နွေလယ်ကာလ၊ တေးသံစုံမြူး

ဂီတပွဲတော်နေ့တွင် စထရပ်ဘိုးမြို့လယ်တစ်နေရာတွင် ဖျော်ဖြေနေသူများကို တွေ့ရသည်။ ဓာတ်ပုံ - ဇိနာလန်မာဂီတပွဲတော်နေ့တွင် စထရပ်ဘိုးမြို့လယ်တစ်နေရာတွင် ဖျော်ဖြေနေသူများကို တွေ့ရသည်။ ဓာတ်ပုံ - ဇိနာလန်မာ

ချစ်မိတ်ဆွေများရှင်။ ကျွန်မ ဥရောပတိုက်က ပေးစာတွေ ရေးနေတာ အခုဆိုရင် ကိုးလနီးပါး
ရှိသွားပါပြီ။ ဒီကာလတွေအတွင်းမှာ ဥရောပတိုက်က ရာသီဥတုတွေဟာ အကြိမ်ကြိမ်
ပြောင်းလဲခဲ့ပါပြီ။ အခုအခါမှာ မြန်မာနိုင်ငံမှာလိုပဲ အလွန်ပူပါတယ်။ ဥရောပတိုက်မှာ
နွေရာသီကတော့ အခုအချိန်မှာ အင်တိုက် အားတိုက် အပြည့်အ၀ ပေါ်ပေါက်နေပါပြီ။

ကျွန်မဒီရာသီဥတုတွေ၊ သဘာဝတရားကြီးနဲ့ ကမ္ဘာဂြိဟ်ကြီးကို သတိထားပြီး လေ့လာတဲ့အခါမှာ
သူတို့ရဲ့ ကြီးကျယ်မှု မတူကွဲပြား ခြားနားမှုနဲ့ အလှအပတရားတွေကို အထူး အံ့ဩမိပါတယ်။
ကျွန်မတို့အားလုံးဟာ ကမ္ဘာဂြိုဟ်တစ်ခုတည်းပေါ်မှာ နေထိုင်ကြတာဖြစ်ပေမဲ့ ရာသီဥတုတွေကိုတော့
အမျိုးမျိုးကြုံခဲ့ရ တယ်။ စွမ်းပကားကြီးလှတဲ့ နေမင်းရှိရာ နေစကြ၀ဠာကြီးရဲ့ အလယ်ဗဟိုနဲ့ အတော့်ကို
ခြားနားပါတယ်။ အခုစာရှုသူတို့ နေထိုင်ကြတဲ့ မြန်မာနိုင်ငံဟာ အီကွေတာနဲ့ ပိုပြီးတော့ နီးတယ်။
ရာသီဥတုကလည်း နှစ်မျိုးပဲရှိတယ်။ မိုးရာသီ နဲ့ ခြောက်သွေ့ရာသီပါ။

မြန်မာနိုင်ငံနဲ့ တခြားနိုင်ငံတွေဟာ အီကွေတာနဲ့ ကပ်နေတာမို့ နေ့အလင်းရောင်ကို ပိုပြီးတော့ ရတယ်။
မှောင်တဲ့အချိန်ကလည်း တစ်နှစ်ပတ်လုံးမှာ တူကြတယ်။ မနက် မိုးလင်း ခြောက်နာရီလောက်ဆိုရင်
နေထွက်ပြီ။ ညနေခြောက်နာရီလောက်ဆို နေ၀င်တယ်။ တစ်နေ့မှာ ၁၂ နာရီပတ်ဝန်းကျင်
နေရောင်ခြည်ရရှိပြီး တစ်နှစ်ပတ်လုံးလည်း နေရောင်ရတယ်။ အဲဒါတွေက ဒီဥရောပတိုက်မှာနဲ့
အတော့်ကို ခြားနားပါတယ်။

ကျွန်မတို့နေထိုင်တဲ့ စထရပ်ဘိုးမြို့မှာ နွေလတွေမှာ နေရောင်ခြည်ဟာ ၁၆ နာရီ လောက်အထိ
များများရပြီး ဆောင်းရာသီလတွေမှာတော့ ရှစ်နာရီလောက်ကလေးပဲ ရပါတယ်။ ကျွန်မ အခုနှစ်
ဇွန်လတုန်းက ဖင်လန်နိုင်ငံ ဟယ်လ်ဆင်ကီးမြို့ကို သွားရောက် လည်ပတ်ခဲ့ပါတယ်။ အဲဒီမြို့မှာ
နေရောင်ခြည် ၁၉ နာရီလောက်ရတယ်။ ဒါပေမဲ့ ဒီဇင်ဘာလမှာများ သွားလည်မိရင်တော့
နေ့ခင်းဘက်မှာ နာရီအနည်းငယ်ကလေးမျှပဲ နေရောင်ခြည် ရပြီး ကျန်တဲ့အချိန်မှာတော့
မှောင်နေမှာပါ။

တကယ်လို့များ မြောက်ဘက်ကို ဆက်သွားရင် ခြားနားမှုက ဒီထက်ပိုပြီးတော့ ကြီးမားပါလိမ့်မယ်။
ဥရောပတိုက်က မြောက်ဘက် အကျဆုံး နေရာဖြစ်တဲ့ နော်ဝေနိုင်ငံ နော့ကပ် (Nordkapp) ကို
ကျွန်မတို့ သွားကြမယ်ဆိုရင် ဆောင်းလတွေအားလုံးမှာ လုံးဝ နေရောင်ခြည်မရပါဘူး။ မေလကနေ
ဩဂုတ်လအထိကတော့ တစ်ချိန်လုံး နေရောင်ခြည် ရနေပါတယ်။ အဲဒီမှာဆိုရင် တစ်ညလုံး
ညလုံးပေါက်နီးပါး နေရောင်ခြည်ကလည်း ထွန်းလင်းတောက်ပနေတာကိုသာ တွေးကြည့်ပါတော့။
ညသန်းခေါင်ကြီး နေပူနေတော့ ဘယ်လောက်အံ့ဩစရာ ကောင်းသလဲ။ ဒီလိုခြားနားမှုတွေ
အားလုံးကို ကြည့်လိုက်တော့ ကျွန်မတို့ရဲ့ ကမ္ဘာဂြိုဟ်ကြီးဟာ ဘယ်လောက်များ လှလိုက်ပါသလဲရှင်။

မြောက်ကမ္ဘာခြမ်းမှာဆိုရင် ဇွန် ၂၁ ရက်ဟာ နွေရာသီနေ့ ၀င်ရိုးစွန်းအချိန် Solstice ဒါမှမဟုတ်
နွေလယ်ကာလဖြစ်ပါတယ်။ အဲဒီအချိန်ဟာ ဥရောပတိုက်မှာနေတဲ့ ကျွန်မတို့ အတွက်ကတော့
တစ်နှစ်တာရဲ့ နေ့တာအရှည်ဆုံးပါပဲ။ ဖင်လန်နဲ့ စကင်ဒီနေးဗီးယန်းနိုင်ငံတွေလို ဥရောပတိုက်
မြောက်ပိုင်းက နိုင်ငံတွေအတွက်ကတော့ အာတိတ်စက်ဝိုင်းနဲ့ ကပ်နေတာမို့ နွေလယ်ကာလဟာ
ခရစ္စမတ်ပွဲတော်လောက်ကို အရေးပါလှပါတယ်။

ဖင်လန်နိုင်ငံမှာနေတဲ့ ကျွန်မတို့ မိတ်ဆွေ တစ်ယောက်က တစ်ခါတုန်းက ပြောပြဖူးတယ်။
နွေလယ်ကာလရဲ့ အရေးပါမှုကို စာဖွဲ့ ဖို့ကို အတော်ခဲယဉ်းတယ်လို့ ဆိုပါတယ်။ နော်ဝေဂျီယမ်တွေ၊
ဖင်းလူမျိုးတွေ၊ ဆွီဒင်နဲ့ ဒိန်းလူမျိုးတွေလို ဥရောပမြောက်ပိုင်းသား တွေအတွက် နွေလယ်ကာလဟာ
သူတို့ရဲ့ သောကကင်းဝေးနေထိုင်ဖို့ အချိန်ပဲဖြစ်တယ်။ သူတို့တစ်တွေဟာ မြို့ကြီးပြကြီးတွေကနေ
ထွက်ခွာသွားပြီး သစ်တောတွေထဲမှာ ရှိတဲ့ သူတို့ရဲ့ ကျေးလက်နေအိမ်တဲလေးတွေဆီကို
သွားကြပါတယ်။ အဲဒီမှာ သူတို့ မီးပုံပွဲ တွေလုပ်ကြတယ်။ စားပွဲသောက်ပွဲကြီးတွေ ကျင်းပတယ်။
ညသန်းခေါင်ယံမှာ အင်မတန် အေးမြနေတဲ့ ကန်ထဲမှာ ရေကူးကြတယ်။ တေးဂီတတူရိယာတွေ
တီးမှုတ်ကြတယ်။ မနက်မိုးလင်းအထိ သူတို့ ကကြခုန်ကြတယ်။ မိသားစုနဲ့ မိတ်ဆွေတွေအားလုံး
အတူတွဲပြီးတော့ မနက်ဖြန်ဆိုတာမရှိတဲ့ ပါတီမျိုးတွေ ကျင်းပကြတယ်။ နွေလယ်ကာလဟာ
ဥရောပမြောက်ပိုင်းက ကျွန်မတို့ မိတ်ဆွေတွေအတွက် အပျော်ရွှင်ဆုံးနေ့ရက်တွေပါပဲ။
လတော်တော်ကြာကြာ နေရောင်ခြည်မမြင်ရဘဲနဲ့ နေထိုင်ခဲ့ပြီးတဲ့နောက် နွေလယ်ကာလညမှာ
သူတို့ ဘာကြောင့် ဒီလောက်တောင်ပျော်လဲဆိုတာ ကို စာရှုသူတို့လည်း ကောင်းကောင်း
နားလည်နိုင်ပါတယ်။ စကင်ဒီနေးဗီးယန်းဒေသက လူမျိုးတွေဟာ ရှက်တတ်၊ ကြောက်တတ်ပြီး
အတော်အေးအေးဆေးဆေးနေတတ်တဲ့ လူတွေလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမဲ့ နွေလယ်ည
ကာလမှာဆိုရင်တော့ သူတို့ကို ကြည့်လိုက်ရင် ကိုယ်ထင်ထားတာနဲ့ လုံးဝ ခြားနားသွားပါလိမ့်မယ်။

စထရပ်ဘိုးမြို့လယ် ဘုရားကျောင်းတွင် ဂီတအဖွဲ့တစ်ဖွဲ့ ဖျော်ဖြေနေစဉ်။ ဓာတ်ပုံ - ဇိနာလန်မာစထရပ်ဘိုးမြို့လယ် ဘုရားကျောင်းတွင် ဂီတအဖွဲ့တစ်ဖွဲ့ ဖျော်ဖြေနေစဉ်။ ဓာတ်ပုံ - ဇိနာလန်မာ

ကျွန်မတို့နေထိုင်တဲ့ ပြင်သစ်နိုင်ငံ နွေလယ်ညကလည်း အတော့်ကို ကြီးကျယ်တဲ့ ညတစ်ည
ဖြစ်ပါတယ်။ အဲဒီညဟာ Fete de la Musique ညပဲဖြစ်ပါတယ်။ ဒီတေးဂီတပွဲတော်ဟာ
လူကြိုက်များတဲ့ အစဉ်အလာတစ်ရပ်ဖြစ် ပြီး ပြင်သစ်နိုင်ငံတစ်ဝန်းလုံးက မြို့ကြီးမြို့ငယ်
တော်တော်များများမှာ အခမ်းအနားတွေနဲ့ ကျင်းပကြပါတယ်။ မန်ချက်စတာနဲ့ လန်ဒန်မြို့တို့လို
နေရာမှာ လူအုပ်ကြီးထဲကို မကြာသေးခင်ကပဲ အကြမ်းဖက်သမားက ၀င်ရောက် တိုက်ခိုက်ခဲ့ပေမဲ့
လူတွေကတော့ ကောင်းကောင်းမွန်မွန်ပဲ ဆက်ပြီးနေထိုင်သွားဖို့ သံန္နိဋ္ဌာန်ချ ထားခဲ့ကြပါတယ်။
စထရပ်ဘိုးနဲ့ တခြားမြို့ ကြီးတွေမှာလည်း ပွဲတော်ညကာလအတွင်း မြို့လယ်ကောင်မှာ
မော်တော်ယာဉ်အသွား အလာကို တားမြစ်ထားပါတယ်။ မြို့လယ်ကောင်သွားရင် ကိုင်လာတဲ့
အိတ်မှန်သမျှကို စစ်ဆေးပါတယ်။ တကယ်တော့ Fete de la Musique ပွဲတော်ဟာ
စိုးရိမ်ကြောက်လန့်မှုထက် တေးဂီတက ပိုပြီးတော့ အားကောင်းတယ်ဆိုတာကို
သာဓကဆောင်နေတာပါပဲ။ တေးဂီတကသာလျှင် ချစ်ခြင်းမေတ္တာ၊ တေးဂီတကသာလျှင်
အလင်းရောင်၊ တေးဂီတကသာလျှင် လူထုကို စုစည်းညီညွတ်စေဖို့အတွက် တစ်ခုတည်းသော
ထူးခြားတဲ့ အကြောင်းရင်းဖြစ်ပါတယ်။

အဲဒီညတုန်းက ဘယ်လိုအခြေအနေနဲ့ တူနေလဲဆိုတဲ့ ဂီတပွဲတော်ညရဲ့ ရနံ့ကလေးကို
ကျွန်မပေးပါရစေ။ အဲဒီညတုန်းက မိသားစုတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေ၊ လူမျိုးစုံ
တိုင်းရင်းသားမျိုးစုံက လူတွေ၊ လမ်းပေါ်ကို ထွက်လာတဲ့ အသက်အရွယ်အမျိုးမျိုးရှိတဲ့
လူတွေအားလုံးဟာ အင်မတန်ကြီးကျယ်တဲ့ ဂီတညချမ်းမှာ ကြည်နူးပျော်ရွှင်နေကြပါတယ်။
စထရပ်ဘိုးမြို့ရဲ့ ပတ်ဝန်းကျင်ကတော့ အတော့်ကို အံ့ဩဖွယ်ရာ ထူးခြားကောင်းမွန် နေပါတယ်။
စထရပ်ဘိုးမြို့ ဘုရားရှိခိုးကျောင်းကြီးရဲ့ ရှေ့မှာကလေးတင်ပဲ ဘင်ခရာတွေ ကိုယ်မှာတပ်ဆင်ပြီး
တီးမှုတ်ကာ ချီတက်လာ နေကြတယ်။ နှလုံးသားကို ဆွဲဆောင်စေ လောက်တဲ့ စည်းဝါးကျကျ
တီးမှုတ်နေကြတယ်။ ဒီထက်မီတာအတန်အကွာမှာတော့ ဂျတ်စ်တေးဂီတပွဲတစ်ခု ကျင်းပနေပါတယ်။
ကျွန်မတို့ရဲ့ ညာဘက်၊ ဘယ်ဘက်ထောင့် ကလေးတွေမှာ တခြားတီးဝိုင်းအဖွဲ့တွေရှိပြီးတော့
တေးဂီတပုံစံနောက်တခြားတစ်မျိုးနဲ့ ဖျော်ဖြေနေကြတယ်။ ဒါပေမဲ့ ပျော်ရွှင်နေတဲ့ ၀န်းကျင်ကတော့
တူတူပါပဲ။ တေးဂီတအဖွဲ့ တွေကတော့ အရွယ်အစားအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ ခေတ်သစ်ရော
ရိုးရာတေးဂီတပါ စုံနေတာပါပဲ။ အာဖရိကန်တွေရဲ့ ဘင်အဖွဲ့တွေ ပါတယ်။
ကယ်ရစ်ဘီယန်ကျွန်းတွေက အတီးအမှုတ်အဖွဲ့တွေပါတယ်။ တခြားလူမျိုးတွေရဲ့ အဖွဲ့တွေကလည်း
သူတို့ရဲ့ ယဉ်ကျေးမှုနဲ့ တေးဂီတတွေကို ဖလှယ်ဖို့ ရောက်ရှိလာကြပါတယ်။

စာရှုသူချစ်မိတ်ဆွေများ သိကြတဲ့အတိုင်းပဲ နွေလယ်ကာလဟာ လှပတဲ့ နွေညအိပ်မက်တွေ မက်ဖို့
အချိန်လည်း ဖြစ်ပါတယ်။ ကျွန်မအတွက်ကတော့ Fete de la Musique ပွဲတော်ကြီးမှာ
မြန်မာတေးဂီတသံစုံတီးဝိုင်းကြီး တီးမှုတ်နိုင်မယ့် နေ့တစ်နေ့ကိုပဲ စိတ်ကူးယဉ်အိပ်မက်မက်နေပါတယ်။
လူထုကလည်း ဒီတေးဂီတကို နှစ်သက်ကြမှာပါ။ ကျွန်မတို့ ဂီတသံက ထူးခြားတယ်။ ဥရောပတိုက်က
လူတွေက ကျွန်မတို့ တေးဂီတသံနဲ့ သိပ်ပြီးတော့ မယဉ်ပါးကြသေးပါဘူး။ ဒါကြောင့် သူတို့ရဲ့
တေးဂီတနဲ့ ယဉ်ကျေးမှုတွေကို မျှဝေခံစားနေသလို ကျွန်မတို့ကလည်း ဘာလို့ ပြန်ပြီးတော့
မပေးနိုင်ကြရမှာလဲ။ ကျွန်မတို့ရဲ့ မြန်မာဆိုင်းဝိုင်းသံတွေကို သူတို့ မြင်မယ်၊ ကြားမယ်ဆိုရင်
သူတို့ဘယ်လောက် အထင်ကြီးချီးမွမ်းကြမလဲ။ မြန်မာ့တူရိယာ နှဲရဲ့ အသံမြင့်လှတဲ့ တေးသံ၊
ပတ်ဝိုင်းကြီးရဲ့ ငြိမ့်ညောင်းလှတဲ့ အသံ၊ ကြေးဝိုင်းနဲ့ မောင်း ဆိုင်းရဲ့ အသံ၊ ခြောက်လုံးပတ်တို့ရဲ့
စည်းဝါး ကျကျ တီးကြမှုတ်ကြတဲ့ အသံတွေဟာ သူတို့ လေးစားချီးမွမ်းကြမှာပါ။

ကျွန်မကတော့ မြန်မာ့ရိုးရာတေးဂီတနဲ့ ဝေးကွာနေတာ ကာလအတော်ကို ကြာပါပြီ။ ဒါပေမဲ့
ဆိုင်းဝိုင်းကြီးက တူရိယာပညာရှင်တွေ တီးကြမှုတ်ကြတာကို နားထောင်ရတဲ့အခါမှာ ကျွန်မအမြဲပဲ
အထင်တကြီးနဲ့ လေးစားမိပါ တယ်။ သူတို့ရဲ့ လက်ကလေးတွေဟာ ဘယ်လောက်မြန်မြန်
လှုပ်ရှားပြီးတော့ တေးဂီတကို ဖန်တီးနိုင်ခဲ့ပါသလဲ။ ဒါကြောင့် ကျွန်မတို့ရဲ့ မြန်မာနိုင်ငံက
ရိုးရာအသံတွေ ဥရောပတိုက် က မိတ်ဆွေတွေဆီကို ရောက်အောင် ပို့ရမယ့် အချိန်တစ်ချိန်ကိုပဲ
ကျွန်မအိပ်မက် မက်နေမိပါတယ်။ ကျွန်မတို့ရဲ့ လှပတဲ့ ယဉ်ကျေးမှုကို ဥရောပနဲ့ ကမ္ဘာကို
ပျံ့နှံ့စေချင်ပါတယ်။ ဒါကြောင့် ချစ်မိတ်ဆွေများရှင်။ အခုကျွန်မတို့ ရောက်နေတဲ့ ကမ္ဘာ့အစိတ်အပိုင်း
တစ်နေရာကနေ ချစ်ခင်လေးစားစွာနဲ့ပဲ နေရောင်ခြည် ထွန်းလင်းတဲ့ ကာလမှာ တစ်ညလုံး ဂီတသံစုံ
သီကျူးနေတဲ့အကြောင်း ရေးသားလိုက်ပါရစေ။ စာရှုသူတို့လည်း အိပ်မက်လှလှမက်ပါစေ။
နောက်တစ်ပတ်ဆက်ကြရအောင်။

တင်စိန် ဘာသာပြန်သည်။


(စာရေးသူ ဒေါ်အေးအေးဝင်းသည် ကွယ်လွန်သူ ဘီဘီစီဦးနေ၀င်း၏ သမီးတစ်ဦးဖြစ်ပြီး လက်ရှိတွင်
ပြင်သစ်နိုင်ငံ စထရပ်ဘိုးမြို့တွင် နေထိုင်လျက်ရှိသည်။ နိုင်ငံတကာအဖွဲ့အစည်းများတွင် တာဝန်
ထမ်းဆောင်ခဲ့သည့် ဒေါ်အေးအေးဝင်းသည် လက်ရှိတွင် အလွတ်တန်း အတိုင်ပင်ခံပညာရှင်အဖြစ်
အသက်မွေးလျက်ရှိပြီး တစ်ဖက်တစ်လမ်းမှ စာရေးသားနေသူလည်း ဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့်
ရေးသားထားသည့် ဒေါ်အေးအေးဝင်း၏ဆောင်းပါးကို ဘာသာပြန်ဆို၍ ဖော်ပြခြင်းဖြစ်သည်။)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။