ပျော်ရွှင်သော လုပ်သားများနှင့် အောင်မြင်သော စီးပွားရေး

မကွေးတိုင်းဒေသကြီး ချောက်ရေနံမြေတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ကျင်းပခွင့် ရရှိခဲ့သည့် အလုပ်သမားနေ့ အခမ်းအနားကို ပြီးခဲ့သည့် မေ ၁ ရက်က ကျင်းပနေစဉ်။ နေအောင်/မြန်မာတိုင်း(မ်)မကွေးတိုင်းဒေသကြီး ချောက်ရေနံမြေတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ကျင်းပခွင့် ရရှိခဲ့သည့် အလုပ်သမားနေ့ အခမ်းအနားကို ပြီးခဲ့သည့် မေ ၁ ရက်က ကျင်းပနေစဉ်။ နေအောင်/မြန်မာတိုင်း(မ်)

ချစ်မိတ်ဆွေများရှင်။ ကျန်းမာကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်မအခုပဲ သစ်တောထဲကနေ
လမ်းလျှောက်ပြီး ပြန်လာပါတယ်။ သဘာဝတရားကြီးက အစစအရာရာ တစ်ချိန်လုံးပြောင်းနေတာ
ဘယ်လောက် အံ့ဩစရာ ကောင်းသလဲ။ လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်တုန်းကတော့
သစ်ပင်တွေအားလုံးဟာ အပွင့်တွေနဲ့ ဝေဆာနေလို့ပါ။ ဒီလှပတဲ့ ဖူးပွင့်ရာသီဟာ
သိပ်မကြာလိုက်ပါဘူး။ သူတို့ နေရာမှာ စိမ်းလန်းတဲ့အရွက်တွေနဲ့ အသီးကင်းကလေးတွေ
ထွက်လာပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်အတွင်းက သစ်ပင်တွေရဲ့ ထိပ်ပိုင်းမှာ အပွင့်တွေ
ဝေဆာပြီး သစ်တောရဲ့မြေပြင်မှာတော့ နှင်းတွေကျလို့ ရွှံ့တွေ ထူထပ်နေပါတယ်။ နွေးထွေးတဲ့
ရာသီဥတုရဲ့ နေရောင်ခြည်က ထိုးဖောက်ဝင်လာခဲ့ပြီး သစ်တောတွင်းကမြေပြင်တစ်ခုလုံးဟာ
အခုအခါ ရွှံ့အဖြစ်ကနေ လှပတဲ့ အဖြူရောင်ပန်းများ ခင်းကျင်းထားရာ ပန်းမွေ့ရာတစ်ခုလို
ဖြစ်ခဲ့ပါတယ်။ ဒီအပြောင်းအလဲတွေ အားလုံး ဘယ်လောက်မြန်မြန်ဖြစ်ခဲ့သလဲဆိုတာ ကျွန်မဖြင့်
မယုံနိုင်လောက်အောင်ပါပဲ။ သဘာဝတရားကြီး တစ်ခုလုံးက အမြဲတမ်းလှုပ်ရှား ပြောင်းလဲနေတယ်။
ဒီတစ်ပတ်တော့ ကျွန်မ စာထဲမှာ ဗုဒ္ဓဘုရားရှင် ဖွားမြင်တော်မူခဲ့တဲ့ လ၊ သဗ္ဗညုတရွှေဉာဏ်တော်ရခဲ့တဲ့
လနဲ့ ပရိနိဗ္ဗာန်ပြုခဲ့တဲ့လဖြစ်တဲ့ ကဆုန်လအကြောင်း ဖော်ပြရမှာပါ။ ကျွန်မတို့ရဲ့ စိတ်ကို
ဖွင့်ကြည့်လိုက်မယ်ဆိုရင် ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူတဲ့တရား မှန်ကန်ကြောင်း
တွေ့ရပါလိမ့်မယ်။ အစစအရာရာ အနိစ္စပဲ မဟုတ်ပါလား။ အစစအရာရာ စဉ်ဆက်မပြတ်
ပြောင်းလဲနေတယ်။ ဘယ်အရာမှ တာရှည်မခံပါဘူး။ ကျွန်မဖခင်က လူ့ ဘ၀ရတဲ့
ကာလတစ်လျှောက်မှာ သတ္တ၀ါအားလုံးအတွက် ပျော်ရွှင်ချမ်းမြေ့မှု ရစေဖို့ အကောင်းဆုံး
ဆောင်ရွက်ကြပါလို့ အမြဲပဲ သွန်သင်ခဲ့ပါတယ်။ စာရှုသူရော ဘယ်လို ထင်ပါသလဲ။

သစ်တောရဲ့ မြေမျက်နှာသွင်ပြင်ရှုခင်း ပြောင်းလဲနေသလိုပဲ ဥရောပတိုက်ရဲ့ နိုင်ငံရေးရှုခင်းကလည်း
လျင်လျင်မြန်မြန် ပြောင်း လဲနေပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းက ဗြိတိသျှအစိုးရက
ဗြိတိန်နိုင်ငံဟာ ဥရောပသမဂ္ဂကနေ ခွဲထွက်မယ်လို့ တရားဝင် ကြေညာခဲ့တယ်။ ဘရက်ဆစ်
(The BREXIT) ဗြိတိန်နိုင်ငံ နုတ်ထွက်မှု (Exit of Britain)နဲ့ ပတ်သက်လို့ စေ့စပ်ဆွေးနွေးမှုတွေ
မကြာခင် စတင်ဆောင်ရွက်ပါလိမ့်မယ်။ ဗြိတိန်နဲ့ ဥရောပအတွက် ရှေ့မှာ ဘာတွေဖြစ်မလဲဆိုတာ
ကတော့ ဘာမှ မသေချာပါဘူး။ ဥရောပသမဂ္ဂထဲကနေ ဗြိတိန်နိုင်ငံ နုတ်ထွက်လိုက်တဲ့အချိန်မှာ
တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ပိုပြီးရင်းနှီးလာတဲ့ ဥရောပနိုင်ငံ နှစ်နိုင်ငံရှိပါတယ်။ ဒီတစ်ပတ်အကုန်မှာ
ပြင်သစ်နိုင်ငံ စထရပ်ဘိုးမြို့နဲ့ ဂျာမနီနိုင်ငံက ခီးလ်နယ်စပ်မြို့နှစ်မြို့ကို ဆက်သွယ်ထားတဲ့
ဓာတ်ရထားလိုင်းသစ် တစ်ခု ဖွင့်လှစ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ သမိုင်းတင်ရတဲ့ ဖြစ်ရပ်ပါ။
ဘာဖြစ်လို့လဲဆိုတော့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဆက်သွယ်တဲ့ ပထမဆုံးသော ဒေသတွင်း
ဓာတ်ရထားလိုင်း ဖြစ်လို့ပါ။ ဒါနဲ့ပတ်သက်လို့ ပွဲတော်ကြီးတစ်ရပ် စထရပ်ဘိုးမြို့မှာ
ကျင်းပဖြစ်ခဲ့ပါတယ်။ တကယ်တော့ အစစအရာရာ တစ်ချိန်လုံး ပြောင်းနေတာပဲ။ ပြင်သစ်နိုင်ငံမှာ
သမ္မတရွေးကောက်ပွဲရဲ့ အလယ်ပိုင်းအဆင့်ကို ရောက်နေပါပြီ။ မေ ၇ ရက်ကျရင် ပြင်သစ်နိုင်ငံမှာ
သမ္မတ အပြောင်းအလဲ ဖြစ်ပါလိမ့်မယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ နောက်တစ်ပတ် ကျွန်မရဲ့စာမှာ
ထပ်ရေးပါဦးမယ်။

ကျွန်မတို့ဟာ မေ ၁ ရက်မှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ကျင်းပပြီးရုံပဲ ရှိပါသေးတယ်။
ဒီတစ်ပတ်စာမှာတော့ အလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့ပတ်သက်လို့ အဓိကအာရုံစိုက်ရေးမယ်လို့
တွေးထားမိပါ တယ်။ မေဒေးနေ့ဆိုတာ အရေးပါတဲ့နေ့ တစ်နေ့ပါ။ ကျွန်မကတော့ မြန်မာနိုင်ငံမှာ
နေခဲ့ရတဲ့ ကလေးဘ၀ကတည်းက ဒီနေ့ကို မှတ်မိနေပါတယ်။ ကလေးဘ၀တုန်းက
အငြိမ့်ကြည့်နေရင်း လူကြိုက်များတဲ့ အလုပ်သမားနေ့သီချင်းတွေကို ကျက်ခဲ့ပါတယ်။ ဒီသီချင်းတွေနဲ့
အကတွေဟာ အဲဒီကာလတုန်းကတော့ အတော့်ကို ကောင်းမွန်လူကြိုက်များပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီအလုပ်သမားနေ့ရဲ့ အစက ၁၉ ရာစုနှောင်းပိုင်းကတည်းကပါ။ သမိုင်းက
သင်ခန်းစာတွေကို သတိရမယ်ဆိုရင် ဒီအချိန်ဟာ စက်မှုတော်လှန်ရေးကာလလည်း ဖြစ်ပါတယ်။
သိပံ္ပ၊ နည်းပညာနဲ့ ကုန်သွယ်ရေး လုပ်ငန်းတွေဟာ အကြီးအကျယ်တိုးတက်ခဲ့တယ်။ အထူးသဖြင့်
ဥရောပနဲ့ အမေရိကန် ပြည်ထောင်စုနဲ့ နိုင်ငံတော်တော်များများဟာ စက်မှုနိုင်ငံတွေ ဖြစ်လာခဲ့တယ်။
စက်ရုံအလုပ်ရုံကြီးတွေ တည်ဆောက်တယ်။ ကမ္ဘာအနှံ့အပြားက စက်မှုကုန်ကြမ်းပစ္စည်း အမျိုးမျိုးကို
ဝယ်ယူခဲ့ပြီး ကုန်ချောအဖြစ် ပြောင်းလဲခဲ့ကြတယ်။ အမျိုးသား၊ အမျိုးသမီး နဲ့ ကလေးတွေဟာ
ဒီစက်ရုံတွေမှာ အလုပ် လုပ်ကြတယ်။ သူတို့တစ်တွေဟာ မကြာခဏ ဆိုသလို အန္တရာယ်များလှတဲ့
လုပ်ငန်းခွင် အခြေအနေမှာ နာရီပေါင်းများစွာကြာအောင် အလုပ်လုပ်ခဲ့ကြရတယ်။ လုပ်ငန်းခွင်မှာ
သေဆုံးမှုတွေ၊ ဒဏ်ရာရမှုတွေ အတော်များများ ရှိခဲ့တယ်။ စက်မှုလုပ်သားတွေရဲ့ဘ၀ဟာ
အနိဋ္ဌာရုံတွေနဲ့ အပြည့်ပါပဲ။ ၁၈၈၆ ခုနှစ်၊ မေလ ၁ ရက်နေ့မှာ အမေရိကန် ပြည်ထောင်စု
စက်မှုလက်မှုမြို့ဖြစ်တဲ့ ရှီကာဂို က အလုပ်သမားတွေနဲ့ အမေရိကန်ပြည်ထောင်စု တစ်ဝန်းလုံးမှာရှိတဲ့
အလုပ်သမားတွေဟာ သူတို့ရဲ့ လုပ်ငန်းခွင်အခြေအနေကောင်းမွန်ဖို့နဲ့ တစ်နေ့အလုပ်ချိန် ရှစ်နာရီ
သတ်မှတ်ပေးဖို့ အထွေထွေသပိတ်ကြီးကို ဆင်နွှဲခဲ့ကြပါ တယ်။ အဲဒီသပိတ်တိုက်ပွဲမှာ
အကြမ်းဖက်မှုတွေပေါ်ပေါက်ပြီး အလုပ်သမားတော်တော် များများ သတ်ဖြတ်ခံခဲ့ရတယ်။
မေ ၁ ရက်ဟာ ကနဦးတုန်းက ရှီကာဂိုမြို့ အထွေထွေသပိတ်ကြီးမှာ သေဆုံးခဲ့ကြတဲ့ လူတွေကို
အထိမ်းအမှတ်ပြုတဲ့နေ့ဖြစ်ပါတယ်။ ၁၉၀၄ ခုနှစ်၊ မေ ၁ ရက်ကစပြီး ဒီနေ့ကို အပြည်ပြည်ဆိုင်ရာ
အလုပ်သမားနေ့အဖြစ် အသိအမှတ်ပြုခဲ့ပြီး ကမ္ဘာပေါ်က နိုင်ငံပေါင်း ၈၀ ကျော်မှာ အများပြည်သူ
အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ပထမဆုံးကျင်းပတဲ့ အလုပ်သမား နေ့ကတည်းကဆိုရင်
နှစ်ပေါင်း ၁၀၀ ကျော် မေဒေးနေ့ ကျင်းပခဲ့ပြီးပါပြီ။ အဲဒီနှစ်တွေမှာ အလုပ်သမားတွေရဲ့ လုပ်ငန်းခွင်
အခြေအနေ တိုးတက်ကောင်းမွန်လာခဲ့ရဲ့လား။

တချို့နိုင်ငံတွေမှာဆိုရင် လုပ်ငန်းခွင်အခြေအနေနဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေး
တိုးတက်ကောင်းမွန်ခဲ့ပါတယ်။ ကံဆိုးတဲ့ တခြားနိုင်ငံတွေမှာတော့ လုပ်ငန်းခွင်အခြေအနေနဲ့
အလုပ်သမားတွေရဲ့ အခွင့်အရေးဟာ ၁၉ ရာစုနှစ်အကုန်မှာ ရှိခဲ့တဲ့ အခြေ အနေနဲ့ သိပ်ပြီးတော့
မခြားနားလှပါဘူး။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂ (အိုင်တီယူစီ)ရဲ့ အဆိုအရ
ကမ္ဘာ့နိုင်ငံပေါင်း ၈၇ နိုင်ငံထက်မနည်းမှာ တရားဥပဒေနဲ့ ကျင့်ထုံးတွေမှာ အလုပ်သမားတွေရဲ့
အခွင့် အရေးနဲ့ပတ်သက်လို့ မပါပါဘူး။ နိုင်ငံပေါင်း ၅၃ နိုင်ငံက အလုပ်သမားတွေဟာ
ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင်အခြေအနေအတွက် စေ့စပ်ညှိနှိုင်းနိုင်ဖို့ လုံးဝလက်မခံတာမျိုး၊ ဒါမှမဟုတ်
ဆိုင်းငံ့ထားတာမျိုးနဲ့ ကြုံနေရပါတယ်။ ဒီမိုကရေစီအခွင့်အရေး မျှတတဲ့ လုပ်အားခနဲ့ သင့်တော်တဲ့
လုပ်ငန်းခွင် အခြေအနေအတွက် တောင်းဆိုမှုတွေကို လျော့ပါးသွားအောင် နည်းလမ်းတစ်ခုအဖြစ်
အလုပ်သမားခေါင်းဆောင်တွေကို ဖမ်းဆီးပြီး ထောင်ချတယ်။ တချို့ဆိုရင် သတ်ပစ်လိုက်တယ်။
ကလေးအလုပ်သမားဆိုတာကလည်း နိုင်ငံအတော်များများမှာ ကျင့်သုံးနေတဲ့ နည်းလမ်းတစ်ရပ်အဖြစ်
အခုတိုင်ရှိနေတုန်းပါပဲ။ ပြည်ပမှ ၀င်ရောက်လာတဲ့ အလုပ်သမားတွေကို ကောင်းကောင်းမွန်မွန်
မဆက်ဆံဘဲ နိုင်ထက်စီးနင်းပြုလုပ်ရာမှာ ပင်လယ်ကွေ့ နိုင်ငံတွေလို နိုင်ငံတချို့ဟာ အတော့်ကို
ဆိုးဝါးပါတယ်။

ပါကစ္စတန်နဲ့ တရုတ်နိုင်ငံတွေလို အာရှနိုင်ငံတွေဟာ ကမ္ဘာ့အလုပ်သမားလောကမှာ အဆိုးဆုံးနေရာ
အဆင့်ကို ရောက်နေကြပါတယ်။ စိတ်မကောင်းစရာက အမေရိကန်နိုင်ငံလို ချမ်းသာတဲ့
နိုင်ငံမှာတောင် အလုပ်သမားအခွင့်အရေးတွေ မရပါဘူး။ ပြီးခဲ့တဲ့ နှစ်ပတ်လောက်တုန်းက
ကျွန်မ အမေရိကန်ပြည်ထောင်စုမှာ ရှိပါတယ်။ လူအတော်များ များဟာ နာရီပေါင်းတာရှည်စွာ
လုပ်ငန်းခွင်မှာ အလုပ်လုပ်နေကြရတာကိုမြင်တော့ ထိတ်လန့်မိပါတယ်။ ဒီလိုချမ်းသာတဲ့နိုင်ငံ
တစ်နိုင်ငံအတွက် ရှက်စရာမဟုတ်ဘူးဆိုရင်တော့ ဆင်းရဲမွဲတေမှုတွေ အများကြီးရှိနေဦးမှာပါပဲ။
အမေရိကန်လူဦးရေရဲ့ ၁၀ ရာခိုင် နှုန်းလောက်ဟာ အခုအချိန်အထိ ကျန်းမာရေးအာမခံချက် မရှိပါဘူး။
အမေရိကန်ပြည်ထောင်စုဟာ အလုပ်သမားတွေအတွက် အားလပ်ရက် ပေးရမယ့်အချိန်မှာ
လစာပြည့်ပေးတယ်ဆိုတာ တရားဝင်မဟုတ်တဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်ပါတယ်။ ဥရောပတိုက်မှာ
အလုပ်သမားတွေရဲ့ အခွင့်အရေးဟာ သိပ်မဆိုးလှဘူးလို့ဆိုနိုင်ပေမဲ့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ
ခြားနားမှုတွေ အမျိုးမျိုးရှိနေပါတယ်။ ဘီလာရုစ်နဲ့ တူရကီတို့လို နိုင်ငံတွေ မှာ အလုပ်သမားတွေရဲ့
အခွင့်အရေးဟာ မကောင်းပါဘူး။ ဗြိတိန်လို ချမ်းသာတဲ့ နိုင်ငံ မှာတောင် အလုပ်သမားတွေရဲ့
အခွင့်အရေးတွေ မကြာခဏချိုးဖောက်ခံရပါတယ်။ ဗြိတိန် နိုင်ငံဟာ ယောက်ျားမိန်းမ
ခွဲခြားဆက်ဆံရာမှာ ဥရောပတိုက်မှာတော့ အဆိုးဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။ အလုပ်သမားတွေ
အတွက် နိဗ္ဗာန်ဘုံရှိတယ်ဆိုရင် ဒိန်းမတ်လို နိုင်ငံဟာ အလုပ်သမားတွေရဲ့ နိဗ္ဗာန်ဘုံဖြစ်ပါလိမ့်မယ်။
ဒီနိုင်ငံဟာ ကမ္ဘာပေါ်မှာ အလုပ် လုပ်ဖို့ အကောင်းဆုံး နေရာတစ်နေရာဖြစ်ပါတယ်။ ဒီနိုင်ငံဟာ
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေအခြေခံတဲ့ အလုပ်သမား တွေရဲ့ အခွင့်အရေး
အခြေခံဦးတည်ချက် ၉၇ ချက်စလုံးကို လိုက်နာတဲ့ နိုင်ငံအနည်းငယ်ထဲက တစ်နိုင်ငံဖြစ်ပါတယ်။

ဒီနိုင်ငံမှာ အလုပ်သမားတွေဟာ အတော့်ကို အလားအလာကောင်းတယ်။ အလုပ်ချိန် နဲ့ လုပ်ငန်းခွင်
အခြေအနေကလည်းကောင်းတယ်။ ဒိန်းမတ်နိုင်ငံမှာ အလုပ်သမားတိုင်းဟာ လစာပြည့်နဲ့
အနားယူခွင့်ရက်သတ္တ ငါးပတ်ရတဲ့အပြင် တစ်နှစ်မှာ အများပြည်သူ ရုံးပိတ်ရက်အတွက်
ကိုးရက်လစာပြည့် အနားယူခွင့်ရတယ်။ လစာပြည့်နဲ့ အားလပ်ရက်ယူဖို့ ရက်သတ္တခြောက်ပတ်
ယူလို့ရပါတယ်။ ယေဘုယျပြောရရင်တော့ ဒိန်းမတ်နိုင်ငံမှာ အလုပ်ချိန်ရက်သတ္တပတ်ဟာ
ငါးရက်အတွင်း ၃၇ နာရီပဲ ရှိတယ်။ အလုပ်အမျိုးအစား ကိုလိုက်ပြီးတော့ အလုပ်သမားတွေဟာ
အဆင်ပြေသလို အလုပ်ဆင်းနိုင်တယ်။ သတ်သတ်မှတ်မှတ် သီးခြားသတ်မှတ်ထားတဲ့ အစီအစဉ်မျိုး
မရှိဘူး။ အလုပ်ရှင်နဲ့ သဘော တူညီမှုယူပြီးတော့ ၃၇ နာရီကို ကြိုက်သလို ဖြည့်နိုင်တယ်။
ဒီလို အဆင်ပြေတဲ့ လုပ်ငန်း ဆောင်ရွက်မှုအစီအစဉ်ဟာ အထူးသဖြင့်တော့ အမျိုးသမီးနဲ့
ကလေးအလုပ်သမားတွေအတွက် သူတို့ရဲ့ ကျောင်းချိန်တွေနဲ့ ကလေးတွေအတွက် အစီအစဉ်ရေးဆွဲဖို့
စီစဉ်နိုင်ပါတယ်။ မီးဖွားခွင့်နဲ့ အမျိုးသမီးမီးဖွားချိန် ခင်ပွန်းသည်တွေကိုပေးတဲ့ အနားယူခွင့်တွေမှာလည်း
အတော့်ကို ရက်ရက်ရောရော ပေးထားပါတယ်။ တကယ်လို့ အလုပ်ပြုတ် သွားတယ်ဆိုရင်လည်း
ဝင်ငွေရဲ့ ၉၀ ရာခိုင်နှုန်းအထိ ရရှိစေနိုင်တဲ့ အလုပ်လက်မဲ့အာမခံကြေးကို နှစ်နှစ်လောက်အထိ
ကြာအောင် ရနိုင်ပါတယ်။ ဒိန်းမတ်မှာနေပြီး အလုပ်လုပ်နေတဲ့ ကျွန်မ မိတ်ဆွေတစ်ယောက်ရှိပါတယ်။
သူတို့က ကွန်ပျူတာနဲ့ပဲ အလုပ်လုပ်ရတာမို့ တချို့ရက်တွေမှာ အိမ်မှာနေပြီးတော့ အလုပ်လုပ်ခွင့်ပြုပါ
တယ်။ ကိုယ့်အိမ်မှာကိုယ် ဇိမ်ကျကျ လေးနေပြီး အလုပ်လုပ်ရတာ ဘယ်လောက်များ
အဆင်ပြေပါသလဲ။ ဒီလိုပုံစံမျိုးဖြစ်အောင် စီစဉ်ပေးတဲ့ အလုပ်မျိုးဆိုတာ အလုပ်ရှင်နဲ့
အလုပ်သမားကြားမှာ ယေဘုယျသဘောအရ အပြန်အလှန်ယုံကြည်မှုတွေရှိရပါမယ်။
နိုင်ငံတော်တော်များများမှာ လုပ်ငန်းဖွဲ့စည်းပုံဟာ ဒေါင်လိုက်ဖွဲ့စည်းပုံဖြစ်တယ်။ ကုမ္ပဏီအကြီးအကဲက
လူတိုင်းကို ဘာလုပ်ရမယ်ဆိုတာ သတ်မှတ်ပေးတယ်။ အလုပ်သမား အားလုံးက သူ့စကားကို
နားထောင်ရပါတယ်။ ဒိန်းမတ်နိုင်ငံမှာတော့ လုပ်ငန်းဖွဲ့စည်းပုံက အလျားလိုက်ဖြစ်ပါတယ်။
လုပ်ငန်းဆောင်ရွက်ရာမှာ စုပေါင်းဆောင်ရွက်မှုကိုပဲ အာရုံထားတယ်။ လူတိုင်းလူတိုင်းက သူ့ရဲ့
အလုပ်အဖွဲ့ အောင်မြင်ဖို့ကိုပဲ လွှမ်းမိုးကြတယ်။ ဒိန်းမတ်နိုင်ငံမှာ ကောက်ယူတဲ့ စစ်တမ်းအမျိုးမျိုးက
ဒီလုပ်ငန်းဆောင်ရွက်တဲ့ စနစ်တွေဟာ ကုန်ထုတ်လုပ်မှုကို တိုးတက်မြင့်မားစေခဲ့တယ်ဆိုတာ
ဖော်ပြနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်သမားတွေဟာ လုပ်ငန်းနဲ့ ပိုပြီးတော့ ဆက်စပ်မိပြီး
လုပ်ချင်ကိုင်ချင်တဲ့ စိတ်ဓာတ်လည်း တက်ကြွခဲ့ကြပါတယ်။

ကျွန်မတို့ မြန်မာနိုင်ငံမှာဆိုရင် အလုပ်သမားတွေရဲ့ အခွင့်အရေးအခြေအနေဟာ ကမ္ဘာပေါ်မှာ
အဆိုးဆုံးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အကောင်းကြီးလည်း မဟုတ်ဘူး။ ဟုတ်တယ် မဟုတ်လား။
သတင်းစာဖတ်လိုက်ရင် အဆင်မပြေတဲ့ အလုပ်သမားတွေအကြောင်း အတော်များများ
ကြားသိရပါလိမ့်မယ်။ ကျောက်ဆည်မှာ လုပ်ခလစာနဲ့ လုပ်ငန်းခွင်အခြေအနေနဲ့ စပ်လျဉ်းပြီး
အငြင်းပွားမှုတွေ ပေါ်ပေါက်ပြီးနောက် သူတို့ရဲ့ အလုပ်ရှင်က မတရားဖိနှိပ်ခံခဲ့ရတဲ့ ဘိလပ်မြေ
အလုပ်သမားတွေအကြောင်းပါမယ်။ သူတို့မန်နေဂျာရဲ့ မတရားဖိနှိပ်ဆောင်ရွက်မှုတွေကို
အလုပ်ဖြုတ်ခံရမှာစိုးလို့ ပွင့်ပွင့်လင်းလင်း မပြောရဲတဲ့ အလုပ်သမားတွေ အကြောင်းပါမယ်။
မန္တလေးမြို့မှာ အလုပ်သမားတွေကို မတရားခိုင်းလို့ ကန့်ကွက် ဆန္ဒပြကြတဲ့
သစ်စက်အလုပ်သမားတွေအကြောင်း တွေ့ရမယ်။ လှိုင်သာယာမုန့်တိုက်တစ်ခုမှာ အလုပ်က
ဖြုတ်ခံရတဲ့ လုပ်သက်ရင့်အလုပ်မသားတွေအကြောင်း ဖတ်ရမယ်။ သူတို့ အလုပ်ရှင်ထံကနေ
လူမှုဖူလုံရေးကတ်ပြား မရတဲ့ အလုပ်သမားတွေအကြောင်း၊ မီးဖွားခွင့်မရတဲ့ ကိုယ်ဝန်ဆောင်
အလုပ်သမားတွေအကြောင်း စသဖြင့် ဖတ်ရပါလိမ့်မယ်။ ဒီလို စိတ်မချမ်းသာစရာ
ဇာတ်ကြောင်းတွေဟာ ကျွန်မတို့ အလုပ်သမားလောကမှာ နေ့စဉ်နဲ့အမျှ တကယ်ဖြစ်ပျက်နေတဲ့
ဖြစ်ရပ်တွေပါ။

ကုမ္ပဏီတွေက အမြတ်လိုချင်လို့ လုပ်တယ်ဆိုတာ ကျွန်မနားလည်ပါတယ်။ ဒါပေမဲ့
အလုပ်သမားတွေကို သင့်တင့်မျှတတဲ့ လစာငွေပေးဖို့ ငြင်းဆန်တာနဲ့ လုပ်ငန်းခွင်အခြေအနေ
ကောင်းအောင် မဖန်တီးတာကတော့ နည်းလမ်းမကျဘူးလို့ ယူဆပါတယ်။ အထည်ချုပ်စက်ရုံတစ်ရုံကို
ဥပမာပြရရင် ကုမ္ပဏီ သူဌေးတွေဟာ အထည်တွေကို ဈေးပေါပေါနဲ့ ထုတ်လုပ်ရောင်းချနိုင်အောင်
ဖိအားပေးခံရတယ်လို့ တွက်မိတယ်။ ဒါကြောင့် အလုပ်သမားတွေကို လစာကလေးမဖြစ်စလောက်နဲ့
အလုပ်ချိန်အကြာကြီးခိုင်းပါတယ်။

ဥရောပတိုက်မှာ ကျွန်မမြင်တာကတော့ သုံးစွဲသူတွေဟာ သူတို့ ၀တ်တဲ့ အ၀တ် ဘယ်မှာလုပ်တာနဲ့
စပ်လျဉ်းပြီးတော့ ပိုပြီး သတိထားလာကြတယ်။ သူတို့ဝတ်တဲ့ အ၀တ်တွေနဲ့ ပတ်သက်ပြီးတော့
စိတ်ချမ်းသာမှု လိုချင်ကြတယ်။ သူတို့ဝတ်တဲ့ အ၀တ်တွေကို လုပ်ခလစာ ကောင်းကောင်းရပြီး
အလုပ်သမားတွေရဲ့ အခွင့်အရေးကိုလည်း အပြည့်အ၀ ခံစားရတဲ့ ပျော်ရွှင်ချမ်းမြေ့တဲ့
အလုပ်သမားတွေက ထုတ်လုပ်တာမျိုးကို လိုချင်ကြတယ်။ ချွေးတစ်လုံးလုံး သံတစ်လုံးလုံးနဲ့
ခေတ်သစ်ကျေးကျွန်စနစ်ရဲ့ နေရာဌာနတွေလို ဆိုနိုင်တဲ့ မတရားအလုပ်လုပ်နေရတဲ့ အထည်ချုပ်စက်ရုံ
တွေကနေ ထုတ်လုပ်ပေးလိုက်တဲ့ အ၀တ်တွေကို မ၀တ်ချင်ကြပါဘူး။ ဒီစားသုံးသူတွေရဲ့ အသိဟာ
တစ်နေ့ တခြားမြင့်တက်နေပြီး အလုပ်သမားတွေကို စောင့်ရှောက်ဖို့ ကောင်းမွန်တဲ့ စီးပွားရေး
လုပ်ငန်းစိတ်ဓာတ်မျိုး ဖန်တီးပေးပါတယ်။ ဒိန်းမတ်လိုနိုင်ငံမျိုးက အလုပ်သမားတွေဆိုရင် လုပ်ငန်းခွင်မှာ
ပျော်ရွှင်ချမ်းမြေ့တဲ့ အလုပ်သမား တွေဟာ ကုန်ထုတ်လုပ်မှုကို အများဆုံးထုတ်လုပ်နိုင်တယ်ဆိုတာကို
ဖော်ပြနေတာပါပဲ။ ပျော်ရွှင်တဲ့ လုပ်သားတွေက စီးပွားရေးလုပ်ငန်း ကောင်းမွန်အောင်မြင်မှု
သဘောတရားကို ဖန်တီးပေးတယ်မဟုတ်ပါလား။

လုပ်ငန်းခွင်မှာ အလုပ်သမားတွေကို ပျော်ရွှင်အောင် ထားနိုင်တဲ့ ပတ်ဝန်းကျင် တစ်ရပ်ဖန်တီးတာဟာ
ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်အတွက် အလွန်ပဲ အရေးပါပါတယ်။ ဒီအချက်ကို အလေးထားပြီးတော့
အခုအချိန်မှာ မြန်မာအစိုးရဟာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (အိုင်အယ်လ်အို)၊
ဥရောပသမဂ္ဂ၊ ဒိန်းမတ်နဲ့ ဂျပန်အစိုးရတွေကနေပြီး အလုပ်သမားဥပဒေတွေပြောင်းလဲဖို့ ကမကထ
လုပ်ပေးရာမှာ ပါဝင်နေတယ်ဆိုတာ သိရလို့ ကျွန်မဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဒီလို
ဆောင်ရွက်မှုဟာ ကျွန်မတို့ အလုပ်သမားတွေရဲ့ ဘ၀နဲ့ စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုတွေ၊
လုပ်ထုံးလုပ်နည်းတွေ တိုးတက်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အိုင်အယ်လ်အိုက အစိုးရ၊
အလုပ်ရှင်နဲ့ အလုပ်သမားတွေ သုံးပွင့်ဆိုင် ဆွေးနွေးမှုတွေကို အမြဲပဲ အလေးထား အာရုံစိုက်ပါတယ်။
မြန်မာနိုင်ငံက ဒုသမ္မတဟာ စီးပွားရေးအသိုင်းအ၀ိုင်းနဲ့ ပုံမှန် ဆွေးနွေးမှုတွေကို ဆောင်ရွက်ခဲ့ပါတယ်။
မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့က အလုပ်သမားနေ့မှာ သူတို့နဲ့ ပုံမှန်ဆွေးနွေးမှုတွေ လုပ်ဖို့
တောင်းဆိုခဲ့တာဟာ အကျိုးအကြောင်း မဆီလျော်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒီလိုငြိမ်းချမ်းစွာ
ဆွေးနွေးခြင်း၊ လုပ်ငန်းအကောင်အထည်ဖော်ခြင်းတွေကနေ ကျွန်မတို့တစ်တွေဟာ
အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေကို ဖော်ဆောင်နိုင်ပါတယ်။ အောင်မြင်တဲ့ စီးပွားရေး
လုပ်ငန်းတွေဟာ လုပ်ငန်းလုပ်ချင်စိတ်စေ့ဆော်မှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ ပျော်ရွှင်တဲ့
အလုပ်သမားတွေကို ဖန်တီးပေးနိုင်ပါတယ်။ ကျွန်မတို့ အလုပ်သမားတွေကို ကောင်းမွန်စွာ
ဂရုစိုက်ကြရအောင်။ ချစ်ခင်လေးစားလျက်။

တင်စိန် ဘာသာပြန်သည်။


(စာရေးသူ ဒေါ်အေးအေးဝင်းသည် ကွယ်လွန်သူ ဘီဘီစီဦးနေ၀င်း၏ သမီးတစ်ဦးဖြစ်ပြီး လက်ရှိတွင်
ပြင်သစ်နိုင်ငံ စထရပ်ဘိုးမြို့တွင် နေထိုင်လျက်ရှိသည်။ နိုင်ငံတကာအဖွဲ့အစည်းများတွင်
တာဝန်ထမ်းဆောင်ခဲ့သည့် ဒေါ်အေးအေးဝင်းသည် လက်ရှိတွင် အလွတ်တန်း အတိုင်ပင်ခံပညာရှင်
အဖြစ် အသက်မွေးလျက်ရှိပြီး တစ်ဖက်တစ်လမ်းမှ စာရေးသားနေသူလည်းဖြစ်သည်။
အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် ဒေါ်အေးအေးဝင်း၏ ဆောင်းပါးကို ဘာသာပြန်ဆို၍
ဖော်ပြခြင်းဖြစ်သည်။)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ဆောင်းပါး