နယူးယော့ခ်မြို့ကြီးမှာ အိပ်မက်တွေ အကောင်အထည်ပေါ်လာခဲ့

ချစ်မိတ်ဆွေများရှင်။ နှစ်သစ်မှာ လူသစ် စိတ်သစ်နဲ့ လုပ်ငန်းကိုင်ငန်းတွေ အင်တိုက် အားတိုက်
ဆောင်ရွက်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ စာရှုသူတို့ သင်္ကြန်ပွဲတော် အားလပ်ရက်မှာ
ပျော်ရွှင်နေကြတုန်း ပြင်သစ်မှာတော့ ကျောင်းတွေအားလုံး ပိတ်ထားပါတယ်။ ဒါကြောင့် ဒီတစ်ခါတော့
အဲဒီအချိန်ကို ကျွန်မတို့ အိပ်မက်တွေ အကောင်အထည်ဖော်ဖို့ အသုံးပြုခဲ့ပါတယ်။ ကျွန်မတို့ရဲ့
သမီးအကြီးဆုံး ဇီနာက အခုနှစ် ဇန်န၀ါရီလမှာ ၁၆ နှစ်ပြည့်ပါပြီ။ မြန်မာနိုင်ငံပြီးရင် ကျွန်မ သမီးက
အမေရိကကို သဘောကျတယ်။ ဟောလိဝုဒ်က ရုပ်ရှင်တွေနဲ့ ဒစ္စနေ အစီအစဉ်တွေ၊ အမေရိကန်
ပြပွဲတွေ၊ ရုပ်ရှင် မင်းသား၊ မင်းသမီးတွေကို နှစ်သက်ပါတယ်။ သူလေးလ သမီးကတည်းက သူ့ကို
ကျွန်မ နယူးယော့ခ်မြို့ကို ခေါ်သွားခဲ့ဖူးပေမဲ့ သူ့အတွက်တော့ နယူးယော့ခ်မြို့ကို နောက်တစ်ခါ
သွားလည်ဖို့နဲ့ သေသေချာချာ လေ့လာကြည့်ရှုဖို့ဆိုတာ အိပ်မက်သဖွယ်ဖြစ်ခဲ့တယ်။ အခု အသက်
၁၆ နှစ်အရွယ်ရောက်တဲ့အခါမှာ ကျွန်မ သမီးကြီးရော တစ်မိသားစုလုံးပါ နယူးယော့ခ် ကို ခေါ်သွားဖို့
ဆုံးဖြတ်လိုက်ပါတယ်။ စာရှုသူတို့လည်း ကျွန်မတို့နဲ့အတူ လိုက်ပါကြဖို့ပေါ့လေ။

ပြီးခဲ့တဲ့ ရက်သတ္တပတ်က စာတွေထဲမှာတော့ မြို့ကြီးပြကြီးတွေနဲ့ ကျေးလက်ဒေသက စိန်ခေါ်မှု
အမျိုးမျိုးတွေနဲ့ စပ်လျဉ်းလို့ အကြီးအကျယ်ကြီးတွေ စဉ်းစားခဲ့ကြပြီးပြီ။ အခုဒီတစ်ခါမှာတော့ ပျော်စရာ
ရယ်စရာလေးတွေဘက် လှည့်ကြရအောင်။ မီးရောင်တွေနဲ့ ထွန်းလင်းတောက်ပနေတဲ့ နယူးယော့ခ်
မြို့တော်ကြီးဆီ သွားကြည့်ကြပါစို့။

ကျွန်မတို့မိသားစုဟာ ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့ကနေ ဂျာမန်လေကြောင်းလိုင်း လုဖ်သန်ဆာလေယာဉ်ကို
စီးပြီး နယူးယော့ခ်မြို့ ဂျွန်အက်ဖ်ကနေဒီလေဆိပ်ကို ရောက်သွားခဲ့ပါတယ်။ ကျွန်မလေယာဉ်ပေါ်မှာ
အင်တာနက် သုံးခွင့်ရမယ်ဆိုတာ ယုံတောင်မယုံပါဘူး။ လေယာဉ်ပေါ်မှာ အစားအသောက်တွေ
ပေးတဲ့ ၀န်ဆောင်မှုကလည်း အတော့်ကို ကောင်းပါတယ်။ လူတိုင်းလူတိုင်းကို ရုပ်ရှင်တွေ၊
တေးဂီတတွေ၊ ဂိမ်းတွေနဲ့ တစ်ဦးချင်းစီရဲ့ ရှေ့မှာရှိတဲ့ ရုပ်မြင်သံကြားဖန်သားပြင်ပေါ်မှာတင်
ကောင်းမွန်စွာ ဖျော်ဖြေခဲ့ပါတယ်။ ဒါကြောင့် ခုနစ်နာရီကျော်ကြာအောင် ပျံသန်းရတဲ့
လေယာဉ်ခရီးစဉ်ဟာ အချိန်တွေ ကုန်ပြီး ခဏလေးနဲ့ ရောက်သွားသလို ဖြစ်ခဲ့ရပါတယ်။ ကျွန်မတို့
လေဆိပ်ကိုရောက်ပြီးတော့ အမေရိကန် လူဝင်မှုကြီးကြပ်ရေးဌာနမှာ နည်းနည်းတော့
အချိန်နှောင့်နှေးသွားတယ်။ သူတို့ဆီမှာ စက်ယန္တရားတွေနဲ့ ဓာတ်ပုံတွေ ရိုက်ယူတယ်။
လက်ဗွေရာတွေ ယူတယ်။ အဲဒီလို ထိန်းချုပ်မှုတွေကတော့ တစ်ခုပြီး တစ်ခုဆိုသလိုပါပဲ။
လေယာဉ်အကြာကြီး စီးရပြီးတဲ့နောက် ကျွန်မတို့ အရမ်းအိပ်ငိုက် လာပါတယ်။ အဲဒါကြောင့်
ကြောက်စရာ ကောင်းတဲ့ ပုံတွေ ထွက်လာတယ်။ ဓာတ်ပုံပေါ်မှာ အိပ်ချင်မူးတူး ရုပ်ပျက်ဆင်းပျက်
ဖြစ်နေပေမဲ့ လူဝင်မှုကြီးကြပ်ရေးအရာရှိက ကျွန်မတို့မိသားစုကို ၀င်ခွင့်ပြုလိုက်ပါတယ်။

အဲဒီမှာ အထူးအံ့ဩစရာကောင်းတဲ့ အချက်က ကျွန်မတို့ကို လေဆိပ်ကနေ ဟိုတယ်အထိ ပို့ဖို့
ခေတ်မီမှန်လုံကားကြီး တစ်စီးအနီးမှာ လူစုထားခဲ့ပါတယ်။ ယာဉ်မောင်းက ကျွန်မတို့လည်းရောက်ရော
လာတွေ့ပြီးတော့ သူ့ကားနဲ့ ခေါ်သွားပါတယ်။ ကလေးတွေက သူတို့ကိုစောင့်နေတဲ့ ခမ်းနားထည်ဝါတဲ့
ကားအရှည်အနက်ရောင် ကြီးတစ်စီးကို မြင်တဲ့အခါမှာ အိပ်ချင်မူးတူး ဖြစ်နေပြီး ပင်ပန်းလှတဲ့
မျက်နှာထားတွေဟာ ရွှင်လန်းဝမ်းမြောက်သွားတယ်။

ဒီကားမျိုးဟာ နာမည်ကြီးတဲ့ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေစီးတဲ့ ကားမျိုးပဲ။ အခုတော့ သူတို့ကိုယ်တိုင်
ဒီကားကြီးစီးရတော့ တော်တော်ပျော်သွားတာပေါ့။ သူတို့ ဟိုတယ်ရောက်တဲ့အခါမှာ လမ်းပေါ်က
လူတွေအားလုံးဟာ ကားပေါ်မှာ ဘယ် နာမည်ကျော်မင်းသားများ ရောက်လာသလဲဆိုတာ ကြည့်ရှုဖို့
ကျွန်မတို့ရဲ့ မှန်လုံကားကြီး အနီးကို ရောက်လာကြပါတယ်။ တချို့က သူတို့ကင်မရာတွေကို
အဆင်သင့် လုပ်ထားကြတယ်။ ဒါပေမဲ့ သူတို့အတွက် ၀မ်းနည်းဖွယ် ကောင်းတာက ပထမဆုံး
ထွက်လာတာ ကျွန်မ ဖြစ်နေတယ်။ သူတို့တွေ အားလုံး စိတ်ပျက် လက်ပျက်ဖြစ်သွားတယ်။

နောက်တစ်နေ့မနက်မှာတော့ ဇီနာနဲ့ ကျွန်မတို့ သားအမိနှစ်ယောက် တိုင်း(မ်)စကွဲ မှာရှိတဲ့ အေဘီစီ
အသံလွှင့်ဌာနကို ရောက်ခဲ့ကြပါတယ်။ ကျွန်မတို့တစ်တွေဟာ Good Morning America
ရုပ်မြင်သံကြားအစီအစဉ်ကို ကြည့်ဖို့ ၀င်ခွင့်လက်မှတ်တွေရခဲ့တယ်။ ဒီ လူကြိုက်များတဲ့ ရုပ်မြင်သံကြား
အစီအစဉ်ကို အမေရိကန်လူမျိုးတွေ သန်းနဲ့ချီပြီး ကြည့်ရှုခဲ့ကြတယ်။ ဒီအစီအစဉ်ကို တင်ဆက်သူဟာ
နာမည်ကြီးဖြစ်ပြီး ကျွန်မတို့ ရောက်တဲ့ မနက်မှာ ရုပ်ရှင်သရုပ်ဆောင် အတော်များများ ဧည့်သည်အဖြစ်
ရောက်ရှိခဲ့တယ်။ ဇီနာနဲ့ ကျွန်မတို့ သားအမိ အေဘီစီအသံလွှင့်ဌာနမှာ ရှိစဉ် ရုပ်မြင်သံကြားကို
တိုက်ရိုက်ထုတ်လွှင့် နေပါတယ်။ အဲဒီအချိန်မှာ ကျွန်မခင်ပွန်းသည် ပီထရာနဲ့ သားလေးအိုလီတို့ဟာ
ဟိုတယ်က နားနေခန်းမှာ အေးအေးဆေးဆေး အနားယူပြီး ကျွန်မနဲ့ သမီးကြီး ဇီနာကို ရုပ်မြင်သံကြား
ပေါ်ကနေ ကြည့်တယ်။

အမေရိကမှာ ပထမဆုံးနေ့ မနက်စောစော ထဖို့ကတော့ အတော်ကြိုးစားရတယ်။ ညနေစောင်းတော့
မန်ဟက်တန်မြို့ရဲ့ နေ၀င်ချိန် ရှုခင်းကိုကြည့်ရင်း လှေစီးဖို့ ထွက်ခွာလာကြတယ်။
နယူးယော့ခ်မြို့တော်ဟာ အထပ်မြင့် အဆောက်အအုံကြီးတွေရှိတဲ့ မြို့ကြီးတစ်မြို့ ဖြစ်ပြီး
အဆောက်အအုံတစ်ခုထက် နောက် တစ်ခုက ပိုပြီးမြင့်မြင့်လာတာချည်းပါပဲ။ အဲဒီမှာ အလှဆုံး
အထပ်မြင့်အဆောက်အအုံ ဒါမှမဟုတ် မိုးမျှော်တိုက်ကြီးဟာ ကုလသမဂ္ဂနဲ့ ဘူတာရုံကြီးနားက
၄၂ လမ်းပေါ်မှာ ဆောက်ထားတဲ့ ခရိုက်စလာအဆောက်အအုံကြီးပဲ ဖြစ်ပါတယ်။
ခရိုက်စလာကုမ္ပဏီဟာ အထပ် ပေါင်း ၇၇ ထပ်ရှိတယ်။ ဒါပေမဲ့ နာမည် အကျော်ဆုံးကတော့
အထပ်ပေါင်း ၁၀၂ ထပ် ရှိတဲ့ အင်ပါယာစတိတ် အဆောက်အအုံ ကြီးပါပဲ။ အင်ပါယာစတိတ်
အဆောက်အအုံကြီးအကြောင်းကို ကင်းကောင်ရုပ်ရှင်မှာ စာရှုသူတို့ ကြားဖူးခဲ့ပြီးသားဖြစ်ကြမှာပါ။
နေ၀င်ချိန်မှာ အင်ပါယာစတိတ်အဆောက် အအုံကြီးရဲ့ ထိပ်ဆုံးမှာ ကောင်လေးနဲ့ ကောင်မလေးတွေ
ချိန်းပြီးတွေ့နေကြတာကို အချစ်ဇာတ်လမ်းရုပ်မြင်သံကြားအတော်များများမှာ ပါပြီးသားပါ။ ညဘက်မှာ
ကျွန်မတို့ အင်ပါယာစတိတ်အဆောက်အအုံကြီးဆီကို သွားရောက်ပြီး အဲဒီအပေါ်ကနေ နယူးယော့ခ်
မြို့တစ်မြို့လုံးရဲ့ အလှကို ကြည့်ရှုခဲ့ကြတယ်။

မန်ဟက်တန်ရပ်ကွက်က မိုးမျှော်တိုက်ကြီးတွေထဲမှာ နောက်ဆုံးပေါ်လာတဲ့ အထပ်မြင့်တိုက်ကြီး
တစ်တိုက်ကတော့ One World Trade Centre ပဲ ဖြစ်ပါတယ်။ အဲဒီအဆောက်အအုံကို ၂၀၀၁ ခုနှစ်၊
စက်တင်ဘာ ၁၁ ရက်မှာ ဖျက်ဆီးခံခဲ့ရတဲ့ အမြွှာမျှော်စင်အဆောက်အအုံကြီးရဲ့ နေရာမှာ
တည်ဆောက်ခဲ့တာပါ။ ဒီအဆောက်အအုံသစ်ကတော့ အထပ်ပေါင်း ၁၀၄ ထပ်ရှိပြီး မြင့်မားတဲ့
အသံဖမ်းတိုင်တွေ ရှိပြီး အမေရိကန်ပြည်ထောင်စုမှာ အမြင့်ဆုံး အဆောက်အအုံပဲ ဖြစ်ပါတယ်။

အထင်ရှားဆုံးကတော့ လေဘာတီကျွန်းပေါ်မှာ အံ့ဖွယ်တည်ဆောက်ထားတဲ့ လေဘာတီ
ကျောက်ရုပ်ကြီးပဲဖြစ်ပါတယ်။ လေဘာတီ လွတ်လပ်ရေးအထိမ်းအမှတ် အမျိုးသမီး ရုပ်တုဟာ
သူ့ရဲ့ ဘယ်ဘက်လက်မှာ ဥပဒေ စာအုပ်တစ်အုပ်ကို ကိုင်ထားပြီးတော့ ညာဘက်လက်မှာ
တောက်ပနေတဲ့ မီးတုတ် တစ်ခုကို ကိုင်ဆောင်ထားပါတယ်။ ဒီရုပ်တုဟာ လွတ်လပ်မှုရဲ့
သင်္ကေတပါပဲ။ လေဘာတီ အမျိုးသမီးရုပ်တုကြီးဟာ ပြင်သစ်နိုင်ငံကနေ အမေရိကန်ပြည်သူလူထုကို
လက်ဆောင်ပေးခဲ့တာပါ။ ဒီနှစ်နိုင်ငံဟာ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရာမှာ သမိုင်းရေးအရ
အတော်ကို ခိုင်မာတဲ့ ဆက်သွယ်မှုတွေ ရှိခဲ့ပါတယ်။ ၁၇၈၉ ခုနှစ်မှာဖြစ်ပွားတဲ့
ပြင်သစ်တော်လှန်ရေးကြီးဟာ ဥရောပတိုက်က လွတ်လပ်ရေး အတွေးခေါ်ရှင်တွေနဲ့ ၁၇၇၆ ခုနှစ်
အမေရိကန်လွတ်လပ်ရေး ကြေညာစာတမ်းတို့ကြောင့် ဖြစ်ပေါ်လာရတာပါ။ လွတ်လပ်ရေးအမျိုးသမီး
ရုပ်တုကြီးကို စထရပ်ဘိုးမြို့အနီးမှာ နေထိုင်တဲ့ ဘာသိုလ်ဒီက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဒီ သတ္တုရုပ်တုကြီး တည်ဆောက်တာကို ပါရီမြို့မှာရှိတဲ့ အီဖယ်လ်တာဝါဆောက်လုပ်ခဲ့သူ
ဂုစ်စတပ်အီဖယ်လ်က ကူညီပေးခဲ့ပါတယ်။

ကျွန်မတို့ ရက်အတန်ကြာ နေခဲ့တဲ့ ကာလအတွင်းမှာ ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်
အကြမ်းဖက်သမားတို့ရဲ့ တိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့ရသူတွေကို အမှတ်တရ
တည်ဆောက်ထားတဲ့ ၉/၁၁ ဗိမာန်အပါအ၀င် ပြတိုက်တချို့ကို သွားရောက်လည်ပတ်ခဲ့ရပါတယ်။
ကလေးတွေ အကြိုက်ဆုံး ပြတိုက်ကတော့ ဒေါ်ကြီးတူးဆော့ပြတိုက် ဖြစ်ပါတယ်။ အဲဒီပြတိုက်မှာ
ကမ္ဘာကျော် ပုဂ္ဂိုလ်တွေရဲ့ ဖယောင်းရုပ်တုကို တွေ့ရှိ နိုင်ပြီး သူတို့နဲ့အတူတွဲလို့ မှတ်တမ်းဓာတ်ပုံ
ရိုက်ယူနိုင်ပါတယ်။ ကျွန်မသား အငယ်လေး အိုလီကတော့ သူဟာ အမေရိကန်ပြည်ထောင်စုက
သမ္မတဖြစ်မယ်လို့ ဆုံးဖြတ်ထားတယ်တဲ့။ အဲဒါကြောင့် သမ္မတရုံးစားပွဲက သမ္မတထိုင်တဲ့
ကုလားထိုင်ပေါ်မှာ သွားထိုင်ပြီးတော့ မော်စကိုအစိုးရနဲ့ အရေးကြီးဆက်သွယ်မှု ဖုန်းလိုင်းကနေ
စကားပြောခဲ့တယ်။ သူ့ရဲ့ လက်တစ်ဖက်ကလည်း ဒုံးကျည်လွှတ်ဖို့ ခလုတ်အနီကို
ကိုင်ထားလိုက်သေးတယ်။ သူ့ လက်ထောက်ကတော့ ပြောင်းဖူးရောင် ဆံပင်ကလေးနဲ့
ရယ်စရာကောင်းတဲ့ ဆံပင်ပုံစံ ညှပ်ထားတဲ့ ဒေါ်နယ်ထရမ့်ကြည့်နေတယ်။ အမယ် ... အဲဒါကတော့
သိပ်မကောင်းလှပါဘူး။ ဒါကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးရရှိရေးအတွက် ကျွန်မနဲ့ ခင်ပွန်းသည်တို့က
ကလေးတွေကို ကုလသမဂ္ဂဌာနချုပ်ဆီကို ခေါ်သွားပါတယ်။ ကုလသမဂ္ဂဟာ ကျွန်မတို့အတွက်ကတော့
ဒုတိယအိမ်လို ဖြစ်နေတာပါ။ အဲဒီမှာ ကျွန်မတို့ အလုပ်တွေ အများကြီးလုပ်ခဲ့တယ်။ အစည်းအဝေးတွေ
အများကြီး တက်ခဲ့ရတယ်။ ဒါကြောင့် ကုလသမဂ္ဂရဲ့ အလုပ်တွေ ကို ကလေးတွေကိုပြဖို့
ကျွန်မတို့အတွက်တော့ အရေးကြီးပါတယ်။ အထူးသဖြင့်ကတော့ ကုလသမဂ္ဂရဲ့ အထွေထွေ
အတွင်းရေးမှူးချုပ်အဖြစ် ထိပ်တန်းရာထူးကြီးကို ရယူဆောင်ရွက်နိုင်ခဲ့တဲ့ ကျွန်မတို့ မြန်မာအမျိုးသား
ဦးသန့်ရဲ့ ဓာတ်ပုံကြီးကို ပြပြီး ဂုဏ်ယူခဲ့ရတာပါ။

နယူးယော့ခ်မြို့ တိုင်း(မ်)စကွဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံးနေရာတစ်နေရာ ရှိပါတယ်။
စာရှုသူကိုလည်း အလားတူ ဖြစ်စေနိုင်မှာပါ။ နေရာတိုင်းလိုလိုမှာ တောက်ပလှတဲ့ နီယွန်မီးတွေ
ထွန်းညှိထားပါတယ်။ အဆောက်အအုံတိုင်းရဲ့ နေရာတိုင်း မှာ တစ်လက်မပင်မခြား ကြော်ငြာတွေ
တစ်မျိုးပြီးတစ်မျိုး ကြော်ငြာနေကြတာပါ။ ကမ္ဘာကျော် ရုပ်ရှင်သရုပ်ဆောင်တွေရဲ့ မျက်နှာတွေ၊
ငွေရေးကြေးရေးဈေးကွက်ရဲ့ နောက်ဆုံးသတင်းတွေကို ဒီကြော်ငြာဆိုင်း ဘုတ်ကြီးတွေပေါ်မှာ
မီးရောင်အမျိုးမျိုးနဲ့ ဖော်ပြထားပါတယ်။ နယူးယော့ခ်မြို့က တိုင်း(မ်)စကွဲဟာ ဆင်းရဲသူရော
ချမ်းသာသူပါ အကျုံးဝင်တဲ့ အရင်းရှင်စနစ်ရဲ့ အချက် အချာနေရာဖြစ်ပါတယ်။ အဲဒီမှာ တယ်လီဖုန်း
တစ်ချက်ခေါ်ရုံ၊ ဒါမှမဟုတ် ခလုတ်ကလေး တစ်ခုကို တစ်ချက်နှိပ်ရုံနဲ့ များစွာသော ဥစ္စာဓနတွေကို
ဖန်တီးနိုင်တဲ့ လက်တစ်ဆုပ်စာ သန်းကြွယ်နဲ့ ကုဋေကြွယ်သူဌေးတွေရှိပါတယ်။ တစ်ချိန်တည်းမှာပဲ
အစာသွပ်ပေါင်မုန့်တွေ၊ အမှတ်တရပစ္စည်းတွေ၊ ခရီးသွား လက်မှတ်တွေကို ရောင်းချပြီး
စားသောက်နေ ရတဲ့ သာမန်အရပ်သူအရပ်သားတွေကလည်း သန်းနဲ့ချီရှိပါတယ်။ သူတို့တွေ
အားလုံးဟာ မိုးလင်းကမိုးချုပ် ငွေကြေးမဆိုစလောက်ရဖို့အတွက် တစ်နေကုန်အလုပ်လုပ်ကြရပါတယ်။
တိုင်း(မ်)စကွဲမှာ လာဆုံတာကတော့ ဘရော့ဝေးပါပဲ။ အဲဒီရပ်ကွက်မှာ ဟမ်မီလ်တန်၊ လိုင်းရင်းကင်း၊
အာလာဒင်၊ ဖန်တန် စတဲ့ အနောက်တိုင်းမှာ နာမည်ကြီးလှတဲ့ အဆောက်အအုံတွေ၊ တေးဂီတပွဲတွေ
ကျင်းပပြုလုပ်ရာ ဇာတ်ရုံကြီးတွေကို တွေ့ရမှာပါ။ အံ့ဩလောက်အောင် ဈေးနှုန်းတွေက ကြီးနေပေမဲ့
ဘရော့ဝေးက ဂီတပွဲတွေအားလုံးနီးပါး လက်မှတ်တွေ ရောင်းရပါတယ်။ အမေရိကန်နဲ့ ကမ္ဘာလှည့်
ခရီးသည်တွေဟာ ဘရော့ဝေးပြဇာတ်တွေရဲ့ ရသကိုပါ ခံစားရုံမကပါဘူး။ ၀တ်စုံတွေနဲ့ ဇာတ်စင်ရဲ့
အပြင်အဆင်ကိုပါ ခုံမင် နှစ်သက်ကြတာပါ။

ဒီမြို့မှာ ကမ္ဘာ့နိုင်ငံပေါင်းစုံက လာရောက် အခြေချတဲ့လူတွေရှိပါတယ်။ တရုတ်တန်းကို
သွားလေ့လာမယ်ဆိုရင် တရုတ်ပြည်ကို တကယ်ရောက်နေသလား အောက်မေ့ရတယ်။
လမ်းဘေးဈေးသည်တွေနဲ့ စားသောက်ဆိုင်တွေက စားပွဲထိုးတွေအထိ တရုတ်လိုပဲ ပြောကြတယ်။
အင်္ဂလိပ်စကားဆိုလို့ တစ်လုံးမှ မပြောပါဘူး။ အဲဒီနားမှာပဲ နယူးယော့ခ်မြို့က အီတလီလူမျိုးတွေနေတဲ့
အီတလီ ကလေးခေါ်တဲ့ ရပ်ကွက်လည်းရှိပါတယ်။ အဲဒီရပ်ကွက်ရောက်ရင်လည်း အီတလီနိုင်ငံ
ရောက်နေသလို ခံစားရပါတယ်။ နယူးယော့ခ်မှာ မြန်မာစားသောက်ဆိုင်တွေ ရှိပါတယ်။
ကျွန်မအရင်အခေါက်တွေ အလုပ်နဲ့လာတုန်း က မြန်မာအစားငတ်ရင် ဒီမြန်မာစားသောက်ဆိုင်တွေကို
သွားစားခဲ့ပါတယ်။

နယူးယော့ခ်မြို့ဟာ ကမ္ဘာကျော်ရုပ်ရှင် မင်းသား၊ မင်းသမီးတွေရှိတဲ့ နေရာဖြစ်တယ်။ ဒီမြို့မှာ
ထင်ပေါ်ကျော်ကြားတဲ့လူတွေ အတော်များများနေကြတယ်။ သမီးကြီးဇီနာ ကတော့ အမေရိကန်
ပေါ့ပ်အဆိုတော် တေလာဆွစ်ဖ်ကို အရမ်းကြိုက်တဲ့ ပရိသတ်တစ်ဦးပါ။ အဲဒါကြောင့်
သူ့အတွက်ကတော့ ဒီခရီးစဉ်ဟာ အင်မတန်ကြီးကျယ်ပါတယ်။ ကျွန်မတို့က သူ့ကို တေလာဆွစ်ဖ်
နေတဲ့အိမ်ကို ပြဖို့ ခေါ်သွားပါတယ်။ ဒါတင်မကသေးပါဘူး။ နယူးယော့ခ်က ချမ်းသာတဲ့သူတွေ
ကျေးလက်ဒေသမှာ အနားယူဖို့ ဆောက်ထားတဲ့ အိမ်ကြီးတွေရှိရာ Long Island ကိုလည်း
ခေါ်သွားခဲ့ပါတယ်။ အဲဒီမှာ ကျွန်မတို့ ဝေါစထရိက သူဌေးကြီး အော်တိုခမ်းတည်ဆောက်ထားတဲ့
အိုဟီကာ ရဲတိုက်ကြီးကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ အိုဟီကာရဲတိုက်ကြီးဟာ ချာလီချက်ပလင်
အပါအ၀င် နာမည်ကျော်ပုဂ္ဂိုလ်တွေနဲ့ ချမ်းသာတဲ့လူတွေ အပန်းဖြေရာ ဖျော်ဖြေရာနေရာလည်း
ဖြစ်ပါတယ်။ အခုတော့ အိုဟီကာရဲတိုက်ဟာ ချမ်းသာတဲ့လူတွေအတွက် မင်္ဂလာပွဲကျင်းပရာ
နေရာဖြစ်နေပါပြီ။ မင်္ဂလာဧည့်ခံပွဲ တစ်ကြိမ်ကျင်းပရုံနဲ့ ဒေါ်လာသန်းနဲ့ချီကုန်ပါတယ်။ ဒီအိုဟီကာ
ရဲတိုက်မှာပဲ Blank Space ဆိုတဲ့ ဂီတဗီဒီယို ရိုက်ပါတယ်။ ဒီဗီဒီယိုကတော့ ယူကျုမှာ
လူကြည့်အများဆုံး ဗီဒီယိုပါပဲ။ Long Island ကို သွားတဲ့နေ့က ရှုပ်ယှက်ခတ်အောင် စည်ကားတဲ့
နယူးယော့ခ် မြို့တော်ကနေ သက်သောင့်သက်သာ အပန်းဖြေခွင့်ရခဲ့တဲ့ နေ့ပဲဖြစ်ပါတယ်။

ကံကောင်းထောက်မတာကတော့ နယူးယော့ခ်မြို့သူမြို့သားတွေဟာ အေးအေးဆေးဆေး
အပန်းဖြေနိုင်တဲ့ မြို့တော်ရှိရာ စိမ်းလန်း စိုပြည်ရေးနေရာလေးတွေကို ဖန်တီးပေးထားတာပဲ
ဖြစ်ပါတယ်။ အထင်ရှားဆုံးကတော့ မန်ဟက်တန်အလယ်မှာ ရှိတဲ့ စိမ်းလန်း စိုစိုပြည်ပြည်မြင်ရတဲ့
နေရာ ဗဟိုပန်းခြံကြီးပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ မြင်းရထားနဲ့ ဆိုက်ကားကလေးတွေကို
ကျွန်မတို့ လွမ်းမိပါသေးတယ်။ ဒီဗဟိုပန်းခြံကြီးမှာ မြင်းလှည်းကလေးတွေနဲ့ ဆိုက်ကားဟာ
ကမ္ဘာလှည့်ခရီးသည်တွေအတွက် လူကြိုက်အများဆုံးဖြစ်ပြီး ဒေသခံတွေကလည်း အဲဒီယာဉ်တွေကို
စီးပြီးတော့ အလွန်ကြီးလှတဲ့ ပန်းခြံကြီးကို လှည့်လည်ကြည့်ရှုကြပါတယ်။

ကျွန်မတို့ နယူးယော့ခ်ကို သွားလည်တာ ခုနစ်ရက်ကြာပါတယ်။ နေရာတွေအတော် များများကိုလည်း
လမ်းလျှောက်ခဲ့တယ်။ မကြုံဖူးတဲ့ဟာ၊ မတွေ့ဖူးတဲ့ဟာတွေ အများကြီးမြင်ခဲ့တယ်။ တစ်မိသားစုလုံး
အလွန်ပဲ ပျော်ရွှင်ခဲ့တယ်။ စိတ်ချမ်းသာကိုယ်ချမ်းသာနေခဲ့ရ ပါတယ်။ အိပ်စက်ခြင်းဆိုတာ
ဘယ်တော့မှ မရှိတဲ့ နယူးယော့ခ်မြို့ကြီးမှာ ကျွန်မတို့လည်း မအိပ်သလောက်ပါဘဲ။ နယူးယော့ခ်မြို့ကို
အရုဏ်ဦးကတည်းကနေ မိုးချုပ်တဲ့အထိ မြင်ခဲ့ရတယ်။ နယူးယော့ခ်မြို့လယ်ကောင်မှာရှိတဲ့
တိုင်း(မ်)စကွဲကနေ တည်ငြိမ်စွာ စီးဆင်းနေတဲ့ Hudson မြစ်နဲ့ East မြစ်တွေရဲ့ ငြိမ်သက်နေတဲ့
ရေပြင်တွေကိုမြင်ခဲ့ရတယ်။ ကျွန်မတို့ဟာ နယူးယော့ခ်မြို့က ချမ်းသာကြွယ်ဝပြီး နာမည်ကျော်တဲ့
လူတွေကို မြင်ခဲ့ရရုံမက ကြိုးစားပမ်းစားနဲ့ အလုပ်လုပ်ပြီး အသက်မွေး နေထိုင်ကြရတဲ့ အရပ်သူ
အရပ်သားတွေကိုလည်း မြင်ခဲ့ကြရပါတယ်။ တေးဂီတတွေ၊ သီချင်းတွေ၊ ရုပ်ရှင်တွေ၊ စာအုပ်တွေနဲ့
အိပ်မက်တွေမက်ပြီး ခမ်းနားထည်ဝါလှတဲ့ နေရာမှာ မြို့တော် ကြီးရဲ့ လွတ်မြောက်မှုကို မြင်ခဲ့ရတယ်။
ကျွန်မတို့ရဲ့ ၁၆ နှစ်သမီးကလေးကလည်း နေ့စဉ် အဖြစ်အပျက်တွေကို အင်စတာဂရမ်ကနေ
တင်ခဲ့ပါတယ်။ အချိန်တိုတိုလေးအတွင်းမှာ တော်တော့်ကို ချီးမွမ်းအံ့ဩဖွယ်ရာတွေ တွေ့ခဲ့ရတယ်။
၁၆ နှစ်သမီးလေးတစ်ယောက်ရဲ့ အိပ်မက်တွေ အပြည့်အ၀ ရှင်သန်ခဲ့ပါပြီ။ သာယာလှပတဲ့
အမှတ်တရဖြစ်စဉ်တွေဟာလည်း အချိန်ကြာမြင့်စွာ ဆက်လက်ရှင်သန် နေမှာပါ။
နောက်တစ်ပတ်ဆက်ကြရအောင်။ ချစ်ခင်လေးစားလျက်။

တင်စိန် ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။