မြန်မာသင်္ကြန်၊ ဥရောပနွေကူးချိန်

 ပြင်သစ်နိုင်ငံ စထရပ်ဘိုးမြို့ တစ်နေရာ၏ နွေဦးရာသီရှုခင်းကို ယခုရက်သတ္တပတ်အတွင်း တွေ့မြင်ရစဉ်။ ဓာတ်ပုံ - အေးအေးဝင်း ပြင်သစ်နိုင်ငံ စထရပ်ဘိုးမြို့ တစ်နေရာ၏ နွေဦးရာသီရှုခင်းကို ယခုရက်သတ္တပတ်အတွင်း တွေ့မြင်ရစဉ်။ ဓာတ်ပုံ - အေးအေးဝင်း

ချစ်မိတ်ဆွေများရှင်။ ကျန်းမာကြတယ်မဟုတ် လား။ ပြင်းထန်လှတဲ့ အပူရှိန်ကို ဘယ်လိုများ
ခံစားနေကြရသလဲ။ ခုချိန်ဆိုရင် မြန်မာ နိုင်ငံမှာ အတော့်ကို ပူပြင်းနေပြီ။ လာမယ့်
သင်္ကြန်ပွဲတော်မှာ လမ်းလျှောက်နေတုန်း အေးမြတဲ့ ရေလေးတွေ ပက်ဖြန်းခံလိုက်ရမှာ
နဲ့ပတ်သက်လို့ စာရှုသူတွေးနေမယ်လို့ တွက် မိပါတယ်။ လာမယ့် သင်္ကြန်နှစ်သစ်ကူးပွဲတော်
အတွက်လည်း ပြင်ဆင်နေရင်း အလုပ်တွေ ရှုပ်နေကြမှာပါ။ ကျွန်မတို့နိုင်ငံမှာ
ဘယ်လောက်ပျော်စရာကောင်းတဲ့ အချိန်လေးပါလိမ့်။

ကျွန်မကိုယ့်နိုင်ငံမှာ နောက်ဆုံးသင်္ကြန်ပွဲ ဆင်နွှဲခဲ့တာ နှစ် ၄ဝ ရှိပါပြီ။ နှစ် ၄ဝ ဆိုတာ
အတော်ကြာတဲ့ အချိန်ပါပဲ။ ဒါပေမဲ့ ကျွန်မရှေ့မှာ သင်္ကြန်ပွဲတော်ကာလ ဖြစ်ပျက် ခဲ့တဲ့
မြင်ကွင်းတွေ၊ အသံတွေကို အခုထိ အမှတ်ရနေပါတယ်။ စင်မြင့်ပေါ်မှာတက်ပြီး တော့
ပျော်ပျော်ရွှင်ရွှင်နဲ့ ဆိုနေတဲ့ အဆိုတော် တွေရဲ့ အသံကို ကျွန်မနားထောင်ရတာ နှစ်သက်တယ်။

စင်မြင့်ပေါ်မှာ အဝါရောင် ဝတ်စုံလေးတွေဝတ်ပြီးတော့ လှပတဲ့ ပိတောက်ပန်းလေးတွေကို
ခေါင်းမှာပန်၊ လည်ပင်းမှာ ပန်းကုံးကလေးတွေစွပ်ပြီးတော့ တူးပို့တူးပို့ တေးသံနဲ့အတူ
ပျော်ပျော်ရွှင်ရွှင်ကနေကြတဲ့ သင်္ကြန်မယ်လေးတွေရဲ့ ယိမ်းအဖွဲ့တွေကို ကြည့်ရတာ
ကျွန်မရွှင်လန်းချမ်းမြေ့မိတယ်။ သင်္ကြန်ရေကစားပွဲတော်ဟာ ကျွန်မတို့အတွက်ဘယ်လောက်
ပျော်စရာကောင်းသလဲဆိုရင် အမြဲတမ်းလိုလို အဲဒီပွဲအတွက် ကောင်း ကောင်းမွန်မွန်
ပြင်ဆင်ထားခဲ့တာချည်းပါပဲ။ ရေကစားဖို့ သေနတ်ကလေးတွေ၊ ပူဖောင်း တွေဝယ်ဖို့
ကျွန်မတို့မိဘတွေကိုအပူကပ်ခဲ့ကြ တယ်။ ကျွန်မအစ်ကိုတွေ၊ အစ်မတွေနဲ့ ဝမ်းကွဲညီ
အစ်ကိုမောင်နှမတွေကလည်း ရေပူဖောင်း တွေနဲ့ ရေကစားတဲ့ သေနတ်ကလေးတွေကို
ရေဖြည့်ပြီး သူတို့နဲ့အတူယူသွားဖို့ အတော့ကိုကြိုးစားပမ်းစား ဆောင်ရွက်ခဲ့ကြတယ်။

ကျွန်မတို့အိမ်ရှေ့ကို ဖြတ်သွားဝံ့တဲ့လူမှန်သမျှကတော့ ကျွန်မတို့တစ်တွေရဲ့ ရေပူပေါင်းနဲ့ပစ်တာ၊
ရေပက်သေနတ်ကလေးတွေနဲ့ ပစ်တာတွေကို ခံရတော့တာပါပဲ။ တစ်ခါတစ်ခါကျတော့
ကျွန်မတို့က ရေပိုက်ကြီးတွေတောင်သုံးဖို့ အခွင့်ရလိုက်သေးတယ်။ ကျွန်မတို့ ရေမပက်လိုက်တဲ့
လူတွေကတော့ ရဟန်းသံဃာတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ယောဂီရောင်ဝတ်စုံ ဝတ်ထားတဲ့ လူတွေ၊
ဥပုသ်စောင့်တယ်လို့ ပြောလိုက်တဲ့ ပုဂ္ဂိုလ်တွေကိုတော့ ကျွန်မတို့ ရေမပက်ပါဘူး။

အဲဒီလိုမဟုတ်ရင်တော့ လူတိုင်းကိုပက်တာပဲ။ အထူးသဖြင့် တံခါးဖွင့် ဂျစ်ကားနဲ့ရေပက်
လိုက်ခံတဲ့သူတွေကိုတော့ အလွတ်မပေးဘဲပက်တာပေါ့။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ရေနဲ့ပက်ပြီးတော့
တိုက်ပွဲသဘော အပြိုင်အဆိုင်ပက်ကြတာကလည်း အတော့်ကို ပျော်စရာကောင်းပါတယ်။
ကျွန်မကတော့ သင်္ကြန်ရဲ့ ဘာသာရေးစိတ်ဓာတ်ကို မြတ်နိုးပါတယ်။

ကျွန်မတို့ ကလေးတွေက ဥပုသ်မစောင့်ပေမဲ့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဆင်းတုတော်တွေကို
ရေသပ္ပာယ်တယ်။ စေတီပုထိုးတွေဆီသွားပြီးတော့ သန့်ရှင်းရေး ပြုလုပ်ပြီး ကုသိုလ်ယူပါတယ်။
နှစ်ဆန်း ၁ ရက်နေ့မှာတော့ ကျွန်မတို့မိသားစုဟာ မြင်းခြံကနေ ကျွန်မမိခင်ရဲ့
ဇာတိတောင်သာမြို့ကို နှစ်သစ်ကူးအလှူအတန်းတွေ ပြုလုပ်ပွဲမှာ ပါဝင်ဖို့ သွားကြပါတယ်။

ကျွန်မအဖွားက ဆီစက်ပိုင်ရှင်တစ်ဦးပါ။ သူကလည်း အလှူ အတန်း အင်မတန်ရက်ရောပါတယ်။
သူရတဲ့ ဝင်ငွေနဲ့ ပိုင်ဆိုင်မှုထဲက အတော်များများကို လှူဒါန်းပါတယ်။ နှစ်သစ်ကူး ဆွမ်းဆန်စိမ်း
လောင်းပွဲမှာ ကြွလာတဲ့ရဟန်းသံဃာတွေနဲ့ သီလရှင်တွေကို လှူဒါန်းဖို့အဖွားက ဆန်အိတ်
တော်တော်များများနဲ့ ဆီပုံးတွေနဲ့ တခြားလှူဖွယ်ပစ္စည်းတွေကိုအဆင်သင့် ပြင်ဆင်ထားပါတယ်။

ဒီလိုမြန်မာတွေရဲ့ လှူဒါန်းပေးကမ်းတဲ့ လုပ်ငန်းကိုကျွန်မလည်း ဆောင်ရွက်နိုင်သလောက်
ဆက်လက် ဆောင်ရွက်ခဲ့တာမို့ အဲဒီကာလတွေအကြောင်းပြန်တွေးပြီး ကြည်နူးမိပါတယ်။

အခုချိန်မှာတော့ ကျွန်မဟာ မြန်မာနိုင်ငံ ကနေ မိုင်ပေါင်းထောင်ချီဝေးတဲ့နေရာမှာရှိပြီး
သင်္ကြန်ပွဲတွေကို မြန်မာနိုင်ငံမှာလိုတော့ မကျင်းပနိုင်တော့ပါဘူး။ ကျွန်မ လန်ဒန်မှာနေတုန်းက
မြန်မာလူမျိုးအသိုင်းအဝိုင်းက အတော်ကလေးများတာမို့ မြန်မာသံရုံးနဲ့ ဗြိတိန်နိုင်ငံ မြန်မာ
အသင်းကြီးတို့မှာ ကျင်းပ တဲ့ သင်္ကြန်ပွဲအခမ်းအနားတွေကို ပါဝင်နိုင်ခဲ့ ပါတယ်။ ကျွန်မအဖေက
ဂီတပါရမီထူးတဲ့ တေးဂီတသမားတစ်ယောက်ပါ။ ဒါကြောင့် ဖျော်ဖြေရေးအစီအစဉ်တစ်ခုပါဖို့
အမြဲတမ်းလိုလို တိုက်တွန်းလေ့ရှိပါတယ်။ အဲဒီအခါမျိုး မှာ ကျွန်မအဖေက သူ့တယောလေးနဲ့
သူ့ သမီးလေးယောက်ကိုခေါ်ပြီး ဝင်းညီအစ်မတွေရဲ့ သင်္ကြန်ပွဲအဖြစ် ပွဲထွက်ပါတော့တယ်။

ကျွန်မတို့က အမြဲတမ်းလိုလို လူကြိုက်များခဲ့တဲ့ မန်းတောင်ရိပ်ခိုသီချင်းအပါအဝင်
သင်္ကြန်သီချင်းတွေကို ပျော်ပျော်ရွှင်ရွှင် သီဆို ကြတယ်။ ဒီသီချင်းလေးဟာလည်း ဘယ်လောက်
နှစ်သက်စရာကောင်းလိုက်ပါလိမ့်။ ဒီသီချင်းမပါဘဲနဲ့ သင်္ကြန်ပွဲအခမ်းအနားတွေ ပြည့်စုံတယ်လို့ကို
မဆိုနိုင်ဘူး။ ဒါ့ပြင် 'ရွှေအိုးစည်'လို၊ 'ဖိုးသာအောင်'လို ကျေးလက် သီချင်းအတော်များများကိုလည်း
ကျွန်မ အဖေက သင်ပေးထားတယ်။ အဲဒါကြောင့် ဒီသီချင်းတွေကိုဆိုရင် နန်းမြင့်ရွာမှာ ကျွန်မတို့
ရှိနေတဲ့အတိုင်း ရင်ထဲနှစ်လုံးသားထဲက ခံစားမှုနဲ့ကို သီဆိုခဲ့ကြပါတယ်။

ကျွန်မတို့ဟာ မြန်မာနိုင်ငံပြင်ပမှာ ကြီးပြင်းခဲ့ပေမဲ့ အခုအချိန်အထိ ကျွန်မတို့ရဲ့ ယဉ်ကျေးမှုကို
သိရှိနားလည်ပြီး အလေးထား မြတ်နိုးကြပါတယ်။ လန်ဒန်မှာနေတဲ့ ကျွန်မငယ်စဉ်ဘဝမှာ ကျွန်မတို့ရဲ့
ယဉ်ကျေးမှုနဲ့ ရိုးရာအစဉ်အလာတွေကို သိရှိနားလည်ပြီး မြှင့်တင်ပေးနိုင်ရေးအတွက် နည်းလမ်း
တစ်ရပ်အဖြစ် မြန်မာလူငယ်များ အစည်းအရုံး (Youth of Myanmar Association YOMA) ကို
တည်ထောင်ခဲ့ပါတယ်။ သင်္ကြန်ပွဲအခမ်းအနားတစ်ခုမှာ ကျွန်မတို့ရဲ့ ဥဗြ လူငယ်အုပ်စုက ရွှေမန်း
မာလာသီချင်းကို သီဆိုခဲ့ကြပါတယ်။ ကျွန်မ တို့အားလုံး သီချင်းထဲကလိုပဲ အဖြူ၊ အပြာ၊ အနီနဲ့
အဝါရောင်ဝတ်စုံတွေကို ဝတ်ဆင်ခဲ့ ကြတယ်။ ကျွန်မတို့ ကိုယ်တိုင် တကယ့်ကို
ရွှင်လန်းပျော်ရွှင်ကြသလို ပရိသတ်ကလည်း ကျွန်မတို့ကို ကြည့်ပြီးတော့ ပျော်ရွှင်ကြလိမ့်မယ်လို့
ထင်ပါတယ်။

ကျွန်မပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့ကို ပြောင်းတော့ အဲဒီနိုင်ငံမှာ မြန်မာဆိုလို့ ကျွန်မတစ်ယောက်ပဲ
ရှိတယ်။ ကျွန်မကလေးတွေ ရလာတော့ ပေါ်တူဂီမှာ မြန်မာလူဦးရေ ခါတိုင်းထက် နှစ်ဆနဲ့
နောက်တော့ သုံးဆဖြစ် လာတာပေါ့။ အခုစထရပ်ဘိုးမြို့မှာ ကလေး နှစ်ယောက်ပါတဲ့
နောက်ထပ်မြန်မာတစ်ယောက်ရောက်လာတာမို့ စထရပ်ဘိုးမြို့မှာ မြန်မာ လူဦးရေ
ခုနစ်ယောက်တောင်ရှိလာပြီလေ။

စာရှုသူတို့ထဲက တစ်ယောက်ယောက်များ ဒီကိုပြောင်းလာချင်တယ်ဆိုရင် စထရပ်ဘိုး မြို့က
မြန်မာလူဦးရေ ဒီထက်တိုးလာနိုင်တာ ပေါ့လေ။ ကျွန်မတို့အိမ်မှာဆိုရင် မိသားစုကဘုရားခန်းထဲမှာ
ပူဇော်ထားတဲ့ ဗုဒ္ဓဆင်းတုတော်ကို ရေသပ္ပာယ်တယ်။ အမွေးနံ့သာတွေ နဲ့ ပက်ဖျန်းတယ်။ ပြီးတော့
ခါတိုင်းလိုပဲ ပန်းရေချမ်းတွေ ကပ်လှူပူဇော်ပြီး သင်္ကြန်ပွဲ ကို ကျင်းပပါတယ်။ မိသားစုတစ်စုလုံးနဲ့
ကျွန်မတို့မိတ်ဆွေတွေကို ကျွေးမွေးဖို့ ကျွန်မ ကတော့ မုန့်ဟင်းခါးချက်တယ်။

အခွင့်အခါ သင့်ရင်တော့ ကျွန်မတို့ရဲ့ မင်္ဂလာနှစ်သစ် အကြောင်းကို အုပ်စုတော်တော်များများကို
ပြောပြလိုပါတယ်။ ဒီနှစ်တော့ ကျွန်မသား လေး အိုလီရဲ့ကျောင်းကို သွားမယ်။ ပြီးတော့ ငါးနှစ်သား
ကလေးတွေနဲ့အတူ သင်္ကြန်ပွဲကို ဆင်နွှဲပါမယ်။ ကလေးတွေကို မြန်မာအစား အသောက်တွေရဲ့
အရသာ ခံစားနိုင်အောင် ကျွေးမွေးပြီးတော့ တူးပို့တူးပို့ဒိုးသံနဲ့ သင်္ကြန် သီချင်းတွေဖွင့်မယ်။

မြန်မာအကကလေးတွေ အတူတကွ ကကြမယ်။ သာယာစွာ ထွန်းလင်းတောက်ပနေတဲ့
မြန်မာနိုင်ငံအကြောင်းကလေးတွေကို ပြောပြမယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ အမြဲတမ်း ရယ်မောပြီး
နေနိုင်တဲ့ ကျွန်မတို့ရဲ့ ရွှေနိုင်ငံ အကြောင်း ကျွန်မကလေးတွေကို ပြောပြပါမယ်။ ဒီအလုပ်ကို
ကျွန်မအခုဆိုင်းမနေနိုင်တော့ပါဘူး။

ဥရောပတိုက်မှာလည်း ပျော်စရာကောင်း ဖို့ အကြောင်းလေးတွေရှိပါတယ်။ အေးပြီး
အလင်းရောင်နည်းတဲ့ ဆောင်းကာလတွေ ကုန် နွေကူးရာသီရောက်လာတာပါပဲ။ မတ်
၂၁ ရက်ဟာ နွေကူးရာသီရဲ့ ပထမဆုံးနေ့ရက်ဖြစ်ပြီး မိုးလေဝသအခြေအနေကလည်း
အတော့်ကို သာယာပါတယ်။

ပြင်းထန်လှတဲ့ ဆောင်းကာလ နေထိုင်ပြီးတဲ့နောက်မှာ ကျွန်မတို့ ပိုပြီးနွေးထွေးတဲ့
ရာသီဥတုနဲ့ နေရောင်ခြည်ပိုရတဲ့ အချိန်တွေ၊ အလင်းရောင်ပိုရတဲ့ အချိန်တွေကို
တွေးတောခံစားမိပြီး ဘယ်လောက်များ ပျော်ရွှင်မယ်ဆိုတာကို စာရှုသူတွေးမိနိုင်မှာ မဟုတ်ပါဘူး။

ရာသီဥတုပြောင်းလဲတာနဲ့အမျှ ပတ်ဝန်း ကျင်မြင်ကွင်းတွေကလည်း ပြောင်းလဲလာ ပါတယ်။
တစ်နေ့ပြီးတစ်နေ့ အသီးသီးနေတဲ့ အပင်တွေဟာ ရုတ်တရက်ဆိုသလို ပန်းမန်တွေ၊ အသီးတွေနဲ့
ဖူးကိုက်ဝေစည်လာပါတယ်။ နှင်းတွေကလည်း ရွှံ့ထူတဲ့မြေပြင်ပေါ် မှာ ဖုံးလွှမ်းနေရာကနေ
မြစိမ်းရောင် ကတ္တီပါ ကြီးတစ်ချပ် ဖြန့်ထားပြီး အပေါ်မှာအဝါရောင်ပန်းပွင့်ကလေးတွေ
ကြဲထားတဲ့ အသွင်ကို ရုတ်တရက် ပြောင်းလဲလာပါတယ်။ အပွင့် အသီးကင်းတဲ့ သစ်ပင်တွေရဲ့
ခြုံနွယ်တွေဟာ အစိမ်းရောင် အစို့အညှောင့်တွေ ပေါက်လာ ပြီး နွေကူးရာသီရဲ့ နေရောင်ခြည်ကို
ကျေးဇူး တင်စွာနဲ့ နှုတ်ခွန်းဆက်လိုက်ကြပါတယ်။

ဥရောပမှာရှိတဲ့ ရာသီဥတုကို အရောင် နဲ့ခွဲနိုင်မယ်ဆိုရင် နွေကူးရာသီက အဝါရောင်နဲ့
အညိုရောင်တွေ ရှိပြီးတော့ ဆောင်းရာသီကတော့ အဖြူရောင်နဲ့ မီးခိုးရောင်ရှိပါတယ်။
အခုတော့ အဝါရောင်နဲ့ အစိမ်းရောင်နဲ့ရောင်စုံနီးပါးရှိတဲ့ နွေကူးရာသီမှာ ကျွန်မတို့
အားလုံးပျော်ရွှင်ချမ်းမြေ့နေကြပါပြီ။ အစစအရာရာကတော့ သန့်ရှင်းလတ်ဆတ်နေပါတယ်။

တိရစ္ဆာန်လောကမှာလည်း ဆောင်းခိုတဲ့ တိရစ္ဆာန်မျိုးစိတ်တွေဟာ ကာလကြာရှည်စွာ
ဆောင်းခိုနေရာကနေ နိုးထလာကြပါပြီ။ သစ်တောတွေနဲ့ မြို့ကြီးတွေအလယ်ကောင်မှာပင်လျင်
ငှက်တွေဟာ တေးဆိုရင်း တစ်နေ့ လုံး လှပစွာ ပျံသန်းနေကြပါတယ်။ အသိုက် တွေထဲမှာလည်း
ဥတွေရှိနေပြီး အကောင် ပေါက်ကလေးတွေ စထွက်နေပါပြီ။ အပွင့် တွေ ဝေဆာလန်းဆန်း
လာတာနဲ့အမျှ ပျား ပိတုန်းတွေကလည်း ပန်းဝတ်ရည်ကိုစုပ်ဖို့ တဝီဝီနဲ့ မြူးထူးပျံသန်းနေကြပါပြီ။

ပူနွေးတဲ့ ရာသီဥတု ရောက်လာတာမို့ လူတွေကလည်း သူတို့ရဲ့ ထူထဲလှတဲ့ ဆောင်းတွင်းဝတ်ကုတ်
အင်္ကျီကြီးတွေကို ချွတ်၊ ပေါ့ပါးတဲ့ နွေကူးရာသီဝတ် အင်္ကျီခပ်ပါးပါးလေးတွေနဲ့ ပြောင်းလဲ
ဝတ်ဆင်နေကြပါပြီ။ လူတွေဟာ စက်ဘီး ကိုယ်စီနဲ့ စီးနင်းသွားလာနေကြပြီး တချို့ ကတော့လည်း
စိမ်းမြတဲ့ မြက်ခင်းပြင်ပေါ်မှာ ထွက်ထိုင်နေကြပြီး ကလေးတွေလည်း ကစားကွင်းတွေကို
ပြန်သွားနိုင်ပြီ။ ဆောင်း တွင်းကာလတွေ လွန်မြောက်ပြီးနောက် လောကကြီးဟာ ဘယ်လောက်များ
အကြီး အကျယ် ပြန်လည်ရှင်သန်လာပါသလဲ။

ဥရောပကလူတွေဟာ မဝေးတော့တဲ့ ကာလမှာ အီစတာပွဲတော်ကို ကျင်းပပါလိမ့် မယ်။
ခရစ်ယာန်ဘာသာဝင်တွေထဲက ဘာသာရေးကို အထူးလေးစားတဲ့ ပုဂ္ဂိုလ်ဟာ ကာနီ
ဗယ်ပွဲတော်ပြီးတဲ့နောက်မှာ ရက်ပေါင်း ၄ဝ ဥပုသ်စောင့်ပါတယ်။ အဲဒီဥပုသ်ကာလဟာ
ပြီးဆုံးတော့မှာပါ။ ဒီနောက်ပိုင်း များမကြာ မီမှာပဲ အီစတာပွဲတော် စပါလိမ့်မယ်။ ဆိုင်
တွေမှာဆိုရင် အီစတာဥချောကလက် ဒါမှ မဟုတ် ကြက်မပုံ၊ ယုန်ပုံ၊ သိုးပုံတွေဖော်ထားတဲ့
ချောကလက်တွေကို ဝယ်ယူနိုင်တော့မှာ ပါ။ ဒီမှာတော့ အဲဒီတိရစ္ဆာန်တွေဟာ နွေကူးရာသီရဲ့
သင်္ကေတတွေပါပဲ။ အီစတာ တနင်္ဂနွေနေ့ဟာ ဒီနှစ်တော့ ဧပြီ ၁၆ ရက်မှာ ကျရောက်ပါလိမ့်မယ်။

စထပ်ရပ်ဘိုးမြို့တွင် နွေဦးရာသီ၌ ဖူးပွင့်ဝေဆာနေသည့် ပန်းအလှပင်များ။ ဓာတ်ပုံ-အေးအေးဝင်းစထပ်ရပ်ဘိုးမြို့တွင် နွေဦးရာသီ၌ ဖူးပွင့်ဝေဆာနေသည့် ပန်းအလှပင်များ။ ဓာတ်ပုံ-အေးအေးဝင်း

ကလေးတွေရှိတဲ့ မိသားစုတွေဟာ အီစတာကြက်ဥ ရှာပုံတော် ဖွင့်ဖို့ စုဝေးကြပါလိမ့်မယ်။
ခရစ္စမတ်ပွဲတော် တုန်းက ကျွန်မရေးခဲ့တဲ့ စာထဲမှာ ကျွန်မရဲ့ ယောက်မ ဂါဒါနဲ့ပတ်သက်လို့
ပြောပြခဲ့တာ လေးတွေ စာရှုသူတို့ မှတ်မိဦးမှာပါ။ ကလေး တွေကတော့ သူ့ကို ချစ်စနိုးနဲ့
အန်တီဂျီလို့ပဲ ခေါ်ကြတယ်။ ခရစ္စမတ်ပွဲတော်ကာလမှာ အန်တီဂျီဟာ ကလေးတွေအတွက်
လက်ဆောင်တွေပေးတဲ့ ခရစ္စမတ် မိခင်ကြီး ပါပဲ။ အီစတာပွဲတော်ကာလမှာတော့ ခရစ္စမတ်မိခင်ဟာ
အီစတာယုန်ကလေးတစ်ကောင်ကို အံ့သြဖွယ်ပုံစံပြောင်းသွားတယ်။ သူက အီစတာကြက်ဥလေးတွေ
ရာနဲ့ချီဝယ်ပြီး အိမ် ပတ်ဝန်းကျင်မှာ ဝှက်ထားတယ်။ ကလေးတွေ က ညနေပိုင်းကျရင်
အီစတာချောကလက် ဥတွေကို လိုက်ရှာဖွေပြီး သူတို့တွေ့တဲ့ ဥတွေ ကို စားကြသောက်ကြတာပေါ့။

ဥတော်တော် များများတွေ့ပါတယ်။ ဒါပေမဲ့ အားလုံးတော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့
အီစတာ ယုန်က သူတို့မတွေ့အောင် အသေအချာ ဝှက်ထားလို့ပါ။ ဒီနှစ်အတွင်းမှာ ကျွန်မတို့
ချောကလက်ဥလေးတွေကို ဗီရိုပေါ်မှာ၊ ပန်းပုံးထဲမှာ အလွယ်တကူ တွေ့နိုင်တာ ကံကောင်းတာပေါ့။
ကျွန်မတို့ရဲ့ အီစတာယုန် က ကျွမ်းကျွမ်းကျင်ကျင်နဲ့ ဝှက်ထားတာမို့ ကျွန်မတို့တစ်တွေဟာ
ချောကလက်ဥတွေကို အီစတာပွဲတော်တင်မကဘဲ တစ်နှစ်ပတ်လုံး ကို ရှာဖွေတွေ့ရှိသွားနိုင်ပါတယ်။

ဥရောပတိုက်ရဲ့ နွေကူးရာသီဟာ ဥယျာဉ် ထဲမှာ သစ်ပင်တွေပြန်စိုက်ပြီး လုပ်ငန်းတွေ
စတင်ဆောင်ရွက်ဖို့ အချိန်ပါပဲ။ ကျွန်မအမေ က လန်ဒန်မှာနေပါတယ်။ သူကတော့
တကယ့်ဥယျာဉ်မှူးကြီးပဲ။ ပန်းမျိုးစုံဖူးပွင့်ဝေဆာနေတဲ့ သူ့အိမ်မှာရှိတဲ့ ပန်းခြံဥယျာဉ်ကြီးတစ်ခုကို
သူထိန်းသိမ်းစောင့် ရှောက်ထားပါတယ်။ အခုနွေကူးရာသီ ကျရောက်တာနဲ့အတူ ကျွန်မအမေက
အဲဒီဥယျာဉ်ထဲ တစ်ခါပြန်ထွက်တော့မှာပါ။ စထရပ်ဘိုးမြို့လယ်ကောင်မှာ နေရတဲ့ ကျွန်မမှာတော့
ဥယျာဉ်ဆိုတာမရှိပါဘူး။ ဒါပေမဲ့ ကျွန်မမှာ ပြတင်းပေါက်ပေါ်မှာ ထားနိုင်တဲ့ သေတ္တာလေးတွေ
ရှိတာမို့ အဲဒီမှာ ပန်းပင်ကလေးတချို့စိုက်ထားပါတယ်။စိုက်ပျိုးရာသီအကြောင်း ပြောနေရင်းနဲ့
တစ်ခုခုထပ်ပြောချင်သေးတယ်။ ပြီးခဲ့တဲ့ အပတ်တုန်းက ကျွန်မကို အင်းလေးကန် အကြောင်း
မှတ်တမ်းတင်ရုပ်ရှင်ရိုက်ကူး ထားတာကို တည်းဖြတ်ရာမှာအကူအညီ ပေးဖို့ ပြင်သစ်ဂျာမန်
ပူးတွဲရုပ်မြင်သံကြား ဌာန Arte က ကျွန်မကို ဖိတ်ကြားခဲ့ပါတယ်။

အင်းလေးကန်မှာ ကြုံနေရတဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေကို အားလုံးလည်း
သိထားပါတယ်။ နှစ်အတန်ကြာက တည်းက ဒီအင်းလေးကန်ကြီးဟာ ကောလာ ပြီး အရွယ်ပမာဏ
ငယ်သထက် ငယ်လာ တယ်။ ရေကလည်း ပိုတိမ်လာတယ်။ ပတ်ဝန်းကျင်တောင်ကုန်းတွေမှာ
သစ်တောပြုန်းတီး တာမို့ မိုးရွာတဲ့အခါ တောင်ကုန်းတွေပေါ်က နေ မြေတွေပြိုကျပြီး မြေတွေဟာ
အင်းလေး ကန်ထဲကို ပြိုကျလာပါတယ်။ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း တိုးတက်လာတာနဲ့အမျှ
စက်တပ်လှေတွေကလည်း ပိုပြီးသုံးလာပြီး အင်းလေးကန်နဲ့ ဝန်းကျင်တစ်လျှောက်ရဲ့
ဂေဟစနစ်ကို ပျက်စီးစေဖို့ အန္တရာယ်ပြုလာပါတယ်။

အင်းသားတွေကလည်း သူတို့ရဲ့ အသက် မွေးဝမ်းကျောင်းမှုအတွက် ကန်ထဲမှာ ငါးဖမ်း ကြတယ်။
ရေမြောကျွန်းတွေပေါ်မှာ စိုက်ပျိုး ကြတယ်။ ကျွန်မတို့နိုင်ငံတစ်ဝန်းလုံးက တခြားလယ်သမားတွေလိုပဲ
သီးနှံတွေအထွက်တိုး စေဖို့ ဓာတ်မြေသြဇာတွေ အသုံးပြုကြတယ်။ ကျရောက်တဲ့ ပိုးမွှားတွေကို
သုတ်သင်နိုင်ဖို့ စွမ်းအားပြင်းတဲ့ ပိုးသတ်ဆေးတွေကို အသုံး ပြုကြတယ်။ အဲဒါတွေအားလုံးရဲ့
အကျိုးရလဒ်ကတော့ အင်းလေးကန်ထဲက ရေပြင်ဟာ အခုအခါမှာ အဆိပ်သင့်ခဲ့ရပါပြီ။
ဒီဓာတု ပစ္စည်းတွေကြောင့် ငါးတွေသေဆုံးကုန်ပါပြီ။ အဲဒီဓာတုဗေဒပစ္စည်းတွေက ကျွန်မတို့ကို
ဘာဖြစ်စေမလဲလို့ တွေးမိကြရဲ့လား။

မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံကြီးတစ် နိုင်ငံဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံသားအများစုဟာ
အခုအချိန်အထိ ကျေးလက်ဒေသတွေ မှာနေထိုင်ပြီး သူတို့ရဲ့ ဝင်ငွေနဲ့ အသက်မွေး ဝမ်းကျောင်း
အတွက် စိုက်ပျိုးရေးလုပ်ငန်း အပေါ်မှာပဲ မှီခိုနေကြရပါတယ်။ စိုက်ပျိုးရေး လုပ်ငန်းမှာ ဓာတ်မြေသြဇာနဲ့
ပိုးသတ်ဆေး တွေ တရားလွန်သုံးစွဲတာဟာ ကျွန်မတို့ အားလုံးအတွက် အကြီးအကျယ် ရတက်
မအေးစရာဖြစ်ပါတယ်။

စောစောပိုင်းကရေးတဲ့ စာတွေထဲမှာ မြို့ကြီးပြကြီးတွေ ထွန်းကားရာမှာ ရင်ဆိုင်ရ တဲ့
စိန်ခေါ်မှုတွေအကြောင်းကို ရေးခဲ့ပြီးပါပြီ။ ယခုစိုက်ပျိုးရေးရာသီမှာ ကျွန်မ ကျေးလက်
ဒေသဘက်ကို လှည့်ချင်ပါပြီ။ နောက် စာနှစ်စောင်ကျရင် စိုက်ပျိုးရေးလုပ်ငန်းတွေအကြောင်းကို
အလေးထားပြီး ရေးပါမယ်။ ဥရောပတိုက်က စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာ ဖူလုံရေးအတွက် အခုအခါ
ကျွန်မတို့ အကြီးအကျယ် ဆွေးနွေးငြင်းခုန်နေကြရပါပြီ။ ဒီငြင်းခုန်မှုတွေမှာ GMC (genetically
modifiedcrops) မျိုးဗီဇနည်းနဲ့ အထွက်ကောင်းအောင်လုပ်ထားတဲ့ သီးနှံတွေနဲ့ပတ်သက်လို့
အကြီး အကျယ် ပြောကြဆိုကြရဦးမယ်။ အစား အသောက်တွေနဲ့ပတ်သက်လို့ မမှန်မကန်တာတွေ
အတော်ရှိလာတာမို့ ကျွန်မတို့ စိုက်ပျိုးတာ၊ စားသောက်တာတွေနဲ့ စပ်လျဉ်း လို့ အတော့်ကို ဂရုစိုက်ဖို့
လိုအပ်လာပါပြီ။

ဥရောပတိုက်မှာ စိုက်ပျိုးမွေးမြူရေးနဲ့ပတ်သက် တဲ့ ဆွေးနွေးငြင်းခုန်မှုတွေဟာ မြန်မာနိုင်ငံမှာ
အခုကြုံနေရတဲ့ မိုးလေဝသရာသီဥတု အခြေ အနေလောက်ကို ပူပြင်းလှပါတယ်။
ဒါကြောင့်ဒီဆွေးနွေးမှုကို နောက်တစ်ပတ် ဆက်ကြရ အောင်။ ဒီအတောအတွင်းမှာတော့
သင်္ကြန် ပွဲတော်ကြီးအတွက်ပဲ ပြင်ဆင်ရင်းနဲ့ အေးအေးဆေးဆေး စိတ်ချမ်းသာကိုယ်ချမ်းသာ
နေကြ သေးတာပေါ့။ ချစ်ခင်လေးစားလျက်။  

တင်စိန် ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ဆောင်းပါး