ကမ္ဘာမြေထိန်းသိမ်းရေးအတွက် သဘာဝဓာတ်ငွေ့စွမ်းအင်

မန္တလေးမြို့အနီးရှိ မြန်မာ - တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးပို့လွှတ်ရေးစခန်းကို ယခုနှစ် မတ်လအတွင်းက တွေ့မြင်ရစဉ်။ အောင်ရှင်/မြန်မာတိုင်း(မ်)မန္တလေးမြို့အနီးရှိ မြန်မာ - တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးပို့လွှတ်ရေးစခန်းကို ယခုနှစ် မတ်လအတွင်းက တွေ့မြင်ရစဉ်။ အောင်ရှင်/မြန်မာတိုင်း(မ်)

ရာသီဥတုဆိုင်ရာ ပဲရစ်သဘောတူညီချက် (Paris Climate Accord) ကနေ နုတ်ထွက်ဖို့
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဆုံးဖြတ်ခဲ့တဲ့အတွက် အခုအချိန်မှာ အရေးတကြီး
လိုအပ်နေတဲ့ ကမ္ဘာ့ရာသီဥတု ထိန်းသိမ်းရေးလုပ်ငန်းစဉ်တွေ နှောင့်နှေးမသွားဖို့ လိုအပ်ပါတယ်။
ပဲရစ်သဘောတူညီချက်ကို အားပေးထောက်ခံတဲ့ နိုင်ငံတွေထဲမှာ အာရှနိုင်ငံတွေက ထိပ်ဆုံးက
ပါဝင်နေပါတယ်။ အခု အချိန်က လုပ်လက်စ လုပ်ငန်းစဉ်တွေ ရပ်တန့်ရမယ့်အချိန် မဟုတ်ဘဲ
အားသွန်ခွန်စိုက် ဆက်လုပ်ဖို့ လိုအပ်တဲ့အချိန်လည်း ဖြစ်ပါတယ်။

ကမ္ဘာ့လူဦးရေက လက်ရှိအချိန်မှာ ၇ ဒသမ ၅ ဘီလျံရှိပြီး ဒီရာစုနှစ်မကုန်မီ ၁၁ ဘီလျံအထိ
ရှိလာနိုင်တဲ့အတွက် စွမ်းအင်လိုအပ်မှုလည်း နှစ်ဆမြင့်တက်လာနိုင်ပါတယ်။

ကမ္ဘာတစ်ဝန်းမှာ တိုးတက်ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတာနဲ့အမျှ စွမ်းအင်ထုတ်လုပ်ဖြန့်ဖြူးမှုစနစ်
တွေလည်း ပြောင်းလဲလာပါတယ်။ အထူးသဖြင့် အာရှတိုက်မှာ လေထုညစ်ညမ်းခြင်းက
လူ့အသက်ပေါင်းများစွာကို ခြိမ်းခြောက်နေတဲ့အတွက် ကာဗွန်ထုတ်လွှင့်မှု လျှော့ချရေးက
အရေးကြီးတဲ့ ကဏ္ဍမှာ ပါဝင်နေပါတယ်။

မြန်မာနိုင်ငံမှာ ထင်းလိုအရာဝတ္ထုတွေ အသုံးပြုပြီး အိမ်အတွင်း ပူနွေးအောင်ပြုလုပ်ခြင်းနှင့်
ချက်ပြုတ်ခြင်းတွေကြောင့် အိမ်တွင်းရှိလေထုကို ညစ်ညမ်းစေပါတယ်။ ကျောက်မီးသွေးက
လေထုညစ်ညမ်းမှုဖြစ်စေတဲ့ အကြောင်းရင်းတခု ဖြစ်တဲ့အတွက် ပြောင်းလဲဖို့ လိုအပ်ပါတယ်။
ပြောင်းလဲဖို့လည်း ဖြစ်နိုင်ပါတယ်။ ရိုးရိုးရှင်းရှင်း ပြောရရင် အနာဂတ်မှာ အာရှနိုင်ငံတွေ
တိုးတက်ကောင်းမွန် စေဖို့ သန့်ရှင်းတဲ့ စွမ်းအင်တွေ လိုအပ်ပါတယ်။

လက်ရှိအချိန်အထိ အာရှတိုက်ရဲ့ စွမ်းအင်သုံးစွဲမှုမှာ ကျောက်မီးသွေးက ၄၇ ရာခိုင်နှုန်းရှိပြီး
သဘာဝဓာတ်ငွေ့သုံးစွဲမှုက ၁၀ ရာခိုင်နှုန်းသာရှိပါတယ်။ တချို့ အာရှနိုင်ငံတွေမှာ ကျောက်မီးသွေး
သုံးစွဲမှု ပိုမိုမြင့်တက်လျက် ရှိပါတယ်။ လိုအပ်တဲ့ စွမ်းအင်ပမာဏထုတ်ယူရာမှာ ပြန်လည်ပြည့်ဖြိုးမြဲ
စွမ်းအင် (Renewable Energy) သုံးစွဲခြင်းက အဓိကကျတဲ့ သော့ချက်ဖြစ်ပါတယ်။ ရာသီဥတု
ထိန်းသိမ်းရေးနဲ့ လေထုညစ်ညမ်းမှု ကာကွယ်ရေး အတွက်လည်း အရေးပါပါတယ်။

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကနေ လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ပါတယ်။ ဒါပေမဲ့ အကြီးစား
ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေဖြစ်တဲ့ သံ၊ သံမဏိ၊ ဘိလပ်မြေ၊ ပလတ်စတစ်နှင့်
အခြား ထုတ်လုပ်မှုတွေအတွက် လိုအပ်တဲ့စွမ်းအင်ကို သင့်တင့်သည့်ဈေးနှုန်းနှင့် လျှပ်စစ်ဓာတ်အား
မထုတ်လုပ်နိုင်သေးပါဘူး။ ဒါကြောင့် ရှေ့လာမယ့်ဆယ်စု နှစ်တွေမှာ ကမ္ဘာ့စွမ်းအင်လိုအပ်ချက်တွေ
အတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့ပမာဏ အများအပြား လိုအပ်လျက် ရှိနေခြင်းဖြစ်ပါတယ်။

များမကြာမီအချိန်အတွင်းမှာ စွမ်းအင်ထုတ်လုပ်မှုနှင့် သုံးစွဲမှုပုံစံတွေ ပြောင်းလဲလာဖို့ရှိပါတယ်။
စွမ်းအင်ရရှိဖို့ ဟိုက်ဒရိုကာဗွန်လောင်ကျွမ်းမှုမှာ အသန့်ရှင်းဆုံးဖြစ်တဲ့ သဘာဝဓာတ်ငွေ့၊
လေနှင့် နေစွမ်းအင်တွေနဲ့ ပူးတွဲ အသုံးပြုမှုတွေ ပိုမိုတွင်ကျယ်လာဖို့ ရှိပါတယ်။ နေနဲ့လေကနေ
စွမ်းအင်ထုတ်ယူဖို့ ခက်ခဲတဲ့ နေရာတွေမှာ ဓာတ်ငွေ့ အသုံးပြုတဲ့ ခေတ်မီစွမ်းအင်စက်ရုံတွေက
စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်။

ယခုရာစုနှစ်အကုန်ပိုင်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေက လူသန်းပေါင်းများစွာဟာ လူလတ်တန်းစားတွေ
ဖြစ်လာပါလိမ့်မယ်။ သူတို့ထဲက အများစုက လက်ကိုင်ဖုန်းနဲ့ ရေခဲသေတ္တာကို အသုံးပြုကြပါလိမ့်မယ်။
လူနေမှုအဆင့်အတန်း တိုးတက်လာတာနဲ့အမျှ ကိုယ်ပိုင်မော်တော်ကား အသုံးပြုမှုတွေလည်း
ပိုမိုများပြားလာမှာ ဖြစ်ပါတယ်။

ဒီလိုတိုးတက်ပြောင်းလဲမှုတွေက ကမ္ဘာ့စွမ်းအင်ကဏ္ဍအတွက် ကြီးမားတဲ့ဖိအားကို ဖြစ်စေပါလိမ့်မည်။
တစ်ချိန်တည်းမှာပဲ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ စိန်ခေါ်မှုတွေကိုလည်း အမှန်တကယ်
ကြုံတွေ့ရပါလိမ့်မည်။ ကျွန်ုပ်တို့ရဲ့ နောင်လာနောင်သားတွေ ဘယ်လိုလေမျိုးတွေကို ရှူရှိုက်ရမလဲ၊
ရာသီဥတုဖောက်ပြန်မှုကြောင့် လူမှုဘ၀တွေ ဘယ်လိုထိခိုက်မှုရှိမလဲ၊ အထူးသဖြင့် ကမ်းရိုးတမ်းဒေသ
နေထိုင်သူတွေကို ဘယ်လိုအကျိုးသက်ရောက်မှု ရှိမလဲဆိုတဲ့ မေးခွန်းတွေ မေးဖို့
လိုအပ်လာပါလိမ့်မည်။

သဘာဝဓာတ်ငွေ့က စီးပွားရေးကဏ္ဍအားလုံးကို အထောက်အပံ့ပေးနိုင်တဲ့ လောင်စာအရင်းအမြစ်
အနည်းငယ်တွေအထဲက တခုဖြစ်ပါတယ်။ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ၊ လူနေအိမ်တွေ
အတွက် အနွေးဓာတ်နှင့် လျှပ်စစ် မီးရရှိရေး၊ အကြီးစားလုပ်ငန်းတွေ လည်ပတ်နိုင်ရေးမှာ
အသုံးပြုနိုင်ပါတယ်။ သဘာဝဓာတ်ငွေ့ကို ကမ္ဘာ့ဒေသ နေရာအနှံ့အပြား ထုတ်လုပ်နိုင်ပါတယ်။

သဘာဝဓာတ်ငွေ့အသုံးပြုခြင်းက ပတ်ဝန်းကျင်အတွက် အကျိုးရှိတယ်ဆိုတာ သေချာပါတယ်။
ကျောက်မီးသွေး သုံးစွဲမှုနဲ့နှိုင်းယှဉ်ပါက သဘာဝဓာတ်ငွေ့ အသုံးပြုခြင်းက ကာဗွန်ဒိုင်အောက်ဆိုဒ်
ထုတ်လွှင့်မှု ထက်ဝက်သာရှိပြီး လေထုညစ်ညမ်းနှုန်းမှာလည်း ဆယ်ပုံတစ်ပုံသာ ရှိပါတယ်။

တချို့နိုင်ငံတွေက သဘာဝဓာတ်ငွေ့အသုံးပြုမှုကို သိသိသာသာ မြှင့်တင်လျက်ရှိပါတယ်။
တရုတ်နိုင်ငံမှာ လက်ရှိ သဘာဝဓာတ်ငွေ့သုံးစွဲမှု ၆ ရာခိုင်နှုန်းရှိရာမှ ၂၀၃၀ မှာ ၁၅ ရာခိုင်နှုန်းသုံးစွဲဖို့
စီစဉ်လျက်ရှိပါတယ်။ အိန္ဒိယနိုင်ငံမှာ သဘာဝဓာတ်ငွေ့သုံးစွဲမှု ၈ ရာခိုင် နှုန်းသာရှိတဲ့အတွက်
တိုးမြှင့်သုံးစွဲဖို့ ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းခြင်းနဲ့ အခြေခံအဆောက်အအုံတွေ
တည်ဆောက်ခြင်းကို အစိုးရက လုပ်ဆောင်ပေးလျက် ရှိပါတယ်။

အိန္ဒိယနိုင်ငံ၏ စက်မှုအထွန်းကားဆုံးမြို့ဖြစ်တဲ့ ဂူဂျာရတ် မြို့မှာ ဓာတ်ငွေ့သုံးစွဲမှုက စွမ်းအင်သုံးစွဲမှု
အားလုံးရဲ့ ၂၅ ရာခိုင်နှုန်းရှိပါတယ်။

မြန်မာနိုင်ငံလူဦးရေရဲ့ သုံးပုံနှစ်ပုံခန့်ဟာ လျှပ်စစ်ဓာတ်အား မရရှိသေးပါဘူး။ ၂၀၃၀ ပြည့်နှစ်မှာ
တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရရှိနိုင်ဖို့ ပြည်တွင်းမှာ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးနဲ့ ပြည်ပကနေ
သဘာဝဓာတ်ငွေ့ရည် (LNG) တင်သွင်းပြီး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ဖို့
အစိုးရက အဓိကထား လုပ်ဆောင်လျက် ရှိပါတယ်။

အနာဂတ်မှာ သဘာဝဓာတ်ငွေ့သုံးစွမ်းအင် မည်မျှကို အဓိကထား၍ အသုံးပြုမည်ဖြစ်တဲ့အကြောင်း
အစိုးရ အဆက်ဆက်မှာ မူဝါဒချ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ဆုံးဖြတ်ချက်တွေက
ပဲရစ်သဘောတူညီ မှုဆိုင်ရာ ကတိက၀တ်ထားရှိမှုတွေနဲ့ ကိုက်ညီရန် လိုအပ်ပါတယ်။

ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှင့်မှုအပေါ် နှုန်းထားများ သတ်မှတ်ခြင်းက ကာဗွန်ထုတ်လွှင့်မှု
နည်းပြီး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ထုတ်လုပ်ရေးကို အားပေးရာ ရောက်ပါတယ်။ ဥပမာအားဖြင့်
အရှေ့တောင်အာရှမှာ စင်ကာပူနိုင်ငံဟာ ကာဗွန်ထုတ်လွှင့်မှုအပေါ် အခွန်ကောက်ခံတဲ့
ပထမဆုံးနိုင်ငံဖြစ်ပြီး ထိုသို့ လုပ်ဆောင်ခြင်းက စက်ရုံတွေကနေ ကာဗွန်ထုတ်လွှင့်မှုကို
လျော့ကျစေမှာ ဖြစ်ပါတယ်။

စွမ်းအင်ထုတ်လုပ်သုံးစွဲမှုက အစိုးရတွေရဲ့ မူဝါဒအပြင် စွမ်းအင်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့
လုပ်ဆောင်ချက်တွေအပေါ်မှာလည်း မူတည်နေပါတယ်။ အစိုးရတွေ၊ စွမ်းအင်ကုမ္ပဏီတွေနဲ့
စွမ်းအင်လောင်စာသုံးစွဲသူတွေရဲ့ ဆောင်ရွက်ချက်တွေက အနာဂတ်စွမ်းအင်သုံးစွဲမှုကို ပုံဖော်သွားမှာ
ဖြစ်ပါတယ်။ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်နဲ့ သဘာဝဓာတ်ငွေ့က အရေးကြီးတဲ့ အခန်းကဏ္ဍက
ပါဝင်နေပါတယ်။ ပဲရစ်သဘော တူညီချက်တွေကို လက်တွေ့ အကောင်အထည်ဖော်ရမယ့်အချိန်
ရောက်ရှိလာပြီ ဖြစ်ပါတယ်။


(မာတင်ဝက်ဆဲလား (Maarten Wetselaar) သည် Royal Dutch Shell ကုမ္ပဏီ၏
အမှုဆောင်ကော်မတီ အဖွဲ့ဝင်ဖြစ်ပြီး၊ သဘာဝဓာတ်ငွေ့နှင့် စက်စွမ်းအင်ကဏ္ဍဆိုင်ရာ
ဒါရိုက်တာဖြစ်သည်။)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။