အံ့ဖွယ် ဘလက်ဖောရက်စ်

ဆီးနှင်းဖုံးအုပ်နေသည့် ဂျာမနီနိုင်ငံ ဘလက်ဖောရက်စ်ဒေသရှိ တောင်တန်းများကို ယခုနှစ် ဇန်န၀ါရီလအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - အီးပီအေဆီးနှင်းဖုံးအုပ်နေသည့် ဂျာမနီနိုင်ငံ ဘလက်ဖောရက်စ်ဒေသရှိ တောင်တန်းများကို ယခုနှစ် ဇန်န၀ါရီလအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - အီးပီအေ

ချစ်မိတ်ဆွေများရှင်။ ဒီတစ်ပတ်မှာတော့ "Schwarzwald" ဒါမှမဟုတ် "Black Forest" လို့ ခေါ်တဲ့
ဂျာမနီနိုင်ငံထဲက နယ်မြေကို သွားပြီးတော့ ကြည့်ကြရအောင်။ ဒီနေရာက ဂျာမနီမှာ လာရောက်
လည်ပတ်တဲ့လူ အများဆုံးဖြစ်တဲ့ နေရာတစ်ခုပါ။ ဒီနာမည်က အတော့်ကို ထူးဆန်းတဲ့နာမည်ပါ။
Black Forest လို့ ကျွန်မ ပထမဆုံး ကြားဖူးစဉ်ကတော့ ကျွန်မအတွေးနဲ့ ကျွန်မ ကိုယ့်ဘာသာကိုယ်
ဒီသစ်တောကြီး ကို ပုံဖော်ကြည့်မိပါတယ်။ ကျွန်မထင်တာက သစ်ပင်နက်တွေပေါက်ပြီးတော့
ချောက်ချားဖွယ် တောကြီးတစ်တောလို့ ထင်မိခဲ့တာပါ။ ဒါပေမဲ့ ကျွန်မမှားသွားပါတယ်။ တကယ်တော့
အဲဒါဟာ သစ်တောကြီးတစ်တောမျှ သာ မကပါဘူး။ စုစုပေါင်း ကီလိုမီတာ ၁၁,၀၀၀ ကျော်ရှိတဲ့
ဂျာမနီနိုင်ငံက နယ်မြေ တစ်ခုဖြစ်ပြီး အဲဒီနယ်မြေမှာ တောင်တန်း တောင်ကုန်းတွေ၊ ရေကန်တွေ၊
မြစ်ချောင်းတွေ၊ ရေတံခွန်တွေနဲ့ ရွာငယ်ကလေးတွေ၊ မြို့ငယ်ကလေးတွေ အတော်များများပါပါတယ်။
ဒီနေရာကို Black Forest လို့ ခေါ်ရတာက ကျွန်မငယ်ငယ်တုန်းက တွေးခဲ့သလို သစ်ပင်နက်တွေ
ပေါက်လို့ မဟုတ်ဘူး။ တောကြီးကလည်း ထူ၊ နက်ရှိုင်းပြီးတော့ အတွင်းဘက်မှာ မှောင်မည်းနေလို့ပဲ
ဖြစ်ပါတယ်။

Black Forest ကို ကျွန်မပထမဆုံးရောက် ဖူးတဲ့အချိန်က ၁၉၈၈ ခုနှစ်၊ ဩဂုတ်လအတွင်းက
ဖြစ်ပါတယ်။ အဲဒီတုန်းက အင်မတန် သာယာလှပတဲ့ Black Forest မြို့ကလေး ဖရွိုင်ဘတ်
(Freiburg) မြို့ကလေးကို လာရောက်လည်ပတ်တာပါ။ လွန်ခဲ့တဲ့ ၁၂ နှစ် ကျွန်မတို့ စထရပ်ဘိုးမြို့မှာ
နေတဲ့ အချိန်ကာလအတွင်း Black Forest ဒေသက နေရာတော်တော်များများကို ညအိပ်ခရီးရော၊
နေ့ချင်းပြန်ခရီးပါ တော်တော်များများ ထွက်ခဲ့ပါတယ်။

Black Forest ဒေသမှာ အထင်ရှားဆုံး မြို့တစ်မြို့ကတော့ ဘာဒင်ဘာဒင်လို့ခေါ်တဲ့ SPA Town
မြို့ကလေးဖြစ်ပါတယ်။ အဲဒီမြို့ကလေးကို ကျွန်မတို့နေထိုင်နေတဲ့ စထရပ်ဘိုးမြို့ နေအိမ်ကနေ
ကားနဲ့ သွားရင် ၄၅ မိနစ် လောက်ကြာပါတယ်။ ကျွန်မမိဘတွေ၊ ဆွေမျိုး သားချင်းတွေနဲ့ မိတ်ဆွေတွေ
အိမ်ကို လာလည်ရင် မကြာခဏဆိုသလို သူတို့ကိုခေါ် ပြီးတော့ "Caracalla" Spa မှာ အပန်းဖြေ
အနားယူဖို့ သွားလေ့ရှိပါတယ်။ ဒီနာမည်က ရောမအင်ပါယာကြီးနောက်မှာ မှည့်ထားတဲ့ နာမည်ပါ။
ဒီမြို့မှာရှိတဲ့ ရေပူစမ်းက အတော် လူသိများပါတယ်။ အနက် မီတာ ၂,၀၀၀ ရှိတဲ့ ရေပူစမ်းက
ရေတွေဟာ ကမ္ဘာမြေကြီးအတွင်း ပိုင်းကနေ မြေမျက်နှာပြင်ပေါ်ကို တက်လာပြီး ရေအပူချိန်က
၆၈ ဒီဂရီလောက် ရှိပါတယ်။ ဒီရေပူစမ်းကရေတွေဟာ နှလုံးရောဂါနဲ့ အဆစ်အမြစ်ရောင်တဲ့
ရောဂါတွေလို ရောဂါအမျိုးမျိုးကို ကုသပေးနိုင်စွမ်းရှိတယ်လို့ ဆိုကြပါတယ်။ တကယ်လို့
ကျန်းမာနေရင်တောင် ဘာဒင်ဘာဒင်က ရေပူစမ်းရေတွေဟာ ကျန်းမာရေးအတွက်
အတော်ကောင်းမွန်ပါတယ်။ ရောမတို့ ပြောစကားတစ်ခုရှိတယ်။ အဲဒါက "Carpe diem" ဒါမှမဟုတ်
နေ့ကို သိမ်းပိုက်ခြင်းလို့ ဆိုပါတယ်။ အဲဒီ Spa မှာ တစ်နေ့လုံးနေခဲ့ရင် အဲဒီနေ့ကို အမိအရ ယူနိုင်ပြီး
တစ်နေ့လုံး အပြည့်အ၀ စိတ်ချမ်းသာ ပျော်ရွှင်စေပါတယ်။

Black Forest ဒေသမှာ ကန်တွေနဲ့ ရေတံခွန်တွေ အတော်များများရှိပါတယ်။ ကျွန်မတို့
ရေကန်တော်တော်များများဆီကို သွားရောက် လည်ပတ်ခဲ့ပါတယ်။ တစ်လောကမှ လည်ခဲ့တဲ့
နေရာတစ်ခုကတော့ Lake Constance (Bodensee လို့လည်း ခေါ်ပါတယ်။) ခေါ်တဲ့ ရေကန်ကြီးပါ။
ရေကန်အလယ်ရောက်တဲ့ အခါမှာ ကမ္ဘာကြီးတစ်ခုလုံးဟာ လူတိုင်းနဲ့ ဆိုင်တာပဲလို့ ခံစားမိမယ်။
နိုင်ငံရဲ့ နယ်နိမိတ် တွေဆိုတာ တကယ်တော့ အတုအယောင်တွေ ပဲဆိုတာ သဘောပေါက်မိမယ်။
ကျွန်မတို့ ဩစတြီးယားမှာ နေသလား၊ ဂျာမနီမှာလား၊ ဒါမှမဟုတ် ဆွစ်ဇာလန်မှာလား။ အဲဒါကရော
တကယ်အရေးပါတဲ့ ကိစ္စလား။ ကျွန်မ တို့ အနှစ်သက်ဆုံး Black Forest ရေကန် တစ်ကန်ကတော့
အင်မတန်အံ့ဖွယ်ကောင်းတဲ့ "Mummelsee" ပဲ ဖြစ်ပါတယ်။ ဒီရေကန် ကြီးဟာ အမြင့်ပေ
မီတာ ၁,၀၀၀ ကျော်မှာ ရှိပြီးတော့ Black Forest ဒေသက အမြင့်ဆုံး ရေကန်တစ်ကန်ဖြစ်ပါတယ်။
ကျွန်မတို့ အဲဒီ ရေကန်ကြီးဆီကို သွားတာ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့
ကွေ့ကောက်နေတဲ့ တောင်ပေါ်လမ်းတစ်လျှောက် တက်ခဲ့ရလို့ပါ။ ကျနေတဲ့ မြူတွေကလည်း
အတော့်ကို ထူထပ်တာမို့ ကားရှေ့မှာ မီတာအနည်းငယ်ထက် ပိုပြီး တော့ မမြင်နိုင်ပါဘူး။
နေ့ဘက်မှာဆိုရင် ဒီကန်ကြီးကိုလာတဲ့ ဧည့်သည်တွေ တော်တော် များတယ်။ ဒါပေမဲ့
ညဘက်ကျရင်တော့ လရောင်အောက်မှာ အဲဒီကန်ကြီးရဲ့ ဘုရင်က ရေထဲမှာနေတဲ့ မားမိတ်ခေါ်
ရေသူမတွေနဲ့ ထွက်ကစားကြတယ်လို့ ဆိုပါတယ်။ အဲဒါက မှန်မမှန်တော့ ကျွန်မလည်း မသိပါဘူး။
ဒါပေမဲ့ ဒီမြူထဲမှာ ဖြတ်ရတဲ့ ကျွန်မတို့ရဲ့ ခရီးစဉ်ကတော့ တကယ့်ကို ထူးဆန်းအံ့ဖွယ်နဲ့
ပုံပြင်ဆန်လွန်းတဲ့ ကန်ကြီးတစ်ကန်လို့ပဲ ထပ်ပြောပါရစေ။

Black Forest ဒေသမှာ ဘယ်ရာသီမှာမဆို ကျွန်မတို့ နေခဲ့ရတဲ့ နေ့တစ်နေ့က အမြဲတမ်းလိုပဲ
ပျော်ရွှင်ခဲ့ပါတယ်။ ဆောင်းကာလဆိုရင် တောင်ဆင်ခြေလျောမှာ စကီးစီးနိုင်ပါတယ်။
တခြားရာသီတွေမှာတော့ လူသွားလမ်း တစ်လျှောက်မှာ လမ်းလျှောက်နိုင်ပါတယ်။ နွေရာသီကျရင်
ဘယ်ရီသီးရိုင်းတွေ သီးနေပြီး ဆောင်းကူးရာသီကျရင် မှိုတွေ၊ ထင်းရှူးသီးတွေနဲ့ ချက်စနက်တွေ
ပေါက်တာမို့ အလွယ်တကူ ဆွတ်ခူးနိုင်ပါတယ်။ တစ်ခါတစ်ရံကျ ရင် တောနက်ထဲကို ကားနဲ့
မောင်းဝင်သွားပြီး တစ်ခုခုမှာယူစား သောက်နိုင်တဲ့ဆိုင်တွေကို ရှာရသေးတယ်။ သမင်တို့၊
ကျွဲရိုင်းတို့ကတော့ တောထဲမှာ လွတ်လွတ်လပ်လပ်ပြေးနေ တာကတော့ တွေ့နေကျ မြင်ကွင်းပါ။
တစ်ခါမှာတော့ လူတစ်ယောက်ဟာ သူ့ရဲ့ သစ်လုံး အိမ်ကလေးထဲကနေ အပြင်ထွက်ပြီး
အလုပ်လုပ်နေတယ်။ အဲဒီလူက လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ တုန်းကလိုပဲ ၀တ်စားထားတယ်။
သူက အဲဒီ ခေတ်တုန်းကပုံစံအတိုင်း နေပုံရတယ်။ ကလေးတွေရဲ့ ပုံပြင်စာအုပ်ထဲမှာ မြင်ဖူးတဲ့
ပုံအတိုင်းပါပဲ။ အခုလို လုပ်ငန်းဆောင်တာ များပြားလှတဲ့ ခေတ်သစ်ကမ္ဘာကြီးမှာ ဒီလိုလူမျိုးတွေ့ရတာ
အထူးအဆန်းပါပဲ။ တစ်ခါ တစ်ခါကျတော့ တကယ့်အဖြစ်လား၊ အိပ်မက်ပဲလားဆိုတာ
မခွဲနိုင်တော့ပါဘူး။

ဘလက်ဖောရက်စ်ဒေသအတွင်းရှိ တောတွင်းတစ်နေရာ။ ဓာတ်ပုံ - အီးပီအေဘလက်ဖောရက်စ်ဒေသအတွင်းရှိ တောတွင်းတစ်နေရာ။ ဓာတ်ပုံ - အီးပီအေ

Black Forest ဒေသက တခြားသော လှပတဲ့ ပြောစရာ ဆိုစရာတွေလည်း ရှိပါသေးတယ်။
"COUCOU" နာရီဆိုတာ သိတယ်မဟုတ်လား။ အဲဒါလေးက သစ်သားနာရီလေ။ တစ်နာရီ
ပြည့်တိုင်းအထဲက ငှက်ကလေးတစ်ကောင်က ထွက်လာပြီးတော့ ကူကူး ကူကူးလို့ အော်တယ်။
အဲဒီနာရီလေးကို Black Forest ဒေသမှာ တီထွင်ခဲ့တာပါ။ အဲဒီဒေသက သစ်သားနဲ့ပဲ
လုပ်ထားပါတယ်။ စားဖွယ်ရာတွေနဲ့ သောက်ဖွယ်ရာတွေအတွက်ကတော့ Black Forest
ဒေသခံတွေဟာ သစ်သီးနဲ့ ချက်ထားတဲ့ "Schnapps" ခေါ်တဲ့ အရက်ပြင်းပြင်းကို ကြိုက်ကြတယ်။
Black Forest ဒေသထဲမှာ အရက်ချက် စက်ရုံ ၁၄,၀၀၀ ကျော်ရှိတယ်ဆိုရင် ယုံနိုင်ပါ့မလား။
အဲဒီဒေသဟာ ဂျာမနီမှာ အရက်ချက် လုပ်ငန်းအများဆုံးရှိတဲ့ ဒေသပါ။ Black Forest ဒေသမှာ
Rothaus အပါအ၀င် ဘီယာချက်စက်ရုံအတော်များများလည်း ရှိပါသေးတယ်။ အဲဒီ Rothaus
စက်ရုံဟာ ပင်လယ်ရေ မျက်နှာပြင်အထက် မီတာ ၁,၀၀၀ ကျော်မှာ ရှိပြီး ဂျာမနီမှာ အမြင့်ဆုံး
ဘီယာချက်စက်ရုံလည်း ဖြစ်ပါတယ်။ ဒေသခံတွေ ဟာသပြောတာကတော့ ဒီဘီယာချက်
စက်ရုံတွေဟာ ဒေသခံတောင်ပေါ်နေ တိုင်းရင်းသားအုပ်စုတွေရဲ့ Schnapps ခေါ်တဲ့ အရက်ပြင်းပြင်း
သောက်တဲ့ အလေ့အထကို ပျောက်စေချင်လို့ ဒီမှာ လာတည်ထားတာလို့ ဆိုပါတယ်။ ဟုတ်ပါတယ်။
Schnapps အရက်ထက်စာရင် ဘီယာက နည်းနည်းပျော့တာပေါ့။ အစားအသောက်အတွက်ကတော့
Black Forest ကိတ်မှုန့်ကို သိကောင်းသိကြမယ်။ စားဖူးတဲ့လူလည်း ရှိမှာပါ။ ဒီကိတ်မုန့်က
ချောကလက်တွေ၊ မလိုင်တင်ထားပြီးတော့ အထဲမှာ ချယ်ရီသီးညှပ်ထားပါတယ်။ ဘရမ်ဒီနဲ့ စိမ်ထားတဲ့
ချယ်ရီသီးလေးတွေလည်း မြှုပ်ထားတယ်။ ဒီမုန့်မှာ မလိုင်တွေကလည်းအပြည့်။ အရက်နဲ့စိမ်ထားတဲ့
ချယ်ရီသီးနဲ့ ချောကလက်တွေလည်းပါ တယ်ဆိုတော့ ဘယ်လောက်ကောင်းမလဲ
စဉ်းစားသာကြည့်ပါတော့။ ဒီကိတ်မုန့်ဟာ ကမ္ဘာပေါ်မှာ အရသာအရှိဆုံး ကိတ်မုန့်ဖြစ်ပြီး
ကိတ်မှုန့်လောကမှာ အများဆုံးစားကြတဲ့ မုန့်ပါ။ ဒီအရသာရှိလှတဲ့ ကိတ်မုန့်အကြောင်း
တွေးလိုက်ရင် ကျွန်မ အခုတောင် သရေတမြားမြား ကျလာပါတယ်။

အခုစာရှုသူတို့လည်း လှပတဲ့ Black Forest ဒေသကို ရောက်ပြီးပြီ။ ဒီလောက် ကြီးမားတဲ့
သစ်တောနယ်မြေကြီးဟာ ရာစု နှစ်ပေါင်းများစွာချီပြီးတော့ ကြာခဲ့ပြီ။ ကမ္ဘာလှည့် ခရီးသည်
တော်တော်များများလည်း အုပ်စုဖွဲ့ပြီး လာခဲ့ကြပါပြီ။ ဒီသစ်တောနဲ့ သူ့ရဲ့ သဘာဝပတ်ဝန်းကျင်
ကတော့ ဘယ်သူမှ မတို့မထိသလိုဘဲ ထိန်းသိမ်းထားခဲ့ပါတယ်။ ကျွန်မတို့တစ်တွေဟာ
တောလမ်းလေးတွေ တစ်လျှောက်မှာ လမ်းလျှောက်ပြီး သဘာဝရဲ့ အရသာကို ပျော်ရွှင်ချမ်းမြေ့စွာ
ခံစားနိုင်ပါတယ်။ လူသားနဲ့ သဘာဝပတ်ဝန်းကျင် သဟဇာတ ဖြစ်စွာနဲ့ နေထိုင်ကြတာမျိုးကို
ဒီတောထဲမှာ ခံစားရနိုင်ပါတယ်။

Black Forest နယ်မြေမှာ နိုင်ငံတကာ ဟိုတယ်ကြီးတွေနဲ့ ကုမ္ပဏီကြီးတွေ လွှမ်းမိုးထားတာမျိုး
မရှိပါဘူး။ ဟိုတယ်ကလေးတွေ၊ စားသောက်ဆိုင်တွေနဲ့ ခရီးသည်တွေအတွက် တခြားဝန်ဆောင်မှု
တွေကို ဒေသခံမိသားစုတွေကပဲ အများဆုံး စီစဉ်ဆောင်ရွက်ပြီး ဒေသတွင်းက ထုတ်လုပ်သူတွေနဲ့
ဒေသတွင်းက ထူးခြားတဲ့ အာဟာရတွေကို မပျောက်ပျက် ရအောင် ပံ့ပိုးပေးထားကြပါတယ်။
Black Forest ဒေသက ကမ္ဘာလှည့်ခရီးသည်လုပ်ငန်းရဲ့ နည်းလမ်းကတော့ ဒေသခံစီးပွားရေး
ဒေသခံ လူတွေနဲ့ သဘာဝပတ်ဝန်းကျင်ကို ကောင်းကျိုးတွေပဲ ဖန်တီးပေးပါတယ်။ အဲဒါကိုက
ရေရှည်တည်တံ့ခိုင်မြဲနိုင်တဲ့ ကမ္ဘာလှည့် ခရီးသည်လုပ်ငန်းလို့ ဆိုနေတာပဲမဟုတ်လား။
ချစ်စွာသော စာရှုသူများရှင်။ နောက် တစ်ပတ်ဆက်ကြရအောင်။ ချစ်ခင်လေးစားစွာဖြင့်။

တင်စိန် ဘာသာပြန်သည်။


(စာရေးသူ ဒေါ်အေးအေးဝင်းသည် ကွယ်လွန်သူ ဘီဘီစီဦးနေ၀င်း၏ သမီးတစ်ဦးဖြစ်ပြီး လက်ရှိတွင်
ပြင်သစ်နိုင်ငံ စထရပ်ဘိုးမြို့တွင် နေထိုင်လျက်ရှိသည်။ နိုင်ငံတကာအဖွဲ့အစည်းများတွင် တာဝန်
ထမ်းဆောင်ခဲ့သည့် ဒေါ်အေးအေးဝင်းသည် လက်ရှိတွင် အလွတ်တန်း အတိုင်ပင်ခံပညာရှင်အဖြစ်
အသက်မွေးလျက်ရှိပြီး တစ်ဖက်တစ်လမ်းမှ စာရေးသားနေသူလည်း ဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့်
ရေးသားထားသည့် ဒေါ်အေးအေးဝင်း၏ ဆောင်းပါးကို ဘာသာပြန်ဆို၍ ဖော်ပြခြင်းဖြစ်သည်။)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ဆောင်းပါး