ပင်လယ်အောက်က နိုင်ငံ

နယ်သာလန်နိုင်ငံ Kinderdijk ဒေသတွင် ရေစုပ်ထုတ်ရန် တည်ဆောက်ထားသည့် ရှေးဟောင်း လေရဟတ်ကြီးများ။ အေးအေးဝင်း/မြန်မာတိုင်း(မ်)နယ်သာလန်နိုင်ငံ Kinderdijk ဒေသတွင် ရေစုပ်ထုတ်ရန် တည်ဆောက်ထားသည့် ရှေးဟောင်း လေရဟတ်ကြီးများ။ အေးအေးဝင်း/မြန်မာတိုင်း(မ်)

ချစ်မိတ်ဆွေများရှင်။ အားလုံးကျန်းမာ ချမ်းသာကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မနှစ်တုန်းကတော့
ကျွန်မတို့ရဲ့ နွေရာသီအားလပ်ရက်ကို ကျွန်မခင်ပွန်းသည်ရဲ့ နိုင်ငံဖြစ်တဲ့ နယ်သာလန်နိုင်ငံမှာပဲ
အနားယူရင်း အချိန်ဖြုန်းခဲ့ကြပါတယ်။ ဟာဝစ်ခ်ျလို့ခေါ်တဲ့ အင်္ဂလန်နိုင်ငံ ဆိပ်ကမ်းမြို့ကနေ
သင်္ဘောကလေးတစ်စင်းနဲ့ ပင်လယ်ပြင်ကိုဖြတ်ပြီး နယ်သာလန်နိုင်ငံကို သွားကြပါတယ်။
ကျွန်မတို့ဟာ သည်ဟေ့ဂ်မြို့ရဲ့ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းမြို့ဖြစ်တဲ့ Scheveningen မြို့ကို
ရောက်နေကြပါတယ်။ အမ်စတာဒမ်မြို့ဟာ နယ်သာလန်နိုင်ငံရဲ့ တရားဝင်မြို့တော် ဖြစ်ပေမဲ့
ဒတ်ခ်ျပါလီမန်ကတော့ သည်ဟေ့ဂ်မြို့မှာပဲ အခြေစိုက်ထားရှိပါတယ်။ အပြည်ပြည်ဆိုင်ရာ
တရားစီရင်ရေးမြို့ဖြစ်တဲ့ သည်ဟေ့ဂ်မြို့ကို ကျွန်မလည်း သဘောကျတယ်။ ဘာဖြစ်လို့လဲဆိုတော့
အဲဒီမြို့မှာ အပြည်ပြည်ဆိုင်ရာတရားရုံး၊ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံး နဲ့ ကမ္ဘာ့ကုလသမဂ္ဂရဲ့
ခုံသမာဓိရုံးအမျိုးမျိုးဟာ အဲဒီမြို့မှာရှိပါတယ်။ ကျွန်မခင်ပွန်းသည်က ဒီမြို့မှာပဲ ကြီးပြင်းလာခဲ့တာပါ။
ကျွန်မ ယောင်းမ ဂါဒါနဲ့ ကျွန်မမိတ်ဆွေတွေကတော့ အဲဒီမြို့မှာ နေပါတယ်။ ကျွန်မတို့ဟာ
ပင်လယ်ကမ်းခြေနားက အခန်းတစ်ခန်းမှာ ငှားပြီး တည်းခိုခဲ့ပါတယ်။ ဒီအခန်းကနေ မြင်ရတဲ့
မြင်ကွင်းကလည်း အတော်လှပါတယ်။ အဲဒီ နေရာလေးဟာ North Sea လို့ ခေါ်တဲ့
မြောက်ပင်လယ်ရဲ့ ကမ်းခြေပါ။ အဲဒီမြို့ပတ်ဝန်းကျင်မှာ အလွန်ကျယ်ပြန့်တဲ့ ကမ်းခြေကြီးနဲ့
သဲခုံတွေကလည်း ပတ်ပတ်လည်ရှိနေပါတယ်။ ကျွန်မတို့ မိတ်ဆွေတွေ၊ မိသားစုတွေနဲ့
အားလပ်ရက်အပန်းဖြေဖို့ အင်မတန်ကောင်းတဲ့ နေရာတစ်ခုပါ။

အပန်းဖြေတဲ့ကာလအတွင်းမှာ ကျွန်မတို့တစ်တွေဟာ သဲခုံတွေဆီကိုသွားပြီးတော့ စက်ဘီးစီးတယ်။
ကမ်းခြေမှာ အနားယူကြတယ်။ တခြားကလေးတွေလိုပဲ ကျွန်မသားလေး အိုလီကလည်း သဲခုံပေါ်မှာ
ရဲတိုက်တွေ ဆောက်ရတာကို သဘောကျတယ်။ ပင်လယ်ဒီရေကတော့ တက်လာပြီး
သူလက်လှမ်းမီသမျှနေရာတွေကို တိုက်ချသွားတာပါပဲ။ ငယ်ရွယ်တဲ့ ကလေးတွေကတော့ သူတို့
ရဲတိုက်ကို ပင်လယ်လှိုင်းတွေက တိုက်ချသွားမယ့် ဘေးကနေ ကာကွယ်ဖို့ အတားအဆီးအမျိုးမျိုးတွေ
တည်ဆောက်ရေးကို လေ့လာသင်ယူကြတယ်။ ငယ်ငယ်ကလေးကတည်းက ဒီကလေးတွေဟာ
ဒီလိုလေ့လာသင်ကြားတာဟာ ကောင်းတဲ့ အချက်တစ်ချက်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ နယ်သာလန်
ဆိုတဲ့ နာမည်ကိုက (မြေနိမ့်ဒေသ) ဒီနိုင်ငံဟာ ပင်လယ်ရေ မျက်နှာပြင်ထက် နိမ့်တဲ့နိုင်ငံဆိုတာ
ဖော်ပြနေတယ်လေ။ ဒီနိုင်ငံကုန်းမြေရဲ့ ၂၆ ရာခိုင် နှုန်းဟာ ပင်လယ်ရေမျက်နှာပြင်အောက် နိမ့်တဲ့
နေရာမှာ တည်ရှိတယ်။ ဘယ်လောက်နိမ့် သလဲဆိုရင် ကုန်းမြေဧရိယာရဲ့ ၅၀ ရာခိုင်နှုန်းကျော်ဟာ
ပင်လယ်၊ ဒါမှမဟုတ် မြစ်တွေ ချောင်းတွေကနေ ရေလျှံရင် နှစ်မြှုပ်မယ့် ဘေးရှိပါတယ်။
နယ်သာလန်မှာ အကြီးဆုံး မြို့သုံးမြို့ဖြစ်တဲ့ အမ်စတာဒမ်၊ ရော်တာဒမ်နဲ့ သည်ဟေ့ဂ်မြို့သုံးမြို့
စလုံးဟာ မြေနိမ့်ဒေသထဲမှာ တည်ရှိပါတယ်။ ဥရောပတိုက်မှာ လေယာဉ်အဆင်းအတက်
အထူထပ်ဆုံး လေဆိပ်ဖြစ်တဲ့ ရှီဖိုး (Schiphol) လေဆိပ်ဟာဆိုရင် ပင်လယ်ရေမျက်နှာပြင်အောက်
လုံးဝ နိမ့်ကျနေပါတယ်။ ဘယ်လိုဖြစ်နိုင်ပါ့မလဲ။ ကျွန်မအတွက်ကတော့ ဒီနိုင်ငံ ပင်လယ်
ရေမျက်နှာပြင်အောက် နိမ့်ကျနေတာကို ခဲခဲယဉ်းယဉ်း တွေးနေရတယ်။ အဲဒီလိုဆိုရင် ဒီနိုင်ငံဟာ
ရေအောက်မှာပဲ ပျောက်မသွားဘူးလား။

သမိုင်းစဉ်တစ်လျှောက် မြစ်တွေ၊ ချောင်းတွေနဲ့ ပင်လယ်ကနေ တက်လာတဲ့ ဒီရေတွေကြောင့်
ရေဘေးအကြိမ်ကြိမ် ကြုံခဲ့ရတဲ့ ဒီနိုင်ငံလေးဟာ လူဦးရေ အထူထပ်ဆုံး ဖြစ်နေတော့ ဘယ်လောက်
အံ့ဩစရာကောင်းသလဲ။ အဲဒီနိုင်ငံဟာ ပင်လယ်တွေနဲ့ မြစ်ချောင်းတွေ အောက်မှာ ပျောက်မသွားဘဲနဲ့
ကမ္ဘာပေါ်မှာ အကောင်းဆုံး ရေထိန်းသိမ်းရေးပညာရှင်တွေရှိတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ဖွံ့ဖြိုးတိုးတက်
လာခဲ့ပါတယ်။ ဒီလူဦးရေထူထပ်တဲ့ နိုင်ငံလေး နဲ့ပတ်သက်လို့ ဘယ်လောက်အံ့ဩစရာ
ကောင်းလိုက်ပါသလဲ။

အမ်စတာဒမ်မြို့တော်ကို ကြည့်ရအောင်။ ဒီမြို့ဟာ အမ်စတာ Amster မြစ်ပေါ်က ငါးဖမ်းရွာလေး
တစ်ရွာအဖြစ်နဲ့ စတင်ပေါ်ပေါက်ခဲ့တာပါ။ မြေက နိမ့်တာမို့ အမြဲတမ်းရေလျှံမှုဖြစ်တယ်။ အဲဒီတော့
ရေဘေးကာကွယ်ရေးအတွက် ခရစ်နှစ် ၁၂၂၀ ကတည်းက ရေကာတာကြီးတစ်ခုကို
တည်ဆောက်ခဲ့ပါတယ်။ အဲဒါကိုက သူနဲ့လိုက်တဲ့ နာမည် Amster Dam ဘယ်လိုရခဲ့သလဲ
ဆိုတာပါပဲ။ ကောင်းကောင်းမွန်မွန်နေဖို့ လိုလားကြတဲ့ ကျွမ်းကျင်လိမ္မာသူ ဒတ်ခ်ျလူမျိုးတွေဟာ
သူတို့ရဲ့ မြို့ကို ရေတွေ ကောင်းမွန်စွာ စီးဆင်းဖို့ တူးမြောင်းတွေ ဖောက်လုပ်စီစဉ်ထားခဲ့ကြတယ်။
တူးမြောင်းတွေရဲ့ လှပတဲ့ မြင်ကွင်းကလည်း စိတ်ချမ်းမြေ့စရာဖြစ်ပါတယ်။ အမ်စတာဒမ်ဟာ
ဥရောပတိုက်မှာ အလှပဆုံး မြို့တစ်မြို့ဖြစ်ပါတယ်။

အထင်ကြီးချီးမွမ်းစရာ အချက်တစ်ချက်ကို ကျွန်မတွေ့တာကတော့ သဘာဝဘေးအန္တရာယ်တွေကို
အကျိုးရှိအောင် ဘယ်လို ပြောင်းလဲပြီး စီမံခန့်ခွဲဆောင်ရွက်ခဲ့သလဲဆိုတဲ့ လုပ်ရပ်ပါ။ Polder ဆိုတဲ့
နေရာကလေးကို သာဓကအဖြစ် ကြည့်ရအောင်။ နယ်သာလန် တစ်နိုင်ငံလုံးမှာ ပိုးဒါးဧရိယာတွေ
၃,၀၀၀ ကျော် တွေ့ရပါလိမ့်မယ်။ ဒီနေရာတွေဟာ ဘာမှမပြုမပြင်ဘဲ ဒီအတိုင်းပစ်ထားတဲ့
မြေနိမ့်ဒေသတွေပါ။ ဒါပေမဲ့ ဒတ်ခ်ျတွေက အဲဒီ စွန့်ပစ်ထားတဲ့ မြေတွေကို ပင်လယ်ပြင်နဲ့
တခြားရေပြင်တွေကနေ ပြန်လည်ဆည်ယူပြီးတော့ ရေမ၀င်အောင် ဖန်တီး၊ ပြုပြင်ဆောင်ရွက်ခဲ့ကြ
ပါတယ်။ သူတို့တစ်တွေဟာ ပိုးဒါးဒေသတွေကို ရေတားကလေးတွေ ဆောက်ပြီး ရေတွေကို
စုပ်ထုတ်ပါတယ်။ နောက်ပြီးတော့ တူးမြောင်းတွေနဲ့ တူးပြီးတော့ အဲဒီနေရာကို အသုံးချနိုင်တဲ့
မြေဖြစ်အောင် ထိန်းသိမ်းခဲ့တယ်။ ဒါကြောင့် အသုံးမပြုဘဲ စွန့်ပစ်ထားတဲ့ မြေရိုင်းဘ၀ကနေ
ဒတ်ခ်ျတို့က စိုက်ပျိုးလုပ်ကိုင်နိုင်တဲ့ မြေအဖြစ် ပြုပြင်ပြောင်းလဲခဲ့ပါတယ်။ ပထမဆုံး ဒီလို ပြုပြင်နိုင်တဲ့
ပိုးဒါးခေါ် မြေနိမ့်ဒေသကတော့ ၁၁ ရာစုခေတ်ကတည်းက စခဲ့တာပါ။ ရှေးတုန်းကဆိုရင်
အဲဒီမြေနိမ့်ထဲကရေတွေကို စုပ်ထုတ်ဖို့ လေရဟပ်တွေကို အသုံးပြုပါတယ်။ ဒီကာလတုန်းက
နယ်သာလန်နိုင်ငံ တစ်ဝန်းလုံးမှာ လေရဟပ်ပေါင်း ၁၀,၀၀၀ ကျော်တောင် ရှိပါတယ်။
ကျွန်မတို့တစ်တွေဟာ ကင်ဒါဂျစ် (Kinderdijk) လို့ခေါ်တဲ့ ပိုးဒါးဒေသကို သွားရောက်
လည်ပတ်ခဲ့ပါတယ်။ မြေနိမ့်ဒေသ ရေ၀ပ်မြေကို ပြန်လည်ပြုပြင် ပြီးတော့ စိုက်ပျိုးရေးလုပ်ခဲ့တဲ့နေရာပါ။
အဲဒီ ရေ၀င်မြေနိမ့်ဒေသက ရေတွေကို စုပ်ထုတ်ဖို့ လေရဟပ် ၁၉ ခုကို အသုံးပြုခဲ့ပါတယ်။
အခုအချိန်မှာတော့ လေရဟပ်တွေကို မသုံးကြတော့ပါဘူး။ ဒါပေမဲ့ ဒတ်ခ်ျလူမျိုးတို့ရဲ့ အထိမ်းအမှတ်
လက္ခဏာမှာ ဒီလေရဟပ်တွေဟာ အခိုင်အမာပဲ ရပ်တည်နေတုန်းပါ။

သမိုင်းစဉ်တစ်လျှောက် ရေဘေးတွေကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရပါတယ်။ ဇွိုင်တာဇီး ခေါ်တဲ့
မြောက်ပင်လယ်ကနေ စီးဝင်လာတဲ့ မြစ်ခွဲကလေးတစ်ခုဆိုရင် ၁၉၁၆ ခုနှစ်မှာ အကြီးအကျယ်
ရေဘေးကြုံခဲ့ပါတယ်။ ဒတ်ခ်ျလူမျိုးတွေက အဲဒီသမုဒ္ဒရာလမ်းကြောင်းကို ပိတ်ဖို့ မိုင် ၂၀
(၃၂ ကီလိုမီတာ)ရှည်တဲ့ တာတမံကြီးတစ်ခုကို တည်ဆောက်ပြီး သဘာဝဘေးကို အံတုခဲ့ကြတယ်။
အဲဒီလို ကြီးမားတဲ့ တာတမံတည်ဆောက်ရေးလုပ်ငန်းကြီးဟာ ၁၉၃၂ ခုနှစ်မှာ ပြီးဆုံးသွားခဲ့ပါတယ်။
အနောက်ဥရောပမှာ အကြီးဆုံးရေချိုကန်ကြီးဖြစ်တဲ့ Ijsselmeer ရေကန်ကြီးကို ဖန်တီးနိုင်ခဲ့တယ်။
ဒီကန်ကြီးဟာ စိုက်ပျိုးရေးလုပ်ငန်းနဲ့ သောက်သုံးရေအတွက် ရေချိုကန်ကြီးဖြစ်ပါတယ်။ ဒီနေရာဟာ
ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ အပန်းဖြေလုပ်ငန်းအတွက် နယ်သာလန်နိုင်ငံမှာ
အဓိကနေရာကြီးတစ်ခု ဖြစ်လာခဲ့ပါတယ်။ ခရုတွေ၊ ငါးအမျိုးမျိုးတွေ မျိုးစုံရှိပါတယ်။

ခေတ်သစ်ဒတ်ခ်ျသမိုင်းမှာ အကြီးဆုံး ရေလွှမ်းမှုကတော့ ၁၉၅၃ ခုနှစ်မှာ ဖြစ်ပွားခဲ့ပါတယ်။
ဒီရေဘေးကြောင့် လူပေါင်း ၁၈,၀၀၀ ကျော် သေဆုံးခဲ့တယ်။ သဘာဝတရားရဲ့ အနိဋ္ဌာရုံတွေကို
အလျော့ပေးမဲ့အစား ဒတ်ခ်ျ ပြည်သူလူထုဟာ ပြန်တိုက်ခဲ့တယ်။ ဓီနူအဓေ မြစ်ဝကျွန်းပေါ်လုပ်ငန်းလို့
လူသိများတဲ့ လုပ်ရပ်ကို ကျွမ်းကျင်စွာနဲ့ ဆောင်ရွက်ခဲ့တယ်။ ဒီလုပ်ငန်းဟာ တာရိုးတွေ
အမြောက်အမြားကို ဇီလန်ပြည်နယ်တောင်ပိုင်း ဒတ်ခ်ျ ကမ်းခြေတစ်လျှောက်မှာ
တည်ဆောက်ခဲ့တာပါပဲ။ ပင်လယ်ရေကို တားဆီးဖို့ တာရိုးအရှည် မိုင် ၁,၈၆၄ မိုင်နဲ့အတွင်းမှာ
တူးမြောင်းတွေနဲ့ မြစ်တွေက ရေတွေကို ကာထားတဲ့ ရေကာတာက ၆,၂၁၄ မိုင် ရှိပါတယ်။
ဒီလောက် ရှည်တဲ့တာတွေ တည်ဆောက်တာ ဘယ်လောက် အံ့ဩစရာကောင်းသလဲ။

ဒဲလ်တာလုပ်ငန်းမှာ အထင်ကြီးစရာ အကောင်းဆုံး ဆောက်လုပ်မှုကတော့ "Maeslantkering"
ဖြစ်ပါတယ်။ အဲဒီတာဟာ ပင်လယ်ရေမျက်နှာပြင် မြင့်လွန်းလာတဲ့ အခါမျိုးမှာ ပင်လယ်ကရေတွေကို
မ၀င်အောင် ပိတ်ပစ်လိုက်တဲ့ ရေတံခါးတစ်ခုပါပဲ။ အရွယ်အစားကလည်း အကြီးကြီးပါ။
တံခါးတစ်ဖက်ရဲ့ လက်တံဟာဆိုရင် အီဖဲလ်မျှော်စင်ကြီးကို အလျားလိုက် ချထားသလောက်ရှိပါတယ်။
ဒီ လုပ်ငန်းဟာ ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံး အင်ဂျင်နီယာလုပ်ငန်းကြီးတစ်ခု ဖြစ်ပါတယ်။
အမေရိကန်မြို့ပြအင်ဂျင်နီယာအသင်းက ဒဲလ်တာလုပ်ငန်းကို ခေတ်သစ်ကမ္ဘာ့အံ့ဖွယ် ခုနစ်ခုထဲမှာ
တစ်ခုအပါအ၀င်အဖြစ် သတ်မှတ်ထားခဲ့ပါတယ်။

အခုနောက်ဆုံး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆောင်ရွက်တဲ့ ရေနဲ့ပတ်သက်တဲ့ လုပ်ငန်းစီမံကိန်း
ကတော့ မြစ်အတွက် အခန်း (Room for the River) လုပ်ငန်းစီမံကိန်းပဲ ဖြစ်ပါတယ်။ ဒီလုပ်ငန်းက
ရေတွေကို မလာအောင်လုပ်မယ့်အစား ရာသီအလိုက်နဲ့ ဒီရေအတက်အကျ အခြေအနေအရ
စီးဆင်းလာတဲ့ ရေတွေကို ယူပြီးတော့ ဆောင်ရွက်တဲ့ လုပ်ငန်းစီမံကိန်းဖြစ်ပါတယ်။ ဒီစီမံကိန်းမှာ
ရေဘေးသင့်နိုင်တဲ့ နေရာတွေမှာ နေထိုင်တဲ့ ဒတ်ခ်ျပြည်သူလူထု သန်းပေါင်းများစွာအတွက်
ပိုမိုကောင်းမွန်တဲ့ အကာအကွယ်တွေကို ဖြည့်ဆည်းပေးတာဖြစ်ပါတယ်။ မြစ်တွေကိုလည်း ချဲ့ခဲ့တယ်။
အကွေ့အကောက်တွေလည်း ပိုပြီး များစေခဲ့တယ်။ အဲဒီတော့မှ ရေက ဖြည်းဖြည်းနှေးနှေးပဲ
စီးဆင်းမှာပေါ့။ ရေစီးရေလာကို ထိန်းသိမ်းဖို့ တခြားအင်ဂျင် နီယာပညာရပ်တွေကလည်း
အတော်ကျယ် ပြန့်ပါတယ်။ လူတွေ အခက်အခဲနဲ့ ရင်ဆိုင်ရတဲ့အခါမှာ အဲဒီဆိုးကျိုးတွေကို
ကောင်းကျိုးဖြစ်အောင် ဖန်တီးတဲ့ ကိစ္စကို ကျွန်မအမြဲပဲ အံ့ဩချီးမွမ်းမိပါတယ်။ ဒတ်ခ်ျလူမျိုးတွေဟာ
ဒါကိုဖြစ်အောင် လုပ်နိုင်တယ်။ သူတို့ရဲ့ ကျွမ်းကျင်လိမ္မာမှုနဲ့ တီထွင်ဖန်တီးမှုတွေကို သူတို့ကြုံရတဲ့
ပြဿနာကို အဖြေရှာဖို့အတွက် အသုံးပြုခဲ့ပါတယ်။ ဒါကြောင့် ဒီနိုင်ငံဟာ ပင်လယ်နဲ့ မြစ်တွေရဲ့
အောက်မှာ ပျောက်ကွယ်သွားရမယ့်အစား ဒတ်ခ်ျတွေက အောင်အောင်မြင်မြင်နဲ့ သူတို့ကို
အသာစီးကနေ စီးနင်းပြီးတော့ အသုံးချနေကြတယ်။ သူတို့ရဲ့ နောက်ဆုံး "Room for the River"
စီမံကိန်းဟာ ဒတ်ခ်ျလူမျိုးတွေလောက် ဘယ်နိုင်ငံကမှ ရေကို ပိုကောင်းမွန်အောင် စနစ်တကျ
စီမံခန့်ခွဲနိုင်တယ်ဆိုတာ မရှိဘူးဆိုတဲ့ သာဓကကို ဖော်ပြနေတာပါပဲ။ ရေနဲ့ ပတ်သက်လို့
စီမံခန့်ခွဲမှုတွေ ကြုံရမယ်ဆိုရင် ဒတ်ခ်ျတွေကိုပဲ ခေါ်လိုက်ပါ။ မိတ်ဆွေများရှင်။ ချစ်ခင် လေးစားလျက်။

တင်စိန် ဘာသာပြန်သည်။


(စာရေးသူ ဒေါ်အေးအေးဝင်းသည် ကွယ်လွန်သူ ဘီဘီစီဦးနေ၀င်း၏ သမီးတစ်ဦးဖြစ်ပြီး လက်ရှိတွင်
ပြင်သစ်နိုင်ငံ စထရပ်ဘိုးမြို့တွင် နေထိုင်လျက်ရှိသည်။ နိုင်ငံတကာအဖွဲ့အစည်းများတွင် တာဝန်
ထမ်းဆောင်ခဲ့သည့် ဒေါ်အေးအေးဝင်းသည် လက်ရှိတွင် အလွတ်တန်း အတိုင်ပင်ခံပညာရှင်အဖြစ်
အသက်မွေးလျက်ရှိပြီး တစ်ဖက်တစ်လမ်းမှ စာရေးသားနေသူလည်း ဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့်
ရေးသားထားသည့် ဒေါ်အေးအေးဝင်း၏ ဆောင်းပါးကို ဘာသာပြန်ဆို၍ ဖော်ပြခြင်းဖြစ်သည်။)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။