ပြဿနာတက်နေသော မျိုးဗီဇနည်းဖြင့် ပြုပြင်ထားသည့် သီးနှံများ ဆွေးနွေးပွဲ

ပြင်သစ်နိုင်ငံ စထရပ်ဘိုးမြို့ရှိ အော်ဂဲနစ် စိုက်ပျိုးရေးခြံတစ်ခြံကို တွေ့ရစဉ်။ ဓာတ်ပုံ - အေးအေးဝင်းပြင်သစ်နိုင်ငံ စထရပ်ဘိုးမြို့ရှိ အော်ဂဲနစ် စိုက်ပျိုးရေးခြံတစ်ခြံကို တွေ့ရစဉ်။ ဓာတ်ပုံ - အေးအေးဝင်း

ချစ်မိတ်ဆွေများရှင်။ နေကောင်းကြပါရဲ့လား။ အားလုံးကျန်းမာကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျွန်မတို့ စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ အကြောင်းရပ်တွေ ဆက်ကြရအောင်။ ဒီနေ့တော့ မျိုးဗီဇအရ
ပြုပြင်ထားတဲ့ GM သီးနှံတွေအကြောင်း ပြောချင်ပါတယ်။ ဒီသီးနှံတွေဟာ ကုန်ခဲ့တဲ့
ဆယ်စုနှစ်တွေတုန်းက တည်းက လူတွေရဲ့ အလေးဂရုပြုမှုကို ခံခဲ့ရပါတယ်။ GM သီးနှံတွေနဲ့
ပတ်သက်တဲ့ ဆွေးနွေးငြင်းခုံမှုတွေဟာ မြန်မာနိုင်ငံမှာ အခုကြုံနေရတဲ့ မိုးလေ၀သ အခြေအနေလို
ပူပြင်းကောင်းပူပြင်းနေပါလိမ့်မယ်။ လူတွေက GM သီးနှံတွေနဲ့စပ်လျဉ်းလို့ အပြင်းအထန်
ထောက်ခံအားပေးကြတဲ့လူတွေ၊ တချို့ကလည်း ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြတဲ့ လူတွေရှိပါတယ်။
အဲဒီအကြောင်းတွေ မပြောခင် အခြေခံကနေ စရအောင်။ GM အော်ဂဲနစ်ဒြပ်ပေါင်းတွေဆိုတာဘာလဲ
စာရှုသူရော သိပါသလား။

သက်ရှိတွေအားလုံးဟာ လူပဲဖြစ်ဖြစ်၊ တိရစ္ဆာန်ပဲဖြစ်ဖြစ်၊ အပင်တွေနဲ့ အင်းဆက် ပိုးတွေပဲဖြစ်ဖြစ်
ဗီဇမျိုးစိတ်တွေနဲ့ ပြုလုပ်ထားတာပါ။ သက်ဆိုင်ရာ မျိုးစိတ်တွေကြားမှာ ဗီဇတွေကို ရောနှော
ပေါင်းစပ်ခြင်းဖြင့် တခြား လူသားမျိုးနွယ်တွေ၊ ဒါမှမဟုတ် မျိုးစပ်ထားတဲ့ နွားမတွေ၊ အပင်အမျိုးမျိုးတွေ
ပေါ်လာပေမဲ့ အဆန်းတော့ မဟုတ်တော့ပါဘူး။ ဒါတွေအားလုံးဟာ သဘာဝမျိုးဗီဇ ရောနှောမှုတွေပါပဲ။
အဲဒါတွေကို မျိုးဆက်တွေအတွက် ပြုလုပ်ခဲ့ကြတာပါ။ ခေတ်သစ်သိပ္ပံပညာမှာ အသစ်အဆန်း
ဖြစ်တာက သိပံ္ပပညာရှင်တွေဟာ ဆက်စပ်မှုမရှိတဲ့ သက်ရှိတွေရဲ့ မျိုးဗီဇတွေကို ပေါင်းစည်း
ဆောင်ရွက်နိုင်တယ်။ သဘာဝမဟုတ်တဲ့ နည်းလမ်းတွေနဲ့ မျိုးစိတ်သစ်တွေကို အဓမ္မဖန်တီးနိုင်တယ်။

သိပံ္ပပညာရှင်တွေဟာ လူသားတွေဆီကနေ မျိုးဗီဇတစ်ခုကို ထုတ်ပြီးတော့ စပါးပင်တို့လို သက်ရှိ
မျိုးဗီဇတွေနဲ့ လုံးဝအဆက်အစပ် မရှိတဲ့ DNA မှာ ထည့်သွင်းနိုင်တယ်။ ဒါမှ မဟုတ်ရင်လည်း
ငါးတစ်ကောင်ကောင်ရဲ့ DNA မှာ ထည့်သွင်းနိုင်တယ်။

သိသာမြင်သာတဲ့ သာဓကတစ်ခုပြရရင် မျိုးဗီဇအင်ဂျင်နီယာပညာရပ်မှာ ပထမဆုံး လက်တွေ့
စမ်းသပ်မှုတစ်ခုဖြစ်တဲ့ အမှောင်ထဲမှာ အရောင်ထွက်နိုင်တဲ့ ရေခူတွေကို ဆောင်ရွက်တာပါပဲ။ အဲဒီလို
ရေခူမျိုးကို တွေ့ဖူးကြ မှာပါ။ ဒီရေခူတွေဟာ အမှောင်ထဲမှာ အရောင် တောက်နိုင်တယ်။
ဘာဖြစ်လို့လဲဆိုတော့ အဲဒီငါးမှာ အရောင်တောက်တဲ့ မျိုးဗီဇ (gene) တစ်မျိုးပါလို့ပါပဲ။ အခုအခါမှာ
သိပံ္ပပညာရှင်တွေဟာ ရေခူကနေ အဲဒီအရောင်ထွက်တဲ့ gene ကို ထုတ်ယူနိုင်ပြီး ၀က်ရဲ့ DNA ထဲမှာ
ထည့်လိုက်တယ်။ အဲဒီတော့ အမှောင်ထဲမှာ အရောင်ထွက်တဲ့ ၀က်မျိုးတွေရတာပေါ့။ အဲဒါဟာ
မျိုးဗီဇအဆင့်မြှင့်တင်နိုင်တဲ့ ဥပမာ တစ်ခုပါပဲ။ ကျွန်မ မြင်သာထင်သာရှိတဲ့ ဥပမာတစ်ခုပဲ ပြတာပါ။
တကယ်လို့ တစ်ခုနဲ့ တစ်ခု ဆက်စပ်မှုမရှိတဲ့ မျိုးစိတ်တွေထဲမှာ မျိုးဗီဇအမျိုးမျိုးကို အဆင်ပြေအောင်
ရောလိုက်မယ်ဆိုရင် ဓာတ်ခွဲခန်းထဲမှာ ဖန်တီးနိုင်တဲ့ ထူးဆန်းတဲ့ သတ္တ၀ါကြီးတွေအားလုံး
ပေါ်လာနိုင်တယ်ဆိုတာ တွက်ဆနိုင်ပါတယ်။

ဓာတ်ခွဲခန်းထဲမှာ သိပံ္ပပညာရှင်တွေဟာ ပျံနိုင်စွမ်းရှိတဲ့ ကြောင်ကြီးတွေကို ပျံနိုင်တဲ့ မျိုးဗီဇပါတဲ့ မျိုးဗီဇ
ဒါမှမဟုတ် တောင်ပံကို ကြောင်ရဲ့ DNA ထဲမှာထည့်လိုက်ရင် ကြောင်ပျံသတ္တ၀ါတွေ ဖန်တီးတယ်။
အဲဒီအချက်ကလည်း သိပံ္ပရုပ်ရှင်တွေ ရိုက်ဖို့ဆိုရင် အတော်ကောင်းမှာပဲ။ မဟုတ်ဘူးလားရှင်။

စက်မှုထွက်ကုန်တွေမှာ အသုံးပြုဖို့ ပိုပြီးအားကောင်းတဲ့ ပရိုတိန်းတွေ ပါဝင်တဲ့ နို့တွေ ထုတ်နိုင်အောင်
ဆိတ်တွေကိုလည်း ပင့်ကူတွေရဲ့ မျိုးဗီဇတွေ ထည့်သွင်းပေးနိုင်တယ်။ ဆယ်လ်မွန်ငါးတွေဟာလည်း
အကောင်ပိုကြီးလာပြီး နောက်ထပ်မျိုးပွားမှုကို မြန်မြန်ဆန်ဆန်ဆောင်ရွက်နိုင်ဖို့ ဖွံ့ဖြိုးမှု ဟိုမုန်းတွေကို
မျိုးဗီဇနည်းအရ ထိုးပေးလိုက်နိုင်ပါတယ်။ နို့စားနွားမတွေကိုလည်း နို့ထွက်နှုန်းကောင်းအောင် မျိုးဗီဇ
အင်ဂျင်နီယာနည်းအရ ဟိုမုန်းတွေ ထိုးပေးခဲ့ပါတယ်။ ခေတ်သစ် သိပံ္ပပညာက ဘယ်လောက်
အံ့ဩစရာတွေ ဆောင်ရွက်နိုင်ခဲ့ပါသလဲ။

မျိုးဗီဇအင်ဂျင်နီယာနဲ့ ဆောင်ရွက်လို့ ဖြစ်နိုင်မှုတွေက အများကြီးပါပဲ။ ဒါပေမဲ့ ဒီနည်းပညာအများစုကို
သီးနှံစိုက်ပျိုးရေးမှာပဲ အသုံးချများကြပါတယ်။ သိပံ္ပပညာရှင်တွေက ငါးတစ်မျိုးရဲ့ အေးခဲမှုဒဏ်ကို ခံနိုင်တဲ့
မျိုးဗီဇတွေကို ထိုးပေးခြင်းဖြင့် စတော်ဘယ်ရီသီးနဲ့ ခရမ်းချဉ်သီးတွေကို အေးခဲပြီး ပုပ်မသွားစေအောင်
ဟန့်တားနိုင်ပါတယ်။ မျိုးဗီဇ အင်ဂျင်နီယာနဲ့ ပြုပြင်ထားတဲ့ သီးနှံကို ပထမဆုံး ရောင်းချတာကတော့
Flavr Savr ခေါ်တဲ့ အမေရိကန်ပြည်ထောင်စုအခြေစိုက် ဇီဝနည်းပညာကုမ္ပဏီတစ်ခုက ထုတ်လုပ်ခဲ့တဲ့
စူပါခရမ်းချဉ်သီးတစ်မျိုးပါပဲ။ ဒီစူပါခရမ်းချဉ်သီးဟာ ကမ္ဘာတစ်ဝန်းလုံးမှာ အတော့ကို လူသိများသတဲ့။
ဘာဖြစ်လို့လဲဆိုတော့ ဒီ ခရမ်းချဉ်သီးဟာ အံ့ဩလောက်အောင် အတော်ကြီးကို ကြာရှည်ခံနေလို့ပါပဲ။
GM သီးနှံတွေဟာ ကုန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော် ကတည်းက ရှိပြီး GM သီးနှံတွေထုတ်လုပ်တဲ့
အင်အားကြီး ကုမ္ပဏီတစ်ခုကတော့ မွန်ဆန်တို ဖြစ်ပါတယ်။ လူသိအများဆုံး GM သီးနှံတွေကတော့
ပြောင်းဖူး၊ ပဲပုပ်၊ Canola နဲ့ သကြားဥ၊ သင်္ဘောသီးနဲ့ ၀ါတွေပဲဖြစ်ပါတယ်။

ဒီစိုက်ပျိုးရေးနည်းပညာ စူပါကုမ္ပဏီတွေဟာ အတော်ချမ်းသာပြီး ဩဇာတိက္ကမလည်း
တော်တော်ရှိပါတယ်။ သူတို့အတွက် သုတေသနလုပ်ပေးဖို့ သိပံ္ပပညာရှင်တွေကို ခန့်ထားတယ်။
နောက်ပြီးတော့ စားသုံးသူတွေကို GM အသီးအနှံတွေဟာ ကျွန်တော်တို့အတွက် အင်မတန်
ကောင်းတယ်ဆိုတာကို ပြောဖို့၊ အာဟာရအရလည်း ပိုပြီးကောင်းတယ်၊ အရ သာလည်းပိုရှိတယ်
ဆိုတာပြောဖို့ ဉာဏ်ပညာ ထက်မြက်တဲ့ လူထုဆက်ဆံရေးအရာရှိတွေကို ခန့်ထားပါတယ်။
သူတို့တစ်တွေက လယ်သမားတွေကိုလည်း GM သီးနှံတွေဟာ အကျိုးအမြတ်အများကြီးရနိုင်တယ်။
ဘာဖြစ်လို့လဲဆိုတော့ အဲဒီသီးနှံမျိုးတွေကို ကျယ်ကျယ်ပြန့် ပြန့်စိုက်ပျိုးပြီး အထွက်ကလည်း
ကောင်းတယ်။ ပိုးကျတဲ့ဒဏ်နဲ့ ပေါင်းဒဏ်တွေကို လည်း ခံနိုင်တယ်ဆိုတာကို ပြောပြကြရတယ်။
ကမ္ဘာကိုလည်း GM သီးနှံတွေဟာ ကမ္ဘ္ဘာပေါ်မှာ တိုးတက်လာတဲ့ လူဦးရေကို ဖူလုံအောင်
ကျွေးမွေးနိုင်ပြီး အငတ်ဘေးကြီးကို ဆုံးခန်းတိုင်စေနိုင်တယ်လို့ ပြောပြကြရတယ်။ ဪ ဖြစ်မှ
ဖြစ်ရလေ။ ဒီအကြောင်းတွေကို စာရှုသူ ကြားရင် ဘယ်လိုခံစားမိမှာပါလိမ့်။

ဒီနေရာမှာ GM သီးနှံတွေဟာ ကျွန်မတို့ကို ကယ်တင်နိုင်တယ်။ ဒီလိုတွေးရင်လည်း မှန်ပါလိမ့်မယ်။
ဘာဖြစ်လို့လဲဆိုတော့ GM အစားအသောက်တွေ ကောင်းကြောင်း လူသိရှင်ကြား ၀ါဒဖြန့်တာတွေဟာ
အတော်ကို ခိုင်မာပြီး ဒီအကြောင်းကိုပဲ ထပ်ခါထပ်ခါ ပြောနေကြတာမဟုတ်လား။ GM သီးနှံတွေကို
၁၉၉၆ ခုနှစ်မှာ ပထမဆုံးစီးပွားဖြစ် ရောင်းဝယ်မှုကို လုပ်ခဲ့ကြတာပါ။ လူတွေဟာ GM သီးနှံတွေ
အကြောင်း ပိုသိလာကြတယ်။ နောက်ပြီးတော့လည်း သူတို့တစ်တွေဟာ ကုမ္ပဏီကြီးတွေ
ပြောသလောက် မကြီးကျယ်ဘူး ဆိုတာလည်း အခု သဘောပေါက်လာကြပြီ။

တကယ်တော့ GM သီးနှံတွေကို ဆန့်ကျင်မှုဟာ တစ်နေ့တခြား တိုးလာနေပါတယ်။
ဘာကြောင့်လဲဆိုတဲ့ အချက်တချို့ကိုတော့ ကျွန်မထုတ်ပြလိုပါတယ်။ ပထမအချက်က GM သီးနှံတွေ
စိုက်ပျိုးရေးဟာ စက်မှုစိုက်ပျိုးရေး လုပ်ငန်းအကြီးစားကြီး တစ်မျိုးကို မြှင့်တင်ပေးရာရောက်ပြီး ဒီစနစ်အရ
မကြာခဏဆိုသလို လူ့အသိုင်းအ၀ိုင်းနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမယ့် ဆိုးကျိုးတွေ
မကြာခဏ သက်ရောက်ခဲ့တဲ့ မြေသိမ်းမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

ဒုတိယအချက်ကတော့ GM သီးနှံတွေ စိုက်ပျိုးမှုကနေ ဘယ်သူတွေအများဆုံး အကျိုးရှိတယ်လို့
ထင်ပါသလဲ။ စားသုံးသူတွေလား၊ လယ်သမားတွေလား၊ ဒါမှမဟုတ် စိုက်ပျိုးရေး နည်းပညာကုမ္ပဏီကြီး
တွေလား။ စာရှုသူရော ဘယ်လိုထင်ပါသလဲ။

တကယ်တော့ အများဆုံး အကျိုးအမြတ်ရတာက စူပါစိုက်ပျိုးရေးနည်းပညာကုမ္ပဏီကြီးတွေပါပဲ။
GM သီးနှံတွေဟာ သူတို့ရဲ့ ဉာဏ ပစ္စည်းပိုင်ဆိုင်မှုဖြစ်ပါတယ်။ သူတို့တစ်တွေဟာ သီးနှံတွေကို
မူပိုင်ခွင့်ယူထားတဲ့ လယ်သမားတွေက အဲဒီကုမ္ပဏီကြီးတွေကနေ မျိုးစေ့ကို ၀ယ်ပြီးတော့ စိုက်ပျိုးမှပဲ
ရနိုင်တယ်။ လယ်သမားတွေကလည်း အကျိုးအမြတ်တော့ရပါတယ်။ ဒါပေမဲ့လို့ GM သီးနှံတွေ
စိုက်ပျိုးမှုကနေ အကျိုးအမြတ်ရတဲ့သူက တောင်သူလယ်သမားကလေးတွေ မဟုတ်ပါဘူး။
သူတို့တစ်တွေဟာ နဂိုကတည်းက စိုက်ပျိုးမြေဧရိယာ အများအပြားပိုင်ဆိုင်ပြီး ချမ်းသာတဲ့
စက်မှုလယ်ယာသုံး လယ်သမားကြီးတွေဖြစ်ပါတယ်။ သူတို့တစ်တွေဟာ စက်ယန္တရားကြီးတွေ
ဝယ်ဖို့ အရင်းအနှီး အမြောက်အမြားရှိပြီး အကြီးစားကုန်ထုတ်လုပ်ငန်းနဲ့ သီးနှံတွေ အများကြီး
ထုတ်လုပ်နေကြတဲ့ လူတွေပါ။ စက်မှုလယ်ယာတွေကနေ ထုတ်လုပ်တဲ့ GM သီးနှံတွေကို
သီးနှံရောင်းချတဲ့ ကုမ္ပဏီကြီးတွေကို ရောင်းချတာပါ။ တစ်ကမ္ဘာလုံးရဲ့ သီးနှံကုန်သွယ်ရေး
၇၅ ရာခိုင်နှုန်းကို ချုပ်ကိုင်ထားတာ ကုမ္ပဏီကြီး လေးခုပဲရှိတယ်ဆိုတာ စာရှုသူသိပါသလား။

ဒီကမ္ဘာလုံးဆိုင်ရာ နှံစားသီးနှံလုပ်ငန်းကို ဆောင်ရွက်တဲ့ ကုမ္ပဏီကြီးတွေဟာ သူတို့ရဲ့ သီးနှံတွေကို
ကမ္ဘာ့ဈေးကွက်ထဲမှာ ပထမဆုံးတော့ လယ်သမားကလေးတွေ စီးပွားပျက်သွားစေတဲ့အထိ
သီးနှံတွေကို ဈေးပေါပေါနဲ့ ရောင်းချပါတယ်။ တောင်သူလယ်သမား ကလေးတွေ
အသက်မွေးဝမ်းကျောင်း ဆက်မလုပ်နိုင်တဲ့အခါ သူတို့ရဲ့ စိုက်ပျိုးမြေတွေကို စွန့်လွှတ်ပြီး
တခြားအသက်မွေးဝမ်းကျောင်း လုပ်ငန်းကို ရှာဖွေဖို့ မြို့ကို တက်လာကြရ ပါတယ်။ အဲဒီအခါ
စားနပ်ရိက္ခာဖူလုံရေး အန္တရာယ်ကြုံလာတယ်။ စားနပ်ရိက္ခာလုံလုံ လောက်လောက် မထုတ်နိုင်တဲ့
နိုင်ငံတွေက ပြည်ပက စားနပ်ရိက္ခတွေ တင်သွင်းရပါတယ်။ အဲဒီလိုဖြစ်လာတဲ့အခါ
ကမ္ဘာ့သီးနှံရောင်းဝယ်ရေးကုမ္ပဏီကြီးတွေက ဈေးနှုန်းတွေကို တင်လိုက်တယ်။ ဘာဖြစ်လို့လဲဆိုရင်
ဒီနိုင်ငံသူ နိုင်ငံသားတွေဟာ သူတို့အပေါ်မှာ ပိုပြီးတော့ မှီခိုလာကြလို့ပဲဖြစ်တယ်။ သာမန်ပြည်သူ
လူထုတွေကတော့ အဆုံးသတ်မှာ ဒုက္ခမျိုးစုံနဲ့ ကြုံရတာပဲ။ ဘယ်လောက်ဝမ်းနည်းစရာ ကောင်းတဲ့
ဖြစ်ရပ်ပါလဲ။

တတိယအချက်ကတော့ GM သီးနှံတွေမှာ ပိုးသတ်ဆေးတွေ သုံးစွဲမှုကြောင့် အဆိပ်သင့်တာတွေ
ရှိလာတာပါ။ GM သီးနှံတွေဟာ အကြီးစားစက်မှုလယ်ယာစိုက်ပျိုးရေးနဲ့ ဓာတုပစ္စည်းတွေ သုံးပြီးတော့
ဆောင်ရွက်တဲ့ စိုက်ပျိုးရေးအတွက် ဖော်ထုတ်တီထွင်ထားတာပါ။ GM သီးနှံစိုက်ပျိုးတဲ့
လယ်သမားတွေဟာ သီးနှံဖျက်ပိုးတွေနဲ့ ပေါင်းပင်တွေကို သတ်ဖို့ ဓာတုပစ္စည်းတွေ တရားလွန်သုံးစွဲ
ကြပါတယ်။ GM မျိုးစေ့တွေရောင်းတဲ့ ကုမ္ပဏီကြီးတွေဟာ ပိုးသတ်ဆေးနဲ့ ပေါင်းသတ်ဆေး ရောင်းတဲ့
ကုမ္ပဏီကြီးတွေနဲ့ တူတူပဲဆိုတာ သိပါသလား။ ကမ္ဘာ့ပိုးသတ်ဆေးဈေးကွက်ရဲ့ ၇၅ ရာခိုင်နှုန်းဟာ
ကုမ္ပဏီကြီး ခြောက်ခုကပဲ ထိန်းချုပ်ထားတာပါ။ ဒီလိုဘေးအန္တရာယ်တွေ ရှိတဲ့ ဓာတုပစ္စည်းတွေဟာ
နောက်ဆုံးမှာ မြေဆီလွှာနဲ့ မြစ်ချောင်းစတဲ့ ရေကြောင်း လမ်းတွေမှာပဲ အဆုံးသတ်ကြပါတယ်။
စားနပ်ရိက္ခာထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေက GM ပါဝင်ပစ္စည်းတွေကို တခြားပါဝင်ပစ္စည်းတွေနဲ့
ရောပြီး ပြုပြင်ထားတဲ့ အစားအသောက်အဖြစ် ရောင်းချပါတယ်။ ပြောင်းဖူးနဲ့ ပဲပုတ်တို့လို
GM သီးနှံတွေကို မွေးမြူထားတဲ့ တိရစ္ဆာန်တွေကို ပြုပြင်ထားတဲ့ အစားအသောက်အဖြစ်
ကျွေးမွေးတယ်။ အဲဒီအသားတွေကို စားခြင်းဖြင့် GM အစားအသောက်တွေဟာ ကျွန်မတို့ရဲ့
ထမင်းပန်းကန်တွေမှာပဲ အဆုံးသတ်သွားကြတယ်။

ကုမ္ပဏီကြီးတွေကတော့ GM သီးနှံတွေဟာ လူသားတွေအတွက် အန္တရာယ်မရှိပါဘူးလို့ တဖွဖွ
ပြောနေကြတာပါပဲ။ ဒါပေမဲ့ ကြွက်တွေကို GM အစားအစာတွေကျွေးပြီး သုတေသနလုပ်တာဟာ
GM အစားအသောက် မဟုတ်တဲ့ ရိက္ခာကျွေးထားတဲ့ ကြွက်တွေထက်ကို ပိုပြီး သေနှုန်းမြင့်မား
နေတာကို ဖော်ပြနေတယ်။ အဲဒီကြွက်တွေမှာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားစနစ် အားနည်းလာပြီး
သက်တမ်းလည်း တိုလာတယ်။ မျိုးပွားမှု ညံ့ဖျင်းလာတယ်။ မွေးနှုန်းလည်း ကျဆင်းလာတယ်။
ဒီလိုဆိုရင် GM အစားအသောက်တွေ စားနေတဲ့ လူသားတွေအတွက်ရော ဘယ်လိုဖြစ်မလဲဆိုတာ
စာရှုသူတို့ တွေးကြည့်နိုင်တယ် မဟုတ်လား။

ခေတ်သစ်သိပံ္ပပညာဟာ ကြီးကျယ်တဲ့ အရာတွေကို အများကြီးဆောင်ရွက်လုပ်ကိုင် ပေးနိုင်ခဲ့ပေမဲ့
GM သီးနှံတွေရဲ့ ကျန်းမာရေး နဲ့ပတ်သက်တာကတော့ အတော့ကို ကြီးကြီး ကျယ်ကျယ်
ဆုံးရှုံးခဲ့ပါတယ်။ စူပါခရမ်းချဉ်သီးလို့ ကျွန်မစောစောက ပြောခဲ့တာနဲ့ ပတ်သက်ရင် ဈေးကွက်မှာတောင်
ရောင်းချ ခွင့် ရုပ်သိမ်းခံလိုက်ရပါပြီ။ ဘာကြောင့်လဲဆိုတဲ့ အကြောင်းရင်းတိတိကျကျကိုတော့
အခုထိ မသိရသေးပါဘူး။ အခုထိ လျှို့ဝှက် ထားတုန်းပဲ။ အမြန်မှာယူစားသောက်နိုင်တဲ့
အစားအသောက်တွေ ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေက အာလူးကြော်အဖြစ် ထုတ်လုပ်ရာမှာ
သုံးစွဲနေတဲ့ ရွက်သစ်အာလူးဆိုတာ GM အာလူးပါ။ ဒီအာလူးတွေကို စားသုံးတဲ့ ကြွက်တွေမှာ
ဝမ်းတွင်းကလီစာတွေ ကမောက် ကမဖြစ်တယ်ဆိုတာကို သုတေသန တစ်ရပ်က
တွေ့ရှိခဲ့ပြီးတဲ့နောက် GM အာလူးတွေ ဈေးကွက်မှာ ရောင်းချခွင့်မရဘဲ ရုပ်သိမ်းခဲ့ရပါတယ်။

သိပံ္ပပညာရှင်တွေဟာ ဗီတာမင် A ပါဝင်မှု ပိုများအောင် ပြုပြင်စီမံထားတဲ့ ရွှေဆန်ခေါ်တဲ့
GM စပါးတစ်မျိုးကို သိပံ္ပပညာရှင်တွေဟာ နှစ်ပေါင်း ၂၀ ကြာအောင် သုတေသနလုပ်ပြီး
ထုတ်လုပ်ခဲ့တယ်။ အဲဒီရွှေဆန်နမူနာတွေကို ဖိလစ်ပိုင်နိုင်ငံမှာ နမူနာအဖြစ်နဲ့ စိုက်ပျိုးခဲ့တယ်။
နောက်ဆုံးမှာ သုတေသီတွေ တွေ့ရှိခဲ့တာက ဒီ GM ဆန်တွေဟာ လူတွေစားဖို့ မသင့်ဘူးဆိုတာပါပဲ။
မကြာသေးခင်အချိန်ကပဲ Liberty Link Rice ခေါ်တဲ့ နောက်ထပ် စမ်းသပ်ထုတ်လုပ်တဲ့
GM စပါးတစ်မျိုးနဲ့ စပ်လျဉ်းလို့ သတင်းဆိုးတွေ ပေါ်ပေါက်ခဲ့ပါသေးတယ်။ ဒီမျိုးစပါးတွေဟာ
စမ်းသပ်စိုက်ခင်းတွေကနေ တခြားဆန်စပါးစိုက်ခင်းတွေဆီ ကူးစက်ပျံ့နှံ့ပြီး ဆန်လုံးရှည်တဲ့
သက်ကြီး စပါးမျိုးတွေကိုပါ ထိခိုက်ခဲ့ရပါတယ်။ တချို့ နေရာတွေမှာဆိုရင် GM စပါးမျိုးတွေ
ကူးစက် ပျံ့နှံ့မှုဟာ ဘယ်လောက်ဆိုးသလဲဆိုရင် စပါး မျိုးတချို့ဆို လုံးဝပျောက်ဆုံးသွားပါတယ်။

အဲဒီအကြောင်းတွေကြောင့် အခုအခါမှာတော့ GM သီးနှံတွေကို အယုံအကြည်ကင်းမဲ့ လာကြပါပြီ။
ဥရောပမှာဆိုရင် GM ပြောင်းကို စပိန်လိုနိုင်ငံမျိုးမှာ စိုက်ပျိုးတယ်။ ဒါပေမဲ့ ဥရောပသမဂ္ဂ၀င်
နိုင်ငံအများစုကတော့ သူတို့စိုက်ခင်းတွေမှာ GM သီးနှံတွေစိုက်ပျိုးဖို့ တားမြစ်ပိတ်ပင်ထားပါတယ်။
လူ့ကျန်းမာရေးအတွက်လည်း မသေချာမရေရာမှုနဲ့ အန္တရာယ်တွေကလည်း တစ်နေ့တခြား
တိုးမြင့်လာပါတယ်။ ဥရောပသမဂ္ဂမှာဆိုရင် GM အစားအသောက်တွေရဲ့ တံဆိပ်တွေကို
တင်းတင်းကျပ်ကျပ် တားမြစ်လာတယ်။ စားသုံးသူတွေမှာလည်း သူတို့စားတဲ့ အစားအသောက်တွေမှာ
GM ပစ္စည်းတွေ ပါလား မပါလားဆိုတာကို သိရှိပိုင်ခွင့်ရှိတယ်။ ကံ အကြောင်းမလှတာကတော့
အမေရိကန် ပြည်ထောင်စုမှာ အစားအသောက်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေဟာ သူတို့ပစ္စည်းရဲ့
တံဆိပ်မှာ GM အစားအသောက်ရဲ့ တံဆိပ်ဆိုတာ ဖော်ပြဖို့ မလိုပါဘူး။ အမေရိကန်ပြည်ထောင်စုမှာ
ပြုပြင်ထုတ်လုပ်ထားတဲ့ အစားအသောက်တွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်ဟာ GM ပစ္စည်းတွေပါတယ်။
အမေရိကန်လူမျိုးတွေက ဒီကမ္ဘာမှာ ကင်ဆာဖြစ်ပွားတဲ့နှုန်း အမြင့်ဆုံးပါပဲ။ ကလေးတွေမှာလည်း
အစားအသောက်နဲ့ ဖြစ်တဲ့ ပြဿနာတွေပြည့်လို့။ စာရှုသူများ စဉ်းစားကြည့်လေ။ GM အစားတွေဟာ
လူအတွက် ကောင်းလား၊ မကောင်းဘူးလား။

ဒါကြောင့်မို့လို့လည်း မယုံကြည်မှုတွေ တိုးပွားနေတာပါ။ သိပံ္ပပညာရဲ့ အံ့မခန်း ဖြစ်ရပ်တွေဟာ
အနည်းဆုံးတော့ GM သီးနှံတွေအတွက်ဆိုရင် လုံးဝအံ့ဩစရာ မကောင်းတော့ပါဘူး။ သဘာဝမကျတဲ့
နည်းလမ်းနဲ့ ပြုပြင်ထုတ်လုပ်ခဲ့မယ်ဆိုရင်တော့ တစ်ခုခုတော့ မှားတော့မှာပဲ။ GM အစားအသောက်
တွေကို လိုလားတဲ့လူတွေနဲ့ GM စားနပ်ရိက္ခာတွေကို ဆန့်ကျင်တဲ့လူတွေကလည်း ဆက်ပြီး
အငြင်းပွားနေစဉ်မှာ အန္တရာယ်တွေကတော့ များလွန်းပါတယ်။ မသိရှိတာတွေကလည်း များပါတယ်။
ဒါကြောင့် ဒီစားနပ်ရိက္ခာတွေ မရှိတာကတော့ အကောင်းဆုံးပါပဲ။

ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံပေါင်း ငါးနိုင်ငံ မှာသာလျှင် GM သီးနှံတွေကို အကြီးအကျယ်
စိုက်ပျိုးထုတ်လုပ်ပါတယ်။ ဥရောပသမဂ္ဂ၀င် နိုင်ငံအများစုကတော့ GM သီးနှံစိုက်ပျိုးရေးကို
လုံးဝလက်မခံပါဘူး။ အာရှနိုင်ငံအများစုမှာလည်း GM သီးနှံတွေ ကင်းပါတယ်။ အာဖရိကတိုက်မှာ
ဆိုရင် နိုင်ငံ သုံးနိုင်ငံပဲ GM သီးနှံစိုက်ပျိုးတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ဗဟိုတရားရုံးချုပ်ကနေ
GM ခရမ်းသီးစိုက်တာကို လုံးဝပိတ်ပင်လိုက်တယ်။ တခြား GM ပစ္စည်းတွေ ပြည်ပက
တင်သွင်းတာကိုလည်း ယာယီ ရပ်ဆိုင်းထားပါတယ်။ အိန္ဒိယမှာဆိုရင် မျိုးဗီဇ နည်းပညာနဲ့
ကောင်းအောင်ပြုပြင်ထားတဲ့ ခရမ်းသီးတွေကို စားသုံးဖို့ ကြိုးပမ်းတာကို ပြည်သူလူထုက
လုံးဝငြင်းဆန်ခဲ့ပါတယ်။ ကျွန်မသိသလောက်တော့ မြန်မာနိုင်ငံဟာ အခုအချိန်ထိ
GM ကင်းနေပါသေးတယ်။ ဒီနည်းလမ်းအတိုင်းပဲ ဆက်လက် ကျင့်သုံးသွားကြပါစို့။
လာမယ့်အပတ် တွေ့ကြရအောင်။ ချစ်ခင်လေးစားလျက်။

တင်စိန် ဘာသာပြန်သည်။


(စာရေးသူ ဒေါ်အေးအေးဝင်းသည် ကွယ်လွန်သူ ဘီဘီစီဦးနေ၀င်း၏ သမီးတစ်ဦးဖြစ်ပြီး လက်ရှိတွင်
ပြင်သစ်နိုင်ငံ စထရပ်ဘိုးမြို့တွင် နေထိုင်လျက်ရှိသည်။ နိုင်ငံတကာအဖွဲ့အစည်းများတွင် တာဝန်
ထမ်းဆောင်ခဲ့သည့် ဒေါ်အေးအေးဝင်းသည် လက်ရှိတွင် အလွတ်တန်း အတိုင်ပင်ခံ ပညာရှင်အဖြစ်
အသက်မွေးလျက်ရှိပြီး တစ်ဖက်တစ်လမ်းမှ စာရေးသားနေသူလည်း ဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့်
ရေးသားထားသည့် ဒေါ်အေးအေးဝင်း၏ ဆောင်းပါးကို ဘာသာပြန်ဆို၍ ဖော်ပြခြင်းဖြစ်သည်။)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။