လမ်းမထက်မှာ ပျောက်ဆုံးသွားတဲ့ အသက်များ

 Photo - ShutterstockPhoto - Shutterstock

လူရယ်လို့ မွေးဖွားလာရင် 'အို၊နာ၊သေ' ဆိုတဲ့အတိုင်း အိုခြင်း၊ နာခြင်း၊ သေခြင်းဘေးကို
မလွဲမသွေတွေ့ကြုံရမှာ ဓမ္မတာပါပဲ။ သို့သော်ငြားလည်း ကမ္ဘာတစ်ဝန်းက လူတွေဟာ
အိုချိန်၊ နာချိန်မရောက်ခင်မှာပဲ လမ်းမတွေထက်မှာ နေ့စဉ်သေဆုံးကြရတာတွေလည်း
ရှိနေပါတယ်။ လမ်းတွေက လူတွေကို စားနေသလားလို့ တွေးထင်ရလောက်အောင်
လမ်းမတွေပေါ် နေ့စဉ်လူတွေသေဆုံးနေကြပါတယ်။ အဓိကအကြောင်းရင်းကတော့
လမ်းအသုံးပြုတွေနဲ့ ပတ်သက်တဲ့ ယာဉ်မတော်တဆမှုတွေကြောင့်ပါပဲ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) စစ်တမ်းတွေအရ တစ်ကမ္ဘာလုံးက ယာဉ်မတော်တဆမှုကြောင့်
နှစ်စဉ် လူဦးရေ ၁ ဒသမ ၂၅သန်း သေဆုံးနေကြပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာ
မြန်မာနိုင်ငံက ဒုတိယမြောက် ယာဉ်မတော်တဆမှုဖြစ်ပွားမှု အများဆုံးနိုင်ငံဖြစ်ပါတယ်။

ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး (နေပြည်တော်)က ထုတ်ပြန်ခဲ့တဲ့ စာရင်းဇယားတွေအရ ၂ဝ၁၆
ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ လူ ၅,ဝဝဝနီးပါး ယာဉ်မတော်တဆမှုတွေကြောင့် သေဆုံးခဲ့ပြီး
လူပေါင်း ၂၇,ဝဝဝ နီးပါး ဒဏ်ရာရရှိခဲ့ပါတယ်။

ပျမ်းမျှအားဖြင့် တစ်ရက်ကို လူ ၁၃ ဦးနှုန်းသေဆုံးနေတာ ဖြစ်ပါတယ်။ ၂ဝ၁၇ ခုနှစ်ဇန်နဝါရီနဲ့
ဖေဖော်ဝါရီလ စာရင်းတွေအရ မြန်မာတစ်နိုင်ငံလုံးမှာ ယာဉ်မတော်တဆမှုကြောင့် လူ ၄ဝဝ
ကျော်သေဆုံးခဲ့ပြီး ၂,၂ဝဝ ကျော် ဒဏ်ရာ ရရှိခဲ့ပါတယ်။ နေ့စဉ်ပျမ်းမျှလူ ၁၅ ဦးနှုန်း
သေဆုံးနေပြီး လူ ၈ဝ နီးပါး ဒဏ်ရာရရှိနေတာ ဖြစ်ပါတယ်။ ယာဉ်မတော်တဆမှုတွေဟာ
တစ်နှစ်ထက်တစ်နှစ် ပိုတိုးလာနေပါတယ်။

လူသေဆုံးတဲ့ ယာဉ်မတော်တဆမှုအများစုဟာ ရှောင်လွှဲလို့မရတဲ့ မတော်တဆဖြစ်စဉ်
ချည်းကြောင့် မဟုတ်ဘဲ တစ်ဦးတစ်ယောက်ရဲ့ တာဝန်မဲ့မှု၊ စည်းကမ်းမလိုက်နာမှု၊
လောဘတွေကို အခြေခံပြီး ဖြစ်တာများပါတယ်။

ယာဉ်ကြောင့် သေဆုံးမှုတွေဟာ မတော်တဆဖြစ်တာ၊ ဝဋ်ကြွေးကြောင့်ဖြစ်တာ
(Road Accident) လို့ လုံးဝ လက်မခံနိုင်ဘူးလို့ ဆိုလာသူကတော့ ယာဉ်မတော်တဆ
မှုကြောင့် မိသားစုဝင်နှစ်ဦးကို တစ်ပြိုင်နက်တည်း ဆုံးရှုံးခဲ့တဲ့ မလတ်လတ်ပဲဖြစ်ပါတယ်။

''ကိုယ့်ကြောင့်၊ ရောဂါကြောင့် မဟုတ်ဘဲ တစ်စုံတစ်ယောက်ရဲ့အမှားကြောင့် မိသားစုပြိုကွဲတာ
အရမ်းခံရခက်တယ်။ မသေသင့်ဘဲ အသက်တွေ သေသွားကြတာပဲ။ ကြိုတင်ပြင်ဆင်
သတိထားရင် ရှောင်လွှဲနိုင်ရဲ့သားနဲ့ တစ်စုံတစ်ယောက်ရဲ့အမှားကို မတော်တဆဖြစ်တာ၊
ဝဋ်ကြွေးလို့သတ်မှတ်ပြောဆိုတာက အမှန်တကယ် အပြစ်ကျူးလွန်သူကို မေ့ထားပြီး သေသူကို
အပြစ်ဖို့တာပဲ။ မတော်တဆဖြစ်တာလို့ လုံးဝလက်မခံနိုင်ဘူး'' လို့ မျက်ရည်လည်ရွဲနဲ့
မလတ်လတ်က ဆိုပါတယ်။

ယာဉ်မတော်ဆမှု သတင်းကြားတိုင်း၊အဝေးပြေးခရီးသွားရတိုင်း ကြောက်လန့်နေတဲ့
စိတ်ချောက်ချားမှုက မလတ်လတ် အသက် ၁၂ နှစ်အရွယ်မှာ စတင်ခဲ့တယ်လို့ဆိုပါတယ်။
မိသားစု ခုနစ်ယောက်ရှိတဲ့ မလတ်လတ်တို့မိသားစုမှာ မိခင်ဖြစ်သူနဲ့ တစ်ဦးတည်းသော
မောင်လေးဖြစ်သူဟာ ၂ဝဝ၈ ခုနှစ်၊ ဇန်နဝါရီလအတွင်းက ကျိုက်ထိုမြို့အနီးမှာ ဖြစ်ပွားခဲ့တဲ့
ခရီးသည်တင်ယာဉ်တိမ်းမှောက်မှုမှာ အသက်ဆုံးရှုံးသွားခဲ့ကြတာ ဖြစ်ပါတယ်။

သေဆုံးချိန်မှာ မိခင်ဖြစ်သူက အသက် ၃၄ နှစ်ရှိပြီး အငယ်ဆုံးမောင်မှာ လေးလအရွယ်သာ
ရှိသေးတာကြောင့် အရွယ်မတိုင်ခင် မသေဆုံးသင့်ဘဲ သေဆုံးရတာလို့မလတ်လတ်က
ယုံကြည်ထားပါတယ်။ အဲဒီယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်မှာ ယာဉ်မောင်းဖြစ်သူ မူးယစ်ပြီးမောင်းနှင်တဲ့
အပြင် သတ်မှတ်ထားတဲ့ တန်ချိန်ထက် ပစ္စည်းများစွာ တင်ဆောင်လာတဲ့အတွက် ဖြစ်ပါတယ်။
ဒီဖြစ်စဉ်မှာ လူ ၄ဝ ကျော် သေဆုံးခဲ့ရပါတယ်။

ရန်ကုန်မြို့လယ်တစ်နေရာတွင် ညအချိန်ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုတစ်ခုကို တွေ့မြင်ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ ရန်ကုန်မြို့လယ်တစ်နေရာတွင် ညအချိန်ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုတစ်ခုကို တွေ့မြင်ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

''ယာဉ်လိုင်းပိုင်ရှင်က ငွေအတွက် ပါလာတဲ့ခရီးသည်တွေရဲ့ အသက်ကို မကြည့်ဘဲ ကုန်တွေ
ပိုတင်တယ်။ ကားသမားက ခရီးသည်တွေကို လုံခြုံအောင်ပို့ပေးရမယ်ဆိုတဲ့ သူ့တာဝန်ကိုမေ့ပြီး
အရက်သောက်တယ်။ ကြိုတင်ကာကွယ်နိုင်ရဲ့သားနဲ့ တာဝန်မဲ့မှုတွေကြောင့် တစ်နေ့တည်းမှာ
မိသားစု ၄ဝကျော် သေကွဲကွဲခဲ့ရတယ်'' လို့ မလတ်လတ်က ဆိုပါတယ်။

မြန်မာနိုင်ငံက ယာဉ်မတော်တဆဖြစ်ပွားရတဲ့အကြောင်းတွေထဲမှာ ယာဉ်ကို မဆင်မခြင်
မောင်းနှင်မှုကြောင့် အများဆုံးဖြစ်ပွားပြီး၊ ဒုတိယအများဆုံးကတော့ ယာဉ်လမ်းစည်းကမ်း
နားမလည်မှုကြောင့် ဖြစ်တာ၊ တတိယအဖြစ်များတာကတော့ လမ်းသွားလမ်းလာ
ပေါ့ဆမှုကြောင့်ဖြစ်တယ်လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။
ယာဉ်မတော်တဆမှုဖြစ်ပွားမှုကြောင့် အများဆုံးသေဆုံးကြတဲ့ အသက်အရွယ်တွေဟာ
အသက် ၃ဝ မှ ၆ဝ နှစ်ကြား ဖြစ်နေပါတယ်။

''အဓိက ဖြစ်တာကတော့ အခုကားတွေလည်း ပိုကောင်းလာတော့ ယာဉ်ကို မထိန်းနိုင်လောက်
အောင် အရှိန်ပြင်းပြင်း မောင်းတယ်။ အရက်သောက်စား မောင်းနှင်တယ်။ အပျော်လွန်ကျူးတာ၊
အိပ်ငိုက်ပြီး ပေါ့လျော့ စွာ မောင်းနှင်တယ်။ ဒါတွေက ဘေးအန္တရာယ်ကို ဖိတ်ခေါ်နေတာ
ဖြစ်တယ်။ အရွယ်ကောင်းတွေ ဆုံးရှုံးနေရတယ်'' လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး (နေပြည်တော်) မှ
ရဲမှူးဝင်းမြင့်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားတဲ့ ယာဉ်မတော်ဆမှုအများစုဟာ လမ်းအသုံးပြုသူတွေရဲ့
ပေါ့လျော့မှုကြောင့်သာ ဖြစ်နေတာ မဟုတ်ဘဲ၊ လမ်းတွေကို စနစ်တကျ တည်ဆောက်၊
ဖောက်လုပ်ထားခြင်း မရှိတဲ့အတွက်လည်း ဖြစ်တယ်ဆိုပြီး ဝေဖန်ထောက်ပြမှုတွေလည်း
ရှိပါတယ်။

''အဝေးပြေးလမ်းမ (အမြန်လမ်း)မှာ ကွန်ကရစ်နဲ့ ဖောက်တာလုံးဝ မဖြစ်သင့်ဘူး။
အရမ်းအန္တရာယ်များတယ်။ ကားတိုင်းမှာ လေပေါင်ချိန်ဆိုတာရှိတယ်။ နိုင်လွန်(ကတ္တရာ)
လမ်းက ဝပ်ပြီးဆွဲသွားတဲ့ သဘော ရှိပေမဲ့ ကီလိုမီတာများလာရင် ကွန်ကရစ်ရဲ့သဘောက
အရှိန်များလာတာနဲ့အမျှ နှစ်ဆလောက်ပြန်ကန်တယ်။ ဒါကြောင့် မြို့တွင်းမှာ ကွန်ကရစ်လမ်းက
သင့်တော်ပေမဲ့အရှိန်နဲ့မောင်းကြတဲ့ အဝေးပြေးလမ်းမမှာတော့ အရှိန်များလာတာနဲ့အမျှ
လမ်းကြောင့်လည်း မထိန်းနိုင်တာတွေ ဖြစ်နေတာ'' လို့ ယာဉ်မောင်းသက်တမ်း နှစ်
၅ဝနီးပါးရှိပြီဖြစ်တဲ့ အဝေးပြေးယာဉ်မောင်း ဦးပေါက်က ပြောပါတယ်။

ယာဉ်မတော်တဆမှု အများစုဟာ အလင်းရောင် ကောင်းစွာ မရတဲ့ညဘက်မှာ ဖြစ်လေ့ရှိတယ်လို့
လူအများစု တွေးထင်တတ်ကြပေမဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်တိုက်မှု ဖြစ်ပွားတဲ့ ဖြစ်စဉ်
စာရင်းတွေ အရတော့ ဒီအချက်က မှားပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုနှစ် ဇန်နဝါရီလမှ
ဧပြီလကုန်အထိ လေးလတာအတွင်း ယာဉ်မတော်တဆမှုပေါင်း ၉၈၃ မှု ဖြစ်ပွားခဲ့ပါတယ်။
သေဆုံးသူ ၂၃၂ ဦးရှိပြီး ဒဏ်ရာရသူ ၁,၃ဝဝ နီးပါးရှိပါတယ်။ ဒီအထဲမှာ ယာဉ်မတော်တဆမှု
အများစုက နေ့ခင်းဘက်မှာ ဖြစ်ပွားတာ ဖြစ်ပါတယ်။

လမ်းမထက်မှာ ဖြစ်ပွားနေတဲ့ ယာဉ်မတော်တဆမှုတွေကြောင့် အရွယ်မတိုင်ခင်ကြွေလွင့်သွား
ရသူတွေရှိသလို ယာဉ်မတော်တဆမှုအတွင်း ရရှိတဲ့ ဒဏ်ရာတွေကြောင့် တစ်သက်လုံး
မသန်မစွမ်းဘဝရောက်သွားရသူတွေလည်း များစွာရှိနေပါတယ်။

သင်္ကြန်ကာလတစ်ခုမှာ ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့် ယာဉ်အန္တရာယ်ကြုံတွေ့
ခံစားခဲ့ရသူတစ်ဦးဖြစ်တဲ့ မကျော်ဆုမွန်က အသက်အန္တရာယ်ထိခိုက်မှု မရှိခဲ့ပေမဲ့လည်း
ရရှိခဲ့တဲ့ဒဏ်ရာတွေကြောင့် အရင်လို လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်း မရှိတော့တဲ့
သူ့ရဲ့နေ့စဉ်ဘဝ ဖြတ်သန်းမှုကို ပြောပြပါတယ်။

''အရင်တုန်းက ကျွန်မက လူအရမ်းများတဲ့ နေရာ၊ပြေးလွှား အလုပ်လုပ်နေရတဲ့ သတင်းသမား။
အခု လုပ်လို့မရတော့ဘူး။ ပြေးလွှားရတဲ့ နေရာမျိုးတွေဆိုရင် ရှောင်လိုက်ရတော့တယ်၊
မသွားဖြစ်တော့ဘူး။ ထိရင် ပြန်ကျိုးမှာစိုးလို့ ကိုယ့်ခြေထောက်ကို တက်နင်းမိမှာကိုပဲ
စိုးရိမ်နေရတယ်။ ကိုယ်ဘာမှကျူးလွန်တာ မဟုတ်ဘဲနဲ့ ဘဝတစ်လျှောက်လုံးမှာ ခံစားနေရတော့မှာ''
လို့ သူက ဆိုပါတယ်။

ယာဉ်အန္တရာယ်ကာကွယ်ရေးကို ယာဉ်ထိန်းရဲတပ်ဖွဲ့ကသာမကပဲ ''လူ၊လမ်း၊ယာဉ်''ဆိုတဲ့
လမ်းအသုံးပြုသူအားလုံးက သက်ဆိုင်တယ်လို့ ခံယူပြီး၊ သတ်မှတ်ထားတဲ့ စည်းကမ်းများကို
လိုက်နာခြင်းဖြင့် ပါဝင်ဆောင်ရွက်ခြင်းဖြင့် ယာဉ်မတော်တဆမှုတွေကို ကြိုတင်ကာကွယ်
တားဆီးနိုင်၊ ရှောင်လွှဲနိုင်ပါတယ်လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး(ရန်ကုန်) မှ ဒုတိယရဲမှူး
မောင်မောင်မြက ပြောပါတယ်။

ယာဉ်မတော်ဆမှု ရှောင်လွှဲတဲ့နေရာမှာ အချက်သုံးချက်ကို အဓိကလုပ်ဆောင်နိုင်ဖို့
လိုအပ်တယ်လို့ မြန်မာနိုင်ငံ ယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေးအဖွဲ့ရဲ့ အတွင်းရေးမှူး
ဦးအောင်နိုင်က ပြောပါတယ်။

မီးလောင်ကျွမ်း ပျက်စီးခဲ့သည့် မော်တော်ယာဉ်တစ်စီးကို တွေ့ရစဉ်။ နိုင်ဝင်းထွန်း/ မြန်မာတိုင်း(မ်)မီးလောင်ကျွမ်း ပျက်စီးခဲ့သည့် မော်တော်ယာဉ်တစ်စီးကို တွေ့ရစဉ်။ နိုင်ဝင်းထွန်း/ မြန်မာတိုင်း(မ်)

''လူတွေရဲ့ ခံယူချက်ထဲမှာ စည်းကမ်းတွေသိအောင် လုပ်ပေးရတဲ့ ပညာပေးမှုအပိုင်း၊
မလိုက်နာရင် အရေးယူမှုအပိုင်းနဲ့လမ်း၊ တံတား၊ အဆောက်အအုံတွေကို အန္တရာယ်
ကင်းအောင်၊ ကောင်းမွန်အောင် တည်ဆောက်ပေးတဲ့အပိုင်းဆိုတဲ့ အချက်သုံးချက်ကို
အဓိကလိုက်နာအောင် လုပ်နိုင်ရင်လမ်းမထက်မှာ ဖြစ်နေတဲ့ ယာဉ်မတော်တဆမှုများကို
ရှောင်လွှဲနိုင်သွားပြီ'' လို့ သူက ဆိုပါတယ်။

ယာဉ်ထိန်းရဲတပ်ဖွဲ့အနေနဲ့ လူစည်ကားရာ နေရာတွေ၊ ကျောင်းတွေမှာ ယာဉ်အန္တရာယ်
ကာကွယ်ရေး ပညာပေးလုပ်ငန်းတွေကို အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း
လုပ်ဆောင်နေပြီး၊ တပ်ဖွဲ့ဝင်အင်အား ထပ်တိုးဖို့ လုပ်နေတယ်လို့ ဆိုပါတယ်။

အခုချိန်မှာတော့ အစိုးရအနေနဲ့ မော်တော်ယာဉ်သွားလာမှုနဲ့ ယာဉ်ကြောကျပ်တည်းမှုကို
ဖြေလျှော့နိုင်ဖို့ Traffic Control Center ကို ရန်ကုန်မြို့မှာ ဆောင်ရွက်နေပါတယ်။
စည်းကမ်းမလိုက်နာသူ တွေကို အရေးယူနိုင်မယ့် မော်တော်ယာဉ်ဥပဒေကိုလည်း
၂ဝ၁၅ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါတယ်။

သို့သော်လည်း ယာဉ်မတော်တဆဖြစ်ပွားမှုတွေကို ထိရောက်စွာ ကာကွယ်နိုင်ဖို့တော့
လိုအပ်ချက်တွေ ရှိနေဆဲ ဖြစ်ပါတယ်။ အသစ်ပြဋ္ဌာန်းလိုက်တဲ့ မော်တော်ယာဉ်ဥပဒေမှာ
ပြစ်မှုပြစ်ဒဏ်တွေ တိုးမြှင့်ထားပေမဲ့ ပိုတင်းကျပ်ဖို့ လိုအပ်နေတယ်လို့ ထောက်ပြဝေဖန်မှုတွေ
ရှိနေပါတယ်။

''စည်းကမ်းဖောက်ဖျက်တာနဲ့၊ လူ့အသက် အန္တရာယ်ဆိုတာကို သိလျက်နဲ့ ကျူးလွန်နေတာတွေကို
အခုထက်ပိုပြင်းထန်တဲ့ ထောင်ဒဏ်ပေးသင့်တယ်။ အခုဆောင်နေရတယ်ဆိုတဲ့ ဒဏ်ကြေးက
ပိုက်ဆံရှိသူတွေအတွက်တော့ မုန့်ဖိုးလောက်ပဲ ဖြစ်နေတယ်'' လို့ တာဝန်ရှိသူ ယာဉ်ထိန်း
အရာရှိတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ယာဉ်အန္တရာယ်ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ ''သတ်မှတ်မိုင်နှုန်းထက်
ပိုမမောင်းရ''၊ ''မူးလျှင်မမောင်းနဲ့၊ မောင်းလျှင်မမူးနဲ့''' စတဲ့ လက်စွဲဆောင်ပုဒ်တွေ၊
သတိပေးလမ်းညွှန် ဆိုင်းဘုတ်တွေကို လူအများမြင်သာတဲ့ နေရာတွေမှာ တွေ့နိုင်ပါတယ်။
ဒါပေမဲ့လည်း ယာဉ်မတော်တဆမှုတွေက တစ်နှစ်ထက်တစ်နှစ် တိုးပွားလာနေပါတယ်။

စီးပွားရေးမြို့တော် ရန်ကုန်မှာ ယာဉ်ကြောကျပ်တည်းမှုတွေ ကြုံတွေ့နေရဆဲပါ။ လူသွားလမ်း
(ပလက်ဖောင်း) မရှိတဲ့ လမ်းပေါင်းများစွာ ရှိနေဆဲဖြစ်ပြီး၊ ပလက်ဖောင်းရှိပေမဲ့
လူသွားလာလို့ မရတဲ့ လမ်းတွေလည်း ရှိပါတယ်။ ယာဉ်ကြောကျပ်တည်းလာလို့ စက်ဘီးစီးသူ
ပိုများလာသော်လည်း စက်ဘီးစီးနိုင်တဲ့ သီးသန့်လမ်းကြော ချထားပေးနိုင်ခြင်းလည်း မရှိသလို၊
ဆိုင်ကယ်စီးနင်းမှုတွေကိုလည်း မထိန်းချုပ်နိုင်သေးပါဘူး။

ယာဉ်တိုက်မှုက ရဲအရေးပိုင်တဲ့ အမှုဖြစ်တဲ့အတွက်ကြောင့် ယာဉ်အန္တရာယ်တစ်ခုခုကြုံ
လာပါက အသက်အန္တရာယ်မရှိအောင် အလျင်အမြန်ဆေးရုံရောက်အောင် ပို့ဆောင်
ကူညီဖို့ လူတွေကြောက်ရွံနေကြဆဲပါ။ ယာဉ်တိုက်မှု၊ ယာဉ်မတော်တဆမှုတွေအတွက်
တရားဝင်ဆေးကုသမှုပေးနိုင်တာလည်း အစိုးရဆေးရုံတွေပဲ ရှိပါတယ်။

''ဘယ်လိုယာဉ်အန္တရာယ်ကြောင့် သေဆုံးမှု၊ ဒဏ်ရာရရှိမှုဆိုတာ မဖြစ်သင့်ဘူး။ ကားမှောက်တဲ့
သတင်းကြားတိုင်း မိသားစုတွေ သေကွဲကွဲကြပြန်ပြီလို့ တွေးမိပြီး သွေးလန့်တယ်။ လူတိုင်းမှာ
ကိုယ်စီအိပ်မက်တွေ ရှိကြပါတယ်။ ကျွန်မအတွက်တော့ မိသားစု ဓာတ်ပုံရိုက်ချင်တယ်ဆိုတဲ့
စိတ်ကူးဟာ ဘယ်တော့မှ ဖြစ်မလာတော့မယ့် အိပ်မက်ပါဘဲ။ သေဆုံးလို့ ပေးပါတယ်ဆိုတဲ့
လျော်ကြေးတွေ မလိုချင်ပါဘူး။ ယူလည်းမယူခဲ့ဘူး။အဲဒီပိုက်ဆံတွေ ပြန်ယူသွားကြပါ၊
ကျွန်မအမေကိုသာ ပြန်ပေးပါလို့ ယာဉ်မဆင်မခြင်မောင်းတဲ့သူတွေကို တောင်းဆိုလိုက်
ချင်ပါတယ်'' လို့ ပြောရင်း မလတ်လတ်က ချုံးပွဲချငိုလိုက်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။