ပြင်သစ်ဝိုင်တစ်ခွက် မြည်းကြည့်ချင်သလား

ပြင်သစ်နိုင်ငံအရှေ့မြောက်ပိုင်း အယ်လ်ဆာစီဒေသထုတ် ၀ိုင်များကို မြည်းစမ်းနေစဉ်။ အောင်ရှင်/မြန်မာတိုင်း(မ်)ပြင်သစ်နိုင်ငံအရှေ့မြောက်ပိုင်း အယ်လ်ဆာစီဒေသထုတ် ၀ိုင်များကို မြည်းစမ်းနေစဉ်။ အောင်ရှင်/မြန်မာတိုင်း(မ်)

ချစ်မိတ်ဆွေများရှင်။ စာရှုသူတို့ ပြင်သစ်နိုင်ငံအကြောင်း စဉ်းစားလိုက်ရင် စိတ်ထဲမှာ ဘာတွေ
ပေါ်လာမလဲ။ ပါရီမြို့က အီဖယ်လ် မျှော်စင်ကြီးလား၊ မိုနာလီဇာပန်းချီကားရှိတဲ့ လုဗ်ပြတိုက်လား၊
ပြင်သစ်တော်ဝင်အသိုင်းအ၀ိုင်းနဲ့ မှူးကြီးမတ်ရာတွေ နေထိုင်တဲ့ သမိုင်းဝင် ရှာထိုး(ရဲတိုက်)
အကြောင်းလား၊ ဘယ်ရီဦးထုပ်အနက်ကလေးတွေ ဆောင်းပြီး စက်ဘီးကလေးနဲ့ ဘာဂက်ခေါ်တဲ့
ပေါင်မုန့်တွေ လိုက်ပို့နေတဲ့ ပြင်သစ်တစ်ယောက်အကြောင်းပဲလား၊ လမ်းဘေးမှာရှိတဲ့
ကဖီးဆိုင်တွေပဲလား၊ ၀ိုင်အရက်ရောင်းတဲ့ ဘစ်ထရော့ စားသောက်ဆိုင်ကလေးတွေပဲလား၊
ယဉ်ကျေးမှု စားပုံသောက်ပုံချက်ပြုတ်ပုံ ဓလေ့နဲ့ အကောင်းစား ၀ိုင်အရက်တွေ အကြောင်းကို
ဂုဏ်ယူနေကြတဲ့ လူတွေ အကြောင်းကိုပဲလား။ အို ... လာလာလာ အင်မတန်စုံတဲ့ ပြင်သစ်ပါလား။
ပြင်သစ်က လူတွေဟာ နေနည်း ထိုင်နည်းကလည်း အနုပညာပါပါ နေထိုင်ကြပါတယ်။
စားသောက်ရင်လည်း သူတို့စားတဲ့ ပန်းကန်ကို လှလှပပ ပြင်ဆင်ပြီး အေးအေးဆေးဆေး
အရသာခံပြီး စားတယ်။ ၀ိုင်လေးတစ်ခွက်လည်း ပါတယ်။

ဟုတ်ပါတယ်။ ပြင်သစ်မှာ ၀ိုင်တစ်ခွက် မပါတဲ့ စားပွဲ ဆိုတာ မရှိပါဘူး။ ပြင်သစ်တွေဟာ
ဝိုင်သောက်သုံးတဲ့ သူတွေနဲ့ ၀ိုင်ထုတ်လုပ်တဲ့ သူတွေကို မက်မက်မောမောရှိပါတယ်။ ဒီနိုင်ငံဟာ
နှစ်ပေါင်း ရာနဲ့ချီပြီးတော့ ၀ိုင်အရက် အများဆုံး ထုတ်လုပ်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တယ်။
ပြင်သစ်ဝိုင်တွေဟာ တစ်ကမ္ဘာလုံးမှာ ထင်ပေါ်ကျော်ကြားတယ်။ တစ်နှစ်တစ်နှစ်ကို
ဝိုင်ပုလင်းသန်းပေါင်း ၇,၀၀၀ ကနေ ၈,၀၀၀ ကြား ထုတ်လုပ်တယ်။ အဲဒီဝိုင်ပုလင်းတွေဟာ
ကမ္ဘာဂြိုဟ်ပေါ်မှာရှိတဲ့ လူဦးရေထက်ကို များပါတယ်။

ပြင်သစ်နိုင်ငံမှာ ၀ိုင်ထုတ်လုပ်တဲ့ စပျစ်သီးအဓိက စိုက်ပျိုးရာ ဒေသကြီး ၁၀ ခုရှိပါတယ်။ အဲဒီထဲက
ထိပ်ဆုံး သုံးခုကို ကျွန်မနာမည်နဲ့ ပြောရရင် ရှန်ပိန်၊ ဘော်ဒိုးနဲ့ ဘာဂန်ဒီပြည်နယ်တွေပဲဖြစ်ပါတယ်။
ဒီဒေသတစ်ခုချင်းစီဟာ သူတို့ဒေသမှာ အထူးပြုပြီးတော့ ထုတ်လုပ်တဲ့ ဒေသထွက် ၀ိုင်တွေ
အသီးသီးရှိပါတယ်။ အခုရှန်ပိန်ဒေသကို နမူနာတစ်ခုကြည့်ရအောင်။ ရှန်ပိန်လို့ခေါ်တဲ့ အဖြူရောင်
အမြှုပ်ကလေးတွေစီနေတဲ့ ၀ိုင်ကို အတော်များများ တွေ့ဖူးကြမှာပါ။ ရှန်ပိန်ဟာ နှစ်သစ်ကူးမှာ
သောက်တဲ့ အခမ်းအနားတွေမှာ သောက်ကြတဲ့ အမြှုပ်ကလေးတွေ တစီစီနဲ့ ၀ိုင်ဖြစ်ပါတယ်။
မင်္ဂလာဆောင်တွေ၊ မွေးနေ့တွေနဲ့ တခြားအခမ်းအနားပွဲတွေမှာလည်း ရှန်ပိန် ကို သောက်ကြတယ်။
ကမ္ဘာပေါ်မှာ အမြှုပ်တွေ ထနေတဲ့ ၀ိုင်ဖြူအမျိုးမျိုးရှိပါတယ်။ ဒါပေမဲ့ ပြင်သစ် ရှန်ပိန်ဒေသက
ထုတ်လုပ်တဲ့ ၀ိုင်အရက်ကိုပဲ ရှန်ပိန်လို့ ခေါ်နိုင်ပါတယ်။

ဒီကမ္ဘာကျော် ရှန်ပိန်ကို ဒွမ်ပီရစ်နွမ် (Dom Perignon) အမည်ရှိတဲ့ ရဟန်းတစ်ပါးကနေ ပုလင်းထဲမှာ
ဒီလိုအမြှုပ်ကလေးတွေ စီတက်နေတဲ့ နည်းလမ်းကို ဖန်တီးခဲ့တာပဲ။ ရှန်ပိန်ပုလင်းတစ်ပုလင်းမှာ
ပျမ်းမျှအားဖြင့် အဲဒီတစီစီ တက်နေတဲ့ အမြှုပ်ကလေးပေါင်း ၄၉ သန်းလောက်ရှိတယ်။ ရှန်ပိန်ပုလင်း
ဖောက်တဲ့အခါမှာ သတိထားပါ။ ဘာဖြစ်လို့လဲဆိုတော့ ပုလင်းထဲက လေဖိအားက
ဘယ်လောက်ပြင်းသလဲဆိုရင် ရှန်ပိန်ပုလင်းရဲ့ ဖော့ဘူးစို့ဟာ တစ်နာရီကို ၆၀ ကီလိုမီတာနှုန်း
အမြန်နဲ့ ပွင့်ထွက်လာနိုင်တယ်။ ဘော်ဒိုးဒေသကလည်း ၀ိုင်အရက်ထုတ်လုပ်တဲ့ နောက်ဒေသ
တစ်ခုပါပဲ။ ဒီပြင်သစ်နိုင်ငံရဲ့ ဒေသဟာ ပင်လယ်ကိုလည်း လမ်းပွင့်တယ်။ အဲဒါကြောင့် ရှေးတုန်းက
ဘော်ဒိုးက ၀ိုင်တွေဟာ ပင်လယ်လမ်းကြောင်းကနေ ဖြတ်သန်းပြီးတော့ တခြားနေရာတွေကို
ပို့ဆောင်ပါတယ်။

အယ်လ်ဆာစီဒေသ၊ ကိုင်ဇာဘ့ဂ်ရွာ အပြင်ဘက်ရှိ စပျစ်ခင်းများ။ အောင်ရှင်/မြန်မာတိုင်း(မ်)အယ်လ်ဆာစီဒေသ၊ ကိုင်ဇာဘ့ဂ်ရွာ အပြင်ဘက်ရှိ စပျစ်ခင်းများ။ အောင်ရှင်/မြန်မာတိုင်း(မ်)

ဘော်ဒိုးဝိုင်တွေဟာ စပျစ်သီးအမျိုးမျိုးနဲ့ ရောစပ်ပြီး ထုတ်လုပ်တာပါ။ အနီရောင်ဝိုင်အရက်ကတော့
အများစုဟာ ကာဘာနက် ဆောဗစ်နွမ်နဲ့ မာလော့စပျစ်သီးတွေကနေ ထုတ်လုပ်တယ်။ ၀ိုင်ဖြူကတော့
ဆောဗစ်နွမ်ဘလန့်၊ ဆီမီလွန်နဲ့ မာစကာ ဒယ်လီစပျစ်သီးတွေကို ရောပြီးတော့ ထုတ်လုပ်တာ
ဖြစ်ပါတယ်။ ဘော်ဒိုးမှာ ၀ိုင်အရက်ထုတ်တဲ့ နေရာ ၁၀,၀၀၀ နီးပါးလောက်ရှိပြီး ရိုးရိုးစားပွဲတင်ဝိုင်တွေ
ကနေ ထိပ်တန်းဝိုင်အမျိုးအစားတွေအထိ စုံနေအောင် ထုတ်လုပ်ပါတယ်။ တချို့ဝိုင်တွေက
ပိုပြီးအချိန်ကြာရင် ပိုပြီးအရသာရှိတယ်။ ဘော်ဒိုးက ထွက်တဲ့ ၀ိုင်တွေက နှစ်ပေါင်းများစွာ
သိမ်းထားနိုင်ရင် ပိုပြီးအရသာရှိလာတယ်။

နောက်နာမည်ကျော်တဲ့ ၀ိုင်ထုတ်လုပ်ရာ ဒေသကတော့ ဘာဂန်ဒီနယ်ပဲဖြစ်ပါတယ်။ အဲဒီနယ်က
ဝိုင်တွေက စပျစ်သီးအမျိုးမျိုးကို ရောစပ်ပြီး ထုတ်လုပ်တာ မဟုတ်ဘူး။ များသောအားဖြင့်တော့
pinot noir ဒါမှမဟုတ် chardonnay စပျစ်သီးတစ်မျိုးမျိုးကနေ ထုတ်လုပ်လေ့ရှိပါတယ်။
ဘာဂန်ဒီဝိုင်အချို့ဟာ ၀ိုင်သမိုင်းအစဉ်အဆက်မှာ ထိပ်ဆုံးကလိုက်တဲ့ Grand crus တွေ ဖြစ်တယ်။
ဘာဂန်ဒီနယ်က အကောင်းဆုံးဝိုင်ဟာ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးဝိုင် ဖြစ်ပါတယ်။ ဥပမာပြောရရင်
Domaine de la Romanee Conti Grand Cru, Cote de Nuits လို့ ခေါ်တဲ့ ဘာဂန်ဒီဝိုင် ဆိုရင်
တစ်ပုလင်းကို ဒေါ်လာ ၁၅,၀၀၀ ပေးရပါတယ်။

ကျွန်မတို့က ပြင်သစ်နိုင်ငံ အရှေ့မြောက်ပိုင်းက အယ်လ်ဆာစီလို့ခေါ်တဲ့ ဒေသကြီးမှာ နေပါတယ်။
ဒီဒေသကြီးဟာ ကျွန်မ စောစောကပြောခဲ့တဲ့ ၀ိုင်ဒေသတွေလောက် ထင်ရှားပေါ်လွင်မှု မရှိလှပေမဲ့
အင်မတန်ကောင်းတဲ့ အရသာရှိတဲ့ ၀ိုင်အရက်တွေနဲ့ အများသူငါ ၀ယ်နိုင်ခြမ်းနိုင်တဲ့ ၀ိုင်အရက်တွေကို
ထုတ်လုပ်ပါတယ်။ အယ်လ်ဆာစီဒေသဟာ သမိုင်းအရလည်း ဂျာမန်လူမျိုးတွေနဲ့ ပြင်သစ်တို့
အကြိမ်ကြိမ် လက်လွှဲလက်ပြောင်း ဖြစ်ခဲ့ရတဲ့ ဒေသပါ။ ဒါကြောင့် အယ်လ်ဆာစီဒေသရဲ့
ယဉ်ကျေးမှုဟာ ဂျာမန်နဲ့ ပြင်သစ်တို့ရဲ့ ယဉ်ကျေးမှု နှစ်ထွေရောနေတဲ့ နေရာ ဖြစ်ပါတယ်။
အဲဒီလို ယဉ်ကျေးမှုနှစ်ရပ် ရောထွေးနေတာကလည်း ၀ိုင်အရက်မှာပါ သွားပြီး ထင်ဟပ်တယ်။
Gewurztraminer and Riesling လို ဂျာမန်စပျစ်သီးအမျိုးမျိုးက အဲဒီဒေသမှာ လွှမ်းမိုးနေတယ်။
ဒါပေမဲ့ ဂျာမန်စပျစ်သီးတွေကို ပြင်သစ်ပုံစံနဲ့ ၀ိုင်ထုတ်လုပ်တာပါ။ Pinot Noir ကလွဲလို့ အယ်လ်ဆာစီ
ဒေသကလာတဲ့ ၀ိုင်အရက်တွေမှာ ၀ိုင်ဖြူတွေချည်းပဲဖြစ်ပါတယ်။

ကျွန်မတို့မိသားစု စထရပ်ဘိုးမြို့မှာ နေရတာ ကုသိုလ် ကံကောင်းတယ်လို့ ဆိုရမှာပါ။
ဘာဖြစ်လို့လဲဆိုတော့ မိနစ် ၂၀ လောက် ကားနဲ့ မောင်းထွက်လိုက်ရင် မြို့ပြင်ကို ရောက်တာပါပဲ။
အဲဒီမှာ လှပတဲ့ ကျေးလက်ဒေသရှုခင်းတွေကို ကီလိုမီတာ ၁၇၀ ရှည်တဲ့ အယ်လ်ဆာစီဝိုင်
လမ်းမကြီးရဲ့ အစမှာပဲ တွေ့ရပါတယ်။ ဒီဒေသဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်ကျော်ကတည်းက
ဝိုင်ထုတ်လုပ်နေတဲ့ ဒေသကြီးပါ။ ၀ိုင်လမ်းကြောင်းကလည်း ရောင်စုံလှပတဲ့ ကျေးရွာကလေးတွေကို
ဖြတ်သန်းပြီး အသက်ရှူမှားရလောက်အောင် ရှုမဆုံးတဲ့ ရှုမျှော်ခင်းတွေပါ။ အဲဒီမှာ စပျစ်ခြံတွေကို
သပ်သပ်ရပ်ရပ်နဲ့ စိုက်ပျိုးထားတယ်။ စပျစ်သီးမျိုးစုံ စိုက်ခင်းတွေကလည်း ရှုမဆုံးလောက်အောင်ပါပဲ။
ဒီလမ်းကြောင်း တစ်လျှောက်မှာ ကျွန်မအကြိမ်ပေါင်းများ စွာ ကားမောင်းပြီးသွားခဲ့ဖူးပါတယ်။
အဲဒီလိုသွားတိုင်း ၀ိုင်ထုတ်လုပ်သူတွေ ဘယ်လောက်တောင်များများ ရှိသလဲဆိုတာ တွေးမိပြီး
အမြဲပဲ အံ့ဩမိပါတယ်။ လမ်းမကြီးတစ်လျှောက်မှာ လမ်းမကြီးတစ်လျှောက်လုံး ၀ိုင်မြည်းနိုင်တဲ့
နေရာတွေ အများကြီးရှိပါတယ်။ တချို့နေရာက တော်တော်ကြီးမားတယ်။ တချို့နေရာတွေကတော့
ချောင်ကြိုချောင်ကြားမှာ ၀ှက်နေကြတဲ့ နေရာကလေး တွေပါပဲ။ ထုတ်လုပ်သူတွေကို လာဖို့
ခေါင်းလောင်း ထိုးလို့ပဲဖြစ်ဖြစ်၊ ဖုန်းနဲ့ခေါ်လို့ပဲ ဖြစ်ဖြစ်ရတယ်။ အဲဒီအခါမှာ ၀ိုင်မြည်းဖို့အတွက်
တံခါးဖွင့်ပေးပါတယ်။ ကျွန်မတို့ အကြိုက်ဆုံး ၀ိုင်ထုတ်လုပ်သူတစ်ဦးကတော့ တကယ့်
လျှို့ဝှက်ထားတဲ့ ရတနာလို့ဆိုရမယ့် Rolly Gassman ဖြစ်ပြီး ၀ိုင်လမ်းကြောင်းပေါ်က
Roshwir ခေါ်တဲ့ အေးဆေး ငြိမ်သက်တဲ့ ရွာငယ်ကလေးမှာ တည်ရှိပါတယ်။

အယ်လ်ဆာစီဒေသထွက် ၀ိုင်များ ထုတ်လုပ်ရာ စပျစ်ခင်းတစ်ခုကို တွေ့ရစဉ်။ အောင်ရှင်/မြန်မာတိုင်း(မ်)အယ်လ်ဆာစီဒေသထွက် ၀ိုင်များ ထုတ်လုပ်ရာ စပျစ်ခင်းတစ်ခုကို တွေ့ရစဉ်။ အောင်ရှင်/မြန်မာတိုင်း(မ်)

ဝိုင်ထုတ်လုပ်တဲ့နေရာမှာ ဘာဖြစ်သလဲဆိုတာကတော့ ဘယ်လိုစပျစ်သီးမျိုးကို ဆွတ်ခူးခဲ့သလဲ၊
စပျစ်သီးကို ဘယ်လိုချေသလဲ၊ ဒီစပျစ်သီးတွေကို ၀ိုင်အဖြစ် ဘယ်လို ကဇော်ဖောက်သလဲ၊
နောက်ဝိုင်ရဲ့ လှောင်ထားတဲ့ သက်တမ်းနဲ့ အဲဒါတွေကို ဘယ်လိုပုလင်းသွင်းသလဲဆိုတဲ့ အပေါ်မှာပဲ
မူတည်ပါတယ်။ ၀ိုင်ဖြစ်အောင် အနည်းဆုံးထားရတဲ့ သက်တမ်းက တစ်လလောက်ရှိပါတယ်။
ဒါပေမဲ့ အဲဒီဝိုင်ဟာ သူ့ရဲ့ ထူးခြားတဲ့ အရည်အချင်းနဲ့အနံ့အရသာကို ပြချင်ရင်တော့ လအနည်းငယ်
ကြာအောင် ပိုထားဖို့ လိုအပ်ပါတယ်။ ကျွန်မတို့ ဖောက်သည်ကြီး ၀ိုင်ထုတ်လုပ်သူ Rolly Gassman
ကတော့ စပျစ်သီးခူးရာကနေ ပုလင်းသွင်းတဲ့အထိ တစ်နှစ်လောက်ကြာပြီး သူတို့ ထုတ်တဲ့
ဝိုင်တွေကလည်း အနံ့အရသာမျိုးစုံနဲ့ အတော့်ကို ကောင်းမွန်ပါတယ်။ သူတို့ ၀ိုင်မြည်းတာက
အမှောင်ခန်းထဲမှာ မြည်းကြတာပါ။ ပထမဆုံးအိမ်ရှင်က သူတို့မှာ ရောင်းဖို့ရှိတဲ့ ၀ိုင်စာရင်းကို
ပေးပါတယ်။ အဲဒီနောက် ၀ိုင်မြည်းဖို့ ခေါ်သွားပါလိမ့်မယ်။ တစ်ခါမှ ၀ိုင်မမြည်းဖူးရင်တော့
မြည်းစမ်းကြည့်ဖို့ လိုပါတယ်။ ပထမဆုံး ဖန်ခွက်ထဲမှာ ထည့်ထားတဲ့ ၀ိုင်ကို သေသေချာချာ
ကြည့်ရမယ်။ ပြီးတော့ အရောင်ကို စစ်ရမယ်။ နောက် အဲဒီအရည်ရဲ့ အနက်နဲ့ သိပ်သည်းမှုကို
စစ်ရမယ်။ ကြည့်တာနဲ့ကိုပဲ ၀ိုင်အကြောင်း အများကြီးပြောနိုင်ပါတယ်။ ပြီးတော့ ၀ိုင်ကို အနံ့ခံကြည့်။
ပြီးတော့ ဖန်ခွက်ထဲက ၀ိုင်ကလေးကို နည်းနည်းလေး လှုပ်လှုပ်ကြည့်ပေါ့။ အဲဒီအခါမှာ အင်မတန်
သင်းပျံ့တဲ့အနံ့ ထွက်လာမယ်။ အဲဒါကို နမ်းကြည့်ပေါ့။ တချို့ဝိုင်တွေကျတော့ အင်မတန်
ကောင်းတယ်။ ဘယ်လောက်ကောင်းသလဲဆိုရင် ပန်းစည်းတစ်စည်းစည်းက ရနံ့ထက်တောင်မှ
ပိုပြီးတော့ မွှေးသေးတယ်။ တတိယအချက်ကတော့ အဲဒီဝိုင်ကို မြည်းကြည့်ဖို့ပါပဲ။ ပါးစပ်ထဲကို
နည်းနည်းလေး အာစွတ်ရုံလောက် သောက်လိုက်၊ ပြီးတော့ လျှာပေါ်မှာတင်ပြီးတော့
အရသာခံကြည့်လိုက်ပါ။ နောက်ဆုံးအဆင့်က သင်ကိုယ်တိုင်တွေ့တာ၊ ထင်တာကို ကိုယ့်ဖာသာကို
ဆုံးဖြတ်ဖို့ပါပဲ။

တကယ့်ဝိုင်ထုတ်လုပ်တဲ့ နေရာဆီကို ကမ္ဘာလှည့်ခရီးသည်တွေနဲ့ သွားမယ်ဆိုရင် ၀ိုင်သုံးမျိုးကနေ
ငါးမျိုးအထိ မြည်းခွင့်ရပါတယ်။ Rolly Gassman မှာတော့ ကျွန်မတို့ဟာ ပုံမှန်သောက်နေကျ
စားပွဲတင်ဝိုင်ကနေ စပြီးတော့ ၀ိုင်အမျိုးပေါင်း ၂၀ လောက်အထိ မြည်းလို့ရပါတယ်။ အဲဒီစားပွဲတင်
ဝိုင်ကတော့ တစ်ပုလင်းကို ၁၂ ယူရိုကနေ ယူရို ၂၀၀ ၀န်းကျင်အထိ တန်ဖိုးရှိပါတယ်။
ရာသီအမျိုးမျိုးအလိုက် ထွက်တဲ့ စပျစ်သီးအမျိုးမျိုး ကနေ ထုတ်လုပ်တဲ့ ၀ိုင်အမျိုးမျိုးကို မြည်းရတာ
တကယ့် ဧည့်ခံမှုတစ်ခုပါပဲ။ ၀ိုင်မြည်းတဲ့အခါမှာ ဖန်ခွက်ထဲကိုထည့်တဲ့ ၀ိုင်တွေ အားလုံးကို
သောက်ပစ်ဖို့ မဟုတ်ပါဘူး။ နည်းနည်းလေးပဲ မြည်းပြီးတော့ ကျန်တာတွေကို သူတို့ပေးတဲ့ ပုံးထဲကို
ထွေးပစ်လိုက်ဖို့ပါပဲ။ တကယ်လို့များ အကုန်လုံးသောက်ပစ် လိုက်ရင် သူတို့က မြည်းရုံပေးတာကို
ဝိုင်အမျိုး ပေါင်း ၂၀ လောက် မြည်းပြီးတဲ့နောက်ပိုင်းမှာ သင်ဘယ်လိုဖြစ်လာမလဲဆိုတဲ့ အဖြေကို
တွေးသာကြည့်ပါတော့။

အယ်လ်ဆာစီဒေသ Rolly Gassman တွင် ဒေသထွက်ဝိုင်များ မြည်းစမ်းနေစဉ်။ အောင်ရှင်/မြန်မာတိုင်း(မ်)အယ်လ်ဆာစီဒေသ Rolly Gassman တွင် ဒေသထွက်ဝိုင်များ မြည်းစမ်းနေစဉ်။ အောင်ရှင်/မြန်မာတိုင်း(မ်)

ဝိုင်ကိုမြည်းတဲ့အတွက်တော့ တစ်ပြား တစ်ချပ်မှ ပေးစရာမလိုပါဘူး။ ဒီလိုမြည်းလို့ ၀ယ်ရမယ်ဆိုတဲ့
ကတိက၀တ်မျိုးလည်း မရှိပါဘူး။ ဒါပေမဲ့ ဒီလောက်အရသာရှိတဲ့ ၀ိုင်တွေကို မြည်းတဲ့အခါမှာ
အိမ်ပြန်သွားရင်တော့ ၀ိုင်သေတ္တာအတော်များများတော့ ပါသွားလေ့ ရှိတာပါပဲ။ ကျွန်မခင်ပွန်းသည်နဲ့
ကျွန်မကတော့ ၀ိုင်ဝယ်ရင် ထုတ်လုပ်သူဆီကနေ တိုက်ရိုက်ပဲ ၀ယ်တယ်။ တိုက်ရိုက်ပဲ ၀ယ်ရတာကို
သဘောကျတယ်။ တကယ့်စပျစ်စိုက်ခင်းထဲ ရောက်တဲ့အခါမှာ ၀ိုင်ထုတ်လုပ်တဲ့ သူတွေနဲ့တွေ့တယ်။
ပြီးတော့ မြည်းကြည့်ပြီးတော့မှ ၀ယ်ရတာ ပိုကောင်းတာပေါ့။

ကျွန်မငယ်ငယ်တုန်းက ရွာအထည်ဝယ်ချင်ရင် နန်းမြင့်ရွာပြန်ပြီး အဒေါ်ဆီက ၀ယ်တယ်။ အခုလည်း
အဲဒီလိုပါပဲ။ အယ်လ်ဆာစီ က ၀ိုင်ထုတ်လုပ်သူတွေဆီကို သွားပြီးတော့ ၀ယ်တာမျိုးလိုပါပဲ။
ရွာကလေးတွေကလည်း အတူတူပဲ။ ရိုးသားမှုနဲ့ စိတ်သဘောထား ဖြောင့်မတ်မှုရှိတယ်။
စထရပ်ဘိုးမြို့ကို တစ်လောကပဲ ဦးအောင်ရှင်လာလည်တော့ ကျွန်မ အင်မတန် ၀မ်းသာပါတယ်။
ကျွန်မတို့ မိသားစုက သူ့ကို အယ်လ်ဆာစီနယ်က ၀ိုင်လမ်းကြောင်းကို ခေါ်သွားပြီး အကောင်းဆုံး
ဝိုင်တွေကို နမူနာအဖြစ်နဲ့ မြည်းစေပါတယ်။ အနုပညာမြောက်မြောက်နဲ့ နေရတဲ့ ပြင်သစ်နိုင်ငံကို
ပြန်ရောက်လာပါပြီ။ ၀ိုင်အလွန် အကျွံသောက်တာကတော့ မကောင်းပါဘူး။ ကျန်းမာရေး
အတွက်လည်း အန္တရာယ်ရှိပါတယ်။ ပြင်သစ်မှာ ကျွန်မ တရားလွန်စားတဲ့ သူတွေ၊ သောက်တဲ့သူတွေ
မတွေ့ဖူးပါဘူး။ သူတို့ကတော့ ပျော်ရွှင်ရုံလောက်ပဲ ၀ိုင်ဖန်ခွက် သေးသေးလေးတွေနဲ့
သောက်ကြတာကိုပဲ မြင်ဖူးပါတယ်။ သူတို့ရဲ့ ထမင်းစားကာနီး သောက်ခါနီးမှာ ပျော်ပျော်ရွှင်ရွှင်နဲ့
ကျန်းမာရေးအတွက်ပဲ သောက်ကြတာပါ။ ဗမာစကားပုံမှာတော့ တန်ဆေး လွန်ဘေးလို့ ပြောကြတာ
မဟုတ်လား။ ဒါမမှန်ဘူးလား။ ကျန်းမာရေးအတွက်တော့ ၀ိုင်ခွက်ကလေးမြောက်ပြီး Cheers
လုပ်ပါရစေ။ နောက်တစ်ပတ်ဆက်ကြရအောင်။ ခင်မင်လေးစားလျက်။

တင်စိန် ဘာသာပြန်သည်။


(စာရေးသူ ဒေါ်အေးအေးဝင်းသည် ကွယ်လွန်သူ ဘီဘီစီဦးနေ၀င်း၏ သမီးတစ်ဦးဖြစ်ပြီး လက်ရှိတွင်
ပြင်သစ်နိုင်ငံ စထရပ်ဘိုးမြို့တွင် နေထိုင်လျက်ရှိသည်။ နိုင်ငံတကာ အဖွဲ့အစည်းများတွင်
တာဝန်ထမ်းဆောင်ခဲ့သည့် ဒေါ်အေးအေးဝင်းသည် လက်ရှိတွင် အလွတ်တန်း အတိုင်ပင်ခံပညာရှင်
အဖြစ် အသက်မွေးလျက်ရှိပြီး တစ်ဖက်တစ်လမ်းမှ စာရေးသားနေသူလည်း ဖြစ်သည်။
အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် ဒေါ်အေးအေးဝင်း၏ ဆောင်းပါးကို ဘာသာပြန်ဆို၍
ဖော်ပြခြင်းဖြစ်သည်။)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။