ကမ်းလင့်လက်ဖြင့် ဘဝခရီးနှင်သူများ

သွေးမှတစ်ဆင့် ကူးစက်တဲ့ ရောဂါများ မကူးစက်ရန် ဖြန့်ဝေမည့် ဆေးအိတ်များ ပြင်ဆင်နေသည့် မူးယစ်သုံးစွဲသူတစ်ဦးကို နားခိုရန်စခန်းတွင် တွေ့ရစဉ်။ မောင်ဇော်/ မြန်မာတိုင်း(မ်)သွေးမှတစ်ဆင့် ကူးစက်တဲ့ ရောဂါများ မကူးစက်ရန် ဖြန့်ဝေမည့် ဆေးအိတ်များ ပြင်ဆင်နေသည့် မူးယစ်သုံးစွဲသူတစ်ဦးကို နားခိုရန်စခန်းတွင် တွေ့ရစဉ်။ မောင်ဇော်/ မြန်မာတိုင်း(မ်)

မဖြူ (အမည်လွှဲ) ဟာ မူးယစ်ဆေး အကြောထဲထိုးသွင်းရာကနေ HIV ကူးစက်ခံရထားရပါတယ်။
လွန်ခဲ့တဲ့ ငါးနှစ်ကျော်လောက်က တရုတ်ပြည်ကို အလုပ်သွားလုပ်ဖို့ဆေးစစ်တဲ့အချိန်မှာ မဖြူဆီမှာ
ပိုးရှိတာကို သိလိုက်ရတယ်။ ဒီလို သိလိုက်ပြီးနောက်ရက်တွေက မဖြူအတွက် ကမ္ဘာပျက်သလို။
မဖြူဆီမှာ ဒီလိုပိုးရှိစေတဲ့ အကြောင်းအရာကတော့ သူနေထိုင်ရာဒေသနဲ့ ထိတွေ့ဆက်ဆံခဲ့ရတဲ့
ပတ်ဝန်းကျင်နဲ့ ဆက်စပ်နေပါတယ်။

မြန်မာနိုင်ငံက မူးယစ်ဆေးအများဆုံးသုံးစွဲတဲ့ မြို့တွေထဲမှာ မဖြူနေထိုင်ရာ ကချင်ပြည်နယ်၊
မြစ်ကြီးနားမြို့လည်းပါဝင်ပါတယ်။ မြစ်ကြီးနားမြို့ဟာ မူးယစ်ဆေးဝါးထိုးသွင်းသုံးစွဲသူများအတွင်း
HIV ကူးစက် ပျံ့ပွားမှုကို ဖြေရှင်းဖို့အထူးကြိုးပမ်းအားထုတ်မှုများ အဆောတလျင် လိုအပ်နေတယ်လို့
ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ UNAIDS က အကြံပြုထားတဲ့ မြို့တစ်မြို့ထဲမှာ ပါဝင်နေပါတယ်။

''အမှားမှန်းသိပြီဆိုတဲ့အချိန်ကျ နောက်ပြန်ဆုတ်ဖို့အချိန်နှောင်းနေပြီ။ ဘယ်လိုမှ
ပြန်လှည့်လို့ မရတော့ဘူး။အဲဒီလို အမှားကျူးလွန်သူကို သူအသက်ရှင်တဲ့ ကာလပတ်လုံး
လူတစ်ယောက်အဖြစ် ဆက်လက်နေနိုင်ဖို့က ပတ်ဝန်းကျင်က လူတွေရဲ့ ကမ်းလင့်တဲ့ လက်တွေ
အရမ်းလိုအပ်ပါတယ်''လို့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က မဖြူက ပြောပါတယ်။

မဖြူက အသက် ၄ဝ ကျော်ရှိတဲ့ ကချင်အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ သူက အိမ်ထောင်သည်တစ်ဦး
ဖြစ်ပေမဲ့သူ့ရဲ့ ကျန်းမာရေးအခက်အခဲအရ ရင်သွေးရတနာ မွေးဖွားခြင်းမရှိပါဘူး။ ဒါနဲ့
ပတ်သက်ပြီးတော့လည်း သူ့အမျိုးသားက ပြဿနာတစ်ရပ်အဖြစ် ရှုမြင်ထားခြင်း မရှိပါဘူး။

''ကျွန်မအမျိုးသားကို အရမ်းကျေးဇူးတင်တယ်။ သူရှိလို့သာ လောကကို ဖြတ်သန်းလိုစိတ် ရှိနေတာ။
အရင်တုန်းကဆိုရင် ကျွန်မကို ပတ်ဝန်းကျင်က ပစ်ပယ်ထားကြတာပါ။ အခုဆို ကျွန်မအမျိုးသားရော၊
ပတ်ဝန်းကျင်က လူတွေကပါ ကျွန်မကို နားလည်ပေးတယ်။ ကူညီပေးတယ်။ ဖေးမပေးတယ်။ အခုဆို
ကျွန်မ အရာရာကို ရင်ဆိုင်နိုင်ပြီ'' လို့ အသံတိုးတိုးလေးနဲ့ မဖြူက ဆိုပါတယ်။

မဖြူဟာ အခုလက်ရှိမှာ မူးယစ်ဆေးသုံးစွဲမှု ဖြတ်ဖို့ကြိုးစားနေပြီး မူးယစ်ဆေးအစားထိုး မက်သဒုံး
ကုသမှုကိုခံယူနေပါတယ်။ တစ်ပြိုင်နက်ထဲမှာပဲ HIV ပိုးထိန်းဆေး ARTဆေးသောက်သုံးနေတာ
ဖြစ်တဲ့အတွက် သာမန်လူကောင်းတစ်ယောက်လို နေထိုင် လှုပ်ရှားသွားလာ နေနိုင်ပြီး
သူ့ရဲ့ လူမှုအသိုင်းအဝိုင်းကို အကျိုးပြုတဲ့ မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်တဲ့ အန္တရာယ်လျှော့ချရေး
ပညာပေး လုပ်ငန်းတွေမှာလည်း ပါဝင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

မူးယစ်ဆေးဝါး ထိုးသွင်းသူများကြား HIV ကူးစက်ပျံ့နှံ့မှုဟာ မြန်မာနိုင်ငံက ခုခံအားကျဆင်းမှု
ကူးစက်ရောဂါဖြစ်ပွားသူ လူနာသစ်စုစုပေါင်းရဲ့ ၂၈ ရာခိုင်နှုန်းရှိပြီး မသန့်ရှင်းတဲ့
ဆေးထိုးပစ္စည်းများကို မျှဝေသုံးစွဲရာကနေ ဖြစ်တယ်လို့ UNAIDS ရဲ့ ၂ဝ၁၆ ခုနှစ် HIV
ကာကွယ်ရေးလုပ်ငန်း၊ မူးယစ်ဆေးဝါး ထိုးသွင်းသုံးစွဲသူများအတွက် အန္တရာယ်လျှော့ချရေး
ဝန်ဆောင်မှု အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ ဝိုင်းမော်၊ ဗန်းမော်နဲ့ မူဆယ်မြို့တို့က
ဆန်းစစ်မှုမှာ ပါဝင်ခဲ့ကြတဲ့ မူးယစ်ဆေးဝါးထိုးသွင်း သုံးစွဲသူ နှစ်ယောက်မှာ တစ်ယောက်က
HIV ပိုး ရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့လည်း အဆိုပါအဖွဲ့က ပြောပါတယ်။

၂ဝ၁၄ ခုနှစ်အတွင်းက UNAIDS ထုတ်ပြန်ထားတဲ့စာရင်းတွေအရ မြန်မာနိုင်ငံက
မြို့ကြီးတော်တော်များများက မူးယစ်ဆေးသုံးစွဲသူများကြား ကောက်ယူခဲ့တဲ့ စစ်တမ်းမှာဆိုရင်
မြစ်ကြီးနားမြို့မှာရှိတဲ့ မူးယစ်ဆေးထိုးသွင်းသူစုစုပေါင်းရဲ့ ၃၅ ရာနှုန်းမှာ HIV
ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

အဲဒီလို မူးယစ်ဆေး သုံးစွဲထိုးသွင်းတဲ့ လူတွေထဲမှာ မဖြူလည်း ပါဝင်ခဲ့ပါတယ်။ မဖြူက အသက် ၁၆
နှစ်အရွယ်မှာကတည်းက မူးယစ်ဆေးဝါး စတင် သုံးစွဲခဲ့ပါတယ်။ သူ့ရဲ့မူးယစ်ဆေးဝါးသုံးစွဲနေတဲ့
ဖခင်ကြီးအတွက် ဘိန်းဖြူဝယ်ပေးရာကနေ မူးယစ်ဆေးဝါး သုံးစွဲတဲ့သူ ဖြစ်လာခဲ့တာပါ။
အဲဒီကနေတစ်ဆင့် မသန့်ရှင်းတဲ့ ဆေးထိုးအပ် အတူတူမျှဝေသုံးစွဲတာကနေတစ်ဆင့် မဖြူဆီမှာ
HIV ပိုး ရှိလာတာပါ။ အဲဒီအချိန်အခါကဆို ဆေးထိုးအပ်တွေ ပေါင်းသုံးရင်ရောဂါကူးစက်တယ်ဆိုတဲ့
လုံလောက်တဲ့ ကျန်းမာရေးအသိတွေလည်း မသိရှိသေးပါဘူး။

မူးယစ်ဆေးက ကချင်ပြည်နယ်ထဲက မြစ်ကြီးနား၊ဗန်းမော်၊ ဝိုင်းမော်စတဲ့ မြို့တွေမှာ ရှာရတာ
အရမ်းလွယ်ကူပါတယ်။ မိမိအပေါင်းအသင်းတွေထဲမှာ မူးယစ်ဆေး သုံးစွဲသူတွေ များပြားနေရင်
မိမိဟာလည်း တစ်ချိန်မှာ မူးယစ်ဆေး သုံးစွဲတဲ့ဘက်ကို ရောက်လာစေဖို့အတွက် အရမ်းအခွင့်အရေး
များပါတယ်။ အဲဒီလို ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာ ရှင်သန် ကျင်လည်နေသရွေ့တော့
တော်ရုံစိတ်ဓာတ်အခြေခံ ခိုင်မာရုံလောက်နဲ့က မူးယစ်ဆေးသုံးစွဲဖို့ ငြင်းဆန်နိုင်ဖို့
မလွယ်ကူလှပါဘူး။

''ကျွန်တော် စတင် သုံးစွဲခဲ့တာက ၂ဝဝ၈ ခုနှစ်လောက်ကပါ။ အပေါင်းအသင်းတွေက မူးယစ်ဆေးဆိုတာ
သုံးနေကြပြီ။ ကျွန်တော်တစ်ယောက်တည်း မသုံးတော့ သူတို့နဲ့ဆက်ဆံရတဲ့အခါမှာ တစ်မျိုးခံစားရတယ်။
အဲဒါနဲ့ သုံးဖြစ်သွားတယ်။ ဒီဘက်တွေက ယောက်ျာလေးတွေအနေနဲ့မူးယစ်ဆေး သုံးသူတစ်ယောက်ဖြစ်ဖို့
အရမ်းလွယ်ကူပါတယ်။ ဘယ်နေရာသွားသွား မူးယစ်ဆေးက ရတယ်''လို့ မူးယစ်ဆေးဝါးကို
အကြောထဲထိုးသွင်းသူ မြစ်ကြီးနားမြို့မှ ကိုမင်းမင်းက ပြောပါတယ်။

မင်းမင်းနဲ့ မူးယစ်ဆေးသုံးစွဲသူ သူ့သူငယ်ချင်းတွေထဲမှာ HIV ပိုး ရှိတဲ့လူတွေက အများကြီး
ရှိပါတယ်။ မင်းမင်းဟာလည်း ပိုးရှိတဲ့ သူငယ်ချင်းတွေနဲ့ မသန့်ရှင်းတဲ့ ဆေးထိုးအပ်ကို
မျှဝေသုံးစွဲခဲ့မိလို့ HIV ကူးစက်ခံခဲ့ရပါတယ်။

တချို့ကတော့ ဆေးသုံးတာလွန်သွားရင်း အသက်သေဆုံးတာမျိုးတွေ ဖြစ်ခဲ့တာကိုလည်း ကိုမင်းမင်းက
တွေ့မြင်ခဲ့ပါတယ်။ အဲဒီလို သေဆုံးမှုတွေက မင်းမင်းအတွက် မူးယစ်ဆေးဝါးသုံးစွဲမှုကို ဖြတ်ဖို့
အကောင်းဆုံးလှုံ့ဆော်မှုတစ်ခုလို ဖြစ်လာပါတယ်။

''သူငယ်ချင်းသေဆုံးတယ်လို့ မနက်အိပ်ရာနိုးတဲ့အချိန် ကြားလိုက်လို့ မျက်နှာတောင် မသစ်ရသေးဘူး၊
ပြေးကြည့်တာ။ အဲဒီမှာ လာကြည့်တဲ့ အမျိုးသမီးတစ်ဦးက ဘိန်းစားတွေ သေလည်းအေးတာပဲဆိုပြီးပြောတာ
ကြားလိုက်တာ။ အဲဒီစကားက ကျွန်တော် တော်တော်လေး ရှက်သွားတယ်''လို့ မင်းမင်းက ဆိုပါတယ်။

အဲဒီနောက်မှာ ချက်ချင်းဆိုသလိုပဲ မင်းမင်းဟာ မူးယစ်ဆေးသုံးစွဲတာကို ဖြတ်ဖို့ စတင် ကြိုးစား
ပါတော့တယ်။

ဒါပေမဲ့ မူးယစ်ဆေးဖြတ်တာဟာ မင်းမင်းထင်သလောက် မလွယ်ကူလှပါဘူး။ အကြိမ်ကြိမ်အခါအခါ
ဖြတ်ဖို့ကြိုးစားပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

နောက်ဆုံးမှာတော့ ဖေးမကူညီတတ်တဲ့ သူငယ်ချင်းတစ်ယောက်က မင်းမင်းကို မက်သဒုံးဆေးသောက်
ဖို့အတွက် ဆေးရုံကို ကိုယ်တိုင်လိုက်ပို့ပါတယ်။ လက်ရှိမှာ မင်းမင်းအနေနဲ့ မက်သဒုံးကုသမှုကို
ခံယူနေပြီး တစ်ပြိုင်နက်တည်းမှာပဲ မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်တဲ့ ဘေးအန္တရာယ်လျှော့ချရေး
ဝန်ဆောင်မှုကို ပေးနေတဲ့ မြစ်ကြီးနား အခြေစိုက် ကမ္ဘာ့ဆရာဝန်များအဖွဲ့ Medecins Du Monde
(MDM) မှာ HIV အတွက် ART ဆေးသောက်သုံးနေပါတယ်။

လက်ရှိ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်မှာ ကမ္ဘာ့ဆရာဝန်များအဖွဲ့၊ မူးယစ်ဆေးစွဲရောဂါ
သုတေသနအသင်း Substance Abuse Research Association(SARA) အပါအဝင် နိုင်ငံတကာ
အင်န်ဂျီအိုအချို့နဲ့ဝိုင်းမော်မြို့နယ်ရှိ မေတ္တာအဖွဲ့လို ဒေသတွင်း အင်န်ဂျီအိုအဖွဲ့များက မူးယစ်ဆေးဝါးနှင့်
ဆက်နွှယ်တဲ့ အန္တရာယ်လျှော့ချရေး လုပ်ငန်းစီမံချက် ဝန်ဆောင်မှုများကို အားသွန်ခွန်စိုက်
လုပ်ဆောင်နေကြပါတယ်။

အဆိုပါ ဝန်ဆောင်မှုများထဲမှာ မူးယစ်ဆေးဝါး ထိုးသွင်းသူတွေကို သန့်ရှင်းတဲ့ တစ်ခါသုံး
ဆေးထိုးအပ်များဝေငှခြင်းနဲ့ စနစ်တကျ ပြန်လည်သိမ်းဆည်းခြင်း၊ သွေးစစ်ပေးခြင်း၊ သွေးမှတစ်ဆင့်
ကူးစက်ရောဂါ ရရှိလာပါက ပညာပေး နှစ်သိမ့်ဆွေးနွေးရေးများ လုပ်ဆောင်ပေးခြင်း၊ HIV ပိုးရှိသည့်
မူးယစ်ဆေးသုံးစွဲသူများကို ART ကုထုံးများပေးခြင်း အပါအဝင် မူးယစ်ဆေးဝါးဖြတ်လိုတဲ့
လူများကို လိုအပ်တဲ့ အကူအညီ ဝန်ဆောင်မှုများကိုပေးတဲ့ကာကွယ်ရေးနှင့် ပတ်သက်သည့်
အသိပညာပေးမှုများကိုလုပ်ဆောင်ပေးလျက် ရှိပါတယ်။

''မူးယစ်ဆေးစွဲတာက ကြောက်စရာမလိုဘူး၊ ပတ်ဝန်းကျင်ရဲ့ နားချမှုတွေရှိရင် လမ်းမှန်ကို
ပြန်ရောက်လာနိုင်တယ်။ မဟုတ်ရင် လမ်းမှားကို ဆက်တိုးပြီး နစ်သထက်နစ်လာမယ်။ သူနစ်နာ
လာတာနဲ့အမျှ ပတ်ဝန်းကျင်အတွက်အန္တရာယ်ရှိစေနိုင်တယ်။ မူးယစ်ဆေးသုံးရဖို့အတွက် ဘာမဆို
လုပ်လာနိုင်တယ်။ ဒီလိုတွေ မဖြစ်အောင် ပတ်ဝန်းကျင်က လူတွေက တွဲခေါ်သင့်တယ်။ သူတို့ကို
ကိုယ်တိုင် (ဆေး)ဖြတ်ချင်တဲ့အခါတောင်မှ ပတ်ဝန်းကျင်က ပစ်ထားရင် အဲဒီလူက ပိုဆိုးတတ်တယ်။
ပတ်ဝန်းကျင်ရဲ့ ဖေးမမှုက ဆေးဖြတ်တဲ့နေရာမှာ အရေးကြီးပါတယ်''လို့ မြစ်ကြီးနားအခြေစိုက်
မူးယစ်ဆေးစွဲရောဂါ သုတေသနအသင်း SARA ၏ စီမံချက်အရာရှိ ဒေါက်တာအောင်ဆန်းလင်းက
ပြောပါတယ်။

မူးယစ်ဆေး သုံးစွဲသူအများစုမှာ တူညီတဲ့အချက်ကတော့ ပတ်ဝန်းကျင်ရဲ့ ပစ်ပယ်ခြင်းကို
ခံရတာပါပဲလို့လက်ရှိမှာ မူးယစ်ဆေးဝါးအစားထိုး မက်သဒုံးကုသမှုခံယူနေပြီဖြစ်တဲ့ ကချင်ပြည်နယ်၊
ဝိုင်းမော်မြို့နယ်က အောင်အောင်(နာမည်လွှဲ) က ပြောပါတယ်။

အောင်အောင်က မူးယစ်ဆေးဝါးကို မည်သူရဲ့ တိုက်တွန်းချက်မပါဘဲ မိမိဘာသာ ဖြတ်ဖို့ ဆုံးဖြတ်ခဲ့တာ
ဖြစ်ပါတယ်။ သူ့အနေနဲ့ မူးယစ်ဆေးဝါးဖြတ်ဖို့ ကြိုးစားနေတယ်။မက်သဒုံး ကုသမှုကို ခံယူနေတယ်လို့
သိရတဲ့အချိန်မှာတော့ သူနေထိုင်တဲ့ ပတ်ဝန်းကျင်ကလူတွေကလည်း သူ့ကိုပြန်လည် ပေါင်းသင်း
ဆက်ဆံလာတာ တကယ့်ကို အားအင်တစ်ရပ် ဖြစ်စေပါတယ်လို့လည်း သူက ပြောပါတယ်။

အဲဒီလို ပတ်ဝန်းကျင် လူမှုအသိုင်းအဝိုင်းရဲ့ ဖေးမကူညီမှု မရှိဘူးဆိုရင် မူးယစ်ဆေးဝါးဖြတ်ဖို့
ကြိုးစားသူတွေဟာ အရင်က ဘဝတွေကို ပြန်လည်ရောက်သွားနိုင်ဖို့များတယ်လို့လည်း အောင်အောင်က
၎င်းရဲ့ စိုးရိမ်မှုကို ထုတ်ပြောပါတယ်။

''ပစ်ထားဦးမယ်ဆိုရင် ကျွန်တော်တို့ (ခံစားနေရသလို)သွေးကနေတစ်ဆင့် ကူးစက်တတ်တဲ့ (HIV
အသည်းရောင်အသားဝါ ဘီ၊ စီ စတဲ့)ရောဂါတွေပါ ရလာစေနိုင်တယ်။ အဲဒီအခါကျမှ မိသားစုရော
ပတ်ဝန်းကျင်ရော စိတ်ညစ်လာရမယ်။ မူးယစ်ဆေးနောက်က ပါလာတဲ့ နောက်ဆက်တွဲ အရာတွေကို
ထပ်ပြီး မခံစားစေချင်ဘူး'' လို့ အောင်အောင်က ပြောပါတယ်။

အခုဆိုရင် မဖြူ၊ မင်းမင်းနဲ့ အောင်အောင်တို့ဟာ သူတို့နေထိုင်ရာဒေသတွေမှာ အခြေစိုက်ထားတဲ့
MDM၊ SARAH နဲ့ မေတ္တာတို့လို အဖွဲ့တွေရဲ့ အကူအညီနဲ့ မူးယစ်ဆေးဖြတ်ဖို့ လုပ်ဆောင်နေတဲ့အပြင်
HIV ပိုးထိန်းဖို့အတွက်လည်း ART ကုထုံးကို ခံယူနေပြီး ဆေးကို နေ့စဉ်သောက်သုံးနေပါပြီ။

ဒီထက်ပိုပြီး ကောင်းမွန်တဲ့ တိုးတက်မှုတွေကတော့ သူတို့လို ဘဝတူ မူးယစ်ဆေးဝါး ထိုးသွင်းသူတွေကို
မူးယစ်ဆေးသုံးစွဲရာကနေ သွေးကနေ ကူးစက်တတ်တဲ့ ရောဂါကာကွယ်ရေးအကြောင်း အသိပညာပေး
လုပ်တဲ့နေရာတွေမှာ ပါဝင်နေပါပြီ။

မဖြူကတော့ မြစ်ကြီးနားမြို့အခြေစိုက် ကမ္ဘာ့ဆရာဝန်များအဖွဲ့ရဲ့ အစီအစဉ်နဲ့ မြစ်ကြီးနား
အစွန်အဖျားကကျေးရွာလေးတွေမှာရှိတဲ့ ပြည်သူလူထုကြား ဆေးထိုးအပ်ကို မျှဝေပြီး မသုံးစွဲဖို့၊
အစိုးရက ဖွင့်လှစ်ထားတဲ့ မူးယစ်ဆေးကု ဌာနတွေမှာ မူးယစ်ဆေးအစားထိုး မက်သဒုံးကုထုံးကို
ခံယူကြဖို့နဲ့ ဆေးထိုးအပ် မျှဝေရာကနေ HIV ကူးစက်ထားတဲ့လူတွေကိုလည်း ART ကုထုံးကို ခံယူဖို့
စည်းရုံးပညာပေးရေးလုပ်ငန်းတွေ လုပ်ဆောင်နေပါပြီ။

အောင်အောင်ကတော့ မြစ်ကြီးနားမြို့နယ်၊ ဝိုင်းမော်မြို့မှာရှိတဲ့ မေတ္တာအဖွဲ့ရဲ့ အစီအစဉ်နဲ့
အလားတူ အကျိုးပြုလုပ်ငန်းတွေ လုပ်ကိုင်နေပါပြီ ဖြစ်ပါတယ်။

အရင်တုန်းက သူတို့ကြောင့် စိတ်တွေညစ်ခဲ့တဲ့ မိသားစု၊ ပတ်ဝန်းကျင်ကို ပြန်လည်အကျိုးပြုပေးနေတဲ့
အပြင် သူတို့ရဲ့ လုပ်အားခကနေ ရလာတဲ့ ဝင်ငွေကိုလည်း မိသားစုကိုပြန်လည် ထောက်ပံ့နေနိုင်ပါပြီ။
အခက်အခဲများစွာနဲ့ ကြိုးစားမှုရဲ့ ရလဒ်တွေကိုလည်းသူတို့ ကျေနပ်နေပါပြီ။

ဘဝကို တစ်ဖန် ပြန်လည်အနိုင်ယူဖို့ သူတို့ရရှိထားတဲ့ လက်ရှိအောင်မြင်မှုတွေကို ဆက်လက်ပြီး
ရေရှည် ထိန်းသိမ်းထားနိုင်ဖို့ သူတို့အမြဲတမ်းလိုချင်တဲ့ အကြီးမားဆုံး အရာတစ်ခုက သူတို့အခက်အခဲကို
နားလည် စာနာဖေးမပေးနိုင်မယ့် ပတ်ဝန်းကျင် လူ့အသိုင်းအဝိုင်းပါပဲ။

''ပတ်ဝန်းကျင်ကသာ ကျွန်တော်တို့ကို ပစ်ပယ်ခဲ့မယ်ဆိုရင် မူးယစ်ဆေးစွဲတဲ့ လောကကိုပြန်လည်
ရောက်သွားနိုင်ပါတယ်။ မူးယစ်ဆေးသုံးဖူးတဲ့ တစ်ယောက်က ပြန်သုံးစွဲဖို့အတွက်အရမ်း စဉ်းစားစရာ
မလိုဘူး။ အဲဒီလို မဖြစ်အောင်အတွက် ကျွန်တော်တို့မှာ မိသားစု၊ ပတ်ဝန်းကျင်ရဲ့ နားလည်ပေးမှု၊
စာနာပေးမှု၊ဖေးမပေးမှုတွေ အမြဲတမ်းလိုအပ်ပါတယ်။ကျွန်တော်တို့ကို အမြဲတမ်း ကမ်းလှမ်းပေးနေ
ပါစေလို့ မျှော်လင့်ပါတယ်'' လို့ အောင်အောင်က ပြောပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ဆောင်းပါး