေ့နိုင်တယ်။ ဒီစာကို ကျွန်မရေးတဲ့အချိန်မှာ ကျွန်မဟာ မြို့ကြီးပြကြီး
အတော်များများရဲ့ စီမံအုပ်ချုပ်မှုတွေကို လေ့လာတဲ့အခါ မြို့တော်တာဝန်ရှိသူတွေက
မြို့သူ မြို့သားတို့ရဲ့ ဘဝ ပိုပြီးကောင်းအောင် ကြိုးစားဆောင်ရွက်နေတယ်ဆိုတာ
သိရပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ ကျွန်မတို့တွေနဲ့ မြို့တော်ရှိ လူကြီးတွေ ပူးပေါင်း
ဆောင်ရွက်ဖို့လိုပါတယ်။ အဲဒီလုပ်ငန်းတွေမှာ တက်ကြွပြီး တာဝန်သိတဲ့ မြို့တော်သူ
မြို့တော်သားတွေ လိုအပ်ပါတယ်။ တိုးတက်မှုအတွက် အလုပ်ကြိုးစားဖို့လည်း
လိုအပ်ပါတယ်။ တစ်ယောက်တစ်လှည့် စွမ်းအားနဲ့ပဲအင်မတန်လှပတဲ့ ကျွန်မတို့
မြန်မာနိုင်ငံတစ်ဝန်းမှာ အလွန်ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာ မြို့ကြီးတွေကို ရရှိနိုင်မယ်ဆိုတာ
သေချာပေါက်ပြောနိုင်ပါတယ်။ နောက်တစ်ပတ်ဆက်ကြရအောင်။ ချစ်ခင်လေးစားလျက်။

တင်စိန် ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ဆောင်းပါး