တစ်နေ့တာ စိတ်လှုပ်ရှားစရာတွေနဲ့ အနီးစခန်း ခရီးကြမ်း အတွေ့အကြုံ

ကျောက်နဂါးဂူအတွင်း တွေ့ရှိသည့် အရိုင်းသဘာဝ ကျောက်စက်ပန်းဆွဲ၊ ကျောက်မောင်း၊ ကျောက်စက်မိုးမျှော်များကို မှတ်တမ်းတင် လေ့လာနေကြသည်ကို တွေ့ရစဉ်။ စည်သူလွင်/ မြန်မာတိုင်း(မ်)ကျောက်နဂါးဂူအတွင်း တွေ့ရှိသည့် အရိုင်းသဘာဝ ကျောက်စက်ပန်းဆွဲ၊ ကျောက်မောင်း၊ ကျောက်စက်မိုးမျှော်များကို မှတ်တမ်းတင် လေ့လာနေကြသည်ကို တွေ့ရစဉ်။ စည်သူလွင်/ မြန်မာတိုင်း(မ်)

ပြင်ဦးလွင်မြို့လို့ ဆိုလိုက်တာနဲ့ ကန်တော်ကြီးထဲမှာစိုက်ပျိုးထားတဲ့ တောင်ပေါ်ပန်းတွေ
ဝေဆာနေမယ်။ မြို့ရဲ့အထင်ကရ အထိမ်းအမှတ်ဖြစ်တဲ့ ရထားလုံးနဲ့ တွဲပြီးဓာတ်ပုံရိုက်မယ်၊
ရထားလုံးစီးမယ်။ ဘီအီးဖော ရေတံခွန်မှာ ရေချိုးအပန်းဖြေအနားယူမယ်။ သဘာဝဖြစ်တည်မှု
အနည်းငယ်သာ ကျန်ရှိတော့တဲ့ ပိတ်ချင်းမြောင်လိုဏ်ဂူထဲလမ်းလျှောက်ပြီး ဘုရားဖူး ပြန်ထွက်
လာမယ်။ ဒီဇင်ဘာစားသောက်ဆိုင်မှာထိုင်ပြီး ရေတံခွန်ကို ထိုင်ကြည့်ရင်းပြင်ဦးလွင်ဝိုင်လေး
သောက်မယ်။ နောက်ဆုံး ပြင်ဦးလွင်မြို့မှာ သီတင်းသုံးတဲ့ ပြည်ချစ်ဘုရားကို ဖူးမြော်ကြမယ်။
ဒါတွေကတော့ ပြင်ဦးလွင်မြို့ကို သမားရိုးကျ လာရောက်လည်ပတ်သူတွေ လုပ်ဆောင်နေကျ
တွေပေါ့။

သမားရိုးကျ သွားလာ လုပ်ဆောင်နေတာတွေနဲ့ ကွဲလွဲချင်တဲ့ စာရေးသူကတော့ သဘာဝပတ်
ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ဖြစ်တဲ့ 'စိမ်းလန်းပြင်ဦးလွင်' အဖွဲ့ရဲ့ ခေါ်ဆောင်လမ်းပြမှုနဲ့ တကယ့်
သဘာဝအရိုင်း ကျောက်စက်ပန်းဆွဲ၊ကျောက်မောင်း၊ ကျောက်စက်မိုးမျှော်တွေနဲ့ ပြည့်နှက်နေတဲ့
သဘာဝ ထုံးကျောက်လိုဏ်ဂူ (ဒေသအခေါ်ကျောက်နဂါးဂူ)၊ အဝင်အထွက်ရှိပြီး နှစ်မိုင်နီးပါးခန့်
ရှည်တဲ့ တုံးကြီးမြောင် လိုဏ်ဂူနဲ့ စိမ့်စမ်းရေထွက်ဖြစ်တဲ့မန်ထန်ရေထွက် လိုဏ်ဂူတို့ကို ခရီးကြမ်း
(Trekking)လေးတစ်ခု သွားရောက်ခဲ့ပါတယ်။

ဒီနေရာတွေကတော့ ပြင်ဦးလွင်မြို့နယ်၊ အနီးစခန်း၊စခန်းကြီးကြိုးဝိုင်းအတွင်းမှာ ရှိကာ
အနီးစခန်း The View သွားလမ်းအတိုင်း သွားရတာပါ။ Mountain Bike စက်ဘီးနဲ့တစ်မျိုး၊
မော်တော်ဆိုင်ကယ်နဲ့ တစ်ဖုံ၊ လမ်းလျှောက်တစ်မျိုး သွားလာနိုင်တဲ့ လမ်းကြောင်းလေးပါ။
စာရေးသူကတော့ ရသမျိုးစုံကို ခံစားကြည့်ဖို့ သစ်လုံးတင်တဲ့ကား၊ မော်တော်ဆိုင်ကယ်တွေစီး
လို့နဲ့ တစ်မျိုး၊ လမ်းလျှောက်ပြီးတစ်သွယ် သွားခဲ့တယ်။ နေရာသုံးခုကတစ်နေရာတည်းမှာ
တစုတစ်စည်းတည်း ရှိနေတာမျိုးမဟုတ်ဘဲ နံနက်စောစောသွားရင်တော့ တစ်နေ့တာအတွက်
နေရာသုံးခုစလုံးကို သွားရောက်နိုင်ပါတယ်။

ကျောက်နဂါးဂူကိုသွားဖို့ အနီးစခန်း ကျေးရွာကနေသစ်လုံးတင်တဲ့ ကားလမ်းအတိုင်း စာရေးသူ
တို့အဖွဲ့ထွက်ခဲ့ရာမှာ တောတောင် စိမ်းလန်းသဘာဝရှုခင်းတွေက စာရေးသူတို့ကို ထပ်ဆင့်
ဆွဲဆောင်လိုက်သလိုပါပဲ။တောတောင်စိမ်းလန်း သာယာလှပနေပေမဲ့ တောအတွင်းမှာတော့
သစ်ပင်ကြီး မရှိသလောက်ပါပဲ။ သစ်တွေခုတ်ယူထားကြပြီးသလို လမ်းဘေးဝဲယာတစ်လျှောက်မှာ
လည်းသံဆူးကြိုးတွေ အထပ်ထပ်နဲ့ မြေနေရာတွေကို ရောင်းဝယ်ထားကြပြီးပါပြီ။

သစ်တင်တဲ့ကားကြီးနဲ့ ရွှံ့ညွန်တွေ၊ ရေကျော်လမ်းတချို့ကို တအိအိ တရွေ့ရွေ့နဲ့ ဖြတ်သန်း
လေကောင်းလေသန့်တွေကို ရှူရှိုက် ခရီးဆက်ခဲ့ကြရင်း အချိန် ၄၅ မိနစ်လောက်အကြာမှာတော့
လမ်းဘေးကပ်လျက်ရှိနေပြီး ကျောက်နဂါးကြီး မျက်နှာမူထားတဲ့ပုံစံ ဖြစ်နေတဲ့ ကျောက်နဂါးလိုဏ်ဂူ
ဆိုတဲ့ ထုံးကျောက်ဂူကြီးကို ရောက်ခဲ့ကြတယ်။ ကျွန်တော်တို့ အဖွဲ့တွေလည်း ဂူထဲဝင်ဖို့ ခေါင်းစွပ်
ဓာတ်မီးတွေ၊လက်ကိုင်ဓာတ်မီးတွေ ပြင်ဆင်ရင်း ဒေသခံ တောလိုက်မုဆိုးတွေရဲ့ ဦးဆောင်မှုနဲ့
ထုံးကျောက်လိုဏ်ဂူထဲကိုတဖြည်းဖြည်းချင်း စမ်းတဝါးဝါး ဝင်ခဲ့ကြတယ်။ ဂူထဲကို ဝင်လိုက်တယ်
ဆိုရင်ပဲ ဓာတ်မီးရောင်တွေအောက်မှာတကယ့်ကို ထူးဆန်းအံ့သြဖွယ်ကောင်းတဲ့ သဘာဝအလှ
တရားတွေကို တွေ့လိုက်ရပါတော့တယ်။

ဂူထဲကို ခရီးဆက်ကြရင်း လမ်းတစ်လျှောက် ဖြစ်ပေါ်နေတဲ့ ကျောက်စက်ပန်းဆွဲတွေ၊ ကျောက်စက်
မိုးမျှော်တွေ၊ကျောက်မောင်းကြီးတွေ၊ ကျောက်စက်ကျ ရေစက်လေးတွေရဲ့ အလှအပတွေက
ကြီးကျယ်ခမ်းနား ထည်ဝါပြီး လှပနေကြတာ ရင်သပ်ရှုမောစရာပါပဲ။

ကျောက်ဂူထဲကို သွားတဲ့အခါမှာလည်း တစ်နေရာနဲ့တစ်နေရာ သွားလာရတာ ခက်ခက်ခဲခဲကြီး
မဟုတ်ပေမဲ့လူတစ်ဝပ်စာလောက် အတိုင်းအတာလေးတွေနဲ့ သွားလာရတဲ့ နေရာလေးတွေလည်း
ရှိတဲ့အတွက် အသက်ရှုနည်းနည်း ကျပ်သလို ခံစားရတာမျိုးလည်း ဖြစ်တတ်ပါတယ်။ အနည်းငယ်
မောပန်းနေတာနဲ့အတူ ရှေ့မှာ ဘာတွေတွေ့ရမလဲဆိုတဲ့ ထိတ်လန့် ပူပန်စိတ်တွေနဲ့
ခရီးဆက်ကြရင်း ပေ ၁,ဝဝဝ လောက် အရောက်မှာတော့ ထပ်သွားဖို့အခက်အခဲဖြစ်လို့
ပေ ၁,ဝဝဝ လောက်နဲ့ပဲ စာရေးသူတို့ကတော့ ပြန်လှည့်ခဲ့ရတယ်။ ရှေးနှစ်သန်းပေါင်းများစွာ
ကတည်းက ဖြစ်တည်နေတဲ့ ထုံးကျောက် လိုဏ်ဂူထဲကသဘာဝ အလှအပတွေရဲ့ တန်ဖိုးက
တန်ဖိုးမဖြတ်နိုင်လောက်အောင်ကို ကြီးကျယ်ခမ်းနားလှပါတယ်။ အရိုင်းသဘာဝဆန်ပြီး
ရှုချင်စဖွယ် သဘာဝအလှအပတွေနဲ့ပြည့်နှက်နေတဲ့ သဘာဝ ထုံးကျောက်လိုဏ်ဂူတွေနဲ့
သဘာဝ စိမ့်စမ်းရေထွက်တွေကို သွားရောက် လည်ပတ်မယ်ဆိုရင်ဖြင့် အလင်းအား
ကောင်းကောင်းပါတဲ့ ဓာတ်မီး၊တောလမ်းခရီးကြမ်းစီး ရှူးဖိနပ်၊ ရေဘူး၊ အစားအသောက်
အနည်းငယ်၊ ပိုးမွှား ကာကွယ်ဆေးဖျန်းရည်တွေကတော့မပါမဖြစ် ယူဆောင်လာခဲ့ကြဖို့ ပြောချင်
ပါတယ်။

ကျောက်နဂါးလိုဏ်ဂူထဲကနေ ပြန်ထွက်လာရမှာကိုနှမြောမိနေပေမဲ့ ဆက်ရမယ့် ခရီးတွေမှာ
ဘယ်လို အလှအပတွေနဲ့ သဘာဝတရားတွေ ဘာများ ထပ်ရှိနေသေးလဲဆိုတဲ့ သိချင်စိတ်ဇော
တွေနဲ့ ဒေသခံတွေရဲ့ ဦးဆောင်မှုနောက်လိုက်ခဲ့လိုက်တယ်။

တုံးကြီးမြောင်ဂူ (သို့) စော်ဘွားဂူကတော့ ရှေးယခင်ကဂူထဲမှာ စော်ဘွားတွေ နေထိုင်ခဲ့တယ်
ဆိုတဲ့ ပါးစပ်ရာဇဝင်သမိုင်း ရှိခဲ့တယ် ဆိုပါတယ်။ ဒီဂူကတော့ သစ်လုံးတင်တဲ့ကားနဲ့ ဘယ်လိုမှ
သွားလို့ မဆင်မပြေတော့တဲ့အတွက်တောတွင်းစီးဆိုင်ကယ်တွေနဲ့ ခရီးထပ်ဆက်ခဲ့ကြရတယ်။
လမ်းချော်မှုမရှိစေဖို့နဲ့ ကုပ်ယူမှု အားကောင်းအောင်လို့မော်တော် ဆိုင်ကယ်တွေရဲ့ ဘီး
တာယာတွေမှာ ချိန်းကြိုးတွေ ပတ်ထားကြတာကိုတော့ သတိထားမိလိုက်တယ်။ ဆိုင်ကယ်ဘီး
တစ်ဘီးစာ တောလမ်းလေးကို ကွေ့ကာပတ်ကာနဲ့ ကျွမ်းကျွမ်းကျင်ကျင် မောင်းသွားကြတဲ့
ဒေသခံတွေရဲ့ ကျွမ်းကျင်မှုကတော့ အံ့လောက်စရာပါပဲ။ဆိုင်ကယ်လမ်းတစ်လျှောက် စိမ့်စမ်းတွေ၊
တောတောင်သဘာဝ အလှအပတွေ၊ ကွင်းပြင်ကျယ်ကြီးတွေကို ဖြတ်သန်းပြီး ၄၅ မိနစ်လောက်
မောင်းနှင်အပြီးမှာတော့ဆိုင်ကယ်တွေကို တောင်ခြေထားခဲ့ပြီး လမ်းလျှောက်ခရီးကို စတင်ရတယ်။
အချိန်ခဏတာ လမ်းလျှောက်ခဲ့ပြီးမှာ စာရေးသူ မျှော်လင့်နေခဲ့မိတဲ့ အဝင်အထွက်
နှစ်မိုင်နီးပါးလောက်ရှည်တဲ့ စော်ဘွားဂူကြီးရဲ့ ဝင်ပေါက်ကိုရောက်ခဲ့ပါပြီ။

ဒီဂူကြီးရဲ့ အမြင့်ပေက ပေ ၅ဝ လောက်ရှိပါတယ်။ ထုံးကျောက်လိုဏ်ဂူဆိုပေမဲ့ အတွင်း
ကျောက်သားတွေရဲ့ သက်တမ်းကရင့်နေပြီး မာကျောကျောက်အဆင့်တွေ ဖြစ်နေပါပြီ။

စော်ဘွားဂူကတော့ ကျောက်နဂါးဂူလို သွားလာရတာလွယ်ကူတဲ့ အနေအထား မရှိဘဲနဲ့
အနည်းငယ် စွန့်စားရတဲ့လမ်းခရီးအနေအထားမျိုးတွေလည်း ရှိပါတယ်။ ကျောက်သားနံရံကို
တွယ်ဖက်သွားရတဲ့ အနေအထားတွေနဲ့လေးဖက်ထောက် တွားသွားရတဲ့ အနေအထားတွေလည်း
ရှိတဲ့ လမ်းခရီးမျိုးဖြစ်တဲ့အတွက် အတော်အသင့် ဝတဲ့သူတွေအတွက် အဆင်မပြေပါဘူး။

စော်ဘွားဂူရဲ့ အလယ်လောက်မှာ ကျယ်ပြန့်ကြီးမားတဲ့မြေနေရာအလွတ်ကြီးမှာ ကျောက်စက်
ပန်းဆွဲတွေ၊ကျောက်စက်ရေတွေ၊ ဖယောင်းတိုင်ပုံစံလိုဖြစ်နေတဲ့ကျောက်စက်ပန်းဆွဲကြီးနဲ့
စေတီပုံစံဖြစ်နေတဲ့ကျောက်စက်ပုံတော်တွေနဲ့ တစ်မူထူးခြားနေတာကိုတွေ့ရမှာပါ။

ဂူအတွင်းမှာ လင်းနို့တွေကတော့ မမျှော်လင့်တဲ့ ဧည့်သည်တွေကြောင့် ပျံဝဲကင်းထောက်ရင်း
အလုပ်များနေပါတော့တယ်။ အချိန်အတော်ကြာ လမ်းလျှောက်လေ့လာကြအပြီးမှာ အလင်းစလေး
တစ်စ မြင်ရပါပြီ။ ဒါကတော့ဂူကို ပြန်ထွက်တဲ့ထွက်ပေါက်ပါပဲ။ ဂူအဝင်မှာကျဉ်းမြောင်းသလောက်
ဂူပြန်အထွက်မှာတော့ အထွက်ပေါက်က ကြီးမားလှပါတယ်။ဆိုင်ကယ်တွေ ထားခဲ့တဲ့နေရာကို
ပြန်ရောက်ဖို့ စာရေးသူတို့ စကားတပြောပြောနဲ့ခရီးကြမ်းလမ်း အနည်းငယ် လျှောက်ခဲ့ကြရတယ်။

နောက်တစ်ခုကတော့ မန်ထန်ရေထွက်ပါပဲ။ စော်ဘွားဂူရဲ့ အပြန်လမ်းမှာ ရှိနေတာဖြစ်ပြီး
လမ်းသင့်တဲ့ အနေအထားမှာရှိနေလို့ ထွေထွေထူးထူးကြီး သီးသန့်သွားစရာမလိုပါဘူး။ မန်ထန်
ရေထွက် ဆိုတဲ့အတိုင်း တသွင်သွင်စီးဆင်းနေတဲ့ စမ်းချောင်းလေးကို ဖြတ်ပြီး ဂူထဲကို ဝင်ရမှာပါ။
ဂူထဲသွားရာ လမ်းတစ်လျှောက် အေးမြနေတဲ့ စိမ့်စမ်းရေထဲကို ဆင်းပြီး လမ်းလျှောက်သွားရမှာဖြစ်တဲ့
အတွက် ရေစိုလို့ ပျက်စီးလွယ်တဲ့ လျှပ်စစ်ပစ္စည်းတွေကို သေသေချာချာ ထုပ်ပိုးဖို့ လိုအပ်ပါလိမ့်မယ်။

မန်ထန်ရေထွက်ဂူကတော့ ကျဉ်းမြောင်းပါတယ်။ လမ်းတစ်လျှောက်မှာ ကျောက်စက်တွေကြားထဲက
စိမ့်ကျနေတဲ့ ရေစက်ရေပေါက်ကလေးတွေ တွဲခိုနေတဲ့ ပုံလေးတွေက စိန်ပွင့်လေးတွေ အလားပါပဲ။
ရေထဲမှာ ကဏန်းတွေ၊ ငါး၊ ပုစွန်လေးတွေလည်း ရှိနေပါတယ်။ စာရေးသူတို့ ပေ၁,ဝဝဝ နီးပါး
လောက်အရောက်မှာတော့ ဆက်သွားလို့ မဖြစ်နိုင်တော့ပါဘူး။ ရေထွက်ကိုသာ မြင်နေရပြီး
အနက်ဘယ်လောက်ရှိသလဲဆိုတာ ခန့်မှန်းဖို့ ခက်ခဲလို့ပါ။

ဒါကြောင့် စာရေးသူတို့အဖွဲ့ တပ်ပြန်ခေါက်ခဲ့ကြပြီး မန်ထန်ရေထွက်ဂူပေါက်ကို အပြန်လမ်းခရီး
တစ်လျှောက်နောက်ထပ် စိတ်လှုပ်ရှားစရာ ခရီးလမ်းကြောင်းတွေကိုဘယ်လို ဆက်သွားမလဲဆိုပြီး
အတွေးဆန့်နေမိပါတယ်။ခရီးလမ်းတစ်လျှောက် အစအဆုံးပင်ပန်းပေမဲ့ ပင်ပန်းတယ်လို့ကို
မထင်ရလောက်အောင် အေးချမ်းပြီး သဘာဝအရိုင်း အလှအပတွေကို ခံစားကြည့်ရှုရတဲ့ အရသာက
စာရေးသူကို စွဲငြိစေခဲ့ပြီလေ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။