ဂျာမနီ - ဥရောပစီးပွားရေး အင်အားကြီးနိုင်ငံ

ဥရောပတိုက်၏ စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သည့် ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မြို့တွင် ကျင်းပခဲ့သည့် G20 ဆွေးနွေးပွဲတွင် စက်မှုထိပ်သီးနိုင်ငံ ၂၀ မှ ခေါင်းဆောင်များ တက်ရောက်နေစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီဥရောပတိုက်၏ စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သည့် ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မြို့တွင် ကျင်းပခဲ့သည့် G20 ဆွေးနွေးပွဲတွင် စက်မှုထိပ်သီးနိုင်ငံ ၂၀ မှ ခေါင်းဆောင်များ တက်ရောက်နေစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ချစ်မိတ်ဆွေများရှင်။ အားလုံးကျန်းမာ ချမ်းသာကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီတစ်ပတ်တော့
ဂျာမနီနိုင်ငံက ဆိပ်ကမ်းမြို့ကြီးဖြစ်တဲ့ ဟမ်းဘတ်မြို့မှာ ဂျီ - ၂၀ လို့ခေါ်တဲ့ စက်မှုနိုင်ငံပေါင်း ၂၀ ရဲ့
ထိပ်သီးဆွေးနွေးပွဲကို ဂျာမနီက လက်ခံကျင်းပခဲ့ပါတယ်။ ကမ္ဘာပေါ်က အဓိကစီးပွားရေးနဲ့ နိုင်ငံရေးမှာ
ပါဝင်လှုပ်ရှားနေကြတဲ့ ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။ ကာလတာရှည်စွာ
စောင့်စားနေရတဲ့ ရုရှားသမ္မတ ပူတင်နဲ့ အမေရိကန်သမ္မတ ထရမ့်တို့ ဆွေးနွေးပွဲကိုလည်း
ဟမ်းဘတ်မြို့မှာပဲ ကျင်းပခဲ့ပါတယ်။ ဂျာမနီနိုင်ငံဟာ ဥရောပတိုက်ရဲ့ စီးပွားရေး အင်အားကြီးနိုင်ငံ
ဖြစ်ပြီးတော့ ဥရောပသမဂ္ဂထဲမှာ အရေးပါဆုံးအခန်းကနေ ပါဝင်လှုပ်ရှားနေတဲ့ နိုင်ငံပါ။ ဥရောပသမဂ္ဂ
အဖွဲ့ဝင်နိုင်ငံများကလည်း စီးပွားရေးနဲ့ နိုင်ငံရေးခေါင်းဆောင်မှုအတွက် ဂျာမနီနိုင်ငံကိုပဲ
အာရုံစိုက်ခဲ့ကြပါတယ်။ ဒီစီးပွားရေးအင်အားကြီး နိုင်ငံကြီးက အခုနှစ်မှာ စက်မှုနိုင်ငံ ၂၀ ရဲ့
ထိပ်သီး ဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပတာဟာ အတော်ကို အံဝင်ခွင်ကျဖြစ်ပါတယ်။
ဂျာမနီနိုင်ငံ အကြောင်းကိုပဲ အနီးကပ်လေ့လာကြပါစို့။

စထရပ်ဘိုးမြို့ဟာ ဂျာမနီနိုင်ငံ နယ်နိမိတ်မှာရှိတဲ့ ပြင်သစ်မြို့ကလေးတစ်မြို့ဖြစ်ပါတယ်။ အဲဒီမြို့မှာ
နေကြတဲ့ ကျွန်မတို့လို မြို့သူမြို့သားအတော် များများဟာ နယ်စပ်ကိုဖြတ်ပြီးတော့ အပတ်စဉ်
ဂျာမနီနိုင်ငံဘက်ကို ဈေးဝယ်ထွက်ကြပါတယ်။ "Aldi", "Lidl" နဲ့ "DM" တို့ဟာ ဂျာမနီနိုင်ငံရဲ့
လျှော့ဈေးနှုန်းနဲ့ ရောင်းတဲ့ နာမည်ကြီး လက်လီဆိုင်တွေပါ။ သူတို့ရဲ့ ရောင်းချမှုဟာ လူသုံးကုန်ပစ္စည်း
ကုန်ခြောက်အမျိုးမျိုးကနေ အဆင့်မြင့် နည်းပညာသုံးပစ္စည်းတွေအထိ အမျိုးစုံရောင်းပါတယ်။
ဒီလက်လီဆိုင်ကြီးတွေဟာ အသေးစား မိသားစုစီးပွားရေးလုပ်ငန်းကနေ စတင်ခဲ့ပြီး စဉ်ဆက်မပြတ်
ကြီးပွားတိုးတက်ခဲ့တာဖြစ်ပါတယ်။ ဂျာမနီတစ်ဝန်းလုံးနဲ့ ကျန် ဥရောပတိုက်နိုင်ငံတွေမှာသာမက
ဝေးလံလှတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ဩစတြေးလျအထိ သူတို့ရဲ့ စတိုးဆိုင်တွေ
ဖွင့်လှစ်ထားပါတယ်။

ဂျာမနီနိုင်ငံရဲ့ မော်တော်ယာဉ်ပြင်ဆင်မှုတွေ၊ သူတို့ ပစ္စည်းတွေရဲ့ အရည်အသွေးတွေကြောင့်
အတော်နာမည်ကြီးပါတယ်။ ဒါကြောင့် ကျွန်မ ကားပြင်ဖို့ လိုအပ်တဲ့အခါမှာ နယ်စပ်ကို ဖြတ်ပြီးတော့
ဂျာမနီကို သွားပါတယ်။ ပြီးတော့ ဘောက်စ်ဝက်ဂွန်ကုမ္ပဏီရဲ့ ကားပြင်ရုံကို အသုံးပြုတယ်။ လွန်ခဲ့တဲ့
နှစ်အနည်းငယ်တုန်းက ကျွန်မတို့ရဲ့ နေအိမ်ခန်းကို ပြန်လည်မွမ်းမံချင်တဲ့အခါ ဒီလုပ်ငန်းကိုလုပ်ဖို့
ဂျာမနီကုမ္ပဏီတစ်ခုကိုပဲ ကန်ထရိုက်ပေးလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့
သူတို့ဆောင်ရွက်ပေးတဲ့ ၀န်ဆောင်မှုဟာ အရည်အသွေးမြင့်မားပြီး ဈေးနှုန်းလည်း ချိုလို့ပဲဖြစ်ပါတယ်။

အခုကျွန်မပြောတာက ကျွန်မရဲ့ ကိုယ်ရေး ကိုယ်တာကိစ္စကလေးလောက်ပဲ ပြောပြတာပါ။
တကယ်တော့ ဂျာမနီနိုင်ငံဟာ လူဦးရေအများကြီးရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ကမ္ဘာစစ်နှစ်ခု
အတွင်းမှာလည်း အကြီးအကျယ် ထိခိုက်နစ်နာဆုံးရှုံးခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါပေမဲ့ ဆယ်စုနှစ်
အနည်းငယ်အတွင်းမှာပဲ ကမ္ဘာ့သမိုင်းမှာ တန်ဖိုးအကြီးဆုံး ခက်ခက်ခဲခဲဆောင်ရွက်ခဲ့ရတဲ့
ပြန်လည်ပေါင်းစည်းညီညွတ်ရေး လုပ်ငန်းစဉ်ကို ဆောင်ရွက်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်အတန်ကြာတုန်းက အမေရိကန် ပြည်ထောင်စုမှာ စီးပွားရေး ဆုတ်ယုတ်မှု
စတင်ခဲ့တာဟာ ဂျာမနီနိုင်ငံလို စီးပွားရေး အင်အားကြီးနိုင်ငံ အပါအ၀င် ဥရောပတိုက်ကိုလည်း
ထိခိုက်ခဲ့ပါတယ်။ ဒီကနေ့ ဂျာမနီနိုင်ငံကတော့ ကမ္ဘာပေါ်မှာ ပို့ကုန်တွေ အများဆုံး တင်ပို့တဲ့
ထိပ်တန်းနိုင်ငံကြီး သုံးခုထဲမှာ တစ်နိုင်ငံ အပါအ၀င်ဖြစ်ပါတယ်။ ဥရောပတိုက်ရဲ့ လူနာကြီးဘ၀ကနေ
စီးပွားရေး ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်အဖြစ် ထွန်းကားလာပါတယ်။ ဂျာမနီဒီလိုဖြစ်အောင်
ဘယ်လိုများဆောင်ရွက်ခဲ့သလဲ။ ကျွန်မတို့နိုင်ငံအတွက် ဘယ်လိုသင်ခန်းစာတွေများ ရယူနိုင်သလဲ
ကြည့်ရအောင်။

ပထမအချက်က ဂျာမနီနိုင်ငံဟာ လူမှု စီးပွားရေးဈေးကွက်တစ်ခုအဖြစ် နာမည်ကျော်ခဲ့ပါတယ်။
ဒီစီးပွားရေးပုံစံက စွမ်းဆောင်ရည်နဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို အစိုးရရဲ့ ၀င်ရောက်စွက်ဖက်မှု ခွင့်ပြုပြီး
လူထုရဲ့ အစစအရာရာ ကောင်းမွန်မျှတမှု၊ အခွင့်အရေးတန်းတူရရှိမှုအပြင် လူမှုရေးနဲ့
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ရှိမှုတို့ကို ဖြစ်စေတဲ့ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်ကို
ကျင့်သုံးတာ ဖြစ်ပါတယ်။ ကျွန်မတို့ သိထားတဲ့ ဈေးကွက် စီးပွားရေးစနစ်တစ်ခုတည်းက
မပြည့်စုံပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီစနစ်က ဈေးနှုန်းနဲ့ အကျိုးအမြတ်ကိုပဲ ဘာသာစကားအဖြစ်နဲ့
ပြောနေတာမဟုတ်လား။

လောလောဆယ်ပဲ စက်မှုနိုင်ငံ ၂၀ ထိပ်သီး
စည်းဝေးပွဲကို ကန့်ကွက်ဆန္ဒပြနေကြတဲ့ လူတွေကို
ကြည့်ရုံနဲ့သိသာပါတယ်။ ဒီလူတွေဟာ
ဈေးကွက်စနစ်က လျစ်လျူရှုထားတဲ့ လူမှုရေး
ပြဿနာတွေကြောင့် စိတ်မချမ်းမသာ ဖြစ်နေကြရတဲ့
လူတွေပါ။ စီးပွားရေးမှာ အစိုးရက အားလုံးဝင်ပြီးတော့
ထိန်းချုပ်တာဟာ ဘေးဆိုးတစ်ခုပဲဆိုတာကို
သမိုင်းကနေ ကျွန်မတို့ သိခဲ့ရပါတယ်။ ဘာဖြစ်လို့လဲ
ဆိုတော့ စွမ်းဆောင်ရည်ရဲ့ ရှေ့မှာ သဘောတရားကိုပဲ ထားနေလို့ပါ။ ဂျာမနီနိုင်ငံက
ပြည်သူလူထုရယ်၊ ကုန်ဈေးနှုန်းနဲ့ အကျိုးအမြတ်တွေကို မျှတအောင် ဆောင်ရွက်ပေးတဲ့
လူမှုဈေးကွက်စီးပွားရေးစနစ်ကို အောင်မြင်တဲ့ လုပ်ငန်းတစ်ခုအဖြစ် ကျန်ကမ္ဘာ့နိုင်ငံတွေကို
လက်တွေ့ဖော်ပြပေးနေပါတယ်။

ဒုတိယအချက်ကတော့ တည်ငြိမ်ပြီးတော့ တင်းကျပ်မှုမရှိလှတဲ့ အလုပ်သမားဈေးကွက်အတွက်
အခြေခံတွေကို ချပေးခဲ့တဲ့ အလုပ်သမား ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို ဂျာမနီ နိုင်ငံက
လက်ရှိဆောင်ရွက်နေပါတယ်။ အလုပ်သမားဈေးကွက်မှာ အလုပ်ရှင်နဲ့ အလုပ်သမားတွေကို
နိုင်ငံတော်က ၀င်ရောက်စွက် ဖက်ခြင်းမရှိဘဲနဲ့ သူတို့ဘာသာသူတို့ လစာကိစ္စကို
ညှိနှိုင်းဆောင်ရွက်ခွင့်ပြုထားတဲ့ အလုပ်သမား ဈေးကွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပေးထားတယ်။
ကုမ္ပဏီတစ်ခုဟာ အဲဒီကိစ္စကို အဆင်ပြေပြေမဆောင်ရွက်တဲ့အခါ အလုပ်သမားတွေကလည်း
အလုပ်ကို နာရီအနည်းငယ်ပဲ ဆောင်ရွက်လိုကြတယ်။ ပြီးတော့ ကုမ္ပဏီတွေက ပိုက်ဆံရှုံးနေရင်
အလုပ်သမားတွေကို အလုပ်ဖြုတ်မယ့်အစား အလုပ်လျှော့လုပ်ဖို့ ဆွေးနွေးကြတယ်။ ဒီနည်းနဲ့
အနည်းဆုံးတော့ အလုပ်သမားတွေ သူတို့အလုပ်ကို ထိန်းထားနိုင်တာပေါ့။ ကုမ္ပဏီက
အလုပ်ကောင်းကောင်းလုပ်တဲ့အခါမှာ အလုပ်သမားတွေကလည်း အလုပ်ကြိုးစားလို့ရတဲ့
ဆုကြေးငွေတွေနဲ့ တခြားအကျိုးစီးပွားတွေကနေတစ်ဆင့် ကုမ္ပဏီရဲ့ အောင်မြင်မှုကို အလုပ်သမားတွေ
မျှဝေခံစားကြတယ်။ ထူးထူးခြားခြား ကျွန်မတွေ့တာကတော့ အလုပ်နဲ့ အကျိုး အမြတ်ကို ကာကွယ်ဖို့
အလုပ်ရှင်နဲ့ အလုပ်သမားတွေဟာ နည်းလမ်းမျိုးစုံနဲ့ ဆောင်ရွက်ပြီး တစ်ဦးနဲ့ တစ်ဦးယုံကြည်ဖို့
အပြည့်အ၀ရှိရပါမယ်။ အဲဒီအချက်ကပဲ ဂျာမနီနိုင်ငံဟာ ဥရောပတိုက်မှာ အလုပ်လက်မဲ့ရာခိုင်နှုန်း
ဘာကြောင့် အနိမ့်ဆုံး ဖြစ်နေသလဲဆိုတာကို ရှင်းလင်းစွာ ဖော်ပြနေပါတယ်။

တတိယအချက်ကတော့ ပညာရေးစနစ်ပါ။ ဂျာမနီနိုင်ငံမှာ ကျွန်မတို့မိတ်ဆွေတွေ သူတို့ကလေးတွေကို
ကျောင်းပို့တဲ့အခါ ကျောင်းတက်ရတဲ့နေ့ဟာ နေ့လယ်ထမင်း စားချိန်မတိုင်မီ ပြီးသွားတာကို
ကျွန်မထူးထူးခြားခြား တွေ့ခဲ့ရပါတယ်။ ဥရောပတိုက် တခြားနိုင်ငံတွေက ကလေးတွေနဲ့ယှဉ်ရင်
ဂျာမန်ကလေးတွေဟာ ကျောင်းမှာ အချိန်အနည်းဆုံးနေရတဲ့ လူတွေပါ။ "အဲဒါဘယ်လို ဖြစ်နိုင်မလဲ"
ကျွန်မအတော်စဉ်းစားပါတယ်။ နောက်ဆုံးတော့ ဘာကြောင့် သူတို့ဒီလိုလုပ်တယ်ဆိုတာကို
သဘောပေါက်လာပါတယ်။ ကလေးငယ်တွေအတွက် အထူးသဖြင့် ခုနစ်နှစ်ကနေ ၁၄ နှစ်သား
အရွယ်ရှိတဲ့ ကလေးတွေဟာ ထမင်းစားချိန်မှာ ကျောင်းဆင်းရတာဟာ ဘာကိုဆိုလိုသလဲဆိုရင်
သူတို့တစ်တွေဟာ သူတို့မိသားစုနဲ့ အချိန်ပိုပြီးနေနိုင်တယ်။ တခြားအပိုလုပ်ငန်းလေးတွေကို
ဆောင်ရွက်နိုင်တယ် ဆိုတာ ဖော်ပြတာပါ။ အသက် ၁၅ နှစ် ၁၆ နှစ်အရွယ် နည်းနည်းကြီးလာတဲ့
ကလေးတွေကျတော့ နေ့လယ်ပိုင်းမှာ သူတို့ တစ်တွေဟာ ဂျာမနီနိုင်ငံ တစ်ဝန်းလုံးမှာရှိတဲ့
လုပ်ငန်းငယ်ကလေးတွေကနေစပြီး လုပ်ငန်းအကြီးကြီးတွေအထိ လုပ်ငန်းခွင်သင်တန်းတွေ
တက်ခွင့်ရပြီး အလုပ်ခွင်မှာ အလုပ်သင်အဖြစ်နဲ့ ဆောင်ရွက်ကြရပါတယ်။ လူငယ်တွေကို လုပ်ငန်းခွင်
သင်တန်းပေးတာ ဂျာမနီနိုင်ငံမှာ အတော့်ကို စနစ်ကျကောင်းမွန်တဲ့ စနစ်တစ်ခုအဖြစ်
ဆောင်ရွက်ထားပါတယ်။ ဒီလူငယ်တွေဟာ သူတို့သင်တန်းပြီးရင် အချိန်ပြည့် အလုပ်အကိုင်
ရရှိဖို့ကိုလည်း အာမခံချက်ပေးထားတယ်။

စတုတ္ထအချက်ကတော့ "Mittelstand" လို့ ခေါ်တဲ့ မိသားစုစီးပွားရေးလုပ်ငန်းပါ။ အလုပ်သမား
၅၀၀ အောက်လျော့တဲ့ အလယ်အလတ်အရွယ်အစား စီးပွားရေးလုပ်ငန်းတွေဟာ ဂျာမနီစီးပွားရေးရဲ့
အဓိကကျောရိုး ဖြစ်ပါတယ်။ ဒီအလတ်စား ကုမ္ပဏီတွေဟာ ဂျာမနီမှာ လုပ်ငန်းအားလုံးရဲ့
၉၉ ရာခိုင်နှုန်းအဖြစ် ကုမ္ပဏီ သုံးသန်းကျော် ရှိပါတယ်။ အလတ်စားမိသားစုစီးပွားရေးလုပ်ငန်းတွေ
ထွန်းကားတဲ့ မြင်းခြံမြို့ကနေ ကျွန်မလာတာ မို့ ဒီလုပ်ငန်းမျိုးတွေဟာ မြန်မာ့စီးပွားရေးမှာလည်း
ကျောထောက်နောက်ခံ ဖြစ်နိုင်တယ်ဆိုတာ ကျွန်မ ကောင်းကောင်းနားလည်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ သူတို့တစ်တွေဟာ နိုင်ငံမှာရှိတဲ့ သန်းနဲ့ချီတဲ့ ပြည်သူတွေရဲ့ အလုပ်အကိုင်နဲ့
အသက်မွေးဝမ်းကျောင်းမှုတွေကို ဖန်တီးပေးတဲ့ ကုမ္ပဏီတွေ ဖြစ်လို့ပါပဲ။

ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့တွင် G20 ထိပ်သီးဆွေးနွေးပွဲ ကျင်းနေစဉ်အတွင်း ဆန့်ကျင်ကန့်ကွက်သူများက စုပေါင်းဆန္ဒဖော်ထုတ်ခဲ့စဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့တွင် G20 ထိပ်သီးဆွေးနွေးပွဲ ကျင်းနေစဉ်အတွင်း ဆန့်ကျင်ကန့်ကွက်သူများက စုပေါင်းဆန္ဒဖော်ထုတ်ခဲ့စဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ပဉ္စမအချက်ကတော့ ဂျာမနီနိုင်ငံဟာ နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုတွေကို ဆောင်ရွက်တဲ့
နိုင်ငံတစ်နိုင်ငံဖြစ်တာပါ။ ဒီနိုင်ငံဟာ သဘာဝအရင်းအမြစ်တွေ ထူးထူးခြားခြား ကြွယ်ဝတဲ့
အခွင့်အထူးရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ရုံသာမကဘဲ သူ့နိုင်ငံရဲ့ ကိုယ်ပိုင်ဖန်တီးမှုနဲ့ တီထွင်မှုတွေကို
ရှေ့တန်းရောက်အောင် ဆောင်ရွက်တဲ့အချက်အပေါ် အတော်မူတည်ခဲ့ပါတယ်။ အစိုးရဟာ
သုတေသနလုပ်ငန်းမှာ အကြီးအကျယ် (တစ်နှစ်လျှင် ယူရိုငွေ ဘီလျံ ၇၀ အထိ) ရင်းနှီးမြှုပ်နှံကာ
ကမ္ဘာ့သုတေသနနဲ့ တီထွင်မှု နယ်ပယ်မှာ ဂျာမနီတက္ကသိုလ်တွေကို ထိပ်ဆုံးအဆင့်
ရောက်စေခဲ့ပါတယ်။ ဂျာမနီအလုပ်သမားတွေရဲ့ ၁၁ ရာခိုင်နှုန်းလောက်အထိအောင်များတဲ့
ပမာဏဟာ အဆင့်မြင့် နည်းပညာ လုပ်ငန်းတွေမှာ လုပ်ကိုင်ခဲ့ကြပါတယ်။ ဒါကြောင့် ဂျာမနီနိုင်ငံဟာ
နည်းပညာနဲ့ တီထွင်မှုဆိုင်ရာ လုပ်ငန်းနဲ့ ရင်းနှီးမြှုပ်နှံမှု နှစ်ခုစလုံးမှာ ကျန်ဥရောပနိုင်ငံတွေထက်
ရှေ့က ပြေးနေပါတယ်။ စီးပွားရေးတိုးတက်ဖို့အတွက် အခြေခံအဆောက်အအုံကောင်းကောင်း
လိုအပ်ပါတယ်။ ဂျာမနီရဲ့ မော်တော်ကားလမ်းမတွေနဲ့ စပ်လျဉ်းလို့ ကျွန်မရေးခဲ့ပြီးပါပြီ။ စွမ်းအင်၊
တယ်လီဖုန်းဆက်သွယ်ရေး၊ မော်တော်ကားလမ်း ဆက်သွယ်ရေး၊ ရထားလမ်းနဲ့
လေကြောင်းလမ်းတွေလည်း အင်မတန် အထင်ကြီးစရာ ကောင်းပါတယ်။ ဂျာမနီကနေ ဥရောပတိုက်
နိုင်ငံတိုင်းကို နာရီအနည်းငယ်အတွင်းမှာပဲ ရောက်နိုင်ပါတယ်။ ကျန်ကမ္ဘာ့နိုင်ငံတွေအနေနဲ့လည်း
အတော့်ကို ဆက်သွယ်ရေး ကောင်းမွန်ပါတယ်။ အဲဒီလမ်းပန်းဆက်သွယ်ရေးကို အမြဲတမ်း
ပြုပြင်ထိန်းသိမ်းတာ၊ အခြေခံ အဆောက်အအုံသစ်တွေ ဆောင်ရွက်တာ တွေကိုလည်း
ဆက်ပြီးလုပ်နေပါတယ်။

နောက်ဆုံး ကျွန်မထပ်ပြီးပြောချင်တာကတော့ ဂျာမန်လူမျိုးတွေရဲ့ စိတ်ဓာတ်အကြောင်းကိုလည်း
ထည့်သွင်းပြောကြားရမှာပါ။ ဂျာမန်လူမျိုးတွေဟာ သူတို့ရဲ့ စည်းကမ်းရှိမှု၊ ရိုးသားမှုနဲ့ ကိုယ့်ကိုယ်ကိုယ်
အားကိုးမှုတွေမှာ ထင်ပေါ်ကျော်ကြားပါတယ်။ ဂျာမနီကုမ္ပဏီတွေရော၊ ပြည်သူတစ်ဦးချင်းစီကရော
သူတို့ရဲ့ဘဏ္ဍာရေးကို စည်းစနစ်ကျတဲ့ နည်းလမ်းနဲ့ ဆောင်ရွက်ကြပါတယ်။ ပိုက်ဆံမရှိရင်
မသုံးကြပါဘူး။ ဒီစိတ်ဓာတ်က ဂျာမနီနိုင်ငံရဲ့ငွေရေးကြေးရေး အခြေအနေဟာ ဘာ့ကြောင့်
ဒီလောက်ကောင်းမွန်ရတယ်ဆိုတာကို ဖော်ပြနေပါတယ်။

နိုင်ငံတွေဟာ စီးပွားရေး၊ လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအရ ကောင်းမွန်စွာ လုပ်ငန်းတွေ
ဆောင်ရွက်နေတာကို မြင်ရတဲ့အခါမှာ ကျွန်မအမြဲတမ်းပဲ အားတက်မိပါတယ်။ ဂျာမန်လူမျိုးတွေဟာ
ဒီနယ်ပယ်တွေမှာ ကောင်းမွန်စွာ ဆောင်ရွက်နေကြပြီး စက်မှုနိုင်ငံ ၂၀ ရဲ့ ထိပ်သီးဆွေးနွေးပွဲမှာလည်း
ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှု စွမ်းရည်ကို ဖော်ပြနေပါတယ်။
ဥရောပတိုက်က ဒီစီးပွားရေးအင်အားကြီးနိုင်ငံကြီးဆီကနေ သင်ခန်းစာတချို့ ကျွန်မတို့
ရယူနိုင်ကောင်းပါတယ်။

မိတ်ဆွေများရှင်။ လာမယ့်အပတ်ဆက်ကြရအောင်။ ချစ်ခင်လေးစားလျက်။

တင်စိန် ဘာသာပြန်သည်။


(စာရေးသူ ဒေါ်အေးအေးဝင်းသည် ကွယ်လွန်သူ ဘီဘီစီဦးနေ၀င်း၏ သမီးတစ်ဦးဖြစ်ပြီး လက်ရှိတွင်
ပြင်သစ်နိုင်ငံ စထရပ်ဘိုးမြို့တွင် နေထိုင်လျက်ရှိသည်။ နိုင်ငံတကာ အဖွဲ့အစည်းများတွင်
တာဝန်ထမ်းဆောင်ခဲ့သည့် ဒေါ်အေးအေးဝင်းသည် လက်ရှိတွင် အလွတ်တန်း အတိုင်ပင်ခံပညာရှင်
အဖြစ် အသက်မွေးလျက်ရှိပြီး တစ်ဖက်တစ်လမ်းမှ စာရေးသားနေသူလည်းဖြစ်သည်။
အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် ဒေါ်အေးအေးဝင်း၏ ဆောင်းပါးကို ဘာသာပြန်ဆို၍
ဖော်ပြခြင်းဖြစ်သည်။)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။