အသက် (၈၀) အလံရှစ်ခု အလေးပြု

၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလ ကျွန်တော် အမေရိကန်ပြည် ရောက်နေသည့်အခိုက်တွင်
အာရ်အက်ဖ်အေအသံလွှင့်ဌာန၏ ညွှန်ကြားရေးမှူး သူငယ်ချင်း ဒေါ်ငြိမ်းရွှေက တောင်းသဖြင့်
အသံလွှင့်ရန် 'အသက် (၈၀)၊ အလံရှစ်ခု အလေးပြု' ဆောင်းပါးကို ရေးပေးခဲ့ပါသည်။

ကျွန်တော် မြန်မာပြည်ပြန်လာပြီးနောက် အောက်တိုဘာလထဲတွင် ဒေါ်ငြိမ်းရွှေက ကျွန်တော့်ထံ
ဖုန်းဆက်ပြီး 'အသက် (၈၀)၊ အလံရှစ်ခု အလေးပြု' ဆောင်းပါးကို ဖတ်ကြားအသံလွှင့်မည်
ဖြစ်ကြောင်း တစ်ရက် ကြိုတင်အသိပေးပါသည်။

ကျွန်တော် နားမထောင်ဖြစ်ပါ။ မှတ်မှတ်ရရ အာရ်အက်ဖ်အေ က အသက် (၈၀)၊ အလံရှစ်ခု
အလေးပြု ဆောင်းပါး ထုတ်လွှင့်ပြီး တစ်ရက်ကြာလား၊ နှစ်ရက်ကြာလား မသေချာ၊ ၂၀၁၀ ပြည့်၊
အောက်တိုဘာ ၂၁ ရက်နေ့ ညနေ ၃ နာရီ ၀န်းကျင်တွင် လက်ရှိ ကျွန်တော်တို့ အလေးပြုနေရသော
စိမ်းနီဝါသုံးရောင်ခြယ်နှင့် ကြယ်ဖြူအလံကို နိုင်ငံတော်အလံသစ်အဖြစ် စတင်လွှင့်ထူကြောင်း
သိရပါသည်။

အသက် (၈၀)၊ အလံရှစ်ခု အလေးပြု ဆောင်းပါးကို ကျွန်တော်ရေးဖြစ်သည့် အကြောင်းမှာ
ဒေါ်ငြိမ်းရွှေ ဆောင်းပါး တောင်းသောအချိန်နှင့် internet တစ်နေရာတွင် Flag of Burma
မှတ်တမ်းဆောင်းပါး ကျွန်တော် တွေ့ရှိချိန် တိုက်ဆိုင်သောကြောင့် ဖြစ်ပါသည်။

ထိုဆောင်းပါးကို ကျွန်တော် ခံစားချက်ဖြင့် ရေးသားခဲ့ပါသည်။

"ငါ့အသက် (၈၀) မပြည့်သေးဘူး။ အလေးပြုရတဲ့အလံ ခုနစ်ခု ရှိနေပြီ။ ငါ့နိုင်ငံက
အတော်မတည်ငြိမ်တာပါ ကလား"ဟူသော အတွေး၏ ဖိစီးမှုကို ခံစားရခြင်း ဖြစ်ပါသည်။

အာရ်အက်ဖ်အေက အသံလွှင့်ခဲ့ပြီးသော ထိုဆောင်းပါးကိုပင် ကြုံကြိုက်သဖြင့် ၂၀၁၁ ခု၊
ဇွန်လထုတ် စင်ကာပူနိုင်ငံထုတ် သဇင်မဂ္ဂဇင်းတွင် ပြန်လည်ဖော်ပြခဲ့ပါသည်။

ထို့ပြင် ကျွန်တော်၏ ခံစားမှုကို လူအများအား မျှဝေလိုသောဆန္ဒဖြင့် ဒေါင်းစာပေ ၂၀၁၅ ဇန်န၀ါရီတွင်
ထုတ်ဝေသော ဘိုးလှိုင်၏ အလံ ရှစ်ခု အလေးပြု (အတွေးအမြင်ဆောင်းပါးများ)စာအုပ်တွင် ထပ်မံပြီး
ဖော်ပြသည့်အပြင် ထုတ်ဝေသူက 'အလံရှစ်ခု အလေးပြု'ကို စာအုပ်နာမည် တပ်လိုက်ပါသည်။

၁၃-၄-၂၀၁၇ သင်္ကြန်အကြိုနေ့သည် ကျွန်တော်၏ မွေးနေ့ဖြစ်ပြီး ကျွန်တော်၏
အသက် (၇၈) နှစ်ပြည့်ပြီး (၇၉) နှစ်ထဲ ၀င်လာပါသည်။ အသက် (၈၀) ပြည့်ဖို့ နီးလှပါပြီ။

ကျွန်တော် အလေးပြုရသော အလံခုနစ်ခု ရှိခဲ့ပြီ။ နောက်တစ်ခု အသစ်လွှင့်ကြလေမလား
အတွေးပြန်ပေါ်လာသဖြင့် 'အသက် (၈၀)၊ အလံရှစ်ခု အလေးပြု' ဆောင်းပါး ကို ထပ်မံ
အသက်သွင်းချင်စိတ်ဖြင့် မြန်မာတိုင်း(မ်)တွင် ပြန်လည်ဖော်ပြရန် မေတ္တာရပ်ပြီး ပေးပို့ပါသည်။

အောက်ပါဆောင်းပါးကို ဆက်လက် ဖတ်ရှုပါရန်။ အသက် (၈၀) အလံရှစ်ခု အလေးပြု
ယနေ့ ကျွန်တော် အသက် (၇၃)နှစ်၊ ဟိုတွေး ဒီတွေး တွေးရင်းနှင့် အတွေးတစ်ခု ပေါ်လာတယ်။

ကျွန်တော် အသက် (၈၀)မပြည့်မီ ကိုယ့်နိုင်ငံအလံတော် ရှစ်ခု၊ ရှစ်မျိုး ကို အလေးပြုဖူးသူ
ဖြစ်ရမှာပါလား။

၂၀၁၀ ပြည့်နှစ်မှာ ကျွန်တော် အမေရိကန် နိုင်ငံကို ရောက်တုန်းက အချိန်အား များများရပြီး
အင်တာနက်ကလည်း အလွန် လွယ်ကူ မြန်ဆန်တော့ ကျွန်တော် အချိန်ဖြုန်းရင်း ကွန်ရက်ထဲမှာ
မျက်စိလည် လမ်းမှား၊ ဘယ်လို ရောက်သွားသည် မသိ၊ မြန်မာနိုင်ငံအလံတော်များအကြောင်း
ဝက်ဘ်ဆိုက်တစ်ခုကို ရောက်သွားခဲ့တယ်။

အဲဒီတုန်းက ကျွန်တော့် အသက် (၇၀)၊ ဪ... ငါ့တစ်သက်မှာ အလံတော် ခုနစ်ခုအောက်မှာ
နေထိုင်ခဲ့ရပါကလား ဆိုတာ သိလာရတယ်။

 

ဗြိတိသျှလက်အောက်ခံ မြန်မာအလံ (၁၉၄၁)ဗြိတိသျှလက်အောက်ခံ မြန်မာအလံ (၁၉၄၁)

ဗြိတိသျှလက်အောက် မြန်မာအလံ ၁၉၃၉-၄၁

ကျွန်ဘ၀မှာ မွေးတဲ့လူ

ကျွန်တော့်ကို မွေးဖွားစဉ်က နိုင်ငံ လွတ်လပ်ရေး မရသေး။ ဗြိတိသျှ လက်အောက်ခံ ကိုလိုနီနယ်
ဘ၀မှာ။ မသိတတ်သေးသော အရွယ်ဖြစ်သော်လည်း ကျွန်တော်နဲ့ ကျွန်တော့်နိုင်ငံသားအားလုံး
ထိုအချိန် တိုင်းတစ်ပါးကျွန်ဘ၀မှာ ဖြစ်ပါတယ်။ တရားဝင်အသုံးအနှုန်းက 'ဗြိတိသျှဘုရင်
အရှင်မင်းမြတ်၏ ကျေးတော်မျိုး ကျွန်တော်မျိုး' (His Britanic Majesty's Subjects) ဖြစ်ပါတယ်။
အဲဒီခေတ်အခါမှာ သတ်မှတ်ထားတဲ့ မြန်မာနိုင်ငံသားများ (ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ)
အထွတ်အမြတ်ထားစရာ၊ အလေးပြုစရာ အလံတော်ကို ဗြိတိသျှ လွှမ်းမိုးမှု ထင်ရှားစေတဲ့ သဏ္ဌာန်
သတ်မှတ်ထားပါတယ်။


ဗြိတိသျှ မြန်မာပြည်အလံ ၁၉၄၁ဗြိတိသျှ မြန်မာပြည်အလံ ၁၉၄၁

ဗြိတိသျှ မြန်မာပြည်အလံ ၁၉၄၁

၁၉၃၇ မှာ မြန်မာပြည်ကို အုပ်ချုပ်ရေး အဆင့်အတန်း မြှင့်ပေးတယ်။ ယခင်လို အိန္ဒိယမှတစ်ဆင့်
အုပ်ချုပ်တာ မဟုတ်ဘဲ လန်ဒန်မြို့မှ ခန့်အပ် စေလွှတ်တဲ့ မြန်မာနိုင်ငံ ဘုရင်ခံက အုပ်ချုပ်တယ်။
အုပ်ချုပ်ရေးစနစ်မှာ ရွေးကောက်တင်မြှောက်မှုနဲ့ ခန့်အပ်ထားသော အမတ်တွေပါတဲ့ ဥပဒေပြု
လွှတ်တော် ရှိတယ်။ လွှတ်တော်က (ထိုစဉ်က နန်းရင်းဝန် လို့ခေါ်တဲ့) ၀န်ကြီးချုပ်ကို ရွေးချယ်ပြီး
အစိုးရ ဖွဲ့တယ်။ လွတ်လပ်တဲ့ အစိုးရတော့ မဟုတ်ဘူး။ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ဘဏ္ဍာရေးစတဲ့
အရေးကြီးတဲ့ ဌာနတွေကို ဘုရင်ခံက တိုက်ရိုက်ကိုင်ထားတယ်။ ၀န်ကြီးချုပ်နဲ့ ၀န်ကြီးအဖွဲ့နဲ့ မဆိုင်တဲ့
ဌာနတွေ ဖြစ်တယ်။ ၁၉၃၇ ခု စနစ်သစ် အုပ်ချုပ်ရေးနှင့်အတူပါလာတဲ့ မြန်မာနိုင်ငံအလံကလည်း
ယခင် ဗြိတိသျှအိန္ဒိယအလံနဲ့ နည်းနည်းပဲ ကွဲပြားတယ်။ အိန္ဒိယအမှတ်သား ကြယ်နေရာမှာ
မြန်မာအမှတ်သင်္ကေတအဖြစ် ဒေါင်းရုပ် စက်ဝန်း ထည့်ထားတယ်။ (မြန်မာဘုရင်များ ခေတ်မှာလည်း
ဒေါင်းအလံကို သုံးစွဲခဲ့ကြောင်း သိရပါတယ်။)


ဂျပန်စစ်အုပ်ချုပ်ရေးခေတ် မြန်မာအလံ (၁၉၄၂-၁၉၄၃)ဂျပန်စစ်အုပ်ချုပ်ရေးခေတ် မြန်မာအလံ (၁၉၄၂-၁၉၄၃)

ဂျပန်စစ်အုပ်ချုပ်ရေးခေတ် မြန်မာအလံ (၁၉၄၂-၁၉၄၃)

ဂျပန်ခေတ်အလံများ ၁၉၄၂ ခုနှစ်ဦးပိုင်းမှာ ဂျပန်စစ်တပ် က မြန်မာနိုင်ငံကို သိမ်းပိုက်တယ်။
ဗြိတိသျှတွေ ထွက်ပြေးပြီး ဗြိတိသျှ-မြန်မာနိုင်ငံအစိုးရ (Government of British Burma) ရဲ့
ဘုရင်ခံ ဆာဒေါ်မန် စမစ် (Sir Dorman Smith) နဲ့ အဖွဲ့ ဆင်းမလား (Simla, India) မှာ
အဝေးရောက်အစိုးရရုံး ဖွင့်နေရတယ်။ ဒီအချိန်မှာ ဂျပန်စစ်အုပ်ချုပ်ရေးဖြစ်လို့ လွှင့်ထူတဲ့ အလံက
နေ၀န်းနီနီအ၀ိုင်းနဲ့ အလံဖြူ ဖြစ်တယ်။ ဒီအလံက ခေတ္တပါပဲ။


ဂျပန်ခေတ် လွတ်လပ်သော မြန်မာအလံ (၁၉၄၃-၁၉၄၅)ဂျပန်ခေတ် လွတ်လပ်သော မြန်မာအလံ (၁၉၄၃-၁၉၄၅)

ဂျပန်ခေတ် လွတ်လပ်သော မြန်မာအလံ (၁၉၄၃-၁၉၄၅)

ဂျပန်အောက် လွတ်လပ်မြန်မာအလံ ၁၉၄၂ ခုမှာ မြန်မာပြည်ကို ဂျပန် လွတ်လပ်ရေးပေးတယ်။
လွတ်လပ်သော မြန်မာနိုင်ငံ၊ သို့သော် ဂျပန်လက်အောက်မှာ ဂျပန်မကြိုက်တာ ဘာမျှ လုပ်ခွင့်မရတဲ့
လွတ်လပ်သောနိုင်ငံ။ ဂျပန်စစ်တပ် ခိုင်းသမျှ လုပ်ပေးရတဲ့ လွတ်လပ်သောနိုင်ငံ။ နိုင်ငံတော်
အကြီးအကဲက ဒေါက်တာဘမော်။ ရာထူးအခေါ်အဝေါ်က နိုင်ငံတော်အဓိပတိ။ လွတ်လပ်သော
မြန်မာနိုင်ငံအတွက် အလံတော်အသစ်ပေါ်လာပါတယ်။


ဂျပန်ခေတ် လွတ်လပ်သော မြန်မာအလံ၏ ရိုးရှင်းပုံစံ (၁၉၄၃-၄၅)ဂျပန်ခေတ် လွတ်လပ်သော မြန်မာအလံ၏ ရိုးရှင်းပုံစံ (၁၉၄၃-၄၅)

ဂျပန်ခေတ် လွတ်လပ်သောမြန်မာအလံ၏ ရိုးရှင်းပုံစံ (၁၉၄၃-၄၅)

ဒီအလံမှာ အ၀ါ၊ အစိမ်း၊ အနီ အစင်းကြီး သုံးစင်း ပါဝင်ပြီး အလယ်မှာ မြန်မာ့ သင်္ကေတ
ဒေါင်းရုပ်အ၀န်း ပါဝင်တယ်။ ဒီဒေါင်းရုပ်က အရောင်စုံလင် လှပတယ်။ ဒါပေမဲ့ ဂျပန်ခေတ်မှာ ရိုက်နှိပ်ဖို့
သိပ်မလွယ်လို့ ထင်တယ်၊ ဒီအလံနဲ့ သိပ်မကွာလှဘဲ ပိုပြီး လွယ်ကူ ရှင်းလင်းတဲ့ ဒေါင်းရုပ်အ၀န်းနဲ့
မူကွဲအလံကိုလည်း အသုံးပြုကြတယ်လို့ သိရတယ်။ ဒီအလံဝင့်နေချိန်မှာ ကျွန်တော့်အသက် ၃-၄နှစ်။
အလံသက်တမ်းကို ရှာတယ်။ နှစ်နှစ်ပဲ ခံတယ်။


အင်္ဂလိပ်ပြန်ဝင်

၁၉၄၅ ခုနှစ်မှာ အင်္ဂလိပ်က မြန်မာနိုင်ငံ ကို ပြန်လည်သိမ်းပိုက်တယ်။ ထွက်ပြေးတဲ့ ဘုရင်ခံ
ဆာဒေါ်မန်စမစ် ပြန်ရောက်လာတယ်။ သူတို့နဲ့ပါသွားတဲ့ အလံဟောင်း (ယူနီယံဂျက်နှင့်
ဒေါင်းအ၀န်းကပြားအလံ)ကိုပြန်လည် လွှင့်တင်တယ်။ ဒီအလံရဲ့ သက်တမ်းက ၁၉၄၈ ခု၊
ဇန်န၀ါရီ (၄)ရက် နေ့အထိ။ ဒီအချိန်ကာလမှာ ကျွန်တော် ကျောင်းသားငယ် ဖြစ်နေပါပြီ။
သို့သော် ဘုန်းကြီးကျောင်းသားဖြစ်လို့ အလံတော်ကို တစ်ခါမှ အလေးမပြုခဲ့ဖူးပါဘူး။

လွတ်လပ်ရေးအလံ

၁၉၄၈ ခု၊ ဇန်န၀ါရီ ၄ ရက်နေ့ နံနက် ၄း၂၀ နာရီ လွတ်လပ်ရေးရချိန်မှာ ယူနီယံဂျက် ပါတဲ့ အလံကိုချပြီး
လွတ်လပ်သော မြန်မာနိုင်ငံရဲ့အနီနဲ့ အပြာထောင့်ကွက်ထဲမှာ ကြယ်ဖြူကြီးကို ကြယ်ဖြူငယ် ငါးပွင့်ရံတဲ့
အလံတော် လွှင့်တင်တယ်။ အဲဒီအချိန်မှာ ကျွန်တော်ဟာ မုံရွာခရိုင်၊ အရာတော်မြို့
မူလတန်းကျောင်းမှာ ပထမတန်းကျောင်းသား ဖြစ်ပါတယ်။ (အရာတော်မြို့လို့ သမုတ်သော်လည်း
အဲဒီအချိန်မှာ မူလတန်းကျောင်းပဲ ရှိပါတယ်။) လွတ်လပ်ရေး၊ ပြေးခုန်ပွဲ၊ ပြပွဲတွေလုပ်တာ ကျွန်တော်
မှတ်မိတယ်။ ချီတက်လမ်းလျှောက်ပြီး မြို့လယ်လွတ်လပ်ရေးကျောက်တိုင် အုတ်မြစ်ချ အခမ်းအနားမှာ
ကျွန်တော် ပါဝင်ခဲ့တယ်။ ပထမဆုံးအကြိမ် 'နိုင်ငံတော်အလံကို အလေးပြု'ဆိုတဲ့ အသံကြားဖူးပြီး
အလံတော်ကို ကိုယ်တိုင်ကိုယ်ကျ အလေးပြုဖူးတာ ဖြစ်ပါတယ်။


လွတ်လပ်ရေးခေတ် မြန်မာအလံ (၁၉၄၈-၁၉၇၄)လွတ်လပ်ရေးခေတ် မြန်မာအလံ (၁၉၄၈-၁၉၇၄)

လွတ်လပ်ရေးခေတ် မြန်မာအလံ (၁၉၄၈-၁၉၇၄)

ဒီအလံကိုတော့ ကျွန်တော် မြတ်နိုးတယ်။ ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနဲ့ သူ့ကိုဆက်ခံသူ
သခင်နု (နောင်အခါ ဦးနု)တို့ ဦးဆောင်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ
စုံညီ၊ ညီညွတ်တဲ့ တိုင်းပြုပြည်ပြုလွှတ်တော်က အခြေခံ ဥပဒေကို ရေးတယ်။ ဒီဥပဒေနဲ့အတူ
အစစ်အမှန် လွတ်လပ်သော မြန်မာနိုင်ငံရဲ့အလံတော် ပေါ်ထွက်လာတယ်။ 'တရားမျှတ၊
လွတ်လပ်ခြင်းနဲ့မသွေ၊ ဒို့ပြည်၊ ဒို့မြေ' ကို ကိုယ်စားပြုတဲ့ အထိမ်းအမှတ် သင်္ကေတ အစစ်ပေပဲလို့
ကျွန်တော် စွဲမြဲယုံကြည်ခဲ့တဲ့အတိုင်း ဒီအလံကို ကျွန်တော် ရိုသေဦးညွတ်ခဲ့ပါတယ်။


ဆိုရှယ်လစ်ခေတ် မြန်မာအလံ (၁၉၇၄)ဆိုရှယ်လစ်ခေတ် မြန်မာအလံ (၁၉၇၄)

ဆိုရှယ်လစ်ခေတ် အလံတော်

၁၉၇၄ ခု၊ ဇန်န၀ါရီ ၄ ရက်ကစပြီး ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်လို့ နိုင်ငံကို
နာမည်တပ်တဲ့ အခြေခံ ဥပဒေအရ နိုင်ငံတော် အလံသစ်ပေါ်လာပြန်တယ်။ အနီမှာ လေးထောင့်
အပြာကွက် အသေးအပေါ် ၀ဲထောင့်မှာ ထည့်သွင်းပြီးအပြာထဲမှာ အဖြူရောင် ပင်နယန်နဲ့ စပါးနှံကို
ကြယ်ငယ် ၁၄ လုံး ၀န်းရံထားတယ်။ ပင်နယန် က စက်မှုနိုင်ငံတော်ကြီး၊ အလုပ်သမား ကိုယ်စားပြု၊
စပါးနှံက တောင်သူလယ်သမား ကိုယ်စားပြု၊ သူ့အဓိပ္ပာယ်နဲ့ သူတော့ အဟုတ်သား။
သို့ပေမဲ့ ဒီအလံတော်ကို ရိုသေမြတ်နိုးသူ နည်းတယ်လို့ ကျွန်တော် သတိထားမိတယ်။
မထေမဲ့မြင်လုပ်လို့ ဥပဒေနဲ့ အရေးယူရတာတွေတောင် သတင်းစာမှာပါခဲ့တယ်။


ဆိုရှယ်လစ်ခေတ် မြန်မာအလံ (၁၉၇၄-၂၀၁၀)

အလံတော်ကို လူအရိုအသေနည်းတာ ပြောရဦးမယ်။ အခြေခံဥပဒေကို ဦးနေ၀င်းရဲ့ စစ်အာဏာရှင်
အစိုးရက လက်ရွေးစင်ရွေးတဲ့ အဖွဲ့က ဦးစီးပြီး ရေးတယ်။ ပြည်သူတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး
ရေးတာလို့ ဆိုတယ်။ ဟုတ်တယ်၊ ပွဲလမ်းတွေ ခမ်းခမ်းနားနားလုပ်၊ ထောက်ခံ ဆွေးနွေးပွဲတွေ
လုပ်တယ်။ သို့သော် ဟန်ပြ။ ဗဟိုက ရေးထားတာကို ထောက်ခံ ဆွေးနွေးကြတာပါ။ 'ပါတာဖတ်'
ခွင့်ရသူတွေပဲ ဆွေးနွေးကြတာပါ။ ကျွန်တော်တို့ အရွယ်တွေ လူလားမြောက်ပါပြီ။ ဆွေးနွေးဖို့
ဖိတ်ခေါ်ခံရတယ်လို့ မှတ်မိတာ မရှိပါဘူး။ ပြီးတော့ ပြည်သူ့ဆန္ဒ ခံယူပွဲကြီး ကျင်းပပြီး
အတည်ပြုတယ်လို့ ဆိုတယ်။ ဆန္ဒခံယူပွဲ လုပ်တာမှန်တယ်။ ဆန္ဒခံယူပွဲလုပ်တဲ့အချိန် ၁၉၇၃ ခုမှာ
ကျွန်တော် လန်ဒန်မြို့ရောက် ကျောင်းသားအဖြစ် ပညာတော်သင်ဘ၀မှာ လန်ဒန်မြန်မာသံရုံးသွားပြီး
ဆန္ဒမဲပေးခွင့်ရပါတယ်။ ကန့်ကွက်မဲ ပေးပါတယ်။ ချုပ်လိုက်တော့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကြီးက
ရာနှုန်း ဘယ်လောက်နဲ့ အခြေခံဥပဒေကို တစ်ခဲနက် ထောက်ခံ အတည်ပြုလိုက်တယ်လို့
အဖြေထွက်လာတယ်။ ဘယ်လိုလုပ်လိုက်သည် မသိ၊ ထောက်ခံရာနှုန်း တယ်မြင့်ပါကလားလို့
ပြောစရာဖြစ်တဲ့ အခြေခံဥပဒေပါပဲ။ ဒီအလံကို မရိုသေခဲ့ သူတွေထဲမှာ ကျွန်တော် ပါဝင်ပါတယ်။

၂၀၁၀ မြန်မာ အလံ၂၀၁၀ မြန်မာ အလံ

၂၀၁၀ အလံ

၂၀၀၈ ခု အခြေခံဥပဒေနဲ့အတူ အလံသစ် ပေါ်လာပြန်ပါရော။ လူတိုင်းသိနေတဲ့ ကိစ္စဖြစ်လို့ ကျွန်တော်
များများ ရေးစရာ မလိုပါဘူး။ မှတ်ချက်တိုတိုနဲ့ လုံလောက်ပါမယ်။ ဒီအခြေခံဥပဒေ အတည်ပြုတဲ့
ဆန္ဒခံယူပွဲမှာ ကျွန်တော် ဆန္ဒမဲမပေးဘဲ အိမ်က စောစောထွက်ပြီး (လာခေါ်မှာစိုးလို့) ရှောင်နေခဲ့တယ်။
ဒါ လောက်ဆို လုံလောက်ပြီထင့်။ ၂၀၀၈ အခြေခံဥပဒေကြီး အသက် မ၀င်သေးမီ (လွှတ်တော်
မရှိသေး၊ သမ္မတ မခန့်ရသေးတဲ့အချိန်)မှာပဲ ဒီဥပဒေက ပြဋ္ဌာန်းတဲ့ နိုင်ငံတော်အလံသစ်ကို
လွှင့်တင်လိုက်ပါတယ်။ ၂၀၁၀ ပြည့် အောက်တိုဘာ ၂၁ ရက် ညနေ ၃ နာရီမှာ မြန်မာမီဒီယာက
အသံလွှင့်ပြီး အလံဟောင်းချ၊ အလံသစ်တင်ဖို့ အစိုးရရုံးတွေကို ညွှန်ကြားတယ်လို့ အဆိုရှိပါတယ်။
ဝက်ဘ်ဆိုက်တစ်ခုမှ ကျွန်တော် သိရတာပါ။ ရုံးတွေကိုတော့ အနည်းငယ် ကြိုတင်ညွှန်ကြားထားပုံ
ရပါတယ်။ ဒီအလံအကြောင်း ဒီမျှပါပဲ။

နောက်ဆုံးအလံ မဟုတ်သေး

အလိုလေး၊ ယခုလက်ရှိအလံက ကျွန်တော့် တစ်သက်မှာ အလေးပြုစရာ နောက်ဆုံးနိုင်ငံတော်အလံ
မဟုတ်ပေဘူး။ ယခုတော့ ၂၀၀၈ အခြေခံဥပဒေကြီးကို ပြင်ဆင်ချင်သူတွေ၊ လုံးဝအသစ်
ပြန်ရေးချင်သူတွေက ဆော်ဩ တောင်းဆိုနေကြပြီ။ တစ်နည်းနည်းတော့ ပြင်ကြမယ် ထင်တယ်။
ပြင်တာ တစ်ကြိမ်မက ပြင်ပြီးရင်း ပြင်ရင်း ဖြစ်ချင်လည်း ဖြစ်မယ်။ အသစ်ရေးတာလည်း ဖြစ်ချင်
ဖြစ်မယ်။ အခြေခံဥပဒေကို ပြင်တဲ့အခါမှာ နိုင်ငံတော်အလံကို ပြင်ဖို့ပါလာဦးမလား။ မပြောနိုင်တဲ့
ကိစ္စပါ။ ကျွန်တော့်အဖို့တော့ အသက် (၈၀) နိုင်ငံ တော်အလံ ရှစ်ခု အလေးပြုရတယ်ဆိုတဲ့အဖြစ်
ကြံရဦးမယ်လို့ မျှော်လင့်နေပါတယ်။


ဖြည့်စွက်စာ

ယခုအခါ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပနေသည်။ တိုင်းရင်းသားအများစုကြီး အပါအ၀င်
ပြည်သူလူထုက ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရန် တညီတညွတ်တည်း တောင်းဆိုနေသည်။
ဖက်ဒရယ်ပြည်ထောင်စု အင်္ဂါနှင့် ညီစေဖို့ လက်ရှိအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲရလိမ့်မည်။
အခြေခံဥပဒေကို ပြင်လျှင် နိုင်ငံတော်အလံကိုကော ပြင်ကြဦးမလား။ ပြင်သင့်တာပေါ့ဟု မဆိုင်းမတွ
ကျွန်တော်၏ ဆန္ဒဖော်ပြပါသည်။ ပြင်ပါစေဟုလည်း ဆုတောင်းပါသည်။ တိုင်းရင်းသားအားလုံး
ဆန္ဒသဘောထား တူညီပြီး ပြဋ္ဌာန်းသော နိုင်ငံတော်အလံသစ်ကို ကျွန်တော် အလေးပြုချင်ပါသည်။
ကျွန်တော် အသက် (၈၀) ကျော်မှ ရှစ်ခုမြောက်အလံ ပေါ်လာလျှင်လည်း ကျွန်တော် ၀မ်းမြောက်
ဝမ်းသာ အလေးပြုပါမည်။ တိုင်းရင်းသား နိုင်ငံသား အပေါင်းကလည်း ကျွန်တော်၏နည်းတူ
ဝမ်းမြောက်ဝမ်းသာနှင့် နိုင်ငံတော်အလံသစ်၏အောက်တွင် ပျော်ရွှင်စွာ စည်းရုံးကြမည်ဟု
ယုံကြည်ပါသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။