Monday, April 24, 2017

စိတ်ကျဝေဒနာ ပြောဆိုတိုင်ပင် ဆွေးနွေးပါ

ဒေါက်တာ ဖူနမ်ခက်ထရာပယ်ဆင်း။ဒေါက်တာ ဖူနမ်ခက်ထရာပယ်ဆင်း။

စိတ်ကျဝေဒနာအကြောင်း ဆွေးနွေးခြင်းမှာ စိန်ခေါ်မှုတစ်ရပ် ဖြစ်သည်။

စိတ်ကျဝေဒနာ ခံစားနေရသူများ (သို့မဟုတ်) စိတ်ကျဝေဒနာ ခံစားရဖွယ်ရှိသည်ဟု ယူဆရသူများအဖို့
အဆိုပါ ခေါင်းစဉ် အစပျိုးလိုက်သည်နှင့် မိမိကို အခြားသူများက မည်သို့ အမြင်ပြောင်းသွားမည်
သို့တည်းမဟုတ် မိမိကိုယ်ကို မည်ကဲ့သို့ ပြောင်းလဲရှုမြင်သွားမည်ကို ကြောက်ရွံ့ စိုးရိမ်စိတ်များ
တစ်မုဟုတ်ချင်း ကြီးထွားလာတတ်ကြသည်။

ယောက်ျားပီသခြင်း၊ မိခင်စိတ်ဓာတ်ပြည့်ဝခြင်းကဲ့သို့သော လူမှုရေးစံနှုန်းများအတွက် စိတ်ကျခြင်း
ဟူသည် မပြောအပ် မဆိုအပ်သော အကြောင်းအရာဟု နားလည်ထားသည့် လူ့အဖွဲ့အစည်းတွင်
စိတ်ကျရောဂါအကြောင်း ဆွေးနွေးခြင်းမှာ အလွန်အမင်း အတွင်းရေး ဆန်လွန်းနေတတ်သည်။

သို့ရာတွင် စိတ်ကျဝေဒနာမှာ ဆွေးနွေးကြားနာဖို့ လိုအပ်သော ရောဂါတစ်ခုဖြစ်သည်။

စိတ်ကျရောဂါသည် ကျွန်တော်တို့ တစ်ယောက်ချင်းစီကိုသော်လည်းကောင်း၊ ကျွန်တော်တို့၏
မိတ်ဆွေများထံသို့ လည်းကောင်း၊ ကျွန်တော်တို့ ချစ်မြတ်နိုးရသူများကိုလည်းကောင်း ကျရောက်
ဖိစီးစေနိုင်သည်။

သံယောဇဉ်အနှောင်အဖွဲ့၊ အလုပ်အကိုင်၊ လူမှုရေး အခြေအနေများကို အရောင်ပြောင်းလဲစေနိုင်သည်။

မည်သည့်ယဉ်ကျေးမှု၊ မည်သည့်အသိုင်းအ၀ိုင်းတွင် နေထိုင်ကြစေကာမူ စိတ်ကျရောဂါသည်
ကျွန်ုပ်တို့၏ ကိုယ်စီကိုယ်င အပြီးပြည့်ဆုံးသော ဘ၀အဓိပ္ပာယ်ကို ချွတ်ယွင်းပျက်စီးစေနိုင်ပေသည်။

အမှန်တကယ်တွင် လူမျိုးမရွေး၊ နိုင်ငံမရွေး၊ အသက်ကြီးငယ်မရွေး စိတ်ကျရောဂါ ခံစားရနိုင်သည်။
ကမ္ဘာပေါ်ရှိ လူဦးရေ သန်း ၃၅၀ မှာ စိတ်ကျရောဂါဝေဒနာ ခံစားနေကြရသည်။ အချို့မှာ လူမသိ၊
သူမသိ တိတ်တဆိတ် ဝေဒနာ ခံစားနေကြရခြင်းဖြစ်၏။

ပြောဆိုတိုင်ပင် ဆွေးနွေးပွဲ မစတင်မီ စိတ်ကျရောဂါအကြောင်း အတိအကျ နားလည်ထားရန်
လိုအပ်သည်။

စိတ်ကျဝေဒနာ ဆိုသည်မှာ သာမန်အားဖြင့် ပျော်စရာကောင်းသည့် အလုပ်များကို
စိတ်မ၀င်စားတော့ခြင်း၊ မပျော်မွေ့ခြင်း၊ အချိန်ကာလတာရှည်စွာ ၀မ်းနည်းကြေကွဲနေခြင်းများ
အပါအ၀င် ပုံမှန်တွေ့ရလေ့ရှိသည့် စိတ်ကျန်းမာရေးပြဿနာတစ်ခုဖြစ်သည်။

အိပ်မပျော်ခြင်း၊ ခံတွင်းပျက်ခြင်း၊ အပြစ်ရှိသည်ဟု လိပ်ပြာမလုံခြင်း၊ မိမိကိုယ်ကို တန်ဖိုး မရှိသလို
ခံစားရခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ လေးလံထိုင်းမှိုင်းခြင်း စသည့် စကားလုံးများဖြင့် စိတ်ကျဝေဒနာ
ခံစားမှုကို ဖော်ကျူး တတ်ကြသည်။

အလားတူပင် စိတ်လှုပ်ရှားလွန်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ မူးယစ်ဆေးသုံးစွဲခြင်း၊ အာရုံစူးစိုက်နိုင်မှု
ကျဆင်းခြင်း၊ မိမိကိုယ်ကို သတ်သေလိုသည့် အတွေးများ၊ အပြုအမူများ ပြုလုပ်လာခြင်း
စသည်တို့သည်လည်း စိတ်ကျဝေဒနာနှင့် ဆက်စပ်လျက်ရှိသည်။

စိတ်ကျဝေဒနာသည် အားနည်းချက်တစ်ခု မဟုတ်ချေ။ စိတ်ကျဝေဒနာသည် ကျွန်ုပ်တို့ တလေးတစား
အလေးတယူ ဆက်ဆံရမည့် စိတ်အခြေအနေတစ်ခုဖြစ်ပေသည်။

သင့်တွင် စိတ်ကျဝေဒနာ ခံစားနေရသည်ဟု ယူဆပါက အောက်ပါတို့ကို လုပ်ဆောင်နိုင်သည်။

သင်ယုံကြည်စိတ်ချရသူ တစ်ဦးဦးကို ရွေးချယ်၍ တိုင်ပင်ဆွေးနွေးပါ။ မိမိကို ဂရုစိုက်သူတစ်ဦးဦးနှင့်
ဆွေးနွေးတိုင်ပင်လိုက် ရသည့်အခါ လူအများအပြားမှာ ဝေဒနာ သက်သာသွားကြသည်ကို
တွေ့ရသည်။ သို့မဟုတ် ဆရာဝန်၏ အကူအညီကို ရယူနိုင်သည်။ ကျန်းမာရေးဝန်ထမ်း သို့မဟုတ်
ဆရာဝန်တစ်ဦးနှင့် ပြသကာ သင့်တော်သည့် ကုသမှုကို ခံယူနိုင်သည်။

ထို့ပြင် ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းမှသည် မိမိချစ်မြတ်နိုးသူများနှင့် အမြဲဆက်သွယ်နေခြင်းအထိ
ပါဝင်သော အခြားပွဲတွေ့ကုထုံးများကိုလည်း စမ်းသပ်ကြည့်နိုင်ပေသည်။

အရက်သောက်ခြင်းကို ရှောင်ကြဉ်ရ မည်။ သို့တည်းမဟုတ် လျှော့ချရမည်။ ထို့အတူ စိတ်ကျဝေဒနာ
ဖြစ်ပွားစေပြီး ကာယ၊ ဉာဏကျန်းမာရေးကို ထိခိုက်စေနိုင်သည့် မူးယစ်ဆေးဝါးကိုလည်း ရှောင်ကြဉ်
ရမည်။

တစ်ခါတစ်ရံ စိတ်ကျဝေဒနာခံစားရသူမှာ မိမိကိုယ်တိုင်မဟုတ်ဘဲ မိမိနှင့် နီးစပ်သူတစ်ဦးဦး
ဖြစ်နေတတ်သည်။ မိမိနှင့် သိကျွမ်းခင်မင်ပြီး ချစ်မြတ်နိုးရသူ တစ်ဦးဖြစ် နေလျှင်လည်း မိမိက
ကူညီပေးနိုင်သည်။ ယင်းသို့ ကူညီပေးနိုင်သည့် နည်းလမ်းမြောက်မြားစွာ ရှိ၏။

အရေးအကြီးဆုံးအချက်မှာ စိတ်ကျဝေဒနာ ခံစားနေရသူအတွက် ကူညီရန် မိမိ အဆင်သင့်ရှိနေသည့်
အချက်ကို ရှင်းလင်းပြတ်သားစွာ သိစေခြင်းဖြစ်သည်။

မှားသည်၊ မှန်သည် မဝေဖန်ဘဲ စိတ်ကျဝေဒနာ ခံစားနေရသည့် မိတ်ဆွေ၏ စကားများကို
နားထောင်ပေးခြင်း၊ စိတ်ကျဝေဒနာအကြောင်း ပိုမို လေ့လာ၍ ပိုမို စနစ်တကျ အားပေးကူညီခြင်း
စသည်တို့ကို လုပ်ဆောင်ပေးနိုင်သည်။

ထို့ပြင် စားရန်၊ အိပ်ရန် သတိပေးခြင်း၊ လမ်းအတူတူလျှောက်ခြင်း၊ ယောဂကျင့်စဉ် အတူတကွ
လေ့ကျင့်ခြင်းများဖြင့် စိတ်ကျ ဝေဒနာရှင် မိတ်ဆွေကို နိစ္စဓူဝကိစ္စများတွင် ကူညီပေးနိုင်သေး၏။

မိမိကိုယ်ကို အန္တရာယ်ပြုနိုင်မည့် အရိပ်အယောင်တွေ့ရှိပါက ဆရာဝန်နှင့် အလျင်အမြန် ပြသခြင်း၊
စစ်ဆေးမှု ခံယူခြင်းတို့အပြင် ချစ်ခြင်းမေတ္တာ အကူအညီ အလိုအပ်ဆုံးအချိန်တွင် စိတ်ကျဝေဒနာရှင်
မိတ်ဆွေနံဘေး၌ မိမိက အတူရှိ နေပေးနိုင်သည်။

သို့ရာတွင် စိတ်ကျဝေဒနာအကြောင်း ဆွေးနွေးခြင်းကိစ္စမှာ ကျွန်ုပ်တို့ ခင်ဗျားတို့
ကိုင်တွယ်ရုံမျှလောက်ဖြင့် ပြီးစီးသွားမည် မဟုတ်ဘဲ ကျန်းမာရေးစနစ်အတွင်းရှိ ဆရာဝန်များ၊
ပညာရှင်များ၏ အခန်းကဏ္ဍက အဓိကကျလှသည်။

ဝင်ငွေအလယ်အလတ်နှင့် ၀င်ငွေနိမ့် နိုင်ငံအချို့၌ပင်လျှင် စိတ်ကျဝေဒနာခံစားရမှုများအတွက်
ကျန်းမာရေး စောင့်ရှောက်မှုကို ပြည်သူအများ လက်လှမ်းမီလာကြပြီ ဖြစ်၏။

စိတ်ကျဝေဒနာလက္ခဏာများကို ဆောလျင်စွာ သိရှိနိုင်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများကို
လေ့ကျင့်ပေးနိုင်သည်။ လူနာအများစုမှာ ဝေဒနာလက္ခဏာကို သိရှိနားလည်ခြင်း မရှိသဖြင့်
ရောဂါရှာဖွေဖော်ထုတ်ရန် ခက်ခဲလေ့ရှိသည်။

မြို့ပြ၊ ကျေးလက်၊ ရပ်ကွက်၊ ကျေးရွာများရှိ ဆေးရုံ၊ ဆေးပေးခန်းများနှင့် နိုင်ငံ၏ စိတ်ကျန်းမာရေး
ကွန်ရက်များကို စုစည်းချိတ်ဆက်ပေးနိုင်ပါက ရောဂါလက္ခဏာပေါ် မူတည်၍ ကုသမှု ခံယူရမည့်
စိတ်ကျန်းမာရေး စောင့်ရှောက်မှုဌာနဆီသို့ ပိုမိုရှင်းလင်းလွယ်ကူစွာ လွှဲပြောင်းပေးပို့နိုင်မည် ဖြစ်သည်။

စိတ်ကျန်းမာရေးဘတ်ဂျက်အသုံးစရိတ်မှာ သတိမမူမိဘဲ မေ့လျော့လေ့ရှိသဖြင့် အထူး ဂရုပြုလျက်
ဘတ်ဂျက်အသုံးစရိတ် ပိုမို ခွဲဝေချထားရန်လည်း လိုအပ်သည်။

ဝင်ငွေအလယ်အလတ်နှင့် ၀င်ငွေနိမ့် နိုင်ငံအများစုတွင် စိတ်ကျန်းမာရေးအတွက် အစိုးရအသုံးစရိတ်
စုစုပေါင်း၏ နှစ်ရာခိုင်နှုန်းထက် လျော့နည်းကာ သုံးစွဲလျက်ရှိသည်။

၎င်း အချက်ကို အွန်လိုင်းတွင် သတင်းဖြန့်ဝေခြင်းအားဖြင့် လူအများအာရုံစိုက်မှု ပိုမိုရရှိကာ
အသုံးစရိတ် ပိုမိုခွဲဝေချထားရေး ဆွေးနွေးလာကြမည် ဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးသည် အရှေ့တောင်အာရှဒေသရှိ အစိုးရများ၊ ကျန်းမာရေးဝန်ထမ်းများ၊
မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းလျက် စိတ်ကျဝေဒနာနှင့် အခြား စိတ်ရောဂါများအတွက်
အရည်အသွေး ပိုမြင့်ပြီး လိုအပ်ချက်နှင့် ပိုမိုသင့်တော်သည့် ကျန်းမာရေးစောင့်ရှောက်ရေး ၀န်ဆောင်မှု
ပေးနိုင်ရန် ကြိုးပမ်းလျက် ရှိသည်။

နိဂုံးချုပ်အားဖြင့် စိတ်ကျဝေဒနာသည် အခြားသော နာတာရှည်နှင့် ပြင်းထန်သည့် ရောဂါများကဲ့သို့ပင်
အထူးဂရုစိုက်ရမည့် ဝေဒနာတစ်ခု ဖြစ်သည်။

ကျွန်ုပ်တို့ အားလုံးနှင့် တစ်နည်းမဟုတ် တစ်နည်း ဆက်နွှယ်ပတ်သက်နေသည့် ဝေဒနာဖြစ်၏။
အလားတူပင် ကျွန်ုပ်တို့အားလုံး တစ်နည်းမဟုတ် တစ်နည်း ၀ိုင်းဝန်းကူညီ ပါဝင်ဆောင်ရွက်
ပေးနိုင်သည့် ရောဂါဝေဒနာတစ်ခုလည်း ဖြစ်နေပြန်သည်။

ကမ္ဘာ့ ကျန်းမာရေးနေ့တွင် စိတ်ကျဝေဒနာအကြောင်း ဆွေးနွေးရသည်မှာ အလွန်ဝမ်းသာစရာ
ကောင်းလှသည်။ စိတ်ကျဝေဒနာ ကုစားဖို့၊ ဆက်လက်ကြိုးပမ်းကြပါစို့ဟု တိုက်တွန်းအပ်ပါသည်။

ဇော်ညွန့် ဘာသာပြန်သည်။


(ကမ္ဘာ့ကျန်းမာရေးနေ့ အထိမ်းအမှတ်အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အရှေ့တောင်
အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ ဖူနမ်ခက်ထရာပယ်ဆင်း ရေးသားပေးပို့လာသော
ဆောင်းပါးကို ဖော်ပြခြင်း ဖြစ်ပါသည်။)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။