အလယ်အလတ်နိုင်ငံရေးသမား ပြင်သစ်သမ္မတသစ်

ပါရီမြို့အနီး အညတရစစ်သည်များ ဗိမာန်သို့ လွမ်းသူ့ပန်းခွေချရန် ရောက်လာသည့် သမ္မတသစ် အီမန်နျူရယ် မက်ခရွန်ကို မေ ၁၄ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - အီးပီအေပါရီမြို့အနီး အညတရစစ်သည်များ ဗိမာန်သို့ လွမ်းသူ့ပန်းခွေချရန် ရောက်လာသည့် သမ္မတသစ် အီမန်နျူရယ် မက်ခရွန်ကို မေ ၁၄ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - အီးပီအေ

ချစ်မိတ်ဆွေများရှင်။ ကျန်းမာကြရဲ့လား။ အားလုံးကျန်းမာချမ်းသာကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ပြီးခဲ့တဲ့ အပတ်ကတော့ ဥရောပတိုက်မှာ နည်းလမ်းအတော်များများနဲ့ကို အရေးပါတဲ့ ရက်သတ္တပတ်
ဖြစ်ခဲ့ရပါတယ်။ ပြင်သစ်နိုင်ငံမှာလည်း အခမ်းအနား ကျင်းပစရာ အကြောင်းရှိပါတယ်။

အခု ပြင်သစ်မှာ သမ္မတသစ် တစ်ဦးတက်ပါတယ်။ သူ့နာမည်ကတော့ အီမန်နျူရယ် မက်ခရွန်ပါ။
သူ့ကို ရွေးကောက်တင်မြောက်တာဟာ အဘက်ဘက်ကကြည့်ရင် ထူးခြားပါတယ်။ ပထမအချက်က
သူဟာ အသက် ၃၉ နှစ်ပဲ ရှိတယ်။ ပြင်သစ်နိုင်ငံမှာ ဒီလိုအမြင့်ဆုံး ရာထူး ရရှိတဲ့အထဲမှာ
အသက်အငယ်ဆုံး ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ သူက လက်ဝဲနိုင်ငံရေးသမားလည်း
မဟုတ်ဘူး။ လက်ယာနိုင်ငံရေးသမားလည်း မဟုတ်ပါဘူး။ ပြင်သစ်နိုင်ငံမှာ သမ္မတ ရာထူးကို
လက်ရှိသမ္မတ ဆိုရှယ်လစ်ပါတီမှ ဖရန်ဆွာ အိုလွန်း ဒါမှမဟုတ် အိုလွန်းမတိုင်ခင် သမ္မတရာထူးကို
ယူထားတဲ့ လက်ယာယိမ်း ရီပတ် ဘလီကန်ပါတီမှ သမ္မတလောင်း နီကိုးလက် ဆာကိုဇီတို့က
ကြိုးကိုင်ထားတာဖြစ်တယ်။ ဒီ သမ္မတလောင်းတွေဟာ ထင်ပေါ်ကျော်ကြားတဲ့ လူတွေဖြစ်ပြီး
အတွေ့အကြုံကလည်း များတယ်။ ပြည်သူလူထုရဲ့ မျက်စိရှေ့မှောက်မှာလည်း
အချိန်အတော်ကြာကြာတွေ့ခဲ့ရတဲ့ လူတွေဖြစ်ပါတယ်။

အီမန်နျူရယ် မက်ခရွန်အတွက်ကတော့ လူသိများတဲ့ လူမဟုတ်ပါဘူး။ အတော်ကလေး အချိန်တိုတို
အတွင်းမှာ အာဏာရလာတာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်တုန်းက သူက အမ်မာချီ(EnMarche)ခေါ်တဲ့
နိုင်ငံရေးလှုပ်ရှားမှုသစ်တစ်ရပ်ကို ဖွဲ့စည်းတည်ထောင်ခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ တခြားလူတွေနဲ့
လုပ်ရတာဟာ အထူးသဖြင့် လက်ယာယိမ်းပါတီ၊ သို့မဟုတ် လက်ဝဲယိမ်းပါတီတွေ ဖြစ်နေကြ
နိုင်ငံရေးနဲ့ ပြင်သစ်နိုင်ငံရေးလောကကို လွှမ်းမိုးထားတာပါ။ လူတွေက ငြီးငွေ့နေကြပါပြီ။
မက်ခရွန်ကတော့ ပြင်သစ်အတွက် အလယ်အလတ်လမ်းကို ရွေးပြီး လျှောက်လှမ်းဖို့ လိုလားပါတယ်။
လွန်ခဲ့တဲ့ တစ်နှစ်ကျော် ၂၀၁၆ ဧပြီလအတွင်းက ဒီအမ်မာချီနိုင်ငံရေး လှုပ်ရှားမှု စတင်ခဲ့တယ်။
နိုဝင်ဘာလမှာ မက်ခရွန်က သူ့ကိုသူ သမ္မတလောင်းတစ်ဦးအဖြစ် ကြေညာခဲ့တယ်။ အခုအခါမှာ
သူ့ကို ပြင်သစ်နိုင်ငံရဲ့ သမ္မတသစ်အဖြစ် ရွေးကောက် တင်မြှောက်ခဲ့ကြတယ်။
ဘယ်လောက်မြန်ဆန်တဲ့ လူငယ်လေးတစ်ယောက်ပါလဲ။ ဥက္ကာပျံ ကျလာတဲ့ နှုန်းလောက်ကို
မြန်တယ်။

ဒါ့ဖြင့်ရင် အီမန်နျူရယ် မက်ခရွန်ဆိုတာ ဘယ်သူလဲ။ သူက ပြင်သစ်နိုင်ငံမြောက်ပိုင်းက မြို့ကြီးတစ်မြို့
ဖြစ်တဲ့ အေမီယံမြို့ကပါ။ သူက ဆရာဝန်မိသားစုက မွေးဖွားပြီး သားသမီးသုံးယောက်အနက်
အကြီးဆုံးသား ဖြစ်ပါတယ်။ သူ့အဖေက ဦးနှောက်နဲ့ အာရုံကြော ဆရာဝန်ကြီး။ အမေက
ကလေးအထူးကု ဆရာဝန်ဖြစ်ပါတယ်။ မက်ခရွန်ရဲ့ ညီနဲ့ ညီမ ကလည်း ဆရာဝန်တွေပါပဲ။
သူကတော့ မက်ခရွန်မိသားစုထဲမှာ ဆေးပညာနဲ့ အသက်မွေးဝမ်းကျောင်းမပြုတဲ့ တစ်ဦးတည်းသော
မိသားစုဝင်ဖြစ်ပါတယ်။ မက်ခရွန်ဟာ သူ့ထက် အသက် ၂၄ နှစ်ကြီးတဲ့ ဆရာမ ဘရစ်ဂျစ်နဲ့
မေတ္တာမျှနေတာကို မိဘတွေက လုံးဝမကြိုက်ပါဘူး။ သူတို့နှစ်ယောက် ၂၀၀၇ ခုနှစ်မှာ
လက်ထက်လိုက်ကြတယ်။ မက်ခရွန် က နိုင်ငံရေးသိပံ္ပတက္ကသိုလ်(Science Po)နဲ့
စီမံခန့်ခွဲရေးကျောင်း (Ecole Nationale d'Administration) ကို တက်ရောက်ပြီး
ပညာသင်ကြားခဲ့တယ်။ ဒီကျောင်းနှစ်ကျောင်းဟာ ပြင်သစ်မှာတော့ သိက္ခာအရှိဆုံး၊
နာမည်အကြီးဆုံး ကျောင်းတွေပါပဲ။ အဲဒီကျောင်းတွေမှာ သူပညာဆည်းပူးပြီးနောက်
ရင်းနှီးမြှုပ်နှံမှု ဘဏ်လုပ်ငန်းရှင်တစ်ဦးဖြစ်လာပါတယ်။

သူ့ရဲ့ နိုင်ငံရေးအတိုက်အခံတွေက သူ ဘဏ်လုပ်ငန်းရှင်တစ်ဦးဖြစ်ခဲ့တဲ့အတွက် သရော်ကြတယ်။
ကျွန်မကတော့ အကျိုးစီးပွား တစ်ခုတည်းကိုပဲ ရှေ့တန်း မတင်သမျှ ကာလ ပတ်လုံး ဘဏ်လုပ်ငန်းကို
ဘယ်လိုလုပ်ကိုင်ရလဲဆိုတဲ့ လုပ်ငန်းဗဟုသုတတွေ ရရှိတဲ့ အကျိုးကျေးဇူးခံစားရတယ်လို့
ယူဆရတယ်။ ၂၀၁၂ ခုနှစ်မှာ သူဟာ အယ်လ်လီဆေး သမ္မတရုံးမှာ ဒုတိယအတွင်းရေးမှူးချုပ် လုပ်ငန်း
တာဝန်ယူဖို့ ဘဏ်လုပ်ငန်းကို စွန့်လွှတ်ခဲ့တယ်။ ၂၀၁၄ ခုနှစ်ကနေစပြီး မက်ခရွန်ဟာ
သမ္မတဖရန်ဆွာအိုလွန်းရဲ့ လက်အောက်မှာ စီးပွားရေး၊ စက်မှုလုပ်ငန်းနဲ့ ဒစ်ဂျစ်တယ်
ကိန်းဂဏန်းများဆိုင်ရာ ၀န်ကြီးဌာနရဲ့ ၀န်ကြီးအဖြစ် ဆောင်ရွက်ခဲ့တယ်။

ပြင်သစ်စီးပွားရေးအခြေအနေက မကောင်းတာကြောင့် မက်ခရွန်က စီးပွားရေးလုပ်ငန်းများကို
ဦးစားပေးတဲ့ ဥပဒေမျိုးနဲ့ ပြင်သစ် စီးပွားရေးကို ပြုပြင်ပြောင်းလဲဖို့ ကြိုးပမ်းခဲ့ပါတယ်။
ဒီမက်ခရွန်ဥပဒေကို ဆိုရှယ်လစ်တွေ နဲ့ အလုပ်သမားသမဂ္ဂတွေက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခဲ့တယ်။
လက်ယာ၊ လက်ဝဲယိမ်း ပါတီတွေရဲ့ နိုင်ငံရေးလောကကို ငြီးငွေ့လာတဲ့ မက်ခရွန်ဟာ
၂၀၁၆ ဧပြီလမှာ အမ်မာချီ ခေါ်တဲ့ နိုင်ငံရေးလှုပ်ရှားမှုတစ်ရပ်ကို တည်ထောင်ခဲ့ပါတယ်။ အဲဒီနောက်
လေးလအကြာမှာ အစိုးရရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။ ကျွန်မကတော့ မက်ခရွန်ကို
အကြီးအကျယ် လိုလားတဲ့ လူတစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့လို့ လွန်ခဲ့တဲ့ ရက်သတ္တပတ်
အကျော်လောက်ကတော့ သူ့အကြောင်းကို နီးနီးစပ်စပ် လေ့လာခဲ့ပြီး အတော်လေးကို
အထင်ကြီးခဲ့ပါတယ်။ သူ့ဟောပြောပွဲတွေကို ကျွန်မတက်ရောက်နားထောင်ခဲ့တယ်။
စကားရည်လုပွဲတွေမှာလည်း နားထောင်ဖူးတယ်။ သူပြောတဲ့ အဓိကအကြောင်းအချက်ကို
ကျွန်မသေသေချာချာ နားထောင်ပါတယ်။ သူက လူသာငယ်ပေမယ့်လို့ သမ္မတရာထူးနဲ့တော့
ထိုက်တန်တယ်လို့ ကျွန်မအခုယုံကြည်မိပါပြီ။ သူဘာပြောတယ်ဆိုတာ သူကိုယ်တိုင် သိတယ်။
လွတ်လွတ်လပ်လပ် တွေးခေါ်တတ်ပြီးတော့ အမြော်အမြင်လည်းရှိတယ်။ သူက ဥရောပတိုက်နဲ့
တစ်ကမ္ဘာလုံးအရေးကို အပြုသဘောဆောင်ပြီး လိုလားတဲ့ သူဖြစ်တယ်။ ဥရောပနဲ့ ကမ္ဘာတစ်ဝန်းမှာ
စီးပွားရေး၊ နိုင်ငံရေးနဲ့ လူမှုရေးတွေ နှောင်ဖွဲ့နေရတဲ့ ခေတ်ကြီးမှာ ဥရောပနဲ့ ကမ္ဘာအတွက် အရေးပါတဲ့
အပြုသဘောအမြင်ရှိပါတယ်။

ပြင်သစ်သမ္မတသစ် အီမန်နျူရယ်မက်ခရွန် စစ်ယာဉ်တန်းဖြင့် မေ ၁၄ ရက်က Champs Elysee သို့ ရောက်ရှိလာစဉ်။ ဓာတ်ပုံ - အီးပီအေပြင်သစ်သမ္မတသစ် အီမန်နျူရယ်မက်ခရွန် စစ်ယာဉ်တန်းဖြင့် မေ ၁၄ ရက်က Champs Elysee သို့ ရောက်ရှိလာစဉ်။ ဓာတ်ပုံ - အီးပီအေ

ဒါကြောင့်မို့လို့လည်း ပြင်သစ်သမ္မတရွေး ကောက်ပွဲဟာ ပြင်သစ်နိုင်ငံအတွက်သာမကဘူး ဥရောပနဲ့
တစ်ကမ္ဘာလုံးအတွက် တကယ်ကိုပဲ အရေးပါတဲ့ ရွေးကောက်ပွဲကြီးဖြစ်ခဲ့ရတာပါ။ ပြင်သစ်နိုင်ငံမှာ
သမ္မတရွေးကောက်ပွဲကို နှစ်ကြိမ်ကျင်းပလေ့ရှိတယ်။ ပထမအကျော့ ရွေးကောက်ပွဲမှာ အစဉ်အလာ
ဆိုရှယ်လစ်ပါတီနဲ့ ရီပတ်ဘလီကန်သမ္မတလောင်းတွေ အပါအ၀င် သမ္မတလောင်း ၁၁ ဦး
ပါဝင်ရွေးချယ်ခံပါတယ်။ အဲဒီ ၁၁ ဦးထဲက ကိုးဦးဟာ ပယ်ချခံခဲ့ရပြီး ထိပ်ဆုံးက လိုက်နေတဲ့ နှစ်ဦး
ဖြစ်တဲ့ အမ်မာချီပါတီက အီမန်နျူရယ် မက်ခရွန်နဲ့ လက်ယာစွန်းရောက် အမျိုးသားတပ်ဦးပါတီက
မာရီးလပဲန်းတို့နှစ်ဦးပဲ နောက်ဆုံးအကျော့ ရွေးကောက်ပွဲကို ဆက်လက် ယှဉ်ပြိုင်ခွင့်ရခဲ့တယ်။
မက်ခရွန်နဲ့ လပဲန်းတို့ နှစ်ဦးဟာ တစ်ဦးနဲ့တစ်ဦး အမြင်လုံးဝခြားနားပါတယ်။ လက်ယာစွန်းရောက်
ကတော့ လုံးဝကို အစွန်းရောက်တဲ့ အမြင်ရှိတယ်။ သူတို့က ပြင်သစ်နယ်စပ်အားလုံးကို
ပိတ်ထားချင်တယ်။ နိုင်ငံခြားသားတွေကို မောင်းထုတ်ချင်တယ်။ ပြင်သစ်ကို ဥရောပတိုက်နဲ့
တခြား ကမ္ဘာ့နိုင်ငံတွေနဲ့ ဆက်သွယ်မှုမှန်သမျှ ဖြတ်တောက်ပိတ်ဆို့ဖို့ လိုလားတယ်။

ပြင်သစ်နိုင်ငံဟာ အလုပ်လက်မဲ့လို ပြဿနာမျိုးတွေ၊ ပြည်သူလူထုရဲ့ အသုံးစရိတ် တိုးမြင့်လာမှုတွေနဲ့
ပြင်သစ်နိုင်ငံမှာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှု စတဲ့ ပြဿနာ မျိုးစုံကို ကြုံနေရပါတယ်။
လက်ယာစွန်းရောက်တွေကတော့ အမုန်းတရားတွေကို မြှင့်တင်ပေးပြီး ပြင်သစ်ရဲ့ လူမှုရေးနဲ့
စီးပွားရေး ပြဿနာအားလုံးကို နိုင်ငံခြားသားတွေ အပေါ်မှာ ပုံချလိုတယ်။ လက်ယာစွန်းရောက်တွေဟာ
ဒီပြဿနာတွေနဲ့ ပတ်သက်ပြီးတော့ လူထုရဲ့ ဒေါသထွက်မှုကနေ နိုင်ငံရေးအမြတ် ထုတ်ခဲ့ကြတယ်။
လက်ယာစွန်းရောက်တွေက ပြင်သစ်ပါလီမန်၊ ဥရောပပါလီမန်တွေမှာ နေရာအတော်များများ ရရှိခဲ့ပြီး
တစ်နိုင်ငံလုံးက ဒေသန္တရ ကောင်စီအချို့ကိုလည်း ထိန်း ချုပ်ထားနိုင်ခဲ့ပါတယ်။

သမ္မတရာထူးရဖို့ကတော့ သူတို့ရဲ့ နောက် ထပ်လိုချင်တဲ့ အဓိကရည်မှန်းချက် ပန်းတိုင်ပါပဲ။
လက်ယာစွန်းရောက်တွေဟာ ဗြိတိန်နိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုတွေမှာ ပေါ်ပေါက်ခဲ့တဲ့
အဖြစ်အပျက်တွေကြောင့် ပိုပြီးတော့ အားရှိလာခဲ့ပါတယ်။

၂၀၁၆ ဇွန်လမှာ ဗြိတိန်နိုင်ငံမှာ ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ်မှ ဗြိတိန်နုတ်ထွက်ရေး (Brexit) ကိစ္စကို
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပခဲ့ပါတယ်။ ဥရောပသမဂ္ဂကနုတ်ထွက်ဖို့ ဗြိတိသျှပြည်သူလူထုက
မဲပေးကြလိမ့်မယ်လို့ တစ်ဦးတစ်ယောက်ကမှ မမျှော်လင့်ထားပါဘူး။ ဒါပေမဲ့ အခြေအနေက
အဲဒီလိုဖြစ်ခဲ့ တယ်။ ၂၀၁၆ နိုဝင်ဘာလအတွင်းက အမေ ရိကန်ပြည်ထောင်စုမှာ ဒေါ်နယ်ထရမ့်
သမ္မတအဖြစ် ရွေးကောက်ခံရမယ်လို့ ဘယ်သူကမှ မမျှော်လင့်ခဲ့ပါဘူး။ ဒါပေမဲ့လို့ အဲဒီအတိုင်းပဲ
ဖြစ်လာခဲ့တယ်။

၂၀၁၆ ခုနှစ် ကြောက်စရာကောင်းတဲ့ ရွေးကောက်ပွဲရလဒ်ကြောင့် လူတော်တော်များများက
ပြင်သစ်မှာ ဘာတွေများ ဖြစ်မလဲလို့ စိုးရိမ်ကြောင့်ကြခဲ့ကြတယ်။ ကံအားလျော်စွာပါပဲ။
လက်ယာစွန်းရောက်တွေ ပြုတ်ကျခဲ့တယ်။ အီမန်နျူရယ်မက်ခရွန်က ၆၆ ရာခိုင်နှုန်း မဲအပြတ်အသားနဲ့
အနိုင်ရပြီး လပဲန်းကတော့ ၃၄ ရာခိုင်နှုန်းပဲ ရခဲ့တယ်။

ဩစတြီးယားနဲ့ ဟော်လန်နိုင်ငံတွေမှာ များမကြာသေးခင်က ကျင်းပတဲ့ ရွေးကောက်ပွဲတွေမှာလည်း
လက်ယာစွန်းရောက်တွေကို မဲဆန္ဒရှင်တွေက အာဏာကနေ ဖယ်ရှားခဲ့တယ်။ တကယ်လို့
လက်ယာအစွန်းရောက် ပါတီက မာရီးလပဲန်းသာ အနိုင်ရခဲ့မယ်ဆိုရင် သူက ပြင်သစ်ကို (Frexit) လို့
ဝေါဟာရပေးထားတဲ့ ဥရောပသမဂ္ဂကနေ ပြင်သစ်နိုင်ငံ နုတ်ထွက်ရေးကို ဆောင်ရွက်မှာဖြစ်ပါတယ်။
ဥရောပ သမဂ္ဂကနေ ပြင်သစ်နိုင်ငံ နုတ်ထွက်သွားခဲ့ရင် ဥရောပသမဂ္ဂအဖွဲ့ကြီး ဆုံးခန်းတိုင်ပြီးလို့
ဆိုရမှာပဲ။ ကံကောင်းထောက်မတာကတော့ မက်ခရွန် အောင်ပွဲခံအနိုင်ရသွားတယ်။ ဥရောပသမဂ္ဂ
ပိုမိုအင်အားတောင့်တင်းခိုင်မာခဲ့ပြီး ကျန်ကမ္ဘာ့နိုင်ငံတွေကလည်း ပြင်သစ်နိုင်ငံဟာ သူ့ရဲ့ ကမ္ဘာ့ရေးရာ
ကတိက၀တ်တွေကို ပြည့်ဝအောင် ဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်နိုင်ခဲ့ကြတယ်။

ပါရီမြို့ Hotel de Ville ရှေ့တွင် လူထုကို နှုတ်ဆက်နေသော သမ္မတသစ် မက်ခရွန်နှင့် ပါရီမြို့တော်ဝန် အန်ဟိုက်ဒါလ်ဂို။ ဓာတ်ပုံ - အီးပီအေပါရီမြို့ Hotel de Ville ရှေ့တွင် လူထုကို နှုတ်ဆက်နေသော သမ္မတသစ် မက်ခရွန်နှင့် ပါရီမြို့တော်ဝန် အန်ဟိုက်ဒါလ်ဂို။ ဓာတ်ပုံ - အီးပီအေ

ရွေးကောက်ပွဲကျင်းပတဲ့ညက ထောင်နဲ့ချီ ရှိတဲ့ နယ်ပယ်အသီးသီးက မက်ခရွန်ကို
ထောက်ခံသူတွေဟာ ပြင်သစ်မှာနေတဲ့ တခြား လူမျိုးတွေ၊ ဒေသအမျိုးမျိုးက ပြည်သူတွေနဲ့ အတူ
ဒီသမိုင်းဝင်အောင်ပွဲကို ကျင်းပဖို့ ပါရီ မြို့လယ်ကောင်ရှိ လူးဗား(Louvre)နန်းတော် နေရာမှာ
စုဝေးခဲ့ကြတယ်။ လူးဗားဟာ ရှေးရိုးစွဲတွေနဲ့ ခေတ်သစ်ကမ္ဘာတို့ ဆုံတွေ့ကြတဲ့ သင်္ကေတနေရာ
တစ်ခုဖြစ်ပါတယ်။ ဒီနေရာကို မက်ခရွန်ကို ထောက်ခံသူတွေက အခမ်းအနား ကျင်းပဖို့
ရွေးချယ်ခဲ့ကြတာပါ။ ဒီရွေးကောက်ပွဲမှာ ပြင်သစ်လူထုတစ်ရပ်လုံးကို ကျွန်မဂုဏ်ယူခဲ့တယ်။ သူတို့က
အမုန်းတရားကို ပယ်ချပြီး မေတ္တာတရားအတွက် မဲပေးခဲ့ကြတယ်။ ဘယ်သူမှ မပါဝင်တဲ့ပုံစံကို
လက်မခံဘဲ အားလုံးပါဝင်ဖို့အတွက် မဲပေးခဲ့ကြတယ်။ အတိတ်ကဖြစ်ရပ်တွေကို ခါးသီးနာကြည်းစွာနဲ့
နောက်ကြောင်းပြန်ကြည့်တာကို သူတို့က လက်မခံဘဲ အဲဒီအစား အနာဂတ်အရေး မျှော်လင့်ချက်ကိုပဲ
ရှေးရှုပြီး မဲပေးခဲ့ကြပါတယ်။

ပြင်သစ်နိုင်ငံကို အနာဂတ်ကာလမှာ တိုးတက်စေဖို့ မက်ခရွန်က ဆောင်ယူသွားမယ်ဆိုရင် ပါလီမန်ရဲ့
ထောက်ခံမှု လိုပါတယ်။ ဒီပါလီမန်ရွေးကောက်ပွဲတွေဟာ ပြင်သစ်နိုင်ငံမှာ ဇွန်လထဲမှာ ကျင်းပမှာ
ဖြစ်ပါတယ်။ အခုအချိန်မှာ မက်ခရွန်ရဲ့ အမ်မာချီပါတီဟာ အမတ်တစ်နေရာမှ မရရှိသေးပါဘူး။
မက်ခရွန်အတွက် သူ့ကို ထောက်ခံသူတွေအတွက် နိုင်ငံရေးအံ့ဖွယ်ဘာတွေဖြစ်လာမလဲ။
သူတို့တွေက လာမယ့်ပါလီမန်ရွေးကောက်ပွဲတွေမှာ အမတ်နေရာ အများစုရအောင်
ဖန်တီးနိုင်ပါ့မလား။ ဒီကစ္စအတွက် ကျွန်မတို့ ဇွန်လအထိ စောင့်ရပါလိမ့်မယ်။
ဒီအကြောင်းအရပ်တွေကိုလည်း ကျွန်မဆက်ရေးပါမယ်။

မက်ခရွန်နဲ့ ကျွန်မတို့ခေါင်းဆောင် ဒေါ်စုတို့ မကြာသေးခင်က ပြောကြားတဲ့ မိန့်ခွန်းတွေကို
ကျွန်မသေသေချာချာ နားထောင်ခဲ့ပါတယ်။ ပြင်သစ်နဲ့ မြန်မာနိုင်ငံတို့ဟာ လူဦးရေအရ တူညီတဲ့
နိုင်ငံကြီး နှစ်နိုင်ငံ ဖြစ်ပါတယ်။ ခေါင်းဆောင်နှစ်ဦး စလုံးကလည်း ရှေ့ဆက်ဆောင်ရွက်ရမယ့်
လုပ်ငန်းစဉ်တွေကို အထူးအာရုံစိုက်နေကြပါတယ်။ သူတို့တစ်တွေဟာ ရွေးကောက်ခံ
ခေါင်းဆောင်တွေဖြစ်ကြပါတယ်။ ဒါပေမဲ့ ဘယ်ခေါင်းဆောင်မှ သူတို့ရဲ့နိုင်ငံကို တိုးတက်အောင်
တစ်ကိုယ်တော် ဆောင်ရွက်နိုင်ကြမှာ မဟုတ်ပါဘူး။

ဒီမိုကရေစီနိုင်ငံက နိုင်ငံသူနိုင်ငံသားတွေ ဖြစ်တဲ့ ကျွန်မတို့မှာလည်း ကြီးမားတဲ့ တာဝန်ကြီးတွေ
ရှိပါတယ်။ ကျွန်မတို့တာဝန်က မဲပုံးမှာ မဲထည့်လိုက်ရုံနဲ့ ပြီးဆုံးသွားမှာမဟုတ်ပါဘူး။ ဆက်ပြီးတော့
ရှိနေမှာပါ။ ကျွန်မတို့က ဘေးထိုင်၊ ဘုပြောသဘောနဲ့ ကျွန်မတို့ လိုချင်တာတွေကိုချည်းပဲ
ပြောနေလို့တော့ မရပါဘူး။ ကျွန်မတို့ကိုယ်တိုင် တက်တက်ကြွကြွ ဆောင်ရွက်ဖို့ လိုပါတယ်။ ကျွန်မတို့
လိုချင်တဲ့ ကိစ္စတွေအတွက်လည်း အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေလှမ်းဖို့ လိုအပ်ပါတယ်။
ပြင်သစ်မှာရှိတဲ့ ခေါင်းဆောင်တိုင်းဟာ သူတို့ ရဲ့ ဟောပြောချက်တွေကို "Vive la Republique!
Vive La France! သမ္မတနိုင်ငံ အဓွန့်ရှည်ပါစေ။ ပြင်သစ်နိုင်ငံ အဓွန့်ရှည်ပါစေ"လို့ ကြွေးကြော်သံနဲ့
နိဂုံးချုပ်တတ်ပါတယ်။ ဥရောပတိုက်ကို ဒေါ်အောင်ဆန်းစုကြည် ချစ်ကြည်ရေးခရီး လာရောက်
လည်ပတ်တဲ့ အခါသမယနဲ့ ပြင်သစ်မှာ ကောင်းမွန်တဲ့ ရွေးကောက်ပွဲရလဒ်တွေ အကြောင်းပြောပြီး
ကျွန်မရဲ့ စာကို "Vive la democratie! Vive la Birmanie" "ဒီမိုကရေစီစနစ် အဓွန့်ရှည်ပါစေ။
ကျွန်မတို့ချစ်မြတ်နိုးတဲ့ ပြည်ထောင်စုကြီး အဓွန့်ရှည်ပါစေ"လို့ပဲ ဆုတောင်းလိုက်ပါတယ်။
နောက်တစ်ပတ် ဆုံကြရအောင်။ ချစ်ခင်လေးစားလျက်။

တင်စိန် ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ဆောင်းပါး