၂၀၁၅ ရွေးကောက်ပွဲ Live ဘလော့ခ်

ပြည်သူ့ရွေးချယ်မှု ထင်ဟပ်ခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲ

ခင်ဆုဝေ | Friday, 13 November 2015

"ရွှေဝါရောင်-ရွှေဝါရောင် သန့်ရှင်းက လူတိုင်းက မဲပေးကြသည်။ ရွှေဝါရောင် ရွှေဝါရောင် လူထုကို သန့်ရှင်းက စိတ်ချရသည်။
ပေးတာယူ ကျွေးတာကိုစား ဖက်ဆစ်နဲ့ ဒီမိုကရေစီ အားလုံးသိသည်" အဲဒါက လွန်ခဲ့တဲ့ ၁၉၅၉ ခုနှစ် ၆၀ ၀န်းကျင်လောက်က
မဲဆွယ်စည်းရုံးတဲ့ သီချင်း။

ဖဆပလ နှစ်ခြမ်းကွဲတော့ သန့်ရှင်းကို ဦးနု၊ တည်မြဲကို ဦးဘဆွေကဦးစီးကာ မဲဆွယ်ကြသည်။ ထိုစဉ်ကလည်း တစ်သီးပုဂ္ဂလ
ရှိသေးသည်။ လမ်းထိပ်တွေမှာ ညအချိန်တွေမှာ မဲဆွယ်စည်းရုံးကြသည်။ ထိုစဉ် မြန်မာနိုင်ငံက အရှေ့တောင်အာရှတွင်
စီးပွားရေးအခြေအနေ အကောင်းဆုံး။

"အခုလိုပဲလေ မဲအတွက် အပေးအကမ်းတွေလည်း အဲဒီကတည်းက ရှိခဲ့တော့ ပေးတာကို ယူလိုက်၊ ဒါပေမယ့် ရွှေဝါရောင်ကို
မဲပေး။ အခု ဒေါ်အောင်ဆန်းစုကြည်ပြောသလိုပဲ အန်အယ်လ်ဒီကို မဲပေးဖို့ " ဟုအသက် ၆၆ နှစ်အရွယ် တက္ကသိုလ်
အငြိမ်းစားဆရာမ တစ်ဦးဖြစ်သူ ဒေါ်ခင်အေးကြည်က ဆိုသည်။

ထိုစဉ်က သန့်ရှင်းက အ၀ါရောင်၊ တည်မြဲက အနီရောင်ဝတ်ဆင်ကာ စည်းရုံးရေးဆင်းကြသည်။ လူထုထောက်ခံမှုရရှိသည်။
သမိုင်းဘီးတို့ တပတ်လည်သော ယနေ့ခေတ်အခါတွင်တော့ အန်အယ်လ်ဒီက အနီရောင်ကို ကိုယ်စားပြုကာ
ကြံခိုင်ရေးပါတီက အစိမ်းရောင်ကို ကိုယ်စားပြုခဲ့သည်။

"အဲဒီနောက်ပိုင်းမှာ ဦးနေ၀င်းအစိုးရ တက်လာတယ်။ တက်လာတုန်း လူတွေက ပျော်ကြတယ်။ မှတ်မိသေးတယ်။ ဦးနုကို
အရည်အချင်း ညံ့တယ်လို့ လူတွေက ထင်ကြတယ်။ ဦးနေ၀င်းကို တော်တယ်လို့ ထင်ကြတာကိုး။ သူက တော်ပေမယ့်
တိုင်းပြည်ကို မချစ်ဘူး။ နောက်ပိုင်း လူထုက ဘာအသံမှကို မထွက်နိုင်တော့ဘူး" အသက် ၆၆ နှစ်အရွယ် တက္ကသိုလ်
အငြိမ်းစား ဆရာမတစ်ဦးက သူ့အသက် ကိုးနှစ်အရွယ်က ရွေးကောက်ပွဲကာလ အဖြစ်အပျက်ကို ပြန်ပြောင်းပြောပြခဲ့သည်။

ထိုနောက်ပိုင်း အဖြစ်အပျက်တို့ထဲတွင် အပြောင်းအလဲများစွာ ပါဝင်ခဲ့သည်။ မြန်မာ့ဆိုရှယ်လစ်စနစ်ကို ကျင့်သုံးခဲ့သည်။
ပြည်သူပိုင်သိမ်းခဲ့ရာတွင် မှားယွင်းသော အုပ်ချုပ်မှုတို့ကြောင့် စီးပွားရေး ယိုယွင်းခဲ့ရသည်။ သောင်းဂဏာန်းရှိသော လုပ်ငန်းများ
ဖျက်သိမ်းခံခဲ့ရသည်။

ထို့နောက် ဈေးကွက်စီးပွားရေးစနစ်ကို ပြန်လည် ကျင့်သုံးသော်လည်း နာလန်မထူနိုင်တော့ပဲ။ ဒီနောက်ပိုင်းက ၁၉၈၈
လူထုအုံကြွမှုအလွန် ကျင်းပခဲ့သော ၁၉၉၀ ရွေးကောက်ပွဲ။ လူထုက ဗိုလ်ချုပ်အောင်ဆန်းသမီး ဒေါ်အောင်ဆန်းစုကြည်ကို
တစ်ခဲနက် ထောက်ခံကြပြန်သည်။

သို့သော်လည်း ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်ပြုမခံခဲ့ရ။ ထိုသို့ နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသည့်အဖြစ်အပျက်တို့သည်
လက်ရှိရွေးကောက်ပွဲကို တစ်ခဲနက် သွားရောက်မဲပေးရန် တွန်းအားဖြစ်လာစေခဲ့သည်။

"၁၉၉၀တုန်းက မဲပေးသူ အရေအတွက်ထက် အခုက အများကြီးပိုပါတယ်" ဟု မန္တလေး ဆေးတက္ကသိုလ် အငြိမ်းစား
ပါမောက္ခချုပ် ဒေါက်တာသန်းဝင်းက ပြောသည်။

နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး အုတ်အုတ်ကျက်ကျက် ပါဝင်လာခဲ့ကြသည်။

ရွေးကောက်ပွဲမတိုင်မီတွင် မဲပေးရန် အချင်းချင်း လှုံ့ဆော်ခြင်းများကို အွန်လိုင်းစာမျက်နှာတွင် တွင်တွင်ကျယ်ကျယ်မြင်ရသည်။

ရွေးကောက်ပွဲကာလတွင်လည်း သန့်ရှင်းမျှတသော ရွေးကောက်ပွဲဖြစ်စေရန် ၀ိုင်းဝန်းစောင့်ကြည့်ခဲ့ကြသည်။

ဥပမာ - မန္တလေးမြို့မဟာအောင်မြေမြို့နယ် မဟာမြိုင်မဲရုံ ၁ တွင် ကားခြောက်စီးနှင့် လူ ၁၀၀ ခန့်မဲလိမ်ရန်ကြိုးပမ်းရာတွင်
ထိုသူများကို ဖမ်းဆီးရန် လူထုအင်အား ပါလာခဲ့ပြီး မဲရေတွက်ရာတွင် စိတ်မချစွာဖြင့် လူထောင်ပေါင်များစွာ စောင့်ကြည့်ကြခြင်း
ဖြစ်သည်။

မဲရုံမှူးကမဲရေတွက်ရာတွင် အန်အယ်လ်ဒီ ရရှိပါက တစ်ဟေးဟေးဖြင့်အော်ကာ အခြားပါတီမှ မဲရရှိပါက ဟင်ခနဲ ဟာခနဲ
အော်ကြပြန်သည်။

တစ်ပြိုင်နက်တည်း သတင်းမီဒီယာများကို အသေအချာ ဓါတ်ပုံရိုက်ယူရန် အော်ဟစ်ကြပြန်သည်။

"ဒီမှာ မဲသမာမှုဖြစ်တယ်ဆိုလို့ လာကြည့်တာ။ ပြီးရင် အန်အယ်လ်ဒီရုံးမှာ သွားပြီးတော့ သူတို့ တင်ထားတဲ့ ဘုတ်မှာ
တစ်ညလုံးထိုင်ကြည့်မယ်" ဟု မန္တလေးမြို့မှ ကရင်တိုင်းရင်းသူ အိုင်ဒါက မြန်မာတိုင်း(မ်)ကို ပြောသည်။

ရွေးကောက်ပွဲမတိုင်ခင်ကာလများတွင် အစိုးရ၀န်ထမ်းများ၊ ခရိုနီများက အများဆုံး မဲထည့်ကာ အခြေအတင်ဖြစ်စေလိမ့်မည်
ခန့်မှန်းခဲ့သော်လည်း ထိုခန့်မှန်းချက်ပါ လွဲချော်ခဲ့ကာ အစိုးရ၀န်ထမ်းများပါ အန်အယ်လ်ဒီကို မဲထည့်ခဲ့ကြခြင်းဖြစ်သည်။

သို့ရာတွင် စစ်တပ်မဲဆန္ဒနယ်များတွင်မူ မဲအရေအတွက် လျော့နည်းရရှိခဲ့မှုလည်း ရှိခဲ့သည်။

"ဥပုသ်တော်ရပ် စစ်တပ်မဲရုံ ၁၅ ရုံမှာ ကျွန်တော့်မဲက လေးငါးမဲပဲ ရရှိခဲ့ပါတယ်။ ကျွန်တော်ပြိုင်ရမယ့် မဲဆန္ဒနယ်မှာ မဲရုံ
၅၈ ရုံရှိပြီး ကျန်တဲ့ အရပ်ဖက်မဲရုံတွေကတော့ မဲအပြတ်အသတ် ကွာခြားခဲ့ပါတယ်" ဟု အန်အယ်လ်ဒီကိုယ်စားလှယ်လောင်း
ဒေါက်တာ ညီမင်းဟန်က ဆိုသည်။

မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်မှ ပါမောက္ခဒေါ်ကြည်ကြည်စိန်ကလည်း ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင်
ကြံခိုင်ရေးကို မဲပေးခဲ့သော်လည်း လက်ရှိ ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီကိုပင် မဲပေးခဲ့သည်ဟုဆိုသည်။

"ဒါ ပြည်သူတွေရဲ့ ဆန္ဒပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ ရွေးချယ်မှုပါပဲ။ ကျွန်တော်တို့ပါတီ အရင်တုန်းကလည်း ပြည်သူတွေရဲ့
လိုအပ်ချက်ကို ကူညီဖြည့်ဆည်းတယ်။ နောက်လည်း ကူညီဖြည့်ဆည်းပေးဦးမှာပါ" ဟု မန္တလေးတိုင်းဒေသကြီး ကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီမှ သတင်းပြန်ကြားရေး ဦးတင်ထွန်းက ဆိုခဲ့သည်။

အန်အယ်လ်ဒီက အဓိကပြိုင်ဖက်ဖြစ်သော ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို နေရာတချို့မှအပ အပြတ်အသတ်
အနိုင်ရခဲ့ခြင်းလည်း ဖြစ်သည်။

"ညောင်ဦးမြို့နယ်မှာ ပြည်သူလွှတ်တော်က မဲအရေအတွက်ရဲ့ ၇၃ဒသမ ၃၇ ရာခိုင်နှုန်း ရရှိပါတယ်။
အမျိုးသားလွှတ်တော်ကြတော့ ကျွန်တော်တို့ဆီက မဲအရေအတွက် ၁၀၀,၀၀၀ နီးနီးရတယ်။ ကြံခိုင်ရေးက ၃၃,၀၀၀ ကျော်
ရတယ်။ ရာခိုင်နှုန်းကတော့ ၇၂ ရာခိုင်နှုန်းက ရတယ်" ဟု တိုင်းဒေသကြီးအောင်နိုင်ရေးကော်မတီဥက္ကဋ္ဌ ဦးရွှေလှက ဆိုသည်။

မဘသအဖွဲ့အစည်း၏ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်သူ ဆရာတော်ဝီရသူက အဆိုပါ ရလာဒ်အတွက် အလွန်အံ့ဩမိသည်ဟု
ဆိုသည်။

၎င်းက ကာလာစုံ နိုင်ငံရေးပါတီများ လွှတ်တော်အတွင်း ၀င်လာမည်ဟု ယူဆခဲ့သည်ဟု ဆိုခဲ့သည်။

မည်သို့ပင်ဖြစ်စေ အဲန်အယ်ဒီ၏ အပြတ်အသတ်အနိုင်သည် လူထု၏ နှစ်ပေါင်းများစွာ ကိန်းအောင်းနေသောဆန္ဒကို
ဖော်ထုတ်ခြင်းတစ်မျိုးလည်းဖြစ်သည်။

လူငယ်အများစုကမူ ဒေါ်အောင်ဆန်းစုကြည်ကို နှစ်သက်ခြင်းထက် စစ်အစိုးရကို မမြင်လိုခြင်းက အဓိကဟုဆိုခဲ့ကြသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အချက်အလက်များ၊ ဆက်လက် အငြင်းပွားဆဲ ဘာသာရေးပြသာနာများ၊
မြေယာပြသာနာများအား အသစ်ဖွဲ့စည်းနိုင်မည့် အန်အယ်ဒီအစိုးရက တာဝန်ဖြေရှင်းရလိမ့်မည်ဖြစ်သည်။

နှစ်ပေါင်းများစွာ စိတ်ရှည်ခဲ့သည် မြန်မာပြည်သူတို့သည် ထိုအချိန်ထိ ဆက်လက် စိတ်ရှည်လိမ့်ဦးမည်ဟု ခန့်မှန်းရလေသည်။

 


ကွယ်ဝှက်ထားတဲ့ အောင်မြင်မှုသော့ချက်နဲ့ မိတ္ထီလာမဲရလဒ်

မောင်ဇော် | Wednesday, 11 November 2015

ရွေးကောက်ပွဲနေ့ မိတ္ထီလာမြို့ရှိ မဲရုံများတွင် မဲပေးနေကြပုံ။ မောင်ဇော်/မြန်မာတိုင်း(မ်)ရွေးကောက်ပွဲနေ့ မိတ္ထီလာမြို့ရှိ မဲရုံများတွင် မဲပေးနေကြပုံ။ မောင်ဇော်/မြန်မာတိုင်း(မ်)

ရွေးကောက်ပွဲပြီး နောက်တစ်နေ့မနက်ခင်း အန်အယ်လ်ဒီက လွှတ်တော်ကိုယ်စားလှယ်လောင်း တော်တော်များများ
အောင်ပွဲခံနေချိန် သွေးစွန်းဘာသာရေး ပိဋိပက္ခတွေ ဖြစ်ခဲ့တဲ့ မိတ္ထီလာမြို့က ကိုယ်စားလှယ်လောင်းတွေကတော့
ရွေးကောက်ပွဲကော်မရှင်ရဲ့ မဲရလဒ်ကြေညာချက်ကို ထိုင်စောင့်နေရဆဲဖြစ်ပါတယ်။

ရပ်ကွက်၊ ကျေးရွာမဲရုံတွေကနေ တက်လာတဲ့ မဲရလဒ်တွေကို ရေတွက်နေတဲ့ မိတ္ထီလာမြို့ရွေးကောက်ပွဲအဖွဲ့ခွဲရုံးအတွင်းမှာ
ကော်မရှင်အဖွဲ့နဲ့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း နှစ်ဦးသာ ရှိနေတယ်။

ကော်မရှင်အဖွဲ့ရဲ့တာဝန်ရှိသူ သုံးဦးက မဲရလဒ်စာရွက် တစ်ရွက်ပြီးတစ်ရွက် လှန်လိုက်တိုင်း  အန်အယ်လ်ဒီ
ကိုယ်စားလှယ်လောင်းတွေက သေချာလိုက်ကြည့်တယ်။

အန်အယ်လ်ဒီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဝင်းစိုးဦးက မှင်ဖျက်ဆေးနဲ့ ဖျက်ထားတာပါနေတဲ့
ရပ်/ကျေးမဲရလဒ်စာရွက် (ပုံစံ - ၁၆) တစ်ရွက်နဲ့ပတ်သက်ပြီး မေးမြန်းပေမယ့် တိုင်းဒေသကြီး(၁) က၀င်ပြိုင်တဲ့ အန်အယ်လ်ဒီ
ကိုယ်စားလှယ်လောင်း ဦးတင်ကိုကိုကတော့ ကန့်ကွက်တာ၊ မေးမြန်းတာမရှိဘဲ မဲရေတွက်တာကိုပဲ လိုက်ကြည့်နေခဲ့တယ်။

ရလဒ်တွေကိုကြည့်နေချိန်မှာ သူတို့နှစ်ဦးစလုံးရဲ့မျက်နှာတွေက တည်တည်ငြိမ်ငြိမ်ပါပဲ။

ထွက်လာတဲ့ရလဒ်အပေါ်မှာ လက်ခံတယ်ဆိုတဲ့ပုံရိပ်ကိုမြင်တွေ့ရတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်၊၂၀၁၃ ခုနှစ်၊ မတ်လ၂၀ ရက်နေ့က မိတ္ထီလာမြို့ပေါ်မှာ အိမ်တွေကို မီးရှို့၊ လူသတ်တဲ့အထိ ပြင်းထန်တဲ့
ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။

ပဋိပက္ခတွေမဖြစ်ပွားခင်၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတုန်းက မိတ္ထီလာမြို့မှာ လစ်လပ်မဲဆန္ဒနယ်ဖြစ်တဲ့
ပြည်သူ့လွှတ်တော်နေရာကို အန်အယ်လ်ဒီမှ ဦးဝင်းထိန်က အဓိကပြိုင်ဘက်ပြည်ခိုင်ဖြိုးပါတီကို မဲပေါင်း ၁၄,၀၀၀ အကျော်
အသာနဲ့ အနိုင်ရခဲ့တယ်။

ဒါပေမယ့်၂၀၁၅ အထွေထွေရွေးကောက်ပွဲကျင်းပပြီးချိန်မှာတော့ ရလဒ်တွေက ပြောင်းပြန်ဖြစ်လာခဲ့ပါတယ်။

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်ကာလအတွင်း မိတ္ထီလာမြို့ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်
သမ္မတ ဦးသိန်းစိန် ဆက်တိုက်လာခဲ့တယ်။

"ဘယ်သူမဆို ကိုယ်မြို့နယ်မှာ နာမည်ကြီးတဲ့ လူလာရင် စိတ်ဝင်စားကြတယ်။ သူက ဘယ်ကလဲ၊ ဘာလုပ်ဖို့ လာတာလဲဆိုတဲ့
အတွေးတွေက လူတွေရဲ့စိတ်ထဲမှာ အချိန်ကြာကြီးထိ မှတ်မိနေတတ်တယ်။ အခုရွေးကောက်ပွဲမှာလည်း မြို့ပေါ်ကလူတွေ
စိတ်ထဲမှာ သမ္မတပုံရိပ်ကရှိနေမှာသေချာတယ်။ နောက်တစ်ခုက မိတ္ထီလာမှာ ဖွံ့ဖြိုးရေးတွေ လုပ်ဆောင်ပေးတဲ့အချက်ကလည်း
ပြည်ခိုင်ဖြိုးအတွက် အားကောင်းသွားစေတဲ့ အချက်တွေပေါ့" ဟုရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူ တစ်ဦးဖြစ်တဲ့
ဦးကျော်မိုးကပြောတယ်။

မိတ္ထီလာမြို့မှာမဲပေးခွင့်ရှိသူ၂၅၉,၂၂၅ ဦး ရှိပေမယ့် ရွေးကောက်ပွဲနေ့မှာ မဲလာပေးသူက ၁၆၀,၀၀၀ ကျော်ပဲရှိခဲ့တယ်။ ဒီထဲမှာမှ
ကြံခိုင်ရေးက မဲ ၉၀,၀၀၀ ကျော်ရခဲ့ပါတယ်။

ပြည်ခိုင်ဖြိုးက အန်အယ်လ်ဒီကို အမျိုးသားလွှတ်တော်နဲ့ပြည်သူ့လွှတ်တော်မှာ အသာစီးမဲရခဲ့ပြီး ကျန်တဲ့ တိုင်းဒေသကြီး
လွှတ်တော် (၁)၊ (၂) နေရာတွေမှာတော့ တစ်ဝက်စီ ခွဲယူလိုက်တဲ့အတွက် မဲအသာရမှုက ၁၀,၀၀၀ ကျော်ပဲရှိခဲ့တယ်။

မဲရလဒ်အရပြည်ခိုင်ဖြိုးက အန်အယ်လ်ဒီ ကို မိတ္ထီလာမြို့နယ်မှာ ရာနှုန်းပြည့် အနိုင်ရခဲ့တယ်လို့ ပြောနိုင်တယ်။

"အခုရတဲ့မဲက ကျွန်တော်တို့ရဲ့ လေ့လာထားချက်အရ သူတို့ကိုယ်တိုင် ပြည်ခိုင်ဖြိုးကို အားပေးကြတာ များတယ်" လို့
ကိုကျော်မိုးကပြောတယ်။

ရွေးကောက်ပွဲမဲရလဒ်တွေအရ မိတ္ထီလာမြို့ပေါ်က ရပ်ကွက် ၁၄ ခု ရှိတဲ့အထဲမှာ ပြည်ခိုင်ဖြိုးနဲ့ အန်အယ်လ်ဒီက ရပ်ကွက် ခုနစ်ခုမှာ
အနိုင်ရခဲ့ပေမယ့် ကျေးရွာပေါင်း ၃၇၉ ရွာအနက် ရွာ  ၃၅၀ လောက်ထိ ပြည်ခိုင်ဖြိုးက အနိုင်ရခဲ့တယ်။

ရွေးကောက်ပွဲမတိုင်မီ ကျေးရွာတွေမှာ သောက်ရေတွင်းတူးပေးတာတွေ၊ ကျေးရွာဖွံ့ဖြိုးရေး လုပ်ဆောင်ခဲ့တာတွေက
ပြည်ခိုင်ဖြိုးပါတီအတွက် အားသာချက်တွေ ဖြစ်ခဲ့သလို သမ္မတခရီးစဉ်ရဲ့အကျိုးဆက်တွေလည်းဖြစ်နိုင်တယ်လို့ မြို့ခံနဲ့
ရွေးကောက်ပွဲ စောင့်ကြည့်သူတွေက ထောက်ပြတယ်။

လူတစ်ဦးနဲ့ တစ်ဦးသတ်တဲ့အထိ ပဋိပက္ခတွေဖြစ်ခဲ့တဲ့ မိတ္ထီလာမြို့မှာ တပ်စခန်းတွေ ရှိနေတာကလည်း မဲရလဒ်ကို
ပြောင်းလဲစေမယ့် အချက်တစ်ချက်ဖြစ်နေခဲ့တယ်လို့ ဆိုတယ်။

၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ အနိုင်ရရှိခဲ့တဲ့ရပ်ကွက် တွေထဲက ချည်စက်၊ ကြည်တော်ကုန်း၊
ပြည်သာယာရပ်ကွက်တွေမှာ ပြည်ခိုင်ဖြိုး အသာရခဲ့တာကိုတော့ အန်အယ်လ်ဒီကိုယ်စားလှယ်တွေ အံ့ဩခဲ့တယ်။

"ဒီရပ်ကွက်တွေမှာ သူတို့ (ပြည်ခိုင်ဖြိုး) အနိုင်ရတာက အတော်လေးအံ့ဩစေပါတယ်။ အခုလိုရလဒ်တွေ
ထွက်ပေါ်လာလိမ့်မယ်လို့ ထင်မထားဘူး" လို့ ဒေါက်တာဝင်းစိုးဦးက ပြောတယ်။

ဒီရပ်ကွက်တွေမှာ နေထိုင်သူအများစုက အစိုးရ၀န်ထမ်းတွေပါ။ ဒါ့အပြင် အစ္စလမ်ဘာသာဝင်အချို့က အန်အယ်လ်ဒီကို
မဲထည့်ဖို့ ကြောက်ရွံ့နေတာကလည်း အရေးနိမ့်သွားစေဖို့ အချက်တစ်ချက် ဖြစ်သွားတယ်လို့ ဆိုတယ်။

"အန်အယ်လ်ဒီကို မဲပေးရင် ဘာသာရေးပဋိပက္ခ ထပ်ဖြစ်လာမှာလားဆိုတဲ့ အတွေးတွေရှိ နေတယ်။ ဒီလိုစိုးရိမ်မှုတွေက
မဲလာမပေးတာတွေ၊ မဲပေးရင်လည်း ပြည်ခိုင်ဖြိုးကို မဲထည့်ခဲ့တာတွေလုပ်ခဲ့တယ်။ အစ္စလမ်ဘာသာဝင်များထဲမှာလည်း
အန်အယ်လ်ဒီ အားပေးရင် အရင်ကလို ပဋိပက္ခတွေဖြစ်လာမှာကို စိုးရိမ်မှုတွေရှိတယ်" လို့မိတ္ထီလာမြို့နယ် ဘာသာပေါင်းစုံ
ချစ်ကြည်ရေးအသင်း အတွင်းရေးမှူး ဦးဆန်းဝင်းရှိန်က ပြောတယ်။

မိတ္ထီလာမြို့ပေါ်မှာနေထိုင်တဲ့ အစ္စလမ်ဘာသာဝင်ဦးရေက ၁၅,၀၀၀ ခန့်ထိ ရှိပေမယ့် ၇,၀၀၀လောက်က မဲလာမပေးဘူးလို့
အစ္စလမ်ဘာသာဝင်တစ်ဦးဖြစ်တဲ့ ဦးမင်းအောင်က သူ့တွေ့ရှိချက်ကို အခြေခံပြီးပြောတယ်။

ရွေးကောက်ပွဲနေ့မှာ ပဋိပက္ခဖြစ်လာမှာကို မိတ္ထီလာက အစ္စလမ်ဘာသာဝင်များကော၊ ဗုဒ္ဓဘာသာဝင် အများစုကပါ စိုးရိမ်မှုတွေ
ရှိခဲ့တယ်။

မိတ္ထီလာပဋိပက္ခဖြစ်စဉ်အပြီး အားကောင်းလာတဲ့ မဘသအဖွဲ့အစည်းရဲ့ ဂုဏ်ထူးဆောင်ဆု ရရှိထားသူ အမျိုးသားဒီမိုကရေစီ
အင်အားစုပါတီမှ ကိုယ်စားလှယ်လောင်း ဒေါ်ခင်ဝိုင်းကြည်ကလည်း မိတ္ထီလာရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာမှာ
ဒီနှစ်ဝင်ရောက်ရွေးချယ်ခံခဲ့တယ်။

ယခင်၂၀၁၀ရွေးကောက်ပွဲတုန်းကတော့ ရန်ကုန်မှာပဲ သူဝင်ရောက်ရွေးချယ်ခံခဲ့တာပါ။

ပြည်ခိုင်ဖြိုးက ဒေါက်တာမောင်သင်း၊ အန်အယ်လ်ဒီက ဒေါက်တာဝင်းစိုးဦး၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီက
ဦးခင်ကိုလတ်တို့နဲ့အတူ ဒေါ်ခင်ဝိုင်းကြည် ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာကို ကြည့်ချင်းအားဖြင့် မိတ္ထီလာမြို့နယ်မှာ အန်အယ်လ်ဒီ
အနိုင်မရှိနိုင်ဘူးဆိုတာ ကြိုတင်သိတဲ့အတိုင်းပဲလို့ စောင့်ကြည့်သူတစ်ဦးဖြစ်တဲ့ ဦးကျော်မိုးက ထင်မြင်ချက်ပေးတယ်။

လက်ရှိရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီက အပြတ်အသတ်အနိုင် ရရှိခဲ့တဲ့ မဲရလဒ်တွေက ပဋိပက္ခနဲ့ အချိုးကျနေသလားလို့
အတွေးတွေရှိနေသလို ထွက်လာတဲ့ရလဒ်တွေအပေါ်လည်း ပြည်သူတွေနဲ့ပါတီတွေကြားမှာ စဉ်းစားစရာတွေ
ရှိနေဆဲပဲဖြစ်ပါတယ်။

"လက်ရှိရလဒ်ကတော့ မိတ္ထီလာမြို့တစ်ခုလုံးက ပြည်သူတွေကို ကိုယ်စားမပြုဘူး။ ဒါပေမယ့် မိတ္ထီလာမြို့တိုးတက်ရေးကတော့
ဝိုင်းလုပ်ဆောင်ကြရမှာပေါ့" လို့ရှုံးနိမ့်ခဲ့သူ ဒေါက်တာဝင်းစိုးဦး ကပြောပါတယ်။

မိတ္ထီလာမှာ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်တွေ အနိုင်ရရှိခဲ့တဲ့အထဲမှာ ကြိုတင်မဲ ၁၀,၀၀၀ကျော် ရရှိထားတာကလည်း
ယုံနိုင်စရာ မရှိသလို၊ ရွာဘက်တွေမှာ အန်အယ်လ်ဒီ ရှုံးနိမ့်ခဲ့တာကလည်း ယုံကြည့်ဖို့ခက်ခဲနေကြောင်း သူကဆက်ပြောတယ်။

ဘယ်လိုပဲဖြစ်နေပါစေ လက်ရှိအချိန်မှာတော့ မိတ္ထီလာမြို့နယ်အတွက် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်းတွေ အနိုင်ရရှိခဲ့ပါပြီ။

နောက်ထပ်လွှတ်တော်အသစ် ပြန်လည်စတင်ချိန်မှာ မိတ္ထီလာမြို့အတွက် ကိုယ်နိုင်သလောက်ထိ တာဝန်တွေ
ထမ်းဆောင်သွားမယ်လို့ အနိုင်ရရှိသူ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်တွေက ပြောတယ်။

"ကျွန်တော်က တပ်ကထွက်လာတာဆိုတော့ မြို့ရဲ့လုံခြုံရေးအပိုင်းကို အဓိကထားတာဝန်ယူသွားမှာပါ" လို့ တိုင်းဒေသကြီး
မဲဆန္ဒနယ်(၁)က အနိုင်ရထားသူ မန္တလေးတိုင်း နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးဟောင်း တစ်ဦးဖြစ်တဲ့ အငြိမ်းစားဗိုလ်မှုးကြီး
ဦးအောင်ကျော်မိုးက ကတိပေးပါတယ်။

ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ အနိုင်ရခဲ့တဲ့ ဒေါက်တာမောင်သင်းကတော့ ပညာရေးကို အဓိကထား လုပ်ဆောင်မယ်လို့
ဆိုပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေ တာဝန်ထမ်းဆောင်ချိန် လုပ်ဆောင်ရမယ့် အချက်တွေထဲမှာ ဘာသာရေးပဋိပက္ခတွေ
မဖြစ်ပွားစေဖို့က အဓိကဖြစ်တယ်လို့ မိတ္ထီလာမြို့မရပ်ကွက်က ဒေါ်လင်းသန္တာက ပြောပါတယ်။

"ကျွန်မတို့မြို့ကို ကျွန်မတို့ချစ်တယ်။ ဘာသာရေးပဋိပက္ခတွေ ထပ်မဖြစ်ချင်ဘူး။ မြို့ကြီးတိုးတက်ဖို့ပဲမြင်ချင်ပါတယ်" လို့
ရွေးကောက်ပွဲနေ့ မဲရေတွက်နေတာကိုကြည့်ရင်း ဒေါ်လင်းသန္တာ ကပြောပါတယ်။

 


အနိုင်ရကိုယ်စားလှယ်များ လုံခြုံရေးနှင့် နိုင်ငံသားအခွင့်အရေးအတွက် လုပ်ဆောင်ပေးရန် မိတ္ထီလာမှ
အစ္စလာမ်ဘာသာဝင်များ မျှော်လင့်

မောင်ဇော် | Wednesday, 11 November 2015

ရွေးကောက်ပွဲတွင် အနိုင်ရရှိသွားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်များက လုံခြုံရေးနှင့်
နိုင်ငံသားအခွင့်အရေးများ အပြည့်အ၀ရရှိရေးကို လာမည့် လွှတ်တော်သက်တမ်း တာဝန်ထမ်းဆောင်ချိန်တွင် ဆောင်ရွက်ပေးရန်
မျှော်လင့်နေသည်ဟု မိတ္ထီလာမြို့နေ အစ္စလာမ်ဘာသာဝင်များကပြောသည်။

၎င်းတို့က ဘာသာရေးပဋိပက္ခများအတွက် စိုးရိမ်မှုများရှိနေပြီး ယင်းအခြေအနေများမှ လွတ်မြောက်လိုသည်ဟုလည်း
အစ္စလာမ်ဘာသာရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဘကြူးကဆိုသည်။

"အခုအချိန်ထိ စိတ်မအေးသေးဘူး။ ဘယ်ချိန်ထဖြစ်ဦးမလဲဆိုတာ ကြောက်နေရတယ်။ ဘာသာရေးပဋိပက္ခ ဖြစ်ဖူးတဲ့နေရာဆိုတာ
ထပ်ဖြစ်လာနိုင်တယ်။ ကျွန်တော်တို့ လူမျိုးအများစုကို လိုက်ကြည့်လိုက်ပါ။ '၀ုန်း' ဆိုတဲ့ အသံကြားရင်ကို လန့်နေရတာပါ" ဟု
၎င်းက နိုဝင်ဘာ ၁၀ ရက်ကပြောသည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပပြီးစီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မိတ္ထီလာမြို့နယ် မဲဆန္ဒနယ်ရှိ လွှတ်တော်
သုံးရပ်လုံး (ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်) အတွက် နေရာများကို ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်များက အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

အနိုင်ရရှိခဲ့သည့် ကိုယ်စားလှယ်များထဲတွင် မန္တလေးတိုင်းနယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးဟောင်းပါဝင်ခဲ့ရာ လုံခြုံရေးအတွက်
ဖြေရှင်းပေးနိုင်မည်ဟု မျှော်လင့်ကြောင့်လည်း အစ္စလာမ် ဘာသာဝင်တစ်ဦးဖြစ်သူ ငြိမ်းချမ်းရေးကွန်ယက် ဥက္ကဋ္ဌ ဦးကျူဝမ်
ကပြောသည်။

"လုံခြုံရေးနဲ့ ပတ်သက်တဲ့ ဗိုလ်ကြီးတစ်ဦးပါလာတဲ့အတွက် အစ္စလာမ်လူများစုဆီမှာ ရှိနေတဲ့ ဘာသာရေးပဋိပက္ခ
ဖြစ်လာမှာလားဆိုတဲ့ ကြောက်စိတ်တွေ မရှိအောင် ဖြေရှင်းသွားမယ်လို့ မျှော်လင့်ပါတယ်" ၄င်းက ဟုပြောသည်။

၂၀၁၃ခုနှစ်၊ မတ်လ၂၀ ရက်တွင် မိတ္ထီလာမြို့၌ အစ္စလာမ်ဘာသာဝင်တစ်ဦးပိုင် ရွှေဆိုင်တစ်ဆိုင်မှ အရောင်းအ၀ယ်နှင့်
ပတ်သက်၍ ရန်ဖြစ်ပွားခဲ့ရာမှ နောက်ပိုင်းတွင် ဘာသာရေးပဋိပက္ခ ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

၎င်းတို့အနေဖြင့် မြန်မာနိုင်ငံသားဖြစ်နေသည့် အစ္စလာမ်ဘာသာဝင်များဖြစ်ပြီး ယင်းကိုအသိအမှတ်ပြုပေးစေချင်သည်ဟု
မိတ္ထီလာမြို့နေ အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်သည့် ဦးမင်းအောင်ကဆိုသည်။

"ကျွန်တော်တို့ လိုအပ်နေတာက မြန်မာနိုင်ငံသားမှန်သမျှရနေတဲ့ အခွင့်အရေးကို ကျွန်တော်တို့လည်း ရချင်ပါတယ်။
လွှတ်တော်တက်ပြီဆိုရင် ဒါတွေ တောင်းဆိုပေးစေချင်တယ်" ဟု ဦးမင်းအောင်ကပြောသည်။ မိတ္ထီလာမြို့နယ်မှ အနိုင်ရရှိခဲ့သည့်
ပြည်ခိုင်ဖြိုးပါတီ၏ တိုင်းဒေသကြီးလွှတ်တော်(၁) ကိုယ်စားလှယ်လောင်း ဦးအောင်ကျော်မိုးက တာဝန်ထမ်းဆောင်ချိန်တွင်
မိတ္ထီလာမြို့ အတွက် လုံခြုံရေးကို အဓိကထားဆောင်ရွက်ပေးမည်ဟုပြောသည်။

 


ပခုက္ကူတွင် အင်န်အယ်လ်ဒီအမတ်အားလုံး အနိုင်ရ

ဖြိုးဝေကျော်နှင့် လှိုင်ကျော်စိုး | Wednesday, 11 November 2015

ပခုက္ကူမြို့နယ်တွင် အင်န်အယ်လ်ဒီပါတီကိုယ်စားပြုကာ အနိုင်ရခဲ့သော ဦးပိုက်ကို၊ ဒေါ်ဇင်နီနီဝင်းကို ရွေးကောက်ပွဲနေ့က တွေ့ရစဉ်။ ဖြိုးဝေကျော်/မြန်မာတိုင်း(မ်)ပခုက္ကူမြို့နယ်တွင် အင်န်အယ်လ်ဒီပါတီကိုယ်စားပြုကာ အနိုင်ရခဲ့သော ဦးပိုက်ကို၊ ဒေါ်ဇင်နီနီဝင်းကို ရွေးကောက်ပွဲနေ့က တွေ့ရစဉ်။ ဖြိုးဝေကျော်/မြန်မာတိုင်း(မ်)

ပခုက္ကူမြို့နယ်တွင် အင်န်အယ်လ်ဒီပါတီကိုယ်စားပြုယှဉ်ပြိုင်သော လွှတ်တော်ကိုယ်စားလှယ် အားလုံးမှာ အခြားပြိုင်ဖက်များအား
မဲအပြတ်အသတ်ဖြင့် ကျော်ဖြတ်အနိုင်ရသွားသည်။

အဆိုပါမြို့နယ်တွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်များတွင် အင်န်အယ်လ်ဒီပါတီ
ကိုယ်စားပြုယှဉ်ပြိုင်သူများအားလုံး အနိုင်ရခဲ့ပြီး အဆိုပါရလဒ်များကို ပခုက္ကူခရိုင် ရွေးကောက်ပွဲကော်မရှင်မှလည်း အတည်ပြု
ထုတ်ပြန်ပြီးဖြစ်ကြောင်း သိရသည်။

အင်န်အယ်လ်ဒီပါတီအမတ်လောင်းများတွင် ပြည်သူ့လွှတ်တော်၌ ဦးပိုက်ကိုက ရမဲ ၁၂၀,၃၆၄ မဲ၊ အမျိုးသားလွှတ်တော်တွင်
ဦးမြမင်းဆွေက ရမဲ ၁၂၄,၃၃၁ မဲ၊ တိုင်းဒေသကြီး(၁) တွင် ဦးဟန်ဇော်ဝင်းက ရမဲ ၆၁,၂၄၅ မဲ၊ တိုင်းဒေသကြီး(၂) တွင်
ဒေါ်ဇင်နီနီဝင်းက ရမဲ ၅၉,၄၄၄ မဲ ရရှိကြောင်းနှင့် ၎င်းတို့မှာ ပျမ်းမျှ ၇၅ ရာနှုန်းခန့် အနိုင်ရရှိခြင်းဖြစ်ကြောင်း
ပြည်သူ့လွှတ်တော်အတွက် အနိုင်ရခဲ့သူ ဦးပိုက်ကိုက ယခုလ ၁၁ ရက်တွင်ပြောသည်။

"ပြိုင်ဆိုင်တာဖြစ်တဲ့အတွက် အနိုင်နဲ့ အရှုံးဆိုတာ ရှိမှာပါပဲ။ အရှုံးအနိုင်ကို လက်ခံနိုင်ခြင်းဟာ တိုင်းပြည်အကျိုးအတွက်ဆိုတာ
ယုံကြည်ကြရင် လာမယ့်အနာဂတ်ဟာ ပျော်ရွှင်ကျေနပ်စရာ ဖြစ်မှာပါ။ ကျွန်တော်တို့က ပြည်သူတွေရဲ့မျှော်လင့်ချက်တွေကို
အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားရပါမယ်။ တစ်ဖက်က အနိုင်မရခဲ့သူတွေကလည်း တိုင်းပြည်အကျိုးအတွက် ရလဒ်ကို
ကျေနပ်စွာလက်ခံမယ်လို့ ယုံကြည်ပါတယ်"ဟု ဦးပိုက်ကိုက ပြောသည်။

ပခုက္ကူမြို့တွင် အင်န်အယ်လ်ဒီပါတီနှင့် အဓိကပြိုင်ဖက်ဖြစ်ခဲ့သော ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်းများတွင်
ပြည်သူ့လွှတ်တော်အတွက် ဦးသော်ဇင်ဦးက ၃၂,၃၃၃ မဲ၊ အမျိုးသားလွှတ်တော်တွင် ဦးသိန်းထွန်းက ၃၁,၆၆၉ မဲ၊
တိုင်းဒေသကြီး(၁) တွင် ဦးပြည်စိုးဝင်းက ၁၅,၃၅၆ မဲ၊ တိုင်းဒေသကြီး(၂) တွင် ဦးလှဝင်းဦးက ၁၅,၃၀၀ မဲ ရရှိခဲ့ကြောင်း
ခရိုင်ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်အတည်ပြုချက်အရ ဦးပိုက်ကို ကပြောသည်။

မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ရုံးမှ ယခုလ ၁၁ ရက် ညနေပိုင်းအထိ ထုတ်ပြန်ချက်အရ တိုင်းအတွင်း
မြို့နယ် ၂၅ မြို့နယ်စလုံးတွင် ပြည်သူ့လွှတ်တော်အတွက် အင်န်အယ်လ်ဒီပါတီမှ အနိုင်ရပြီးဖြစ်ကြောင်းနှင့်
အမျိုးသားလွှတ်တော်အတွက် ၁၂ နေရာလုံးကိုလည်း အင်န်အယ်လ်ဒီပါတီမှ အနိုင်ရကြောင်း၊ တိုင်းဒေသကြီး
လွှတ်တော် (၁) (၂) အတွက် ရလဒ်များဆက်လက်ပြုစုနေပြီး မကြာမီထုတ်ပြန်သွားမည်ဖြစ်ကြောင်းသိရသည်။

 


မျှော်လင့်မထားတဲ့ ရှားတောမြို့နယ်ရွေးကောက်ပွဲရလဒ်

မြကေခိုင် | Tuesday, 10 November 2015

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအင်န်ပီပီ)တပ်စွဲထားရာ ကယားပြည်နယ် ရှားတောမြို့နယ်မှာ နိုဝင်ဘာလ
၈ ရက်နေ့က ပြုလုပ်တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

အဲဒီဒေသမှာ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအောင်မင်းက တစ်သီးပုဂ္ဂလအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့အပြင် ၂၀၁၀ ပြည့်နှစ်
ရွေးကောက်ပွဲရလဒ်တွေနဲ့ ပတ်သက်လို့ အငြင်းပွားဖွယ်ဖြစ်ရပ်တွေ ဖြစ်ပေါ်ခဲ့တာကြောင့် ၂၀၁၅ ရွေးကောက်ပွဲအတွက်
ရှားတောမြို့နယ်ကို ပြည်တွင်း ပြည်ပ မီဒီယာတွေက အထူးအာရုံစိုက် စောင့်ကြည့်လေ့လာခဲ့ကြပါတယ်။

"အဓိက အခက်အခဲကတော့ ဘာသာစကားပါပဲ။ နောက်တစ်ခုကတော့ လူထုက ကိုယ့်ဒေသခံမှ ကိုယ့်ကယားလူမျိုးနွယ်မှဆိုတဲ့
ပုဂ္ဂိုလ်စွဲလေးတွေလည်း ရှိတယ်။ လက်ရှိမှာတော့ ကျွန်မတို့ အရမ်းကို အားရကျေနပ်ပါတယ်။ ရှားတော ကယားလူထုက
အမှန်တကယ် စိတ်ထဲကနေ သူတို့အပြောင်းအလဲတစ်ခုကို လိုချင်တယ်ဆိုတာကို သက်သေပြသွားခဲ့တာပေါ့။
အဲဒီအနေအထားမှာ ကျွန်မတို့လာရတဲ့ ရည်ရွယ်ချက် အောင်မြင်သွားတာပါ"လို့ ရှားတောမြို့နယ် ကိုယ်စားပြု ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်ဝင့်ဝါထွန်းက ပြောပါတယ်။

လွိုင်ကော်မြို့ပေါ်ကတစ်ဆင့် ခက်ခဲမက်စောက်တဲ့ တောင်တက်တောင်ဆင်းလမ်းတွေကို ၃ နာရီနီးပါး ဖြတ်ပြီးမှ ရောက်ရှိတဲ့
ရှားတောမြို့နယ်မှာ မဲပေးခွင့်ရရှိသူ လူဦးရေ ၄၁၁၉ ရှိပြီး ကျေးရွာပေါင်း ၂၅ ရွာနီးပါးရှိပါတယ်။

ပြန်လည်ထူထောင်ရေးဒေသတစ်ခုဖြစ်တဲ့ ရှားတောမြို့နယ်မှာ စစ်ဘေးရှောင်ဒေသခံတွေလည်း နေထိုင်ကြတဲ့အပြင်
ဒေသခံ ၉၅ ရာခိုင်နှုန်းက မြန်မာစကားကို နားမလည်ကြပါဘူ။

ရှားတောမြို့နယ် နိုဝင်ဘာလ ၈ ရက်နေ့ မဲစာရင်းရလဒ်တွေအရ ပြည်သူ့လွှတ်တော်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ကိုယ်စားလှယ် ဒေါ်ဝင့်ဝါထွန်းက ၁၅၇၆ မဲ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် ဒေါ်နန်းနော်က ၇၄၇ မဲ
ရရှိခဲ့ပြီး အမျိုးသားလွှတ်တော်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ဦးအောင်ကျော်စိုးက ၁၄၃၀ မဲ၊
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးကိုယ်စားလှယ် ဦးဌေးရယ်က ၃၂၇ မဲရရှိခဲ့ပါတယ်။

ပြည်နယ်လွှတ်တော် ၁ အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ် ဦးတီရယ်က ၈၀၃ မဲ၊ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်
ဦးပေါလုက ၂၃၂ မဲ၊ ပြည်နယ်လွှတ်တော် ၂ အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ် ဦးလှထွေးက ၇၁၃ မဲ၊
ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးအေးမောင်က ၄၃၂ မဲရရှိထားပါတယ်။

"ရှားတောမြို့နယ်ပေါ်မှာတင်ရှိတဲ့ တောင်ပိုင်းစုစည်းနဲ့ မြောက်ပိုင်းစုစည်းကျေးရွာတွေက စစ်ဘေးရှောင်ခဲ့ရတဲ့ ရွာတွေကို
စုထားပေးတာပါ။ အဲဒီတော့ သူတို့ကိုယ်တိုင်က စစ်ဒုက္ခတွေကို ခံစားရတယ်။ ဒီတော့ လူထုအနေနဲ့ကလည်း အပြောင်းအလဲကို
လိုချင်နေတဲ့အခါမှာ အားလုံးဆန္ဒတွေထပ်တူဖြစ်ခဲ့ကြတာပါ"လို့ ဒေါ်ဝင့်ဝါထွန်းက ပြောပါတယ်။

ကယားပြည်နယ်တစ်ခုလုံးအနေနဲ့ ပြောမယ်ဆိုရင် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် ပြည်နယ်လွှတ်တော်ဆိုပြီးရှိတာမှာ
အမတ်နေရာ ၃၄ နေရာမှာ ဖာဆောင်းမြို့နယ်က အမျိုးသားလွှတ်တော်နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်က
ကော်မရှင်ရဲ့ ပယ်ချတာကိုခံခဲ့ရတာမို့ နိုဝင်ဘာ ၉ ရက်နေ့အထိ မဲစာရင်းရလဒ်တွေအရ အမျိုးသားဒီမိုကရေစိအဖွဲ့ချုပ်က
ကယားပြည်နယ်တစ်ပြည်နယ်လုံး အမတ်နေရာ ၃၃ နေရာမှာ ၂၆ နေရာရရှိထားပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက
ဘောလခဲမြို့နယ်က ၄ နေရာ၊ ဖာဆောင်းမြို့နယ် ၂ နေရာနဲ့ ဗမာတိုင်းရင်းသားကိုယ်စားလှယ် ၁ နေရာ စုစုပေါင်း ၇ နေရာ
ရရှိထားပါတယ်။

"ရှားတောမှာ ပထမဦးဆုံးမဖြစ်မနေလုပ်ရမယ့် ကိစ္စဆိုပြီးရှိနေတဲ့ဟာက ပြန်လည်ထူတောင်ရေးနေရာ တစ်ခုဖြစ်တာမို့
အဆောက်အဦကို ပြန်လည်ထူထောင်တယ်ဆိုတဲ့ဟာက ကဏ္ဍတစ်ခုရှိသလို စိတ်ပိုင်းဆိုင်ရာအရ ရပ်တည်ရမယ့်အရာတွေ
ပံ့ပိုးပေးရမှာတွေရှိတယ်။ ဒီတော့ ကျွန်မတို့ အခု ဥပဒေပိုင်းဆိုင်ရာအရ ပံ့ပိုးပေးရမှာတွေရှိသလို ဖွံ့ဖြိုးရေးပိုင်းဆိုင်ရာအရလည်း
ပံ့ပိုးပေးရမှာတွေ ရှိပါတယ်"လို့ ဒေါ်ဝင့်ဝါထွန်းက ဆိုပါတယ်။

 


ကလေးမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိ

သန်းနိုင်စိုး | Tuesday, 10 November 2015

ကလေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်၏ မဲစာရင်းရလဒ် ပုံစံ(၁၉) ကို အသိအမှတ်ပြုကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးက လက်မှတ်ရေးထိုးနေသည်ကို တွေ့ရစဉ်။ သန်းနိုင်စိုး/မြန်မာတိုင်း(မ်)ကလေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်၏ မဲစာရင်းရလဒ် ပုံစံ(၁၉) ကို အသိအမှတ်ပြုကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးက လက်မှတ်ရေးထိုးနေသည်ကို တွေ့ရစဉ်။ သန်းနိုင်စိုး/မြန်မာတိုင်း(မ်)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ်ဖြင့်
အနိုင်ရရှိသွားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်က မဲရလဒ်ပုံစံ(၁၉)ကို နိုဝင်ဘာလ ၁၀ ရက်၊ ညနေ ၃ နာရီအချိန်ခန့်တွင်
ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်အရ ပြည်သူ့လွှတ်တော်တွင် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဂင့်ရှမ်းခမ်က ၇,၉၄၇ မဲ ၊ မြန်မာနိုင်ငံ
တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဒေါ်စမ်းစမ်းနုက ၂,၉၉၈ မဲ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ
ဦးတင်လှိုင်က ၃၅,၁၅၆၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒေါ်အေးအေးမူ (ခ) ရှားမီးက ၁၀၁,၈၂၁ မဲ၊ တိုင်းရင်းသား
စည်းလုံးညီညွတ်ရေးပါတီမှ ဦးအောင်ကျော်ဝင်း က ၄,၃၄၈ မဲရရှိသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်အေးအေးမူ (ခ)
ရှားမီးက မဲပေးသူအားလုံး၏ ၆၆ ဒသမ ၈၇ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈) အမျိုးသားလွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးကိုကိုနိုင် က
၁၁၂,၁၇၃ မဲ၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီမှ ဦးဌေးအောင်က ၇,၉၀၃ မဲ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ
ဦးသန်းလှိုင်က ၃၄,၉၈၀ မဲရရှိသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးကိုကိုနိုင်က မဲပေးသူအားလုံး၏ ၇၂ ဒသမ
၃၄ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့သည်။

"ကလေးမြို့နယ် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဘာမှ သံသယဖြစ်ဖွယ် မတွေ့ရပါဘူး။ မြို့ပေါ်မဲရုံတွေမှာ ကျဉ်းကျဉ်းကြပ်ကြပ်
မဲပေးရတာရယ်၊ လူတိုးနေရတာတွေကတော့ မဲဆန္ဒရှင်တွေအတွက် စိတ်အနှောက်အယှက် ဖြစ်စေတာပေါ့"ဟု
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၈) လွှတ်တော်ကိုယ်စားလှယ်လောင်း
ဦးကိုကိုနိုင်ကပြောသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထု၏ နိုင်ငံရေးနိုးကြား တက်ကြွမှုသည် အံ့မခန်းဖြစ်ပြီး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်းများ တော်၍ အနိုင်ရရှိခြင်း မဟုတ်ဘဲ ပြည်သူများတော်သဖြင့်
အနိုင်ရရှိခြင်းဖြစ်ကြောင်း ၄င်းကပြောသည်။

ကလေးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)နှင့် အမှတ်(၂) တို့တွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ကပင် အနိုင်ရရှိခဲ့သည်။

တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)တွင် ချင်းတိုးတက်ရေးပါတီမှ ဦးဗန်ဘွဲ့လျံခုမ်း က ၂,၆၄၂ မဲ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီမှဦးလှဝင်း က ၁၈,၁၁၇ မဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှဒေါ်သန့်ဝေကျော်က ၆၂,၄၅၉ မဲ၊ တိုင်းရင်းသား
စည်းလုံးညီညွတ်ရေးပါတီမှ ဦးအောင်မိုးက ၃,၆၉၂ မဲရရှိခဲ့သဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်သန့်ဝေကျော်က
၇၂ ဒသမ ၇ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့သည်။

"ရွေးကော်ပွဲနေ့မတိုင်ခင် မိတ္တူဆိုင်တစ်ဆိုင်မှ ကြိုတင်မဲတွေ တွေ့ခဲ့တဲ့ ဗီဒီယိုဖိုင် ထွက်ခဲ့တဲ့အတွက် ကြိုတင်မဲကိစ္စကို
စိုးရိမ်ပူပန်ခဲ့ပါတယ်။ ဒါပေမယ့် တကယ့်ရလဒ် ထွက်လာတဲ့အခါမှာ ကော်မရှင်ဘက်ကလည်း (မှန်မှန်ကန်ကန်)
ကြိုးစားခဲ့တယ်ဆိုတာ အသိအမှတ်ပြုပါတယ်" ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တိုင်းဒေသကြီးအမှတ်(၁)
ကိုယ်စားလှယ်လောင်း ဒေါ်သန့်ဝေကျော်ကပြောသည်။

ကလေးမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ်(၂) တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးကမ်ဇာမုံက
၄၅,၄၄၂ မဲ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးကျော်မြင့်က ၁,၈၃၉ မဲ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ
ဦးခင်မောင်သန်း က ၃၄,၇၈၈ မဲ၊ ချင်းတိုးတက်ရေးပါတီမှ ဦးငင့်ခန့်ဟန် က ၇,၈၆၄ မဲ၊ ဇိုတိုင်းရင်းသား ဒေသဖွံ့ဖြိုးရေးပါတီမှ
ဦးလျန်းခန့်ဟန်က ၈၃၀ မဲ ရရှိသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးကမ်ဇာမုံက ၅၀ဒသမ၀၇ ရာခိုင်နှုန်းဖြင့်
အနိုင်ရရှိခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်ရှိ ချင်းတိုင်းရင်းသားလူမျိုးလွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ
ဦးလာလ်ထောင်ထန်းက ၂၆,၅၄၉ မဲဖြင့် အနိုင်ရရှိခဲ့သော်လည်း ရှမ်းတိုင်းရင်းသားလွှတ်တော်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီမှ ဦးစိုင်းမင်းဆွေက ၃၇ မဲဖြင့် အနိုင်ရရှိသွားသည်။

 


မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဘုန်းမော်ရွှေ မဲရှုံး

နေအောင် | Tuesday, 10 November 2015

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ် အမှတ်(၁) မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်တွင် ၀င်ရောက်ယှဉ်ပြိုင်သည့်
မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖုန်းမော်ရွှေသည် ၂၀၁၅ ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ကြောင်း
နိုဝင်ဘာလ ၉ရက် မဲရလဒ်များအရသိရသည်။

အဆိုပါမဲဆန္ဒနယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်စွမ်းရည်က
မဲအသာရခဲ့ကြောင်း ဦကျော်စွမ်းရည်ကပြောသည်။

မဲရလဒ်များမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်စွမ်းရည်က ၃၆,၅၆၈ မဲရရှိခဲ့ပြီး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်သည့် မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေက
၁၂,၇၄၆ မဲ ရရှိခဲ့သည်ဟု ၄င်းက ယခုလ ၉ရက်နေ့၊ ညနေ ၄နာရီခန့်က ပြောသည်။

မဲရလဒ်များကို မင်းဘူးမြို့နယ်ကော်မရှင်မှ ရယူခဲ့သည်ဟု ဦးကျော်စွမ်းရည်ကပြောသည်။

"ကျေးရွာတွေပါ အကုန်ပါလာပါပြီ။ ခုနကပဲ ကော်မရှင်က စာရင်းတွေယူခဲ့တယ်" ဟု ၄င်းမှဆိုသည်။

 


မကွေးတိုင်းအတွင်း အန်အယ်လ်ဒီက ရာနှုန်းပြည့်အနိုင်ရဟုဆို

နေအောင် | Tuesday, 10 November 2015

မကွေးတိုင်းဒေသကြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရာခိုင်နှုန်းပြည့်အနိုင်ရကြောင်း မကွေးတိုင်းအမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် တိုင်းအတွင်းရေးမှူး ဦးနေမျိုးကျော်က နိုဝင်ဘာလ ၉ ရက်နေ့ ည ၈နာရီခန့်ကပြောသည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၅ မြို့နယ်၏ မဲရလဒ်များအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၀၀ ရာခိုင်နှုန်း
အနိုင်ရနေပြီဖြစ်ကြောင်း ၄င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

"မဲဆန္ဒရှင်အများစုရဲ့ ရွေးချယ်ခြင်းမခံရတဲ့အတွက် လွှတ်တော်တွင်း တာဝန်ထမ်းဆောင်ခွင့် မရခဲ့ပါဘူး။ ရှုံးခဲ့ပါတယ်။
ပါတီတာဝန်နဲ့ ဆက်ပြီးထမ်းဆောင်သွားပါမယ်။ ထောက်ခံခဲ့တဲ့ မဲဆန္ဒရှင်များကို ကျေးဇူးတင်ပါတယ်။ အောင်မြင်တဲ့အထိ
လုပ်မပေးနိုင်ခဲ့တာ စိတ်မကောင်းဖြစ်မိပါတယ်။ အနိုင်ရသွားတဲ့ အန်အယ်လ်ဒီပါတီကိုလည်း အသိအမှတ်ပြု
ဂုဏ်ပြုလိုက်ပါတယ်။ နိုင်ငံ့အကျိုး အကောင်းဆုံး သယ်ပိုးနိုင်ပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်" ဟု
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၃)မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဆန်းညွန့်အောင်က
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနိုင်ရခဲ့ခြင်းနှင့် ပတ်သက်ပြီးပြောသည်။

တစ်နိုင်ငံလုံး အတိုင်းအတာအရ ကျေးလက်ဒေသတွင် နေထိုင်သူအများဆုံးဖြစ်သည့် မကွေးတိုင်းဒေသကြီးတွင်
စိုက်ပျိုးရေးလုပ်ငန်းနဲ့ အသက်မွေးကြသည့် တောင်သူလယ်သမား အများဆုံးဖြစ်သော်လည်း မကွေးတိုင်းဒေသကြီး
မဲဆန္ဒနယ်များတွင် ၀င်ရောက်ယှဉ်ပြိုင်သော တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီသည်လည်း ရှုံးနိမ့်ခဲ့သည်ဟု
အဆိုပါပါတီ၏ မကွေးတိုင်းအတွင်းရေးမှူး ဦးသောင်းတန် ကပြောသည်။

 


မိထ္တီလာမြို့နယ် မဲစာရင်းရှိ လူဦးရေများထဲမှ လူ ၈၀,၀၀၀ ခန့် မဲမပေး

မောင်ဇော် | Tuesday, 10 November 2015

မိထ္တီလာမြို့ပေါ်ရှိ မဲရုံတစ်ရုံတွင် မဲပေးနေသည်ကို တွေ့ရစဉ်။ မောင်ဇော်/မြန်မာတိုင်း(မ်)မိထ္တီလာမြို့ပေါ်ရှိ မဲရုံတစ်ရုံတွင် မဲပေးနေသည်ကို တွေ့ရစဉ်။ မောင်ဇော်/မြန်မာတိုင်း(မ်)

မိတ္ထီလာမြို့နယ်မဲစာရင်းတွင် ကြေညာထားသည့် ဦးရေများထဲမှ လူ ၈၀,၀၀၀ ခန့်မှာ မဲလာရောက်မပေးခဲ့ကြောင်း
မိတ္ထီလာမြို့နယ် ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ယခုလ ၉ ရက်နေ့ကပြောသည်။

"ဒီလူတွေ ဘာလို့ လာမပေးတာလဲဆိုတာကတော့ ဘယ်လိုလုပ်သိမှာလဲ။ ဘယ်ရပ်ကွက်တွေက ဆိုတာလည်း မသိဘူး။
ကျွန်တော်တို့က မဲလာပေးပါလို့ ပြောလို့မရဘူး။ မဲပေးခြင်း၊ မပေးခြင်းက သူ့ဆုံးဖြတ်ရမှာ။ ကော်မရှင်က သွားလုပ်လို့မရဘူး" ဟု
အဆိုပါတာဝန်ရှိသူတစ်ဦးကပြောသည်။

မိတ္ထီလာမြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲရက်မတိုင်မီအချိန်က ကြေညာထားချက်တွင် မိထ္တီလာမြို့နယ်အတွင်း၌
မဲပေးခွင့်ရှိသူမှာ ၂၅၉,၂၂၅ ဦး ရှိကြောင်း ကြေညာထားသည်။

သို့သော် ရွေးကောက်ပွဲနေ့တွင် မိထ္တီလာမြို့နယ်တစ်ခုလုံးအတွက် မဲလာရောက်ပေးသူမှာ ၁၆၀,၀၀၀ ကျော်သာ
လာရောက်မဲပေးကြောင်း စာရင်းများအရသိရသည်။

"အရေးကြီးတဲ့ ရွေးကောက်ပွဲမှာ မဲလာမပေးဘူးဆိုတာက တော်တော်လေးစဉ်းစားရ ကျပ်တယ်။ သူ့ဘာသာသူ မအားတာလား။
ဒါမှမဟုတ် မဲစာရင်းမှာသာ နာမည်ပါပြီး၊ လူကမရှိတာလား။ ဒါမှမဟုတ် နာမည် နှစ်ခါ ထပ်နေတာလား။ ဒါတွေက
စဉ်းစားရခက်ပါတယ်။ အဓိကကတော့ ကိုယ်အတွက် လုပ်ပေးမယ့် အမတ်ကို ကိုယ်ကိုတိုင် ရွေးခွင့်မရှိလိုက်ဘူးဆိုတာပဲ။
သူများရွေးတဲ့ အမတ်ကိုပဲ ကိုယ်က ကြည့်နေရတော့မယ်" ဟု မြို့မ ရပ်ကွက်မှ ဦးဆန်းလွင်ကပြောသည်။

ရွေးကောက်ပွဲနေ့တွင် မဲလာရောက်မပေးသည့် လူအများအပြားရှိသောကြောင့် မိတ္ထီလာမြို့ပေါ်ရှိ မဲရုံအချို့တွင် နေ့လည်
၁၂ မတိုင်မီအချိန်မှာပင် လူများရှင်းလင်းသွားပြီဖြစ်ကြောင်း စောင့်ကြည့်လေ့လာသူများထံမှ သိရသည်။

"ကျေးရွာတွေမှာ ရှိတဲ့စာရင်းထက် အပြည့်နီးနီးလာပေးကြတာတွေ့ရတယ်။ မြို့ပေါ်မှာဆိုရင် မဲရုံတစ်ခုမှာ ကပ်ထားတဲ့
လူစာရင်းရဲ့ တစ်ဝက်လောက်ကပဲ လာပေးတယ်။ စိတ်ပဲမ၀င်စားတာလား။ လာရောက်မပေးတဲ့အတွက်တော့
ကိုယ်စားလှယ်တွေအတွက် နစ်နာမှုတော့ ရှိတာပေါ့။ ကိုယ်စားလှယ်တွေ မဲတူနေရင် ဘယ်လိုလုပ်မလဲ" ဟု ရွေးကောက်ပွဲ
လေ့လာစောင့်ကြည့်သူ ဦးကျော်မိုးကပြောသည်။

မဲရုံများတွင် ကပ်ထားသည့်စာရင်းများထဲမှ လူတစ်ဝက်ခန့် လာရောက်မပေးသည့် ရပ်ကွက်များထဲတွင် အစ္စလာမ်ဘာသာဝင်
အများစုရှိရာ သီရိမင်္ဂလာရပ်ကွက်က အဆိုးဆုံးဖြစ်ပြီး၊ အခြားရပ်ကွက်များမှာ ၀န်ဇင်း၊ ရတနာမောင်ရပ်ကွက်တို့ ဖြစ်သည်ဟု
ကော်မရှင်စာရင်းများ အရသိရသည်။

"မဲလာမပေးတဲ့ လူစာရင်းကိုကြည့်တော့ မသိတဲ့ လူတော့များပါတယ်" ဟု သီရိမင်္ဂလာရပ်ကွက်မှ ဦးမင်းအောင်ကပြောသည်။

 


ကလေးမြို့နယ်ရှိ မဲရုံအများစုတွင် အန်အယ်လ်ဒီအနိုင်ရထား

သန်းနိုင်စိုး | Tuesday, 10 November 2015

ကလေးမြို့နယ်အတွင်းရှိ မဲရုံ ၁၇၆ ရုံအနက် ၁၆၀ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အနိုင်ရရှိထားကြောင်း
မဲဆန္ဒနယ် အမှတ်(၁) အန်အယ်လ်ဒီ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း မသန့်ဝေကျော်က နိုဝင်ဘာလ
၉ ရက် ညနေ ၆ နာရီက ပြောကြားသည်။

"စာရင်းအတိအကျပြောလို့ မရသေးဘူး။ အဓိကက မြို့ပေါ်မဲရလဒ်တွေ မသိသေးတာပါ" ဟု ၄င်းကပြောသည်။

ကလေးမြို့ပေါ်ရှိ မဲရုံအချို့၏ မဲပေးမှုမှာ နိုဝင်ဘာ ၉ ရက်နေ့ မနက် ၅ နာရီမှ ပြီးဆုံးသဖြင့် အဆိုပါမဲရုံများတွင် အနိုင်ရရှိသည်ဟုသာ
သိရှိထားပြီး စာရင်းအတိအကျကိုမူ မသိရသေးဟု ဆိုသည်။

အန်အယ်လ်ဒီ၏ စာရင်းများအရ အန်အယ်လ်ဒီသည် ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီထက် ပြည်သူ့လွှတ်တော်တွင် ၂၀,၀၀၀ခန့်၊
အမျိုးသားလွှတ်တော်တွင် ၃၀,၀၀၀ ခန့်၊ တိုင်းဒေသကြီးလွှတ်တော် မဲဆ(၁)တွင် ၁၅,၀၀၀ခန့်၊ (၂) တွင် သုံးထောင်ခန့်၊
တိုင်းရင်းသားရေးရာတွင် သုံးထောင်ခန့် များနေကြောင်း သိရသည်။

 


မြို့နယ်ရွေးကောက်ပွဲကော်မရှင်က မြို့နယ် ၁၀ မြို့နယ်တွင် အန်အယ်လ်ဒီ အနိုင်ရရှိသည်ဟု
အသိအမှတ်ပြုထား

ခင်ဆုဝေ | Monday, 09 November 2015

မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်ရွေးကော်ပွဲကော်မရှင်က မြို့နယ် ၁၀ မြို့နယ်တွင် အန်အယ်လ်ဒီအနိုင်ရရှိသည်ဟု
အသိအမှတ်ပြုထားကြောင်း မန္တလေးတိုင်း အန်အယ်လ်ဒီ အောင်နိုင်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးရွှေလှက နိုဝင်ဘာလ ၉ ရက်နေ့
မနက် ၁၁ နာရီဝန်းကျင်က ပြောသည်။

အဆိုပါ ၁၀ မြို့နယ်မှာ ပြင်ဦးလွင်၊ စဥ့်ကူး၊ ၀မ်းတွင်း၊ ညောင်ဦး၊ မလှိုင်၊ ငါန်းဇွန်၊ မိုးကုတ်မြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊
အမရပူရမြို့နယ်၊ နွားထိုးကြီးမြို့နယ်တို့ဖြစ်ကြောင်း ဦးရွှေလှက ပြောသည်။

"မဲအရေအတွက်တွေက တော်တော်ကွာနေတယ်။ ထောင်ဂဏာန်းနဲ့ ရာဂဏန်းကွာတာရှိတယ်။ ထောင်ဂဏန်းနဲ့ သောင်းဂဏန်း
ကွာတာရှိတယ်။ အဲဒီ မဲရလဒ်အတိုင်း အချိုးအစားအတိုင်းကို တစ်ပြေးညီ တက်လာရင်အနိုင်ရရှိတဲ့ အနေအထားကို
ဦးတည်နေတာပါပဲ" ဟု ဆိုခဲ့သည်။

"သပိတ်ကျင်းနဲ့ အောင်မြေသာစံကလည်း မဲရုံနည်းနည်းလောက် ကျန်သေးလို့ပါ။ သူတို့ကလည်း အောင်နိုင်မယ်လို့
သတ်မှတ်ထားပါတယ်။ မဟာအောင်မြေနဲ့ ပြည်ကြီးတံခွန်လည်း ကျန်ပါသေးတယ်" ဟု ဆိုခဲ့သည်။

မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ် ၃၆ မြို့နယ်အနက် မြို့နယ်ပေါင်း ၃၀ ကျော် အနိုင်ရရှိမည်ဟု တွက်ထားခဲ့သည်ဟု ဆိုသည်။

"တချို့မြို့နယ်တွေကတော့ တစ်စိတ်တစ်ပိုင်းပဲ သိရသေးတာ။ ရလာဒ်ကို အဖြေပေးနိုင်လောက်ထိ မရသေးဘူး။
ညောင်ဦးမြို့နယ်မှာ ပြည်သူ လွှတ်တော်က ၇၃.၃၇ ရာခိုင်နှုန်း ရရှိပါတယ်။ အောင်နိုင်ရေးအဖွဲ့နဲ့ ကိုယ်စားလှယ်တွေ
တွက်ထားတာ။ ကြံခိုင်ရေးက သုံးသောင်းကျော်ရတယ်။ အမျိုးသားတိုးတက်ရေးက နှစ်ထောင်ကျော် သုံးထောင်ကျော် ရတယ်။
အမျိုးသားလွှတ်တော်ကျတော့ ကျနော်တို့ဆီက မဲအရေအတွက် တစ်သိန်းနီးနီး ရတယ်။ ကြံခိုင်ရေးက သုံးသောင်း
သုံးထောင်ကျော်ရတယ်။ ရာခိုင်နှုန်းကတော့ ၇၂ ရာခိုင်နှုန်းက ရတယ်။ တိုင်းဒေသကြီး ၂ မယ်ကျတော့ လေးသောင်း
သုံးထောင်ကျော်ရတယ်။ ကြံခိုင်ရေးကတော့ တစ်သောင်း ခုနှစ်ထောင်ကျော်။ တိုင်း ၁ ကတော့ အဲန်အယ်လ်ဒီက
ငါးသောင်းကျော်ရတယ်။ ကြံခိုင်ရေး ၁ သောင်း ၃ သောင်းကျော်၊ ရာခိုင်နှုန်းကတော့ ၇၀ ရာခိုင်နှုန်းကျော် ရပါတယ်။
ပြင်ဦးလွင်ခရိုင်က ငါးမြိုနယ်ရှိတဲ့အထဲမယ် သုံးမြို့နယ်က အနိုင်မဲ အများဆုံး ရတယ်လို့ သိရတယ်။ အားလုံး ပေါင်းရင်
အဲန်အယ်လ်ဒီ နိုင်တယ်လို့ ကြားတယ်။ သပိတ်ကျင်းကလည်း အများဆုံး မဲရရှိပါတယ်။ ကျန်နေတဲ့ မဲ နည်းနည်းပါးပါး
ကျန်နေပါသေးတယ်။ မတ္တရာကတော့ မသိရသေးပါဘူး။ မိတ္တီလာအခြေနေကတော့ ကော်မရှင်က မထုတ်ပြန်နိုင်သေးဘူးလို့
သိရပါတယ်။ စစ်တပ်မဲအရေအတွက်က တစ်ဝက်လောက် ရှိနေတာဆိုတော့။ အခြေအတင် ဖြစ်နိုင်တယ်လို့သိထားတဲ့နေရာ
ဖြစ်ပါတယ်။ သာစည်ဘက်တော့ သတင်းပို့ချက် သာစည်မြို့နယ် ယင်းမာပင်တိုက်နယ် မဲရုံရလဒ်တွေကတော့ အသာစီး
ရနေပြီးတော့ ည ၁၀ နာရီလောက်မှ တပ်မဲတွေ ရောက်လာပြီး ရှုံးနိမ့်သွားတယ်လို့ သိရပါတယ်။ သတင်းကို မှန်ကန်အောင်
စုံစမ်းပေးပါလို့ ပြောထားတယ်" ဟု ၎င်းက ဆိုခဲ့သည်။

 


ရထားပို့ဆောင်ရေးဝန်ကြီး၏ မဲဆန္ဒနယ်တွင် ၀န်ထမ်း(၇)ဦးအား မဲစာရင်းမှ ပယ်ဖျက်

ဇော်ဇော်ထွေး | Monday, 09 November 2015

မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် ရွာကြီးကျေးရွာအုပ်စုရှိ လုံးထောကျေးရွာမဲစာရင်းကို နိုဝင်ဘာလ ၈ ရက်နေ့က တွေ့ရစဉ်။မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် ရွာကြီးကျေးရွာအုပ်စုရှိ လုံးထောကျေးရွာမဲစာရင်းကို နိုဝင်ဘာလ ၈ ရက်နေ့က တွေ့ရစဉ်။

မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် ရွာကြီးကျေးရွာအုပ်စုရှိ ရထားပို့ဆောင်ရေးဝန်ကြီး၏ ကျေးရွာဖြစ်သည့်
လုံးထောကျေးရွာမဲစာရင်းတွင် ထည့်သွင်းထားသည့် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ထမ်း (၇)ဦး၏ စာရင်းကို
မဲဆန္ဒရှင်စာရင်းမှ အချိန်မီပယ်ဖျက်ပေးလိုက်သည်ဟု မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်မှ ဦးစီးမှူး ဒေါ်မေသက်က
မြန်မာတိုင်း(မ်)သို့ အတည်ပြုပြောခဲ့သည်။

“ကျွန်မတို့ ကန့်ကွက်စာရတယ်။ ပြီးတော့ ပြန်စိစစ်ပေးလိုက်တဲ့အခါမှာလည်း ဒီ ၇ ဦးဟာ ရက်ပေါင်း ၁၈၀ ထက်နေထိုင်တာ
မတွေ့ရတဲ့အတွက် မဲစာရင်းကနေ အချိန်မီ ပယ်ဖျက်ပေးလိုက်တာပါ” ဟု နွားထိုးကြီးမြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ
ဦးစီးမှူး ဒေါ်မေသက်က ပြောသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သည့် ရထားပို့ဆောင်ရေးဝန်ကြီး ဦးဥာဏ်ထွန်းအောင်၏ ဇာတိရွာဖြစ်သည့်
လုံးတောမဲဆန္ဒနယ် မဲစာရင်းတွင် ပို့ဆောင်ရေးဝန်ထမ်း (၇)ဦး၏ မဲစာရင်းများ ပါဝင်နေခြင်းကို မြို့နယ်အမျိုးသားဒီမိုကရေစီပါတီ
အဖွဲ့ချုပ် (NLD) ပါတီမှ စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ၄င်းမဲစာရင်းများအား စစ်ဆေးပယ်ဖျက်ပေးရန် ကန့်ကွက်စာကို နိုဝင်ဘာ ၆ ရက်တွင် မြို့နယ်ကော်မရှင်ထံသို့
တင်သွင်းကန့်ကွက်ခဲ့ခြင်း ဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း၏
ကိုယ်စားလှယ်ဖြစ်သူ ဦးအောင်သိန်းလူက မြန်မာတိုင်း(မ်)သို့ ပြောကြားခဲ့သည်။

“ဒီလူတွေဟာ ပို့ဆောင်ရေးဝန်ကြီးဌာနက ၀န်ထမ်းတွေ ဖြစ်တယ်ဆိုတာကို ရွာကြီးအုပ်ချုပ်ရေးမှူး ကိုယ်တိုင်ဆီက
သိထားရတယ်။ ဘာကြောင့်မဲစာရင်းမှာ ထည့်ပေးလဲမေးတော့ ကျွန်တော်သေချာမသိဘူး။ လုပ်ခိုင်းလို့ လုပ်ပေးထားတာလို့
ပြောပါတယ်” ဟု ရွေးကောက်ပွဲအောင်နိုင်ရေး ဥက္ကဌလည်း ဖြစ်သည့် ဦးအောင်သိန်းလူက ပြောကြားခဲ့သည်။

လက်ရှိ နွားထိုးကြီးမြို့နယ် ရွာကြီးကျေးရွာအုပ်စု လုံးထောကျေးရွာ မဲဆန္ဒရှင်စာရင်းတွင် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်လောင်းဖြစ်သည့် ရထားပို့ဆောင်ရေးဝန်ကြီးနှင့် မိသားစုအပါအ၀င် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၄၁၀ ဦး
ရှိသည်ဟု မြို့နယ်ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

 


နိုင်ငံပြင်ပကြိုတင်မဲများကို ပယ်မဲအဖြစ်သတ်မှတ်ရာမှ ခိုင်လုံမဲအဖြစ်ပြန်လည်သတ်မှတ်ပေး

သန်းနိုင်စိုး | Monday, 09 November 2015

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံပြင်ပကြို တင်မဲများကို ပယ်မဲအဖြစ် သတ်မှတ်ရာမှ
ခိုင်လုံမဲအဖြစ် ပြန်လည်သတ်မှတ်ပေးခဲ့သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်ပွဲကိုယ်စားလှယ်
ကိုဇော်မင်းထိုက်ကပြောသည်။

 နိုဝင်ဘာလ ၈ ရက်နေ့၊ ည ၈ နာရီအချိန်ခန့်က ကြိုတင်မဲလက်မှတ်တွင် တစ်စုံတစ်ဦး၏ လက်မှတ်ပါရှိသည်ဟုဆိုကာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအတွက် ပေးထားသော ပြည်သူ့လွှတ်တော်မဲ ၇၄ မဲနှင့် အမျိုးသားလွှတ်တော်မဲ ၁၀၀ မဲတို့ကို
ပယ်မဲအဖြစ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ခဲ့သည်။ အဆိုပါလက်မှတ်မှာ သံရုံးတာဝန်ရှိသူ၏
လက်မှတ်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့အကြောင်းအမျိုးမျိုးရှင်းပြပေမယ့် မြို့နယ်ကော်မရှင်က ပါတီကိုယ်စားလှယ်တွေရဲ့ သဘောထားမယူဘဲနဲ့
ပယ်မဲလုပ်ပစ်တယ်" ဟု ကိုဇော်မင်းထိုက်ကပြောသည်။

နိုဝင်ဘာလ ၉ ရက်နေ့၊ နံနက် ၂ နာရီအချိန်ခန့်တွင် ခရိုင်ကော်မရှင်သို့ သွားရောက်ဆွေးနွေးခဲ့ရာမှ ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင်၏ အောက်တိုဘာလ ၁၈ ရက်နေ့ကြေညာချက်အရ ခိုင်လုံမဲအဖြစ် ပြန်လည်အတည်ပြုပေးခဲ့သည်။

အဆိုပါ ကော်မရှင်ကြေညာချက်တွင် ကြိုတင်မဲလက်မှတ်၏ နောက်ကြောတွင် ထုတ်ပေးထားသော မြို့နယ်၏ တံဆိပ်၊ အမည်၊
လက်မှတ်တစ်ခုခုပါရှိပြီး မဲရုံမှူးနေရာတွင် သံရုံးတာဝန်ခံအရာရှိက လက်မှတ်ရေးထိုးထားပါကလည်း ခိုင်လုံမဲအဖြစ်
သတ်မှတ်ပါမည်ဟု ပါရှိသည်။

နိုဝင်ဘာလ ၉ရက်နေ့ နံနက်၁၀နာရီခန့်ထိ ရရှိထားသော စာရင်းများအရ ကလေးမြို့တွင် အန်အယ်ဒီက
မဲအသာရထားကြောင်း ကလေးမြို့ရှိ အန်အယ်လ်ဒီရုံးမှ သိရသည်။

 


ပြင်ဦးလွင်တပ်နယ်မဲရုံများတွင် အပြတ်အသတ် ရှုံးနိမ့်သော်လည်း တစ်မြို့နယ်လုံးအတွက်
အင်န်အယ်ဒီအနိုင်ရမည်ဟုဆို

စည်သူလွင် | Monday, 09 November 2015

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် မဲဆန္ဒနယ်များအတွင်းရှိ တပ်မတော်မဲရုံများ တွင် ပြည်ခိုင်ဖြိုးက ဆန္ဒမဲအပြတ်အသတ်
အနိုင်ရရှိခဲ့သော်လည်း တစ်မြို့နယ်လုံး အတွက်အင်န်အယ်ဒီပါတီက အနိုင်ရမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မြို့နယ်အောင်နိုင်ရေးဥက္ကဋ္ဌ က မြန်မာတိုင်း(မ်) ကို ရွေးကောက်ပွဲနေ့ ည ၁၁ နာရီဝန်းကျင်ခန့်တွင် ပြောသည်။

ယခုကဲ့သို့ ပြောဆိုရခြင်းမှာ ည ၁၁ နာရီအချိန်ထိ ပြင်ဦးလွင်မြို့နယ် ရပ်ကွက်၊ ကျေးရွာများရှိ မဲရုံများမှ ကောက်ယူ
ရရှိထားသည့် ဆန္ဒမဲရရှိမှု စာရင်းများအရ ပြောဆိုရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

"စာရင်းအကုန်မရသေးဘူး။ ဒါပေမဲ့ အခုရထားတဲ့ စာရင်းတွေအရအဖွဲ့ချုပ်က ၉၀ ရာခိုင်နှုန်းလောက်ထိ အနိုင်ရမယ်လို့
ပြောနိုင်တယ်။ တပ်တွင်းမဲရုံတွေကလွဲပြီး အခြား မဲရုံတွေမှာ မဲက အပြတ်အသတ်နိုင်တယ်။၂၀၁၀၊ ၂၀၁၂ ရွေးကောက်ပွဲ
တွေထက်ကို တပ်တွင်းမဲရုံတွေမှာ အားရတယ်လို့ ပြောရမယ်။ အဖွဲ့ချုပ်ကိုပေးတဲ့ မဲတွေက ရာဂဏန်းလောက်ထိကိုရှိနေလို့
အားရတယ်" ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အောင်နိုင်ရေး ဥက္ကဋ္ဌ ဦးသိန်းဇော်က မြန်မာတိုင်း(မ်) ကိုပြောသည်။

ဆန္ဒမဲရရှိမှုများမှာ အမျိုးသားလွှတ်တော်အတွက် အားအကောင်းဆုံးဖြစ်ပြီး တိုင်းဒေသကြီးအတွက် ယှဉ်ပြိုင်မှု
အားကောင်းခဲ့သည်။

ပြင်ဦးလွင်မြို့သည် တပ်နယ်မြေဖြစ်သောကြောင့် အခြားမြို့များမှ လည်းစိတ်ဝင်စားမှု အများဆုံးရှိနေသည့် မဲဆန္ဒနယ်တစ်ခု
ဖြစ်သည်။

"တပ်နယ်မြေဖြစ်တဲ့အတွက် အားလုံးက စိတ်ပူနေသလို စိတ်ဝင်စားမှုလည်း များနေတယ်။ တိုင်းဒေသကြီးမှာ ယှဉ်ပြိုင်ရတဲ့သူက
ဝန်ကြီးချုပ်ကြီးဖြစ်နေတဲ့အတွက် ပိုပြီးတော့ စိတ်ပူခဲ့ရတယ်" ဟု ဦးသိန်းဇော်က ပြောသည်။

ပြင်ဦးလွင်မြို့နယ် တိုင်းဒေသကြီးလွှတ် တော်မဲဆန္ဒနယ် အမှတ်(၂) မှ ၀င်ရောက်ယှဉ်ပြိုင်သည့် တိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးရဲမြင့်က ရွေးကောက်ပွဲရလဒ်အတွက် အကောင်းဆုံးဖြစ်အောင် ရည်ရွယ်ဆောင်ရွက်ထားပြီး ဆန္ဒမဲရလဒ်များအတွက်လည်း
ကြိုတင်ပြင်ဆင်ထားကြောင်း ရပ်ကွက်ကြီး ၉ မဲရုံ ၁ သို့ ဆန္ဒမဲလာရောက်ပေးအပြီး မီဒီယာများကို ပြောဆိုခဲ့သည်။

ပြင်ဦးလွင်မဲဆန္ဒနယ်တွင် တပ်တွင်းမဲရုံ ၁၇ ရုံ အပါအ၀င် စုစုပေါင်း မဲရုံ ၂၀၀ ရှိပြီး  မဲဆန္ဒရှင်ပြည်သူ တစ်သိန်းငါးသောင်းကျော်
ရှိကာ၊ တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင် ၁၈,၀၀၀ ကျော်ထိ ရှိသည်။


မဲရလာဒ်အားလုံးကို လက်ခံပြီးတည်ငြိမ်အေးချမ်းစေလိုကြောင်း သူရဦးရွှေမန်းပြောဆို

ခင်ဝိုင်းဖြူဖြူ၊ | Monday, 09 November 2015

ယနေ့မနက် ၈း၄၅ နာရီအချိန်မှာ ပြည်သူ့လွှတ်တော်ဥကဋ္ဌ သူရဦးရွှေမန်း ဆန္ဒမဲပေးဖို့အတွက်  ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၊
ကွင်းနောက်(၁) ရပ်ကွက် ၊အမှတ်(၂) မဲရုံကို ရောက်ရှိလာပါတယ်။

သူရဦးရွှေမန်းအနေနှင့် ရွေးကောက်ပွဲအပြီး ရရှိလာမယ့် မဲရလာဒ်အခြေအနေ မည်သို့ပင်ဖြစ်ပါစေ တည်တည်ငြိမ်ငြိမ်
လက်ခံသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

"အားလုံးဝိုင်းဝန်းပူးပေါင်းပြီး စနစ်ကျဖို့နဲ့ ရလာတဲ့ရလာဒ်ကို လက်ခံမယ်၊ မခံလို့လည်း မရပါဘူး၊ အားလုံးဝိုင်းဝန်း
စောင့်ကြည့်နေကြတယ်၊ အမှားတွေ့ရင်လည်းပြောပါ၊ မဲပေးပြီး မဲရလာဒ်ပေါ်မူတည်ပြီး အားလုံးကအတည်ပြုပြီးတော့
တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းဖြစ်စေချင်တယ်" လို့သူရဦးရွှေမန်းက မီဒီယာတွေရဲ့မေးမြန်းမှုကို
ဖြေကြားပေးပါတယ်။

အခု သူ လာရောက်ဆန္ဒမဲပေးတဲ့ မဲရုံမှာ သူငယ်စဉ်ကျောင်းနေခဲ့စဉ်က ဘုန်းတော်ကြီးကျောင်းနဲ့တွဲလျက်
မူလတန်းကျောင်းသာဖြစ်ကြောင်း၊ လက်ရှိအချိန်မှာတော့ အထက်တန်း ကျောင်းတစ်ခု ဖြစ်လာတဲ့အတွက် သူ့အနေနဲ့
သူ့ ဇာတိ၊သူ့ကျောင်းတွင် မဲပေးရတဲ့ အပေါ် ဂုဏ်ယူကြောင်းလည်း ပြောကြားသွားပါတယ်။

သူရဦးရွှေမန်း ဆန္ဒမဲပေးနေတဲ့ ဓာတ်ပုံ ရရှိရေးအတွက် မီဒီယာများနဲ့မဲရုံမှုးများ အခြေအတင်ဖြစ်ခဲ့ပြီး မဲရုံ ပရ၀ုဏ်
ပြင်ပ ၁၅ ကိုက်အကွာမှသာသတင်းရယူဖို့ ညွန်ကြားခြင်းခံရတယ်။

မဲရုံအတွင်းမဟုတ်ဘဲ ပရ၀ုဏ်အတွင်းကနေ သတင်းဓာတ်ပုံရယူခွင့် သက်သေခံကဒ်ကို သက်ဆိုင်ရာ ခရိုင်၊ တိုင်းဒေသကြီး
အသီးသီးထံ မီဒီယာသတင်းမီဒီယာတွေက သွားရောက်လျှောက်ထားရယူခဲ့ပေမယ့်၊ မြို့နယ်ညွန်ကြားချက်ဟု ဆိုကာ
အမှတ်(၂) မဲရုံမှုးက ပရ၀ုဏ်အတွင်းဝင်ရောက်ခွင့် မပြုခဲ့ပါဘူး။

သူရဦးရွှေမန်းရောက်ရှိလာစဉ် မီဒီယာများက ဓာတ်ပုံရိုက်ခွင့်ပြုဖို့ ၀ိုင်းဝန်းတောင်းဆိုခဲ့ကြလို့ နားလည်မှုနဲ့သတင်းဓာတ်ပုံအချို့
ရရှိခဲ့ကြပါတယ်။

 


ပြင်ဦးလွင်မြို့တွင် မဲစာရင်းအရေအတွက်၏ ၈၀ ရာခိုင်နှုန်းဝန်းကျင်သာ လာရောက်မဲပေး

စည်သူလွင် | Monday, 09 November 2015

ပြင်ဦးလွင်မြို့ မဲရုံများရှိ မဲဆန္ဒရှင်စာရင်းဦးရေ၏ ၈၀ရာခိုင်နှုန်းဝန်းကျင်ခန့် သာ လာရောက်မဲပေးကြောင်း
မဲရုံ စောင့်ကြည့်လေ့လာသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များထံမှသိရသည်။

မဲရုံများတွင် မဲစာရင်း ဦးရေ အနည်းဆုံးမှာ ၈၇ ယောက် ဖြစ်ပြီး အများဆုံးမှာ ၁၇၀၀ ကျော်ထိ ရှိသည်။

မဲပေးချိန်ပြီးဆုံးချိန်တွင် မဲရုံတာဝန်ကျဆရာမများက လည်းဆန္ဒမဲစာရင်းရှိသူ အားလုံးလာရောက်မဲပေးခြင်း မရှိကြောင်း
ဆိုသည်။

ပြင်ဦးလွင်တွင် မဲရုံ ၂၀၀ ရှိပြီး မဲဆန္ဒရှင်ဦးရေ တစ်သိန်းငါးသောင်းကျော်တွင် တပ်မတော် သားမဲဆန္ဒရှင်
တစ်သောင်းရှစ်ထောင်ကျော်ရှိသည်။

 


မြိုင်နှင့် ရေစကြိုမြို့နယ်များတွင် အင်န်အယ်လ်ဒီက အပြတ်အသတ် ဦးဆောင်နေ

အောင်ရှင် | Sunday, 08 November 2015

ညနေ ၆း၃၀ တွင် သိရှိရသည့် ရလဒ်များအရ အင်န်အယ်လ်ဒီသည် မြိုင်မြို့နယ်ရှိ မဲရုံ ၂၀ တွင် ၈၀ ရာခိုင်နှုန်းနှင့်
ရေစကြိုမြို့နယ်ရှိ မဲရုံ ၈ ရုံတွင် ၁၀၀ ရာခိုင်နှုန်းဖြင့် ဦးဆောင်နေသည်ဟု အဆိုပါမြို့နယ် နှစ်မြို့နယ်ရှိ အင်န်အယ်လ်ဒီပါတီ၏
ပြောကြားချက်အရ သိရသည်။

ယင်းမြို့နယ်များရှိ အင်န်အယ်လ်ဒီပါတီဝင်များသည် ကျေးရွာအဆင့်မဲရုံများမှ အစောပိုင်း ရလဒ်များကို မိုဘိုင်းဖုန်းများဖြင့်
စုဆောင်းနေကြသည်။

မြိုင်မြို့နယ်တွင် ဗိုလ်ချုပ်ဟောင်းနှင့် ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးသိန်းထွန်းက ပြည်ခိုင်ဖြိုးကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ပြီး
လက်ရှိသမ္မတရုံးဝန်ကြီး ဦးစိုးမောင်သည် ရေစကြိုတွင် ပြည်ခိုင်ဖြိုးကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။

 


တောင်ဥက္ကလာပရှိ မဲရုံ ၁၅ ရုံတွင် မဲပေးသူ ၂၀၀၀ ကျော်ရှိပြီး မဲပေးသူများ တန်းစီစောင့်ဆိုင်းနေကြဆဲဖြစ်

တင်ရတနာထွန်း | Sunday, 08 November 2015

တောင်ဥက္ကလာပရှိ မဲရုံအတော်များများတွင် မဲပေးသူများပြားနေပြီး မဲရုံတစ်ရုံတွင် မဲပေးသူ ၂၀၀၀ ကျော်ရှိကြောင်း၊
ကောင်တာတစ်ခုတည်းသာ ရှိ၍ မဲပေးသူများမှာ အချိန်ပေး စောင့်ဆိုင်းနေရပြီး မဲရုံပိတ်ရန် ၁၀ မိနစ်သာ လိုတော့သည့်
အချိန်တွင် မဲပေးရန် စောင့်ဆိုင်းနေသည့် လူတန်းကြီးမှာ ရှည်လျားနေဆဲဖြစ်ကြောင်း သိရသည်။

မဲရုံ ၁၅ ရုံမှာ မဲပေးသူ ၂၀၀၀ ကျော်ရှိပြီး မဲပေးခွင့်ရသူအများဆုံး မဲရုံမှာ အမှတ်(၅) ရပ်ကွက်ရှိ အမှတ်(၇)
အလယ်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် အမှတ် (၇) မဲရုံဖြစ်သည်။

"လူဦးရေများတဲ့အတွက် တချို့မဲရုံတွေက လူအရမ်းများတယ်" ဟု မြို့နယ်ရွေးကောက်ပွဲကော်မရှင်ခွဲဥက္ကဌက ပြောသည်။

မဲပေးသူစုစုပေါင်း ၁၉၁,၈၉၂ ရှိပြီး မဲရုံစုစုပေါင်း ၁၂၁ ရုံရှိသည့် တောင်ဥက္ကလာပမြို့နယ်တွင် တစ်ရုံလျှင် မဲပေးသူ ၂၀၀၀ ကျော်
ရှိသည့် မဲရုံ ၁၅ ရုံရှိပြီး သင်္ဃန်းကျွန်းမြို့နယ်တွင်မူ မဲပေးသူ ၂၀၀၀ ကျော်သည့် မဲရုံတစ်ရုံမှ မရှိချေ။

သီရိမင်းထွန်း ဘာသာပြန်သည်။

 


ယူအီးစီဥက္ကဋ္ဌ ဦးတင်အေး ပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစုကျေးရွာတွင် လာရောက် မဲပေး

ပြည့်သက်ဖြိုး | Sunday, 08 November 2015

မဲပေးပြီးသည့် မဲဆန္ဒရှင်တစ်ဦးအား မှင်တို့သည့်ကိစ္စနှင့် ပတ်သက်ပြီး ဦးတင်အေးက တွေ့ဆုံပြောကြားနေစဉ်။ ပြည့်သက်ဖြိုး/မြန်မာတိုင်း(မ်)မဲပေးပြီးသည့် မဲဆန္ဒရှင်တစ်ဦးအား မှင်တို့သည့်ကိစ္စနှင့် ပတ်သက်ပြီး ဦးတင်အေးက တွေ့ဆုံပြောကြားနေစဉ်။ ပြည့်သက်ဖြိုး/မြန်မာတိုင်း(မ်)

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးသည် ယနေ့(နိုဝင်ဘာလ ၈ ရက်နေ့)က ပုဗ္ဗသီရိမဲဆန္ဒနယ်၊
ညောင်ပင်ကြီးစုကျေးရွာတွင် ကိုယ်တိုင်လာရောက် ဆန္ဒမဲပေးခဲ့သည်။

၎င်းသည် နံနက် ၉ နာရီခွဲအချိန်တွင် ညောင်ပင်ကြီးစုကျေးရွာရှိ မဲရုံအမှတ်(၂)တွင် ဆန္ဒမဲပေးခဲ့ခြင်းဖြစ်ပြီး မဲပေးပြီးနောက်
မှင်တို့ထားသည့် မဲဆန္ဒရှင်များအား "အိမ်ရောက်ရင် အခုတို့ထားတဲ့ မှင်ကို ဖျက်ကြည့်ပါ၊ တကယ်လို့ ပျက်သွားရင်
ကျွန်တော့်ကို လာပြောပါ " ဟု မှာကြားခဲ့သည်။

ထို့နောက် ဦးတင်အေးက ပြည်ထောင်စုနယ်မြေအတွင်းရှိ မဲရုံများသို့ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ အထက်ပါ အောင်သုခ
ကျေးရွာတွင် မဲရုံအမှတ်(၁)တွင် အင်အယ်လ်ဒီပါတီမှ လေ့လာစောင့်ကြည့်ရေးအဖွဲ့ဝင်တစ်ဦးက မဲလက်မှတ်၌ ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ တံဆိပ်ရိုက်နှိပ်ထားခြင်း မရှိသည့်အတွက် "ဒါက ပြည်ခိုင်ဖြိုးက လုပ်တာလို့ သိရပါတယ်" ဟု
ပြသတိုင်ကြားခဲ့သည်။

ထိုကိစ္စနှင့် ပတ်သတ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက မဲလက်မှတ်ကို သေချာစွာ
ကြည့်ရှုစစ်ဆေးပြီးနောက် "ပြည်ခိုင်ဖြိုးက လုပ်တာမဖြစ်နိုင်ဘူး" ဟု ပြန်လည်ပြောကြားခဲ့သည်။

ဦးတင်အေးသည် ဆယ်နာရီခွဲခန့်တွင် ဇေယျာသီရိမြို့နယ်၊ တပ်မတော်မှ ထိပ်တန်းခေါင်းဆောင်များရုံးစိုက်ရာ စစ်ရုံးအတွင်းရှိ
မဲရုံ ခြောက်ရုံသို့လည်း သွားရောက်ကြည့်ရှုခဲ့သည်။

 


မုံရွာမြို့နယ် မြဝတီရပ်ကွက်တွင် မဲပေးခွင့် ဆုံးရှုံးမည်ကို စိုးရိမ်ခဲ့ကြ

ကျော်ကိုကို | Sunday, 08 November 2015

မုံရွာမြို့နယ် မြဝတီရပ်ကွက်တွင် မဲပေးသူများပြားနေပြီး မဲရုံတွင် လူဦးရေများပြားသောကြောင့် မဲပေးသူများ အခက်အခဲများ
ဖြစ်ပေါ်နေပြီး မဲပေးခွင့်ဆုံးရှုံးမည်ကို စိုးရိမ်လျက်ရှိကြောင်း သိရသည်။

ယင်းမဲရုံတွင် မဲပေးခွင့်ရှိသူ ၁၉၀၀၉ ဦး ရှိပြီး လက်ရှိအချိန်တွင် မဲရုံ၌ လူဦးရေ ၄၀၀၀ ဝန်ကျင်ခန့် မဲပေးရန် စောင့်စားနေသည်။

မုံရွာခရိုင်ကော်မရှင်ရုံးမှ တစ်နာရီလျှင် လူ ၃၀၀ နှုန်းဖြင့် မဲပေးနေခြင်းဖြစ်ပြီး မဲရုံပိတ်သိမ်းချိန်တွင် မဲရုံအတွင်း မဲပေးမည်သူ
ရှိနေပါကာ မဲပေးခွင်ြ့ပုမည်ဖြစ်ကြောင်း ပြောကြားသည်။

 


ပြင်ဦးလွင်မြို့ တပ်တွင်းမဲရုံတစ်ရုံမှ မဲများရေတွက်နေစဉ်။ စည်သူလွင်/မြန်မာတိုင်း(မ်)ပြင်ဦးလွင်မြို့ တပ်တွင်းမဲရုံတစ်ရုံမှ မဲများရေတွက်နေစဉ်။ စည်သူလွင်/မြန်မာတိုင်း(မ်)

ပြင်ဦးလွင်မြို့ တပ်တွင်းမဲရုံတစ်ရုံမှ မဲများရေတွက်နေစဉ်။ စည်သူလွင်/မြန်မာတိုင်း(မ်)ပြင်ဦးလွင်မြို့ တပ်တွင်းမဲရုံတစ်ရုံမှ မဲများရေတွက်နေစဉ်။ စည်သူလွင်/မြန်မာတိုင်း(မ်)

ပြင်ဦးလွင်မြို့ တပ်တွင်းမဲရုံတစ်ရုံမှ မဲများရေတွက်နေစဉ်။ စည်သူလွင်/မြန်မာတိုင်း(မ်)ပြင်ဦးလွင်မြို့ တပ်တွင်းမဲရုံတစ်ရုံမှ မဲများရေတွက်နေစဉ်။ စည်သူလွင်/မြန်မာတိုင်း(မ်)

 


ကလေးမြို့၊ အမှတ်(၁) အခြေခံပညာမူလတန်းကျောင်းအတွင်း ညနေ ၄ နာရီကျော်သည်အထိ မဲပေးရန် ကျန်နေသူများကို တွေ့ရစဉ်။ သန်းနိုင်စိုး/မြန်မာတိုင်း(မ်)ကလေးမြို့၊ အမှတ်(၁) အခြေခံပညာမူလတန်းကျောင်းအတွင်း ညနေ ၄ နာရီကျော်သည်အထိ မဲပေးရန် ကျန်နေသူများကို တွေ့ရစဉ်။ သန်းနိုင်စိုး/မြန်မာတိုင်း(မ်)

ကလေးမြို့၊ အမှတ်(၁) အခြေခံပညာမူလတန်းကျောင်းအတွင်း ညနေ ၄ နာရီကျော်သည်အထိ မဲပေးရန် ကျန်နေသူများကို တွေ့ရစဉ်။ သန်းနိုင်စိုး/မြန်မာတိုင်း(မ်)ကလေးမြို့၊ အမှတ်(၁) အခြေခံပညာမူလတန်းကျောင်းအတွင်း ညနေ ၄ နာရီကျော်သည်အထိ မဲပေးရန် ကျန်နေသူများကို တွေ့ရစဉ်။ သန်းနိုင်စိုး/မြန်မာတိုင်း(မ်)

 


မဲစာရင်းထဲတွင်မပါသူ ၅၉ ဦးသည် ဇေယျာသီရိမြို့နယ် အမှတ်(၂) မဲရုံတွင် စောင့်ဆိုင်းနေခဲ့

အိအိတိုးလွင် | Sunday, 08 November 2015

မဲစာရင်းထဲတွင်မပါသူ ၅၉ ဦးသည် ဇေယျာသီရိမြို့နယ်ရှိ အမှတ်(၂) မဲရုံတွင် မဲပေးရန်အတွက် စောင့်ဆိုင်းနေခဲ့ကြသည်။

"မဲပေးခွင့်ရဖို့ ကျွန်တော်တို့ ဒီမှာစောင့်နေကြတာ ၄ နာရီရှိသွားပြီ။ ကျွန်တော်တို့အားလုံးမှာ မှတ်ပုံတင်ကတ်ပြားလည်း
ရှိတယ်"ဟု ကြိုးပင်ဆိပ်ကျေးရွာမှ ဦးသိန်းမြင့် (၄၆)နှစ်က ပြောသည်။

၎င်းတွင် ၁၈ နှစ်အထက် မိသားစုဝင်ငါးဦးရှိပြီး မဲပေးခွင့် မရခဲ့ပေ။

မသူဇာ (၄၄ နှစ်) ကတော့ မဲစာရင်းများကို ဒုတိယအကြိမ် ကြေညာချိန်မှာ သူ့အမည်ပါလာခဲ့သော်လည်း မဲပေးရမည့်
ဒီနေ့တွင် မဲပေးခွင့် မရသောကြောင့် ၀မ်းနည်းရသည်ဟု ဆိုသည်။

"ဒီနေ့ မဲပေးကို ပေးခွင့်ရမယ်လို့ ယုံကြည်ပါတယ်။ ပြီးခဲ့တုန်းက ကြေညာခဲ့တဲ့ စာရင်းထဲမှာ ကျွန်မနာမည် ပါခဲ့ပြီးသားပဲလေ။
ပထမဆုံးမဲပေးရမှာမို့လို့ မဲပေးချင်ပါတယ်။ မဲပေးရဖို့ မသေချာသည့်တိုင် အခုတော့ မဲပေးဖို့ စောင့်နေပါတယ်"ဟု
မသူဇာ ကပြောသည်။

ကျောင်းချောင်းကျေးရွာ ရွေးကောက်ပွဲကော်မရှင်ခွဲ ဥက္ကဌဖြစ်သူကမူ ၎င်းအနေဖြင့် တတ်နိုင်သရွေ့ အကောင်းဆုံး
ဆောက်ရွက်သွားမည်ဟုဆိုသည်။

သို့ရာတွင် ၎င်းလူများမှာ မဲစာရင်းထဲတွင် မည်သည့်အတွက်ကြောင့် ကျန်ခဲ့ရသည်ဆိုတဲ့ အချက်ကိုမူ လက်ရှိအချိန်တွင်
သူ့အနေဖြင့် ပြောဆိုနိုင်ခြင်း မရှိသေးဟုလည်း ဆိုသည်။

"သူတို့မဲပေးခွင့် ရဖို့အတွက် မြို့နယ်ကော်မရှင်ကို အကြောင်းကြားထားပါတယ်။ ဒါကြောင့်မို့ သူတို့တွေ မဲရုံရှေ့မှာ
စောင့်နေကြတာပါ"ဟု ဦးတင်စန်းက ပြောသည်။

ကျောင်းချောင်းနှင့် ကြိုးပင်ဆိပ်ကျေးရွာစုများသည် အမှတ်(၂) မဲရုံတွင် စုပေါင်းမဲပေးရခြင်းဖြစ်ပြီး မဲပေးခွင့်ရှိသူပေါင်း
၁၂၃၂ ဦးဟာ လက်ရှိအချိန်ထိ မဲပေးနေကြဆဲပင်ဖြစ်သည်။

 


အသက်မပြည့်သေးသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း မဲလက်မှတ်တွင် ပါဝင်နေ

သန်းနိုင်စိုး | Sunday, 08 November 2015

အသက်မပြည့်သေးသည့် ကလေးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ်(၁) ကိုယ်စားလှယ်လောင်းမှာ
မဲလက်မှတ်တွင် ပါဝင်နေကြောင်း ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသည့် People's Alliance for Credible Elections
(PACE) အဖွဲ့ထံမှ သိရသည်။

အဆိုပါကိုယ်စားလှယ်လောင်းသည် ချင်းတိုးတက်ရေးပါတီမှ ဦးဗန်ဘွဲ့လျန်ခုန်း၊ မှတ်ပုံတင်အမှတ် ၅/ခပန(နိုင်)၀၀၄၅၅၄ ဖြစ်ပြီး
ရွေးကောက်ပွဲ ကျင်းပသည့်နေ့အထိ ကိုယ်စားလှယ်လောင်း အရည်အချင်းသတ်မှတ်ချက် ၂၅ နှစ် မပြည့်သေးဟုဆိုသည်။

"ကော်မရှင်ကို လျှောက်တုန်းက အသက် ၂၅ နှစ်ပြည့်တာနဲ့လျှောက်တယ်။ နောက်ပိုင်းမှာ လ၀က (လူဝင်မှုကြီးကြပ်ရေးနဲ့
ပြည်သူ့အင်အားဦးစီးဌာန)က အကြောင်းကြားလာမှ အသက်မပြည့်သေးဘူးဆိုတာ သိတယ်။ ပြည်ထောင်စုအဆင့်က
သတ်မှတ်ထားတာဖြစ်တဲ့အတွက် ကျွန်တော်တို့က ဘာမှလုပ်လို့မရဘူး။ အသက်မပြည့်သေးဘူးဆိုတာတော့
တိုင်းကော်မရှင်ကို တင်ပြထားတယ်။ ဘာမှ အကြောင်းပြန်တာတော့ မရှိသေးဘူး" ဟု ကလေးခရိုင်ကော်မရှင်ဥက္ကဋ္ဌ
ဦးဂင်ခန့်ပေါင်ကပြောသည်။

"ကိုယ်စားလှယ်လောင်း ရုပ်သိမ်းခွင့်ကို တရားဝင် တင်ထားတာ မရှိပါဘူး။ ခရိုင်ကော်မရှင်ကိုတော့ မပြိုင်တော့ဘူးလို့
ပြောထားပါတယ်" ဟု ကိုယ်စားလှယ်လောင်း ဦးဗန်ဘွဲ့လျန်ခုန်း ကို ဆက်သွယ်မေးမြန်းရာတွင် ပြန်လည်ဖြေကြားသည်။

ဦးဗန်ဘွဲ့လျန်ခုန်း ကို ခရိုင်ကော်မရှင်က ရွေးကောက်ပွဲဥပဒေအရ တရားစွဲဆိုရန် မရှိကြောင်းနှင့် ပါတီတစ်ခုခုမှ စွဲလိုပါက
စွဲခံရနိုင်ကြောင်း ဦးဂင်ခန့်ပေါင် ကပြောသည်။

 


မဲရုံများပိတ်လိုက်ပြီး ၈၀ ရာခိုင်နှုန်း လာရောက်မဲပေးကြဟု ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူက
ပြောကြား

အေအက်ဖ်ပီ | Sunday, 08 November 2015

ဓာတ်ပုံ - အေအက်ဖ်ပီဓာတ်ပုံ - အေအက်ဖ်ပီ

မြန်မာနိုင်ငံတစ်ဝှမ်းရှိ မဲရုံများကို မြန်မာစံတော်ချိန် ညနေ ၄ နာရီတွင် ပိတ်လိုက်ပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မှရှင် ဒုတိယ ညွှန်ကြားရေးမှူး ဦးသန့်ဇင်အောင် ကပြောသည်။

အစောပိုင်း ခန့်မှန်းချက်အရ "မဲပေးသူ ၈၀ ရာခိုင်နှုန်းခန့် လာရောက် မဲပေးခဲ့ကြ ကြောင်း" ၄င်းကပြောသည်။

 


ကိုးကန့်ဒေသ ရပ်ကွက်နှင့်ကျေးရွာအားလုံးနီးပါးတွင် ရွေးကောက်ပွဲများ ကျင်းပ

စန္ဒာလွင်နှင့် သူသူအောင် | Sunday, 08 November 2015

လောက်ကိုင်၊ ရှမ်းပြည်နယ်၊ ၂း၄၀ PM

တိုင်းရင်းသားလက်နက်ကိုင်များ ရှိနေသော်လည်း ကိုးကန့်ဒေသရှိ ရပ်ကွက်နှင့် ကျေးရွာအားလုံးနီးပါးတွင် ရွေးကောက်ပွဲများကို
ကျင်းပနေပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် တိုက်ပွဲဖြစ်ပွားနေသည့် ယင်းဒေသတွင် မဲအပြတ်အသတ်ဖြင့်
အနိုင်ရရှိမည့်ပုံရသည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသဖြစ်သည့် လောက်ကိုင်နှင့် ကိုးကန့်တွင် ပြည်ခိုင်ဖြိုးနှင့် ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ
(SSKDP)တို့သာ ယှဉ်ပြိုင်ကြခြင်းဖြစ်သည်။ တိုက်ပွဲကြောင့် မတည်မငြိမ်ဖြစ်နေသောကြောင့် (SSKDP)သည်
နေရာတော်တော်များများတွင် မဲမဆွယ်နိုင်ခဲ့သည့်အတွက် ၎င်း၏ ပါတီအနိုင်ရရန် သိပ်မမျှော်လင့်ထားကြောင်း (SSKDP)
အမတ်လောင်း ဦးမြင့်ခိုင်က ပြောသည်။

"ရွာတွေဆီ ကျွန်တော်တို့ ရောက်သွားဖြစ်ခဲ့ရင်တောင် ကျွန်တော်တို့ မဲဆွယ်ပွဲတွေ မလုပ်နိုင်ခဲ့ပါဘူး။ ရွာသားတွေဟာ သူတို့ရဲ့
ဘေးကင်းလုံခြုံရေးကို ထိခိုက်မှာစိုးတဲ့အတွက် နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးပြောဆိုတာမျိုး သိပ်မလုပ်ချင်ကြပါဘူး။
ဒီမိုကရေစီနဲ့ရွေးကောက်ပွဲဆိုတာ သူတို့အတွက် အထူးအဆန်း အကြောင်းအရာအဖြစ် မြင်နေကြဆဲဖြစ်ပြီး နိုင်ငံရေးဗဟုသုတ
သိပ်မရှိကြသေးပါဘူး" ဟု ဟု ၎င်းကပြောသည်။

သို့သော် ပြည်ခိုင်ဖြိုးပါတီသည် မဲဆန္ဒနယ် ခုနှစ်နေရာစလုံးတွင် အနိုင်ရရှိမည်ဟု မျှော်လင့်ထားကြောင်း ပြည်ခိုင်ဖြိုးပါတီ
ကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်နီနိုင်က ပြောသည်။

"ကျွန်တော်တို့ပါတီ အနိုင်ရမယ်ဆိုတာ ကျွန်တော်ကတော့ ၉၀ ရာခိုင်နှုန်း သေချာနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့
ကျွန်တော်တို့ပါတီ ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရပြီးကတည်းက ဒီနယ်မှာ ကျွန်တော်တို့ လုပ်ပေးခဲ့တာတွေ အများကြီးပါ" ဟု
နေပြည်တော်တွင် လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်နေသည့် ဦးကျော်နီနိုင်ကပြောသည်။

လောက်ကိုင်ဒေသ တစ်ခုစလုံးကို ကိုယ်စားပြုနိုင်ရေးအတွက် ယခုရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်နေရာအတွက်
ပြောင်းလဲယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

မဲပေးခွင့်ရသူ ၄၇,၀၀၀ ရှိသည့် လောက်ကိုင်ခရိုင်တွင် ပါဝင်ယှဉ်ပြိုင်နေသည့် ကိုယ်စားလှယ်လောင်းနှစ်ဦးစလုံးမှာ
ကိုးကန့်လူမျိုးများကြောင်း လောက်ကိုင်ခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံး အတွင်းရေးမှူး ဦးကျော်စွာဦးက ပြောသည်။

သီရိမင်းထွန်း ဘာသာပြန်သည်။

 


ပြင်ဦးလွင်မြို့ မဲရုံ ၁ အတွင်း ဆန္ဒမဲလက်မှတ်များ ရေတွက်နေသည်ကို သတင်းယူခွင့် မပြု

စည်သူလွင် | Sunday, 08 November 2015

ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၃)၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အ.လ.က(၁)အတွင်း ဖွင့်ထားသည့် မဲရုံ ၁ အတွင်း
ဆန္ဒမဲလက်မှတ်များ ရေတွက်နေသည်ကို သတင်းယူရန်အတွက် သတင်းသမားများက မဲရုံမှူးထံ ခွင့်တောင်းသော်လည်း
မဲရုံမှူးက သတင်းယူခွင့် မပြုကြောင်းနှင့် သတင်းဓာတ်ပုံရိုက်ခွင့်မပြုကြောင်း ပြောကြားခဲ့သည်။

သတင်းရယူရန် ကျောင်းဂိတ်ပေါက်စောင့် ဆရာမ နှင့် ၂ ကြိမ်ဆက်သွယ် ပြောကြားခိုင်းရာ မရသဖြင့် သတင်းသမားတစ်ဦး
ဝင်ရောက်ဆွေးနွေးသော်လည်း ခွင့်ပြုချက်မရခဲ့ပေ။

အဆိုပါနယ်မြေသည် ဝန်ကြီးချုပ် ဦးရဲမြင့် ဝင်ရောက်ယှဉ်ပြိုင်သည့် နယ်မြေဖြစ်သည်။

 


ရွှေပြည်သာမြို့နယ်တွင် မဲစာရင်းမှားယွင်းမှုများရှိ

တိုးဝေအောင် | Sunday, 08 November 2015

ရွှေပြည်သာမြို့နယ် အတွင်းမဲပေးခွင့်ရှိသူ ၂ သန်း ၆ သောင်းကျော်ရှိပြီး မဲဆန္ဒရှင်အချို့ မဲစာရင်း မှားယွင်းမှုကြောင့် မဲပေးပိုင်ခွင့်
ဆုံးရှုံးမှုများရှိခဲကြောင်း မြို့နယ်မဲပေးစောင့်ကြည့်လေ့လာရေးအဖွဲ့ ၈၈ ပွင့်လင်း/ငြိမ်းချမ်းရေးအဖွဲ မြို့နယ်တာဝန်ခံ
ဦးစစ်အောင်နိုင် ကပြောသည်။

"မဲစာရင်းမှားတဲ့အတွက်ကြောင့် မဲပေးဖို့ မိသားစု ၈ ဦး မဲပေးဖို့ ဆုံးရှုံးခဲ့တယ်။ စက်မှုဇုံအထည့်ချုပ်မှာ လုပ်တဲ့ကောင်မလေး
၅ ယောက်လောက် မနေ့က မဲပေးဖို့ သက်သေခံလက်မှတ် ရပ်ကွက်တာဝန်ရှိတဲ့ သူတွေ လာပေးတော့ ဒီမနက်
မဲသွားထည့်တဲ့အခါ မဲစာရင်းမှာ ဦးနဲ့ ဒေါ်မှားနေတဲ့ အတွက်ကြောင့် မဲရုံမှူးနဲ့ ယာအိမ်မှူးက ပြန်သိမ်းလိုက်တဲ့အတွက်
မဲမေးခွင့် ဆုံးရှုံးခဲ့တယ် ဟု ၄င်းကပြောသည်။

"ရွှေပြည်သာမြို့နယ်ထဲမှာ အခုချိန်ထိမဲနဲ့ ပတ်သတ်ပြီးတော့ ပြသနာကြီးကြီးမားမား မရှိဘူး။ မဲဆန္ဒရှင်မဲပေးဖို့အတွက်
အခက်ခဲရှိတာတွေကို လှမ်းဆက်သွယ်တာတွေရှိတယ်။ မဲပေးလို့ မရတာ မဲစာရင်းမှာ မပါတာတွေ မဲစာရင်းမှားပေးတာတွေ
အစရှိသဖြင့် ဆက်သွယ်တာတွေရှိတယ်။ မဲစာရင်း မပါတဲ့အတွက်ကြောင့် မဲမပေးနိုင်တာတွေကိုတော့ ကော်မရှင်ကို
တင်ပြပေးခဲ့ပေမယ့် မဲပေးခွင့်တော့ ဆုံးရှုံးခဲ့တာပေါ့"ဟု ရွှေပြည်သာမြို့နယ် ရွေးကောက်ပွဲကော်မတီ အတွင်းရေးမှူး
ဦးဟိန်းဝဏ္ဏထက် ကပြောသည်။

"ရွှေပြည်သာမြို့နယ် တည်စတည်းကဒီမှာ နေတယ်။ သန်းခေါင်စာရင်းရှိတဲ့အတွက် မဲစာရင်းမှာ ပါမယ်လို့လည်းထင်တယ်။
ဒါပေမယ့်မဲစာရင်း မှာပါမလာဘူး။ မနေ့ကရပ်ကွက်ထဲမှာ မဲပေးဖို့ သက်သေခံကတ် လက်မှတ်တွေ ပေးတာမှာမပါခဲ့ဘူး။
အဲဒါကြောင့်ရပ်ကွက်ကော်မရှင်မှာ သွားပြီးရှာသေးတယ်၊ ပါမလာဘူး"ဟု ရွှေပြည်သာ ၅/၆ ရပ်ကွက်နေထိုင်
ဦးသိန်းဝင်းကပြောသည်။

ပြီးခဲ့သည့် ၂၀၁၀နှင့် ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲများတွင် မဲပေးသူနည်းခဲ့သော်လည်း ယခုနှစ်တွင် မဲပေးသူ များကြောင်း
သိရသည်။

ရွှေပြည်သာ ၉/၁ ရပ်ကွက်မှာ ကော်မရှင်ကိုတိုင်ကြားဖို့ အတွက်တော့ရှိတယ်။ ပြိုင်ဘက်ပါတီက သူတွေကအတွင်း
စည်းထဲဝင်ပြီး စည်းရုံးတာတို့ ပါတီဝတ်စုံဝတ်ပြီး ဝင်တာတို့တွေကို သေချာစီစစ်ပြီးတော့ တိုင်ကြားဖို့ရှိတယ်။ ၁၄/၁၅ရပ်ကွက်မှာ
မဲစလစ်တွေပွနေတယ်။ မဲစာရင်းမှာမပါတဲ့ သူတွေအများ ကြီးရှိတယ်။ ကျွန်တော် သိရသလောက်တော့ ၁၀ ဦးလောက်ရှိတယ်။
ရွှေပြည်သာမြို့နယ်ထဲမှာ ပြိုင်ဘက်ပါတီတွေနဲ့ စည်းရုံးရေးကာလမှာ ဘာပြသနာမှ မရှိဘူးဟု ရွှေပြည်သာပြည်ခိုင်ဖြိုးပါတီ
မြို့နယ်တွဲဖက်အတွင်းရေးမှူး ဦးလင်းအောင်အောင် ကပြောသည်။

 


ကျောက်တန်းမြို့နယ်မှ မဲရုံရွေ့ပြောင်းမှု မသိ၍ မဲမပေးရသူများရှိ

အောင်ကျော်မင်း | Sunday, 08 November 2015

ကျောက်တန်းမြို့နယ် ရွှေပျောက်ကျေးရွာအုပ်စုမှ မဲရုံတစ်ရုံသည် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များအား
အသိပေးခြင်းမရှိဘဲ နေရာရွေ့ပြောင်းလိုက်သဖြင့် မဲပေးမည့်သူများ အခက်အခဲဖြစ်သည့်အပြင် မဲမပေးရသူများရှိသွားကြောင်း
ပြည်နယ် ကိုယ်စားလှယ်တစ်ဦးကပြောကြားသည်။

မနေ့ကနေ့လည်ပိုင်းက သွားရောက်စစ်ဆေးရာတွင် ရှိနေသေးပြီး ယနေ့နံနက်ပိုင်းတွင် ကိုယ်စားလှယ်စောင့်ကြည့်များက
သွားရောက်စစ်ဆေးရာတွင် မရှိတော့ဘဲ မြိုင်သာယာဘုန်းကြီးကျောင်းတွင် သွားရောက်ခဲ့ရကြောင်း ဦးဇော်မျိုးလွင်
(ပြည်နယ်မဲဆန္ဒ(၁)) ကျောက်တန်းက ပြောသည်။

"မဲဆန္ဒရှင်တွေ ဒုက္ခရောက်ကုန်တယ်။ သူတို့သိထားတာက တစ်နေရာ သူတို့လာကြည့်တော့ မရှိဘူး။ တစ်ချို့ကလည်း
စိတ်ချပြီးပြန်သွားကြတယ်" ဟု ဦးဇော်မျိုးလွင်ကပြောသည်။

ရွှေပျောက် ကျေးရွာအုပ်စုတွင် မဲရုံ ၆ ရုံ ရှိရာ မဲပေးခွင့်ရှိသူ ၃၉၀၀ ကျော် ရှိသဖြင့် မဲရုံတစ်ရုံလျှင် မဲဆန္ဒရှင် ၆၀၀ ကျော်
မဲပေးရမည်ဖြစ်သည်။

ဦးမြသိန်းထွန်း(ရွေးကောက်ပွဲ အတွင်းရေးမှူး ကျောက်တန်း) က ယင်းဖြစ်စဉ်၌ ညဦးပိုင်းတွင် မိုးရွာခဲ့ခြင်းကြောင့်
မဲရုံ အဆောက်အအုံ လဲပြိုခဲ့သဖြင့် မြို့နယ်မှ ခရိုင်ရုံးသို့ အကြောင်းကြားကာ တင်ပြ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး
ဘုန်းကြီးကျောင်းသို့ ရွေ့ပြောင်းခဲ့သည်။

 


နောက်ဆုံးထုတ်ပြန်သည့် မဲစာရင်းတွင် မပါသဖြင့် မဲပေးခွင့်မရသူများ၏ တောင်းဆိုမှုကို
မကွေးခရိုင်ကော်မရှင်က ခွင့်မပြု

နေအောင် | Sunday, 08 November 2015

မကွေးမြို့၊ အမှတ်(၂) မဲဆန္ဒနယ်၊ ချမ်းမြေ့သာယာရပ်ကွက် မဲရုံအမှတ်(၆) တွင် မဲပေးခွင့်ပြုရန် တောင်းဆိုခဲ့သည့် မဲဆန္ဒရှင်
၂၀၀ ခန့်ကို မကွေးခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးညိုဝင်းမောင်က မဲပေးခွင့် မရှိကြောင်းနှင့် ရွေးကောက်ပွဲဥပဒေနှင့်အညီ
ဆောင်ရွက်သွားမည်ဟု နိုဝင်ဘာလ ၈ ရက်၊ နေ့လည် ၃ နာရီကျော်ကပြောခဲ့သည်။

ပထမမဲစာရင်းနှင့် ဒုတိယမဲစာရင်းတွင် ပါဝင်ခဲ့သော်လည်း တတိယအကြိမ် ထုတ်ပြန်ခဲ့သော မဲစာရင်းတွင် မပါရှိခဲ့ခြင်းကြောင့်
ဒေသခံမဲဆန္ဒရှင် ၂၀၀ ခန့်မှာ မဲပေးခွင့် မရရှိဖြစ်နေရပြီး ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်၏ နောက်ဆုံးအကြိမ်
မဲစာရင်းထုတ်ပြန်မှုမှာ နောက်ကျခဲ့ကြောင်း ဒေသခံတို့နှင့် စောင့်ကြည့်လေ့လာသူတို့ကပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် လက်နက်ကိုင်ဆောင်ထားသော ရဲတပ်ဖွဲ့လုံခြုံရေးများ မဲရုံပရ၀ဏ်အတွင်း ခတ္တနေရာယူထားသည့်
အခြေအနေဖြစ်ပေါ်ခဲ့သည်။

 


မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ၂း ၂၃ PM

ဝလုံး | Sunday, 08 November 2015

မရမ်းကုန်းမြို့နယ် GE တပ်မဲရုံတွင် နေ့လယ် ၁၂ အထိ မဲပေးသူ ၉၀ ရာခိုင်နှုန်း မဲပေးပြီး ဖြစ်သည်။ မဲဆန္ဒရှင် ၅၀၀ ကျော်
မဲပေးပြီးပါပြီ၊ ပြဿနာမရှိပါဟု အင်န်အယ်လ်ဒီမှ ကိုဇော်ဝင်းက ပြောကြားထားသည်။

အဆိုပါ မဲရုံရှိ မဲဆန္ဒရှင် ၆၁၈ အနက် ၁၀ ရာခိုင်နှုန်းက ကြိုတင်မဲပေးကြသည့် စစ်သည်များနှင့် မိသားစုဝင်များဖြစ်သည်။

 


စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချူပ်ဦးသာအေး ဘုတင်လင်မြို့နယ်တွင် လာရောက်မဲပေး

ကျော်ကိုကို | Sunday, 08 November 2015

ကျော်ကိုကို/မြန်မာတိုင်း(မ်)ကျော်ကိုကို/မြန်မာတိုင်း(မ်)

လက်ရှိ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချူပ် ဦးသာအေးသည် ယနေ့ ၁၁ နာရီ ၁၅မီနစ်အချိန်တွင် ၄င်း၏ မွေးရပ်မြေဖြစ်သော
ဘုတလင်မြို့နယ် မြဝတီရပ်ကွက်မဲရုံတွင် ဆန္ဒမဲလာရောက်ပေးသွားသည်။

ဝန်ကြီးသည် မဲရုံနှင့် ကိုက် ၁၀၀၀ ဝန်ကျင်ခန့် ကွာဝေးသော ၄င်း၏ နေအိမ်မှ မဲရုံသို့ ခြေလျင်လာရောက် မဲပေးခဲ့ခြင်းဖြစ်သည်။

ဘုတလင်မြို့ မြဝတီမဲရုံတွင် မဲပေးခွင့်ရှိသူ ၁၀၀၀ ကျော် ဆန္ဒမဲပေးရမည်ဖြစ်ကြောင်း မဲရုံမှူးကပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ်တွင် စစ်တိုင်းဝန်ကြီးချူပ် ဦးသာအေးက တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် ၂ မှာ
ဝင်ရောက်အရွေးချယ်ခံမည်ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ၄င်းမဲဆန္ဒနယ်မြေတွင် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ယခုရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီမှ ဦးဇေလင်းမောင် ကလည်း ယင်းမဲဆန္ဒနယ်တွင်
ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

 


အမျိုးသားလွှတ်တော် မဲစာရွက်များအစား တိုင်းဒေသကြီးလွှတ်တော် မဲစာရွက်များ မှားယွင်းပေး

နေအောင် | Sunday, 08 November 2015

မကွေးမြို့ ကန်သာရပ်ကွက်ရှိ မဲရုံအမှတ်၁ မဲပေးရန် တန်းစီနေကြသူများကို ယနေ့မနက် ၆ နာရီအချိန်ခန့်က တွေ့မြင်ရစဉ်။ နေအောင်/မြန်မာတိုင်း(မ်)မကွေးမြို့ ကန်သာရပ်ကွက်ရှိ မဲရုံအမှတ်၁ မဲပေးရန် တန်းစီနေကြသူများကို ယနေ့မနက် ၆ နာရီအချိန်ခန့်က တွေ့မြင်ရစဉ်။ နေအောင်/မြန်မာတိုင်း(မ်)

မကွေးမြို့၊ အမှတ်(၁)မဲဆန္ဒနယ်၊ ဆုံရပ်ကွက်ရှိ မဲရုံအမှတ်(၁) အမျိုးသားလွှတ်တော် မဲစာရွက်များ ထုတ်ပေးရမည့်နေရာတွင်
တိုင်းဒေသကြီးလွှတ်တော် မဲစာရွက်များ မှားယွင်းပေးခဲ့ကြောင်း သိရသည်။

"ပထမစာအုပ်ကုန်သွားလို့ ဒုတိယစာအုပ် ထပ်လဲတာမှာ လူ ၁၃ ယောက်ကို မဲဖြတ်ပိုင်းပေးလိုက်မိပြီး ၁၁ ယောက်က မဲပုံးထဲ
ထည့်ပြီးသွားပြီ။ နှစ်ယောက်ကတော့ မထည့်ရသေးလို့ တားလိုက်နိုင်တယ်" ဟု NLD မှ စောင့်ကြည့်ကိုယ်စားလှယ်
ကိုဟန်လတ်ဘိုဘိုကပြောသည်။

အဆိုပါဖြစ်စဉ်ကို ရပ်/ကျေးကော်မရှင်အား မေးမြန်းရာ ၄င်းတို့၏ တာဝန်မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။

 


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ်၊ နတ်စင်ကုန်းကျေးရွာရှိ မဲရုံကို လာရောက် လေ့လာနေသည်ကို တွေ့ရစဉ်။ အောင်မြင်ရဲဇော်/မြန်မာတိုင်း(မ်)အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ်၊ နတ်စင်ကုန်းကျေးရွာရှိ မဲရုံကို လာရောက် လေ့လာနေသည်ကို တွေ့ရစဉ်။ အောင်မြင်ရဲဇော်/မြန်မာတိုင်း(မ်)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ်၊ နတ်စင်ကုန်းကျေးရွာရှိ မဲရုံကို လာရောက် လေ့လာနေသည်ကို တွေ့ရစဉ်။ အောင်မြင်ရဲဇော်/မြန်မာတိုင်း(မ်)အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ်၊ နတ်စင်ကုန်းကျေးရွာရှိ မဲရုံကို လာရောက် လေ့လာနေသည်ကို တွေ့ရစဉ်။ အောင်မြင်ရဲဇော်/မြန်မာတိုင်း(မ်)

 


နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်ရှိ မဲရုံတွင် ဆန္ဒမဲပေးနေသည်ကို တွေ့ရစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်ရှိ မဲရုံတွင် ဆန္ဒမဲပေးနေသည်ကို တွေ့ရစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်ရှိ မဲရုံတွင် ဆန္ဒမဲပေးနေသည်ကို တွေ့ရစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်ရှိ မဲရုံတွင် ဆန္ဒမဲပေးနေသည်ကို တွေ့ရစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်ရှိ မဲရုံတွင် ဆန္ဒမဲပေးနေသည်ကို တွေ့ရစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်ရှိ မဲရုံတွင် ဆန္ဒမဲပေးနေသည်ကို တွေ့ရစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

 


မဲမသမာမှုဖြစ်ပေါ်ပါက mWatcher app ဖြင့်တိုင်ကြားနိုင်

အောင်သူရ | Sunday, 08 November 2015

မြန်မာနိုင်ငံ၏ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် မတရား ပြုကျင့်မှုများနှင့် မဲမသမာမှုများကို တွေ့ရှိပါက သတင်းပေးပို့နိုင်ရန်
အတွက် mWatcher application ထွက်ပေါ်လာပြီး ထိုအက်ပ်မှတဆင့် 2015myanmarelection facebook page သို့
သတင်းပေးပို့ တိုင်ကြားနိုင်မည်ဖြစ်ကြောင်း သိရသည်။

mWatcher App ဖြင့် တိုင်ကြားမည်ဆိုပါက သက်သေအထောက်အထား ဓာတ်ပုံနှင့်ဖြစ်စေ၊ စာသားချည်းပဲဖြစ်စေ၊ မိမိ၏
ကိုယ်ရေးအချက်အလက်ကို မှတ်ပုံတင်စရာမလိုဘဲ လွယ်လွယ်ကူကူ တိုင်ကြားနိုင်မည်ဖြစ်ကာ အဆိုပါ အက်ပ်သည်
တရားမဲ့ ပြုကျင့်မှုနှင့် မဲ မသမာမှုတွင် ပါဝင်သူအားလုံးကို သက်သေနှင့်တကွ မှတ်တမ်းတင်ထားမည်ဖြစ်သည်။

ထို့ပြင် အဆိုပါ အက်ပ်အတွင်းတွင် တစ်နိုင်ငံလုံး၏ သတင်းများကို တစ်နေရာတည်းတွင် ကြည့်ရှုနိုင်မည်ဖြစ်ပြီး၊
မြန်မာပြည်သူပြည်သားအားလုံးကို ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများအဖြစ် ပြောင်းလဲပေးရန် ရည်ရွယ်သည်။

တိုင်ကြားချက်များ အားလုံးကို ထိုအက်ပ်မှတဆင့် ပေးပို့ခြင်းဖြင့် သတင်းအချက်အလက်များကို 2015 Myanmar Election
ဖေ့စ်ဘွခ်ပေ့ခ်ျတွင် စိစစ်ပြီး အများပြည်သူ သိရှိစေရန် စုစည်းတင်ပြသွားမည်ဖြစ်ပါသည်။

mWatcher အက်ပလီကေးရှင်းကို PVF Myanmar အဖွဲ့အစည်းမှ စီစဉ်ကာ Gnomesys Group နှင့်
TRION Technolgoies တို့မှ ပူးပေါင်းပြီး ဖန်တီးထုတ်လုပ်ထားကြောင်းသိရသည်။

mWatcher အန်းဒရိုက် အက်ပ်ပလီကေးရှင်းကို Google Play Store တွင် mWatcher ဟု ရိုက်ထည့်ကာ
ဒေါင်းလုပ်ရယူခြင်းဖြင့် အသုံးပြုနိုင်မည်ဖြစ်ပြီး အိုင်အိုအက်စ်အတွက်မူ အချိန်မီ မထွက်ရှိနိုင်တော့ကြောင်း သိရသည်။

 


ကြိုတင်မဲပေးသူ များပြားသည့်အတွက် စာအိတ်ပြတ်လတ်ခြင်းကြောင့် ရပ်ကွက်ကော်မရှင်ရုံး ပိတ်ခဲ့ရ

စည်သူလွင် | Sunday, 08 November 2015

ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၅) တွင် ကပ်ထားသည့် မဲစာရင်းများ၌ အမည်စာရင်းများ ရှာဖွေနေကြသည်ကို တွေ့ရစဉ်။ စည်သူလွင်/မြန်မာတိုင်း(မ်)ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၅) တွင် ကပ်ထားသည့် မဲစာရင်းများ၌ အမည်စာရင်းများ ရှာဖွေနေကြသည်ကို တွေ့ရစဉ်။ စည်သူလွင်/မြန်မာတိုင်း(မ်)

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ မဲဆန္ဒနယ်များတွင် ကြိုတင်မဲပေးသည့် ဦးရေများပြားခြင်းကြောင့်
ကြိုတင်ဆန္ဒမဲထည့်သည့် စာအိတ်များပြတ်လတ်သည်ထိ ဖြစ်ပွားခဲ့ပြီး ရပ်ကျေးကော်မရှင် ရုံးအချို့ ခေတ္တပိတ်ခဲ့ရကြောင်း
မြို့နယ်ရွေး ကောက်ပွဲကော်မရှင် အဖွဲ့မှ သိရသည်။

မီးသတ်သင်တန်းကျောင်းအပါအ၀င် ဗဟိုဝန်ထမ်းတက္ကသိုလ် တည်ရှိသည့် ဇီးပင်ကြီးကျေးရွာ ရပ်ကွက်ကော်မရှင်ရုံးတွင်
ယခုလ ၇ ရက်နေ့က ကြိုတင်မဲပေးသည့် ဦးရေများပြားခဲ့ခြင်းကြောင့် ကြိုတင်မဲထည့်သည့် စာအိတ်ပြတ်လတ်သွားသည့်
အတွက် ခေတ္တရုံးပိတ်ခဲ့ရပြီး၊ ပြင်ဦးလွင်မြို့ပေါ်ရပ်ကွက်အချို့ရှိ ကော်မရှင်ရုံးများတွင် ကြိုတင် မဲထည့်သည့် စာအိတ်ပြတ်လတ်
သွားခဲ့ပြီး သီးခြားစာအိတ်များဖြင့် ထည့်သွင်းပေးနေရကြောင်းနှင့် စာအိတ်မပါဘဲ မဲပေးခဲ့ရမှုများလည်း ရှိနေကြောင်း
ပြင်ဦးလွင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက် ယှဉ်ပြိုင်သည့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအောင်မင်းက ဆိုသည်။

"ကြိုတင်မဲတွေကို ဘာလိုအဲလောက်ကြီးထိ လက်ခံနေရတာလဲ။ ခိုင်လုံတဲ့ အထောက်အထား မပြနိုင်ရင် မပေးသင့်ပါဘူး။
ကြိုတင်မဲပေးတာ သတ်မှတ်ထားတဲ့ အချက်ရှစ်ချက်နဲ့မကိုက်ညီတာတွေ တွေ့ရတယ်။ အဓိကအားဖြင့် မနာမကျန်းဖြစ်တဲ့သူ၊
ကျန်းမာရေးမကောင်းတဲ့သူ၊ အနာကြီးရောဂါစွဲတဲ့သူ၊ ခရီးသွားမဲ့သူ ခရီသွားမဲ့သူဆိုရင်တောင်မှ နာရေးအရ မဖြစ်မနေ
သွားရမဲ့သူမှ လက်ခံပေးရမှာပါ။ အခုက ခရီးသွားစရာရှိလို့ အကြောင်းပြပြီး လူတိုင်း ကြိုတင်မဲပေးကြတာဖြစ်နေတယ်။
ရုံးတိုင်းမှာ ကြိုတင်မဲပေးနေကြတာ ညနေပိုင်းလေးကို ရာချီပြီးရှိနေတယ်။ သီးခြားစာအိတ်တွေအတွက် အကျုံးဝင်မ၀င်
ဆိုတာကလည်း အတိအကျ မသိရဘူး " ဟု ဦးအောင်မင်းက ယခုလ ၇ ရက်နေ့ကပြောသည်။

ကြိုတင်မဲထည့်သည့် စာအိတ်များကို ရပ်ကွက် ကော်မရှင်ရုံးများတွင် စာအိတ်ငါးဆယ်ခန့်သာ ပေးထားခြင်းဖြစ်ပြီး
ရပ်ကွက်ကော်မရှင် ရုံးအများစုတွင် ဆန္ဒမဲပေးပြီး စာအိတ်အတွင်းထည့်ရာမှာ အိတ်ပိတ်ရန်ကော်ပေးထားခြင်း
မရှိသည်ကိုလည်း စိုးရိမ်စိတ်ပူနေမှုများ ရှိနေကြောင်း ကြိုတင်မဲပေးသူများထံမှ သိရသည်။

ကြိုတင်မဲထည့်သည့် စာအိတ်ပြတ်လတ်သည့်အတွက် မဲပေးခြင်းကို ခေတ္တရပ်နားထားရခြင်းများအတွက် ပြင်ဦးလွင်မြို့နယ်
ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမျိုးအောင်က "ရပ်ကွက်ရုံးတွေကို မဲထည့်ဖို့ စာအိတ်ငါးဆယ်နှုန်း ပေးထားပါတယ်။
ဇီးပင်ကြီးမှာ စာအိတ်ပြတ်သွားတယ်ဆိုလို့ အခုလေးတင်ပဲ စီစဉ်ဖို့ လွှတ်လိုက်ပါတယ်။ ကြိုတင်မဲလာပေးတဲ့ သူတွေက
များနေတယ်" ဟု ၎င်း၏ ရုံးခန်းအတွင်းပြောသည်။

ကြိုတင်မဲပေးသူ များပြားနေသည့်အတွက် ရွေးကောက်ပွဲရလဒ်အပေါ်၌ စိုးရိမ်စိတ်ဖြစ်ပွားလျက်ရှိနေကြောင်း
ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများကဆိုသည်။ အောက်တိုဘာလ ၂၉ ရက်နေ့ထိ
ကောက်ယူထားသည့် စာရင်းအရ ကြိုတင် ဆန္ဒမဲပေးမည့်ဦးရေစာရင်းမှာ ပြင်ဦးလွင်မြို့နယ်တွင် ၅၈၂ ဦးသာ
စာရင်းပေးထားသော်လည်း ယခုလ ၇ ရက်နေ့ထိ ကြိုတင်မဲပေးထား သူအရေအတွက် အတိအကျကိုမူ ကောက်ယူရန်
မလွယ်ကူပဲ အလွန်ပင်များပြားနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းများ၏
ကိုယ်စားလှယ်များကဆိုသည်။

 


မဲရလာဒ်အားလုံးကို လက်ခံပြီး တည်ငြိမ်အေးချမ်းစေလိုကြောင်း သူရဦးရွှေမန်း ပြောဆို

ခင်ဝိုင်းဖြူဖြူ | Sunday, 08 November 2015

ယနေ့မနက် ၈း၄၅ နာရီအချိန်မှာ ပြည်သူ့လွှတ်တော်ဥကဋ္ဌ သူရဦးရွှေမန်း ဆန္ဒမဲပေးဖို့အတွက် ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၊
ကွင်းနောက်(၁) ရပ်ကွက်၊ အမှတ်(၂) မဲရုံကို ရောက်ရှိလာပါတယ်။

သူရဦးရွှေမန်းအနေနှင့် ရွေးကောက်ပွဲအပြီး ရရှိလာမယ့် မဲရလာဒ်အခြေအနေမည်သို့ပင်ဖြစ်ပါစေ တည်တည်ငြိမ်ငြိမ်
လက်ခံသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

"အားလုံးဝိုင်းဝန်းပူးပေါင်းပြီး စနစ်ကျဖို့နဲ့ ရလာတဲ့ရလာဒ်ကို လက်ခံမယ်၊ မခံလို့လည်း မရပါဘူး၊ အားလုံးဝိုင်းဝန်း
စောင့်ကြည့်နေကြတယ်၊ အမှားတွေ့ရင်လည်းပြောပါ၊ မဲပေးပြီး မဲရလာဒ်ပေါ်မူတည်ပြီး အားလုံးက အတည်ပြုပြီးတော့
တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းဖြစ်စေချင်တယ်" လို့ သူရဦးရွှေမန်းက မီဒီယာတွေရဲ့မေးမြန်းမှုကို ဖြေကြားပေးပါတယ်။

အခု သူ လာရောက်ဆန္ဒမဲပေးတဲ့ မဲရုံမှာ သူငယ်စဉ်ကျောင်းနေခဲ့စဉ်က ဘုန်းတော်ကြီးကျောင်းနဲ့တွဲလျက်
မူလတန်းကျောင်းသာဖြစ်ကြောင်း၊ လက်ရှိအချိန်မှာတော့ အထက်တန်း ကျောင်းတစ်ခု ဖြစ်လာတဲ့အတွက် သူ့အနေနဲ့
သူ့ ဇာတိ၊ သူ့ကျောင်းတွင် မဲပေးရတဲ့အပေါ် ဂုဏ်ယူကြောင်းလည်း ပြောကြားသွားပါတယ်။

သူရဦးရွှေမန်း ဆန္ဒမဲပေးနေတဲ့ ဓာတ်ပုံ ရရှိရေးအတွက် မီဒီယာများနဲ့မဲရုံမှုးများ အခြေအတင်ဖြစ်ခဲ့ပြီး မဲရုံ ပရ၀ုဏ်
ပြင်ပ ၁၅ ကိုက်အကွာမှသာ သတင်းရယူဖို့ ညွန်ကြားခြင်းခံရတယ်။

မဲရုံအတွင်းမဟုတ်ဘဲ ပရ၀ုဏ်အတွင်းကနေ သတင်းဓာတ်ပုံရယူခွင့် သက်သေခံကဒ်ကို သက်ဆိုင်ရာ ခရိုင်၊ တိုင်းဒေသကြီး
အသီးသီးထံ မီဒီယာ သတင်းမီဒီယာတွေက သွားရောက်လျှောက်ထား ရယူခဲ့ပေမယ့်၊ မြို့နယ်ညွန်ကြားချက်ဟု ဆိုကာ
အမှတ် (၂) မဲရုံမှုးက ပရ၀ုဏ်အတွင်းဝင်ရောက်ခွင့်မပြုခဲ့ပါဘူး။

သူရဦးရွှေမန်းရောက်ရှိလာစဉ် မီဒီယာများက ဓာတ်ပုံရိုက်ခွင့်ပြုဖို့ ၀ိုင်းဝန်းတောင်းဆိုခဲ့ကြလို့ နားလည်မှုနဲ့
သတင်းဓာတ်ပုံအချို့ ရရှိခဲ့ကြပါတယ်။

 


မှတ်ပုံတင်နှင့် အိမ်ထောင်စုဇယားတို့ရှိသော်လည်း မဲစာရင်းမပါသဖြင့် ဒေသခံများ မဲပေးခွင့်ဆုံးရှုံး

နေအောင် | Sunday, 08 November 2015

မကွေးမြို့ပေါ်ရှိရပ်ကွက်များတွင် မှတ်ပုံတင်နှင့် အိမ်ထောင်စုဇယားတို့ရှိသော်လည်း ဒုတိယအကြိမ် ထုတ်ပြန်ခဲ့သည့်
မဲစာရင်းတွင် မပါဝင်ခဲ့ခြင်းကြောင့် မဲပေးခွင့်မရှိသူ များစွာရှိနေသေးကြောင်း ဒေသခံများမှ ယခုလ ၇ ရက်နေ့ကပြောသည်။

ပထမထုတ်ပြန်သည့်မဲစာရင်းတွင် ၄င်းတို့၏ အမည်များ ပါရှိခဲ့ပြီး မဲပေးခွင့်လက်မှတ်များ သွားရောက်ထုတ်ယူရာတွင်
ဒုတိယအကြိမ်ထုတ်ပြန်သည့် မဲစာရင်းတွင် အမည်မပါရှိခဲ့ခြင်းကြောင့် မဲပေးခွင့် မရှိတော့ကြောင်း သိခဲ့ရသည်ဟု
မကွေးမြို့ ရွာသစ်ရပ်ကွက်မှ ကိုကျော်စွာ ကပြောသည်။

"မဲစာရင်းမှာ မပါပေမဲ့ အိမ်ထောင်စုဇယားနဲ့ မှတ်ပုံတင်ရှိရင် မဲပေးခွင့်ရမယ်လို့ အုပ်ချုပ်ရေးမှုးက အစကပြောခဲ့တယ်။
အခုတော့ မရဘူးဖြစ်သွားတယ်။ မဲပေးခွင့်မရတာ လုံးဝမကျေနပ်ဘူး" ဟု မဲစာရင်းတွင် မပါဝင်၍ မကွေးခရိုင်ကော်မရှင်ရုံးသို့
သွားရောက်၍ မဲပေးခွင့်တောင်းဆိုခဲ့သည့် မကွေးမြို့၊ အောင်မေတ္တာရပ်ကွက်မှ ဦးမောင်မောင်က ပြောသည်။

ရွေးကောက်ပွဲကော်မရှင်၏ စည်းမျဉ်းအရ နောက်ဆုံးကြေညာခဲ့သော မဲစာရင်းတွင် မပါဝင်သူများအား မဲပေးခွင့်ပြုမည်
မဟုတ်ကြောင်း မကွေးတိုင်းရွေးကောက်ပွဲကော်မရှင် အရာရှိ ဦးစိုးထွဋ်ဦး ကပြောသည်။

ထို့အပြင် မကွေးမြို့နယ်အတွင်း မဲပေးခွင့်ရှိသူနှင့် မဲရုံအချိုးအစား မညီမျှမှုများရှိနေပြီး သေဆုံးပြီးသူများအတွက်
မဲလက်မှတ်ပါရှိသော်လည်း အမှန်တကယ် မဲပေးခွင့်ရှိသူများအတွက် မဲလက်မှတ်မပါရှိခြင်း၊ ပြည်သူများကိုယ်တိုင်
မဲလက်မှတ်ရှာဖွေယူရခြင်းများ ကြုံတွေ့ခဲ့ရသည်။

မကွေးမြို့ပေါ်တွင်ရပ်ကွက်ပေါင်း(၁၅)ရပ်ကွက်ရှိပြီး မဲပေးခွင့်ရှိသူ ရာနှင့်ချီ၍ မဲပေးခွင့်ဆုံးရှုံးရမည့် အခြေအနေတွင်
ရှိနေသည်ဟု စောင့်ကြည့်လေ့လာသူများကပြောသည်။

 


မဲဆန္ဒရှင်သက်သေခံလက်မှတ်များ အထုပ်လိုက်ပျောက်

စည်သူလွင် | Sunday, 08 November 2015

စည်သူလွင်/မြန်မာတိုင်း(မ်)စည်သူလွင်/မြန်မာတိုင်း(မ်)

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်များအတွက် မဲဆန္ဒရှင်သက် သေခံလက်မှတ်များပေးရန်
ထားရှိသည့် မဲဆန္ဒရှင်သက်သေခံလက်မှတ်များ အထုပ်လိုက် ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်
အဖွဲ့ခွဲမှ သိရသည်။

ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁) အတွင်းရှိ မဲဆန္ဒရှင်များအတွက် ထုတ်ယူထားသည့် မဲဆန္ဒရှင်သက်သေခံလက်မှတ်များ
ပျောက်ဆုံးခြင်းဖြစ်ပြီး ပျောက်ဆုံးသွားသည့် မဲဆန္ဒရှင် လက်မှတ်များတွင် မဲဆန္ဒရှင်များ၏ အချက်အလက်အကြောင်းအရာများ၊
ကော်မရှင် တံဆိပ်ရိုက်နှိပ်ထားခြင်း မရှိသေးသည့် လက်မှတ်များဖြစ်ကြောင်း အဆိုပါ ရပ်ကွက်မှ သိရသည်။

"သက်သေခံလက်မှတ်တွေ ပျောက်သွားတယ်ဆိုပေမဲ့ ဆန္ဒမဲထည့်တဲ့နေရာမှာ အပြောင်းအလဲတွေ မရှိနိုင်ပါဘူး။
သက်သေခံလက်မှတ်တွေမှာ သူနံပတ်စဉ်နဲ့ သူပါ ပါတယ်။ မဲလက်မှတ် ၂ ခုရှိလို့ဆိုပြီး မဲနှစ်ခါပေးလို့မရနိုင်ပါဘူး။
ပျောက်တယ်ဆိုတာကလည်း ရပ်ကျေးရုံးတွေက စာရေးတွေ အထားမှားတာဖြစ်မှာပါ" ဟု ပြင်ဦးလွင်မြို့နယ် ရွေးကောက်ပွဲ
ကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးအောင်က ယခုလ ၇ ရက်နေ့ကပြောသည်။

စည်သူလွင်/မြန်မာတိုင်း(မ်)စည်သူလွင်/မြန်မာတိုင်း(မ်)

မဲဆန္ဒရှင်လက်မှတ်များ ပျောက်ဆုံးခြင်းနည်းတူ အခြားသော ရပ်ကွက် ကော်မရှင်ရုံးများတွင်လည်း မဲဆန္ဒရှင်လက်မှတ်များ
ထပ်နေခြင်း၊ အမှားအယွင်းများရှိနေခြင်းလည်း တွေ့ရှိ နေရကြောင်း ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများထံမှသိရသည်။

"စိတ်ပူရပါတယ်။ မဲဆန္ဒရင်လက်မှတ်တွေ ထပ်နေတာတို့၊ အခုဆိုရင် ရပ်ကွက်ကြီး(၁) မှာ အထုပ်လိုက်ပျောက်တယ်
ဆိုတာတွေက စဉ်းစားစရာပါ"ဟုပြင်ဦးလွင်မြို့ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းနေရာ
ဝင်ရောက်ယှဉ်ပြိုင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအောင်မင်းက ယခုလ ၇ ရက်နေ့ကပြောသည်။

 


ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယူအီးစီ ကြေငြာတဲ့ ရလဒ်လက်ခံရန်ပြော

အိအိတိုးလွင်နှင့် စွမ်းရဲထွဋ် | Sunday, 08 November 2015

"ပါတီစုံ ဒီမိုကရေစီစနစ်ကို ပိုမိုခိုင်မာစေမယ့် ကောင်းတဲ့ရလဒ်ကို မျှော်လင့်ထားပါတယ်။ ရွေးကောက်ပွဲရလဒ်ကို လက်ခံဖို့
လိုတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ယူအီးစီ ကြေငြာတဲ့ ရလဒ်ကို လက်ခံရမယ်။ ဘယ်သူပဲဖြစ်ဖြစ် ရှုံးတဲ့သူရော အောင်နိုင်တဲ့
သူရော လက်ခံရမယ်။ ဒါ ဒီမိုကရေစီ Practice ပဲလက်မခံရင် ပြဿနာတွေ တက်လာမယ်။ အဲဒီလိုဖြစ်လာရင် အုပ်ချုပ်ရေး
အဖွဲ့အစည်းအသီးသီးကနေ စနစ်တကျ ထိန်းပါလိမ့်မယ်။ တပ်မတော်ကတော့ ဆောင်ရွက်ဖို့ ရှိမှသာ ၀င်ပါမှာ ဖြစ်ပါတယ်။
ကျန်တဲ့အချိန်ကတော့ ၀င်ပါစရာ အကြောင်းမရှိပါဘူး"လို့ ဒီနေ့မနက် နေပြည်တော်မှာ မဲပေးအပြီး သတင်းထောက်များကို
ပြောကြားသွားသည်။

 


မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်နှင့် မိသားစု ခြောက်ဦးတို့ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ အမှတ်(၉) ရပ်ကွက်ရှိ မဲရုံအမှတ်(၁) တွင် နိုဝင်ဘာလ ၈ ရက်နေ့က မဲပေးနေကြစဉ်။ စည်သူလွင်/မြန်မာတိုင်း(မ်)မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်နှင့် မိသားစု ခြောက်ဦးတို့ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ အမှတ်(၉) ရပ်ကွက်ရှိ မဲရုံအမှတ်(၁) တွင် နိုဝင်ဘာလ ၈ ရက်နေ့က မဲပေးနေကြစဉ်။ စည်သူလွင်/မြန်မာတိုင်း(မ်)

မဲရုံသို့ရောက်ရှိလာသည့် ဦးရဲမြင့်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ တစ်စိတ်တစ်ပိုင်း ယူနီဖောင်းဖြစ်သည့် အစိမ်းရောင်လုံချည်ကို ၀တ်ဆင်လာခဲ့သည်။ စည်သူလွင်/မြန်မာတိုင်း(မ်)မဲရုံသို့ရောက်ရှိလာသည့် ဦးရဲမြင့်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ တစ်စိတ်တစ်ပိုင်း ယူနီဖောင်းဖြစ်သည့် အစိမ်းရောင်လုံချည်ကို ၀တ်ဆင်လာခဲ့သည်။ စည်သူလွင်/မြန်မာတိုင်း(မ်)

သို့ရာတွင် ရွေးကောက်ပွဲကော်မရှင်၏ တောင်းဆိုမှုကြောင့် ဦးရဲမြင့်သည် အစိမ်းရောင်မဟုတ်သည့်ပုဆိုးကို ပြောင်းလဲဝတ်ဆင်ခဲ့သည်။ ဦးရဲမြင့်သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ အမှတ် (၂) မဲဆန္ဒနယ်အတွက် ၀င်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သည်။ စည်သူလွင်/မြန်မာတိုင်း(မ်)သို့ရာတွင် ရွေးကောက်ပွဲကော်မရှင်၏ တောင်းဆိုမှုကြောင့် ဦးရဲမြင့်သည် အစိမ်းရောင်မဟုတ်သည့်ပုဆိုးကို ပြောင်းလဲဝတ်ဆင်ခဲ့သည်။ ဦးရဲမြင့်သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ အမှတ် (၂) မဲဆန္ဒနယ်အတွက် ၀င်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သည်။ စည်သူလွင်/မြန်မာတိုင်း(မ်)

 


ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


UEC OFFICIAL RESULTS

Total: 1171 Declared/1171 Contested (100%)
[incl 29 Ethnic Affairs Ministers]

PARTY PYITHU HLUTTAW AMYOTHA HLUTTAW STATE/
REGION
NLD
255 135 496
USDP
30 11 76
SNLD
12 3 25
ANP
12 10 23
Ta'Arng
3 2 7
PNO
3 1 6
Zomi CD
2 2 2
Lisu NDP
2 0 3
KSDP
1 0 3
Mon NP
0 1 2
Wa DP
1 0 2
Kok DUP
1 0 1
LaHu NDP
0 0 2
Tai-Leng
0 0 2
DP Mymr
0 0 1
Wa NUP
0 0 1
SNDP
0 0 1
All Mon
0 0 1
Kayin PP
0 0 1
UDPKS
0 0 1
Akha NPD
0 0 1
Independ
1 2 2
Cancelled
7 0 14
Last Updated - 25 Nov 2015 5:45 PM MMT

NLD magic numbers

Confirmed To nominate VP To pass bills
Pyithu 162 (50%+1 of elected) 217 (50%+1 of total)
255 CLINCHED CLINCHED
  To nominate VP To pass bills
Amyotha 85 (50%+1 of elected) 113 (50%+1 of total)
135 CLINCHED CLINCHED
  To elect President To pass bills
Pyidaungsu 329 (50%+1 of total) 329 (50%+1 of total)
390 CLINCHED CLINCHED

နောက်ဆုံးရ ပြည်သူ့လွှတ်တော်
ရွေးကောက်ပွဲ ရလဒ်

နောက်ဆုံးရ အမျိုးသားလွှတ်တော်
ရွေးကောက်ပွဲ ရလဒ်

ရန်ကုန်တိုင်းဒေသကြီးရှိ မဲဆန္ဒနယ်များမှ ယခုချိန်ထိ ထုတ်ပြန်ထားသောရလဒ်

ပြည်သူ့လွှတ်တော်

မဲဆန္ဒနယ်ဆန္ဒမဲ အရေအတွက်အနိုင်ရပါတီ
လသာ 9,905 NLD
ဆိပ်ကမ်း 726 NLD
အင်းစိန် 99,702 NLD
ရန်ကင်း 27,392 NLD
သာကေတ 80,523 NLD
ဒေါပုံ 22,769 NLD
တာမွေ 60,408 NLD
ပုဇွန်တောင် 19,129 NLD
အလုံ 19,226 NLD
လမ်းမတော် 17,177 NLD
ဒဂုံ 8,431 NLD
ကမာရွတ် 29,418 NLD

တိုင်းဒေသကြီးလွှတ်တော်

မဲဆန္ဒနယ်ဆန္ဒမဲ အရေအတွက်အနိုင်ရပါတီ
လသာ (၁) 5,083 NLD
လသာ (၂) 4,670 NLD
ဆိပ်ကမ်း (၁) 170 USDP
ဆိပ်ကမ်း (၂) 548 NLD