လန်ဒန်မှ အချစ်များစွာဖြင့်

ချစ်မိတ်ဆွေများရှင်။ နွေရာသီအားလပ်ရက်ကတော့ စခဲ့ပါပြီ။ ဥရောပတစ်ဝန်းလုံးမှာ ကျောင်းတွေ၊
ကောလိပ်တွေ၊ တက္ကသိုလ်တွေဟာ နှစ်လနီးပါးလောက် ပိတ်ထားခဲ့ပါတယ်။ မိုးလေ၀သ အခြေအနေ
ကောင်းမွန်လာပြီး လူတွေအတွက်လည်း အားလပ်ရက် ယူရကျိုးနပ်တာပေါ့။ အရှေ့အနောက်
တောင်မြောက် အရပ်လေးမျက်နှာသာမကဘဲနဲ့ ပင်လယ်ပြင်ရော တောင်ပေါ်တွေရော သစ်တောတွေ
ရောပါမကျန် မြို့ကြီးနဲ့ မြို့ကြီးများမှာရှိတဲ့ တခြား မိသားစုတွေအထိ နွေရာသီအားလပ်ရက်ကို
ထိုက်ထိုက်တန်တန် အသုံးချကြဖို့ ရှေးရှုပြီး သွားကြပါတယ်။ ကျွန်မတို့ မိသားစုကတော့ ပြင်သစ်နိုင်ငံရဲ့
အရှေ့မြောက်ဘက်ကနေ နိုင်ငံတစ်ခုလုံးကိုဖြတ်ပြီး အနောက်ဘက်ဆီကို ကားနဲ့ သွားကြပါတယ်။
ပြင်သစ်နိုင်ငံ ကာလာအစ်မြို့ကနေ ကူးတို့သင်္ဘောစီးပြီးတော့ ဒိုဘာရေလက်ကြားကို ဖြတ်လို့
အင်္ဂလန်ကို သွားခဲ့ကြပါတယ်။ အဲဒီဆိပ်ကမ်းမြို့ကနေ ကမ္ဘာပေါ်မှာ အကြီးဆုံးမြို့ကြီးတစ်မြို့ဖြစ်တဲ့
လန်ဒန်မြို့ဆီကို အဲဒီမှာနေထိုင်တဲ့ ကျွန်မ မိခင်နဲ့ မိသားစုတွေနဲ့ တွေ့ဆုံဖို့ သွားခဲ့ကြပါတယ်။
ဇူလိုင်လအတွင်းမှာ လန်ဒန်မှာ ရက်အနည်းငယ်နေပြီးတော့ ကျွန်မတို့မိသားစု ပြက္ခဒိန်မှာ အခိုင်အမာ
သတ်မှတ်ထားတဲ့ နေ့မှာ လုပ်ငန်းဆောင်ရွက် စရာရှိတာကို ဆောင်ရွက်ရမှာပါ။ လွန်ခဲ့တဲ့ သုံးနှစ်နီးပါး
အကြာက ကျွန်မအဖေ ကွယ်လွန်ပြီးတဲ့နောက် ကျွန်မ အမေရယ် မိသားစုတွေနဲ့ မိတ်ဆွေတွေဟာ
ဗုဒ္ဓဘာသာ ပစ္စည်းလေးပါးအဖွဲ့ BEST ကို ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။ ဒီအဖွဲ့ကတော့
ကျွန်မအဖေ လွန်ခဲ့တဲ့ ၁၅ နှစ်ကတည်းက တည်ထောင်ခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။ အခုအခါ
သူမရှိတော့ပေမဲ့ BEST အဖွဲ့ကတော့ ဆက်လက်ပြီး အားကောင်း ရှင်သန်လျက်ရှိပါတယ်။

နှစ်စဉ် ဇူလိုင်လတိုင်းမှာ BEST အဖွဲ့ရဲ့ နှစ်ပတ်လည် အထွေထွေအစည်းအဝေးကြီးကို ကျွန်မတို့
ကျင်းပပါတယ်။ လန်ဒန်မှာရော တခြားဒေသတွေမှာပါရှိတဲ့ BEST အဖွဲ့ဝင်တွေ မိတ်ဆွေ
အပေါင်းအသင်းတွေ အာလုံးဟာ အစည်းအဝေးကို ရောက်ရှိလာကြပါတယ်။ ကျွန်မတို့မိသားစုနဲ့
မိတ်ဆွေအားလုံးကလည်း ဒီနှစ်ပတ်လည် အစည်းအဝေးကြီး အောင်မြင်ရာ အောင်မြင်ကြောင်းအတွက်
ကူညီခဲ့ကြပါတယ်။ ကျွန်မတို့မိသားစုက လန်ဒန်မြို့ အနောက်ပိုင်းမှာ နေထိုင်ပြီး အဲဒီနေရာမှာ
မြန်မာလူမျိုး အပေါင်းအသင်း လုပ်ဖော်ကိုင်ဖက်တွေ အများဆုံး စုစုစည်းစည်း နေခဲ့တဲ့နေရာပါ။
လမ်းတွေမှာ ဒါမှမဟုတ် မြန်မာနိုင်ငံက ထုတ်လုပ်တဲ့ ထုတ်ကုန်ပစ္စည်းတွေ ရောင်းချတဲ့
ဆိုင်တွေမှာဆိုရင် မြန်မာစကားပြောသံတွေကြားရတော့ ကျွန်မတို့အားလုံး ပျော်ရွှင်ချမ်းမြေ့ကြရပါတယ်။

ကျွန်မအမေက မြန်မာလူမျိုး အသိုင်းအ၀ိုင်းကနေ ထောက်ပံ့ထားတဲ့ တိသရဏ၀ိဟာရ ကျောင်းတော်
ကနေ မိနစ်အနည်းငယ်သာ လျှောက်ရတဲ့ နေရာမှာ နေထိုင်ပါတယ်။ ဒီကနေ့ဆိုရင် ကျွန်မတို့ဟာ
တိပိဋက ဆရာတော်ဦးဂန္ဓမာလာ ထူထောင်ထားတဲ့ ရွှေကျင်ကျောင်းတိုက်သစ်ကို သွားရောက်ခဲ့ပြီး
အလှူအတမ်းတွေ ပြုခဲ့ပါတယ်။

လန်ဒန်ဆိုတာက မြန်မာနိုင်ငံကနေ ဝေးလံပေမဲ့ အခု အချိန်ထိတော့ ကျွန်မတို့ ယဉ်ကျေးမှုနဲ့ အခိုင်အမာ
ဆက်သွယ်မှုတွေ ရှိနေပါသေးတယ်။ ကျွန်မတို့ရဲ့ ကလေး သုံးယောက်အတွက်ကတော့ နှစ်စဉ်နှစ်တိုင်း
လန်ဒန်ကို ခရီးထွက်ရတာ သူတို့အဖို့ မြန်မာအသိုင်းအ၀ိုင်းနဲ့ ကောင်းမွန်စွာ တွေ့ဆုံရင်းနှီးခွင့်ရတယ်။
ဘုန်းကြီးကျောင်းတွေနဲ့ အခြေခံဗုဒ္ဓဘာသာကို ရင်းနှီးခွင့်ရတယ်။ ၀ါဝစ်ခ်ရှိုင်းယားနယ်က
တောတိုက်ကျောင်းကို သွားခွင့်ရတယ်။ သူတို့အဖွားကို ပြုစုခွင့်ရတယ်။ သူတို့ရဲ့ ညီအစ်ကို မောင်နှစ်မ
ဝမ်းကွဲတွေနဲ့လည်း နေထိုင်ခွင့်ရကြတယ်။ ကျွန်မတို့ လန်ဒန်ကိုလာတဲ့အခါတိုင်း
လန်ဒန်မြို့လယ်ကောင်မှာ တစ်နေ့လုံး လျှောက်လည်ရတာ အမြဲတမ်းပဲ စိတ်ချမ်းမြေ့ ပျော်ရွှင်ပါတယ်။
ကျွန်မလန်ဒန်တက္ကသိုလ်မှာ တက်တာမို့လို့ လန်ဒန်မြို့လယ်ကောင်ဆိုတာ ကျွန်မအတွက်တော့
ရင်းနှီးပြီးသား နယ်မြေပါပဲ။ ဒီကနေ့ဆိုရင်တော့ လန်ဒန်မြို့လယ်ကောင်ကို ကျွန်မခြေကျင်
လျှောက်ခဲ့တယ်။ ကျွန်မတို့ လက်စတာစကွဲက တရုတ်တန်းမှာ ဒင်ဆမ်းစားတာကနေ စတာပါပဲ။
ဒီအစားအသောက် ကတော့ ကျွန်မအကြိုက်ဆုံးပါ။ ကျွန်မတို့ဟာ ဒင်ဆမ်းကြိုက်တဲ့ ပရိသတ်ထဲမှာ
ပါတယ်။ မိတ်ဆွေအပေါင်း အသင်းအတော်များများနဲ့ သွားပြီးတော့ ဒင်ဆမ်းမျိုးစုံကို စားလေ့ရှိပါတယ်။
လက်စတာစကွဲ ဆိုတာက ပြဇာတ်ရုံတွေရှိတဲ့ ရပ်ကွက်လည်း ဖြစ်ပါတယ်။ အဲဒီမှာ West End
ပြဇာတ်ရုံတော်တော်များများကို တွေ့နိုင်ပါတယ်။ အဲဒါနဲ့ ကပ်နေတဲ့ နေရာကတော့
လန်ဒန်ပန်းဈေးကွက်ရဲ့ သမိုင်းဝင်အချက်အချာ Convent Garden ဖြစ်ပါတယ်။ အဲဒီမှာ လမ်းပေါ်မှာ
ဖျော်ဖြေနေတဲ့လူတွေ အတော်များများရှိတယ်။ ကံကောင်းရင်တော့ ရိုးရာကပွဲဖြစ်တဲ့ Punch and Judy
ရုပ်သေးပွဲကို ကြည့်ရနိုင်ပါတယ်။ အဲဒီမှာပဲ တကယ့်ခမ်းနားတဲ့ ပြဇာတ်ကြီးတွေနဲ့ ဘဲလေးကဇာတ်တွေ
ဖျော်ဖြေတဲ့ တော်ဝင်ဇာတ်ရုံသစ်ကြီး Royal Opera House ရှိပါတယ်။ ကျွန်မ ကျောင်းသားဘ၀က
အဲဒီပြဇာတ်တွေကိုကြည့်ပြီး အချိန်အတော်ကို ဖြုန်းလေ့ရှိပါတယ်။ အဲဒါနဲ့ကပ်နေတာကတော့
Trafalgar Square ဖြစ်ပါတယ်။ အဲဒီစကွဲက ၁၈၀၅ ခုနှစ်တုန်းက ထရာဖာလ်ဂါစစ်ပွဲမှာ
နပိုလီယံဗိုနာပတ်ကို အနိုင်ရခဲ့တဲ့ အင်္ဂလိပ်ရေတပ်ဗိုလ်ချုပ်ကြီး နယ်လ်ဆင်ကို ဂုဏ်ပြုတဲ့အနေနဲ့
တည်ဆောက်ထားတဲ့ Nelson's Column ဆိုတာရှိပါတယ်။ အဲဒီမှာပဲ ကမ္ဘာကျော် ဗြိတိသျှပန်းချီ
ဆရာတွေရဲ့ အံ့ဩဖွယ် ပန်းချီအနုပညာလက်ရာတွေကို ပြသထားတဲ့ အမျိုးသားပန်းချီပြတိုက်ရှိပါတယ်။
အဲဒီမှာ ကမ္ဘာကျော် ဒတ်ခ်ျဆရာကြီး ဗန်ဂိုးရဲ့ နေကြာပန်း (Sun Flower) ပန်းချီကားကိုလည်း
ပြသထားပါတယ်။

ထရာဖာလ်ဂါစကွဲကနေ သိမ်းမြစ်ဆီကို ဆက်ပြီး လျှောက်ကြရအောင်။ ညာဘက်မှာဆိုရင်
ဗြိတိသျှဝန်ကြီးချုပ်နေအိမ် ရှိတဲ့ ဒေါင်းနင်းလမ်းကို တွေ့ရပါလိမ့်မယ်။ ဆက်လျှောက်မယ်ဆိုရင်
ဝက်စ်မင်စတာ ဘုရားကျောင်းနဲ့ ၀က်စ်မင်စတာ နန်းတော်ကြီးကို တွေ့ရပါလိမ့်မယ်။ အဲဒီနေရာကတော့
Big Ben နာရီစင်ကြီးရှိရာ ဖြစ်ပြီးတော့ ပါလီမန်အဖွဲ့ဝင်တွေနဲ့ အထက်လွှတ်တော်အမတ်ကြီးတွေ
တွေ့ဆုံတဲ့ ဗြိတိသျှ ဒီမိုကရေစီရဲ့ အချက်အချာနေရာပါ။

ဒီမိုကရေစီစနစ်ကို ကျွန်မကြိုက်တဲ့ အချက်တစ်ချက်က ပွင့်လင်းမြင်သာမှုရှိတာပါပဲ။ ဆွေးနွေးပွဲတွေဟာ
ဘယ်တော့မှ တံခါးပိတ်ပြီးတော့ မဆွေးနွေးပါဘူး။ အပြင်ဘက်မှာပဲ ပွင့်ပွင့်လင်းလင်း
ဆွေးနွေးကြတယ်။ လူတိုင်းလူတိုင်း ပါလီမန်ကို ၀င်ပြီးတော့ မေးခွန်းတွေမေးခွင့်ရှိတယ်။ သူတို့ရဲ့
အခြေအတင်ဆွေးနွေးပွဲတွေနဲ့ ကော်မတီတွေရဲ့ ကြားနာမှုကိုလည်း နားထောင်နိုင်ပါတယ်။ အဲဒီစနစ်က
ပါလီမန်အမတ်တွေကို အပြန်အလှန်ထိန်းကျောင်း စိစစ်ပုံကို ထိန်းသိမ်းရာမှာ နည်းလမ်းကောင်းတစ်ရပ်
မဟုတ်ပါလား။ ကျွန်မတို့ဟာ ပါလီမန်ဆွေးနွေးပွဲတွေကို လေ့လာဖို့ ၀က်စ်မင်စတာကို သွားဖို့
လိုတောင်မလိုတော့ပါဘူး။ သူတို့ဆွေးနွေးတာတွေကို အားလုံးရုပ်မြင်သံကြားကနေ ထုတ်လွှင့်တယ်။
အဲဒါတွေကို ကျွန်မတို့က ကိုယ့်အိမ်မှာကိုယ်နေရင်း ဇိမ်ကျကျ စောင့်ကြည့်နိုင်ပါတယ်။ ဗြိတိန်နိုင်ငံ
မှာတော့ ပါလီမန်ဆွေးနွေးပွဲလောက်သာမကပါဘူး။ ဘယ်တရားရုံးကိုမဆို ၀င်ရောက်ပြီးတော့
သူတို့ရဲ့ စစ်ဆေးမှုတွေ၊ ကြားနာမှုတွေကို နားထောင်နိုင်ပါတယ်။

မနှစ်တုန်းက ကျွန်မကလေးတွေရယ်၊ တူတွေတူမတွေရယ်နဲ့ လန်ဒန်ကိုလာပြီးတော့ အဲဒီမြို့မှာရှိတဲ့
ဗဟိုတရားရုံးကို လမ်းလျှောက်လာခဲ့ကြတယ်။ ပြီးတော့ တရားစီရင်ရေးမှာ ကြားနာမှုတွေကို နားထောင်ခဲ့တယ်။ သာမန် လူတွေအနေနဲ့ ကျွန်မတို့ဟာ ပါလီမန်အမတ်တွေကို သိရှိ ခွင့်ရတာရယ်၊ သူတို့အခြေအတင် ဆွေးနွေးတာတွေကို နားထောင်ခွင့်ရတာရယ်တွေဟာ အင်မတန် အရေးကြီးပါ တယ်။ လူတိုင်းလူတိုင်းကတော့ ကျွန်မတို့ရဲ့ ဒီမိုကရေစီ အခွင့်အရေးမျိုးကို ကျင့်သုံးနိုင်ခွင့်မရဘူးပေါ့။ ဒါပေမဲ့လို့ ကျွန်မတို့ဟာ ပြည့်စုံကောင်းမွန်တဲ့ ဒီမိုကရေစီစနစ်ကို ရချင်တယ်ဆိုရင်တော့ ကျွန်မတို့ပြည်သူတွေပါဝင်ဖို့ အခန်း ကဏ္ဍကလည်း လိုအပ်ပါတယ်။ အားလုံးသုံးသပ်ရင်တော့ ကျွန်မတို့ဟာဒီမိုကရေစီစနစ်မှာအရေးအကြီးဆုံးဖြစ်တဲ့ ပြည်သူလူထုပဲမဟုတ်ပါလားရှင်။

ကျွန်မတို့ သိမ်းမြစ်ကို ဖြတ်သန်းပြီးတဲ့ နောက်မှာ တောင်ဘက်ကမ်းခြေလို့ခေါ်တဲ့ နေရာကို
ရောက်ပါတယ်။ အဲဒီမှာ နာမည်ကျော် Millennium wheel ရှိတယ်။ ဒါကတော့ လန်ဒန်မြို့က
အဆင့်မြင့်တိုက်တွေထဲမှာ ထူးခြားတဲ့ နေရာပါ။ ကျွန်မက အမြင့်တွေကို ရောက်ရင်
သိပ်အဆင်မပြေတာမို့ အဲဒီနေရာကို မရောက်ပါဘူး။ ဒါပေမဲ့လို့ အဲဒီနေရာကို သွားပြီး အမြင့်ကနေ
လန်ဒန်မြို့ရှုခင်းကို ရင်တဖိုဖိုနဲ့ ကြည့်ရှုဖို့တော့ ပြောချင်ပါတယ်။ ဒီနေရာမှာ တော်ဝင်ပွဲတော်ခန်းမကြီး
ရှိတယ်။ အဲဒီခန်းမကြီးက ဂန္ထ၀င်နဲ့ ခေတ်သစ်ဂီတ ဖျော်ဖြေပွဲတွေကို ကျင်းပရာနေရာဖြစ်တယ်။
ဆက်လျှောက်သွားရင်တော့ ရှိတ်စပီးယား ဂလုပ် ပြဇာတ်ရုံကြီး၊ လန်ဒန်တံတားကြီးနဲ့ နောက်ဆုံး
Tower Bridge ကို မြင်နိုင်ပါတယ်။ သိမ်းမြစ်ရဲ့ တောင်ဘက်ကမ်းခြေ တစ်လျှောက်မှာ လှပတဲ့
ရှုခင်းကိုကြည့်ပြီးတော့ အမြဲလမ်းလျှောက်ရင်း အခြားကြည့်ရှုစရာတွေကလည်း အများကြီးရှိသေးတယ်။
ကမ္ဘာတစ်ဝန်းလုံးက ကုန်သင်္ဘောကြီးတွေဟာ သိမ်းမြစ်တစ်လျှောက်မောင်းနှင်လာပြီး
ကမ္ဘာ့ကုန်သွယ်ရေးရဲ့ မဏ္ဍိုင်ဖြစ်တဲ့ လန်ဒန်ကို ဆိုက်ရောက်ကြပါတယ်။ လန်ဒန်မြို့ဟာ
အသစ်နဲ့အဟောင်း၊ အတိတ်နဲ့ ပစ္စုပ္ပန်တို့ ဆုံရာနေရာဖြစ်တယ်။ ဒီမြို့ဟာ လူမျိုးကြီးတွေနဲ့
သဘောတရား အမျိုးမျိုး၊ ယဉ်ကျေးမှုအမျိုးမျိုး ရောနှောဆုံစည်း ရာနေရာဖြစ်တယ်။ ကမ္ဘာတစ်ခုလုံးကို
ဒီနေရာမှာတွေ့နိုင်တယ်။ ဘယ်လောက်စည်ကားတဲ့ မြို့ကြီးတစ်မြို့ပါလဲ။ ဘယ်လောက်လှပတဲ့
မြို့ကြီးတစ်မြို့ပါလဲ။ ဒါကြောင့် နှစ်တိုင်း နှစ်တိုင်း ဒီနေရာကို လာရတာ၊ မိသားစုနဲ့ ပြန်ပြီးတော့
ဆုံရတာ၊ ကျွန်မအဖေရဲ့ အမွေအနှစ် BEST မှာ အလုပ်လုပ်ရတာ၊ ပြီးတော့ ကမ္ဘာ့အကြီးဆုံး
မြို့ကြီးတွေထဲက တစ်မြို့မှာ လွတ်လွတ်လပ်လပ် လှည့်လည်သွားလာရတာဟာ ကျွန်မတို့အတွက်
ကတော့ ကြီးကျယ်တဲ့ ဖြစ်ရပ်ကြီးပါပဲ။ နောက်တစ်ပတ် ဆက်ကြရအောင်။ ချစ်ခင်လေးစားလျက်။

တင်စိန် ဘာသာပြန်သည်။


(စာရေးသူ ဒေါ်အေးအေးဝင်းသည် ကွယ်လွန်သူ ဘီဘီစီဦးနေ၀င်း၏ သမီးတစ်ဦးဖြစ်ပြီး လက်ရှိတွင်
ပြင်သစ်နိုင်ငံ စထရပ်ဘိုးမြို့တွင် နေထိုင်လျက်ရှိသည်။ နိုင်ငံတကာအဖွဲ့အစည်းများတွင် တာဝန်
ထမ်းဆောင်ခဲ့သည့် ဒေါ်အေးအေးဝင်းသည် လက်ရှိတွင် အလွတ်တန်း အတိုင်ပင်ခံပညာရှင်အဖြစ်
အသက်မွေးလျက်ရှိပြီး တစ်ဖက်တစ်လမ်းမှ စာရေးသားနေသူလည်း ဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့်
ရေးသားထားသည့် ဒေါ်အေးအေးဝင်း၏ ဆောင်းပါးကို ဘာသာပြန်ဆို၍ ဖော်ပြခြင်းဖြစ်သည်။)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။