Monday, April 24, 2017

သဘောထားအမြင်များ

 

မတင်တင်မာ
                              သင်းပျံ့နွယ် အလှပြင်ဆိုင်ပိုင်ရှင်

မင်္ဂလာတောင်ညွန့်ကနေ မဲပေးရမှာပါ။ မဲစာရင်း စစ်ပြီးပါပြီ။ တစ်မိသားစုလုံး မဲစာရင်းမှာ
ပါပါတယ်။ မဲပေးပုံမဲပေးနည်းကို သေချာတော့ မသိသေးပါဘူး။ ပါတီတွေရဲ့ မဲဆွယ်စည်းရုံးမှု
တွေကိုလည်း တစ်ခါမှ မကြုံသေးပါဘူး။ အခုတလော အပြောများနေတဲ့ ဘာသာရေး
ရောယှက်နေတဲ့ နိုင်ငံရေးအကြောင်းတွေကိုတော့ ကြားနေ သိနေရပါတယ်။
သတင်းတွေကိုလည်း တစ်စိုက်မတ်မတ် မလေ့လာ မဖတ်ဖြစ်ပေမယ့် အင်တာနက်ကနေ
တွေ့တာတွေကို ဖတ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ တုန်းကလည်း မဲပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့
အစိုးရသက်တမ်းတစ်လျှောက် ကျွန်မတို့ လူမှုဘ၀ကို ထူးထူးခြားခြား အကျိုးပြု
ပြောင်းလဲမှုတော့ မခံစားရပါဘူး။ ဆိုင်မှာရှိတဲ့ ၀န်ထမ်းတွေကိုလည်း မဲပေးဖို့ ကျွန်မ
တိုက်တွန်းပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲကနေ ကျွန်မတို့ နိုင်ငံအတွက် ကောင်းမွန်တဲ့
အပြောင်းအလဲတွေ ဖြစ်ပေါ်ပြီး နိုင်ငံသူ/သားတွေရဲ့လူမှုဘ၀ကို မြင့်မားနိုင်ပါစေလို့ မျှော်လင့်ထားပါတယ်။
တိုင်းပြည်ကို ကောင်းတဲ့ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်စေဖို့ မျှော်လင့်ပြီး ပါတီတစ်ခုတည်းကိုပဲ မဲပေးကြမှာပါ။


 

ကိုအောင်သိန်းမြင့်
                              ဆိုင်မန်နေဂျာ (J'Donut)

ပါတီတွေ၊ မဲဆွယ်စည်းရုံးတာတွေ ကိုတော့ နေ့စဉ်နဲ့အမျှ တွေ့နေရပါတယ်။ ပါတီတွေက
ပေးတဲ့ ကတိက၀တ်တွေကို သိပ်စိတ်မ၀င်စားပါဘူး။ မဲပေးပုံ မဲပေးနည်းတွေကိုလည်း
သိထားပြီးပါပြီ။ မဲသုံးမဲပေး ရမယ်လို့ သိထားပါတယ်။ သတင်းအချက်အလက်
တော်တော်များများကို အင်တာနက်ကနေ ရပါတယ်။ သတင်းတွေလည်း အမြဲ
ဖတ်ဖြစ်တယ်။ အခု ဖြစ်နေတဲ့ ဘာသာရေးနဲ့ နိုင်ငံရေးက သတ်သတ် စီပါ။ ဘာသာရေးနဲ့
နိုင်ငံရေး ရောနှောလို့ မရပါဘူး။ ပြည်သူတွေအနေနဲ့ မဲပေး မမှားဖို့ လိုပါတယ်။ မှန်ကန်တဲ့
ဆုံးဖြတ်ချက်ချပြီး ရွေးချယ်ဖို့ အရေးကြီးပါတယ်။ နိုင်ငံအတွက်ကောင်းတဲ့ ဘယ်ပါတီမဆို
သေချာရွေးချယ်ဖို့ လိုပါတယ်။ နိုင်ငံ အတွက် သင့်တော်တဲ့၊ ကောင်းကျိုးဖော်ဆောင်နိုင်တဲ့
ပါတီများများ မရှိပါဘူး။ ကျွန်တော့်အနေနဲ့တော့ တစ်ပါတီပဲ မြင်ပါတယ်။ လက်ရှိ အခြေအနေမှာ
အပြောင်းအလဲကို ဖော်ဆောင်ဖို့အတွက် အင်အားကြီးတဲ့ပါတီ၊ ခေတ်စနစ်ကို ပြုပြင်ပြောင်းလဲနိုင်မယ့် ပါတီကိုပဲ မဲပေးမှာပါ။
ပြီးခဲ့တဲ့ အစိုးရသက်တမ်းမှာ ကျွန်တော်တို့ လူနေမှုဘ၀၊ ကျွန်တော့် ပတ်ဝန်းကျင်က လူတွေရဲ့လူနေမှုဘဝ
အပြောင်းအလဲကတော့ သိပ်အများကြီး မမြင်ပါဘူး။ ၂၀၁၅ အလွန်မှာတော့ လူနေမှု အဆင့်အတန်း၊ ပညာရေးစနစ်တွေမှာ
သိသာတဲ့ အပြောင်းအလဲ၊ ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။


 

ဦးအောင်စိုးမင်း
                              ရွေးကောက်ပွဲဆိုင်ရာ ကျွမ်းကျင်ပညာရှင်
                              (Director from Myanmar Institute For Democracy)

'လက်ရှိ အနေအထားအရမှာတော့ ရွေးကောက်ပွဲဖြစ်စဉ်ကြီး က အကြီးကြီးပါ။ မဲစာရင်းကနေ
စပြီးတော့ ကိုယ်စားလှယ်လောင်း တွေ ရွေးချယ်ခံရပြီး ကန့်ကွက်တာတွေ ဘာတွေ ပါလာပြီး
အစိုးရဖွဲ့နိုင်တဲ့အထိ လွှတ်တော်ခေါ်ယူနိုင်တဲ့ အချိန်ကျမှာသာ ဒီရွေးကောက်ပွဲဖြစ်စဉ်ကြီးက
တစ်စိတ်တစ်ပိုင်းပြီးဆုံးတယ်လို့ ကျွန်တော်တို့ ယူဆရမှာပါ။ လတ်တလော ကျွန်တော်တို့
မြင်တွေ့နေရတာတွေကိုတော့ စိတ်တိုင်းမကျဘူးဗျာ။ ပထမဆုံး စပြောရမယ်ဆိုရင် မဲစာရင်းပြုစုတဲ့
လုပ်ငန်းစဉ်မှာ အမှားအယွင်း သိပ်များတယ်။ ပြောစရာလည်း တော်တော်များများ ဖြစ်နေတယ်။
ပထမတစ်ကြိမ် ထုတ်ပြန်တယ်၊ အမှားတွေ ပြင်တယ်။ ဒုတိယအကြိမ် ထုတ်ပြန်တယ်၊
ထပ်မှားတယ်။ နာမည်စာရင်းတွေ ထပ်လာတယ်ဆိုတာတွေကိုပါ ကြားလာရတယ်။
ဒီဖြစ်စဉ်တွေကိုမှာက စမှားနေပြီ။ နောက်တစ်ခုက စည်းရုံးရေးကာလမှာ ဥပဒေချိုးဖောက်တာတွေ
တွေ့နေရတယ်။ တိုင်ကြားတာတွေ တွေ့တယ်။ ဒါပေမဲ့ အဲဒါတွေကို ဘယ်လိုဘယ်ပုံ အရေးယူတယ်ဆိုတာကို ကျွန်တော်တို့
ပွင့်ပွင့်လင်းလင်း မသိရဘူး။ နောက်တစ်ချက်က ရွေးကောက်ပွဲကော်မရှင်ရဲ့ အနေအထားပါ။ တကယ်တမ်းကျတော့
နိုင်ငံရေးပါတီတွေအနေနဲ့ ကျင့်ဝတ်တွေ၊ ဥပဒေတွေကို လေးစားလိုက်နာဖို့ တာဝန်ရှိတယ်ဆိုတာကို ကော်မရှင်အနေနဲ့
ပြောထားပြီးသား ဖြစ်တယ်။ တကယ်လို့ မလိုက်နာတာကိုတွေ့ရင် သူတို့ကိုယ်တိုင် အရေးယူ ဆောင်ရွက်ပေးရမယ့်
အနေအထားမှာရှိတယ်။ ဒါပေမဲ့ သူတို့က တိုင်ကြားသူ မရှိရင် အရေးမယူဘူးဆိုတာတွေ တွေ့ရတယ်။  အဲဒီအခါကျတော့
ကျွန်တော်တို့က ဒီရွေးကောက်ပွဲ လုပ်ငန်းစဉ်ကြီး တစ်ခုလုံးဟာ မျှတပါ့မလားဆိုတဲ့ ကိစ္စကို သံသယရှိပါတယ်။


ဦးတင်သန်းဦး
                              စီးပွားရေးနှင့် ဥပဒေလမ်းညွှန်

သမ္မတကြီးက အောက်တိုဘာ ၆ ရက်နေ့မှာ ရေဒီယိုမိန့်ခွန်းလေး ပြောထားပါတယ်။
ပြည်သူတွေရဲ့ ဆန္ဒအမှန်နဲ့ ရွေးချယ်တင်မြှောက် မှုကို လက်ခံဖို့က အရေးကြီးပါတယ်ဆိုပြီး
ပြောခဲ့ပါတယ်။ ဘာပြောစရာရှိလဲဆိုတော့ ဆန္ဒအမှန်နဲ့ ရွေးချယ်မှုကို လက်ခံဖို့ဆိုတာ
အပိုင်းနှစ်ပိုင်း ရှိပါတယ်။ မဲစာရင်းမှန်ကန်မှု မရှိတဲ့ပြဿနာတွေနဲ့ မဲပေးမှုစနစ်ဟာ ပြည်သူတွေရဲ့
ဆန္ဒအမှန်ကို တကယ်ပဲ မဲပေးခွင့်ရမှာလား။ ဥပမာပြောရင်ရင် ၁၉၉၀ တုန်းက ပြည်သူတွေရဲ့
ဆန္ဒအမှန်ကို အဲဒီတုန်းကအစိုးရနဲ့ တပ်မတော်တို့က လက်မခံလို့ ၁၉၉၀ ရလဒ်ဟာ
တဖြည်းဖြည်းနဲ့ ဆိတ်သုဉ်းပျောက်ကွယ်သွားရတယ်။ ဘာရွေးကောက်ပွဲမှန်း ပြောလို့မရအောင်
ဖျက်ဆီးခံလိုက်ရတယ်။ အဲဒီလိုသမိုင်းရှိနေတဲ့ နိုင်ငံတစ်နိုင်ငံမှာ အနာဂတ်ရွေးကောက်ပွဲရလဒ်ကို
ကြေညာတဲ့အခါမှာ အနီးဆုံး ပြောရရင် ၂၀၁၂ ကလို အခြေခံမဲရုံမှာ နိုင်တယ်လို့ကြေညာခံရပြီး
ကော်မရှင်ရုံး ရောက်တော့မှ ရှုံးတယ်ဆိုတဲ့ ပြဿနာတွေကော ထပ်ပေါ်လာဦးမှာလား။ ရွေးကောက်ပွဲမှာ ပါတီတစ်ခုက
ဘယ်လောက်ရာခိုင်နှုန်းနဲ့ အနိုင်ရရှိသွား ပါတယ်ဆိုပြီး ကြေညာပြီးမှ အဲဒီရွေးကောက်ပွဲရဲ့ ရလဒ်ကို နိုင်ငံတော် ရွေးကောက်ပွဲ
ကျင်းပရေးနဲ့ တပ်မတော်တို့က ဆန္ဒအမှန်နဲ့လက်ခံပြီး အပြောင်း အလဲလုပ်ပေးမှာလား မေးရမှာပါ။ ဒီလိုစိုးရိမ်မှုတွေနဲ့
သွားနေရတဲ့ ရွေးကောက်ပွဲ ဖြစ်နေပါတယ်။ တကယ်တော့ နိုင်ငံတော်ဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ တကယ့် ဒီမိုကရေစီ
နည်းကျကျ လုပ်မပေးနိုင်ခဲ့တဲ့ အပြောင်းအလဲတွေကို ပြောင်းလဲဖို့အတွက် လွှတ်တော်သစ်နဲ့ အစိုးရသစ်အဖြစ်
၂၀၁၅ ရွေးကောက်ပွဲဟာ တကယ်ကို အရေးပါတဲ့ ရွေးကောက်ပွဲကြီးပါ။ ဒါပေမဲ့ တက်လာမယ့်ကိုယ်စားလှယ်တွေကကော၊
အစိုးရတွေကပါ တားဆီးပိတ်ဆို့ထားတဲ့ ဒီမိုကရေစီကို နှောင်ကြိုးဖွဲ့ထားတဲ့ ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေမှာ
ဒီမိုကရေစီမကျတဲ့အချက်တွေကို ဖယ်ထုတ်ခွင့် ရမှာလား။ အဲဒီလိုမျိုး စိုးရိမ်ကြောင့်ကြမှုတွေနဲ့အတူ ရှိနေပါတယ်။


ကိုဇော်ဇော်မျိုးလွင်
                               (မန်နေဂျင်းဒါရိုက်တာ) Yangon Heartz Business Solution

'ရွေးကောက်ပွဲနီးလာတဲ့အခါမှာ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ပညာပေးတွေ၊
အဖွဲ့အစည်းတွေရဲ့ သတင်းထုတ်ပြန်ချက်တွေကို အချိန်နဲ့တစ်ပြေးညီ မက်ဆေ့ခ်ျက
ပို့ပေးတာတို့၊ ဖေ့စ်ဘွတ်ခ်က ပြောတာ တွေကို တိုးတက်လာတဲ့ နည်းပညာပေါ် မှီပြီး
လုပ်လာကြတယ်။ သတင်းအချက် အလက် စီးဆင်းမှုအပိုင်းတွေ မြန်ဆန်လာတယ်၊
ဒီနေရာမှာတော့ မဲစာရင်းတွေ မမှန်ကန်ဘူးဆိုတဲ့ သတင်းအချက်အလက်တွေဆိုရင် အရင်လို
ငြိမ်နေမှာမဟုတ်ဘဲ ချက်ချင်းသိလာမယ်။ အကောင်းဘက်က ကြည့်မယ်ဆိုရင်တော့
ကောင်းပါတယ်။ အဆိုးဘက်က ကြည့်မယ်ဆိုရင်တော့ မဟုတ်တဲ့သတင်းမျိုးတွေ၊
မမှန်တဲ့သတင်း အချက်အလက်တွေ ဆိုရှယ်မီဒီယာတွေပေါ်ကနေ တက်လာနိုင်တယ်
ဆိုတာကိုလည်း သတိထားရမယ်။ မဲထည့်မယ့်ပြည်သူတွေကလည်း အင်တာနက်ပေါ်မှာ
တက်တဲ့ အရာတိုင်းကို အမှန်မထင်မိဖို့လည်း စဉ်းစားဆင်ခြင်နိုင်ရမယ်။ နောက်ပြီး အွန်လိုင်းပေါ်မှာ ဖေ့စ်ဘွတ်ခ်စာမျက်နှာ
အတုတွေဆိုရင် အသရေဖျက်တာမျိုးကို ရည်ရွယ်ချက် ရှိရှိ လုပ်နေကြတာတွေလည်း ရှိတယ်။ အစိုးရဘက်ကလည်း
လူပုဂ္ဂိုလ်တချို့ဆီ မမှန်သတင်းတွေ ဖြန့်နေတာတွေကို ထိထိရောက်ရောက် အရေးယူနိုင်အောင် အားစိုက်ဖို့ လိုအပ်ပါတယ်။
၂၀၁၀ ပြည့်နှစ်ထက် ၂၀၁၅ မှာ ပိုပြီး ရှုပ်ထွေးလာတယ်လို့တော့ ကျွန်တော် ယူဆတယ်ပေါ့။ ၂၀၁၀ တုန်းကဆိုရင်
မဲစာရင်းသွားကြည့်ကြမယ်၊ မှားနေမယ်ဆိုလည်း ပြင်လိုက်ကြမယ်ပေါ့။ ရိုးရိုးလေးပဲ။ ခုကျတော့ မဲစာရင်းမှားတာကို အရမ်းကို
ပွက်လောရိုက်လာကြတယ်။ ဒါတွေကလည်း ဆိုရှယ်မီဒီယာတွေပေါ်က ရိုက်ခတ်မှုတွေ တအားများလာတယ်။ ခုချိန်မှာ
မဲစာရင်းတွေပေါ်မှာ စောင့်ကြည့် လေ့လာတဲ့ အဖွဲ့အစည်းတွေကလည်း များလာတယ်။ သတင်းအချက်အလက်
ပေးပို့မှုတွေကလည်း မြန်ဆန်လာတယ်။ ဖုန်းတွေကလည်း များလာတယ်ဆိုတော့ မှန်တဲ့ သတင်းတွေရော မမှန်တဲ့
သတင်းတွေပါ ပြုံပြီးထွက်လာမယ်။ နည်းပညာနဲ့ပတ်သက်ပြီးတော့ ခုလတ်တလော မြန်မာနိုင်ငံမှာ ကောင်းတဲ့ဘက်ထက်
ဆိုးတဲ့ဘက်ကို နည်းနည်းတော့ ရောက်နေတယ်လို့ ကျွန်တော်မြင်ပါတယ်။'


ကိုမြင့်ကျော်သူ
                               Chief Technology Officer, Total Gameplay Studio

'နည်းပညာတွေ တိုးတက်လာတာက အမြင်ကျယ်လာတာပဲပေါ့။ အကြောင်းအရာတစ်ခုခု
တွေ့တဲ့အခါ အွန်လိုင်းပေါ်မှာ ရှာဖွေယူလို့ လည်းရတယ်။ အရင်ကလို တစ်ယောက်စကား
တစ်ယောက်နား ဆိုတဲ့ပုံစံမျိုး မဟုတ်တော့ဘူး။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့
စာမျက်နှာအတုတွေ တွေ့နေရတာကလည်း ဖေ့စ်ဘွတ်ခ်ကို report လုပ်လိုက်တာနဲ့
အထောက်အထားခိုင်လုံရင် ပျက်သွားမှာပဲလေ။ ဒါပေမဲ့ လူတွေက report လုပ်ရကောင်းမှန်း
မသိတာတို့ ကိုယ့်ရဲ့စာမျက်နှာက စစ်မှန်ကြောင်း verify လုပ်ထားရမှန်း မသိတာတို့ပေါ့။
နည်းပညာကို တတ်ကျွမ်းအောင် လုပ်မယ်၊ လေ့လာမယ်ဆိုရင် အများကြီး control တွေ
လုပ်နိုင်မှာပါ။ ရွေးကောက်ပွဲဝင်မယ့် ပုဂ္ဂိုလ်တွေကလည်း အထူးသတိထားဖို့ လိုအပ်ပါတယ်။
ပို့စ်တင်တာ လူတိုင်း လုပ်လို့ရတယ် ဆိုပေမယ့် လည်း နည်းပညာအကျွမ်းတ၀င် ရှိသူတွေနဲ့
တိုင်ပင်ညှိနှိုင်းပြီး လုပ်သင့်ပါတယ်။ ဖေ့စ်ဘွတ်ခ်ကို ပြည်သူတိုင်းက သုံးလာကြတော့ ပို့စ်အတုတွေပေါ်မှာ မူတည်ပြီး
မဲထည့်တဲ့အခါမှာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ ချတာတွေလည်း ရှိလာနိုင်မှာပါ။ နည်းပညာနဲ့ ပတ်သက်ရင်တော့
ဆိုးကျိုးကောင်းကျိုးက ယှဉ်ပြီးတော့ ရှိနေမှာပဲ။ ကောင်းကျိုး ပိုများနေဖို့ လိုတယ်။ ဆိုးကျိုးကတော့ မရှိဘူးဆိုတာတော့
မရှိဘူးပေါ့။ သုံးတတ်ရင်တော့ အကျိုးရှိစေမယ်။ ၂၀၁၀ ရွေးကောက်ပွဲတုန်းကတော့ အင်တာနက် သုံးတဲ့သူတွေကလည်း
အရမ်းနည်းသေးတယ်။ သတင်းအချက်အလက်တွေလည်း ပြည့်ပြည့်၀၀ မရောက်နိုင်ဘူးပေါ့။ ခုချိန်ကျတော့ နည်းပညာ
ကလည်း တိုးတက်လာတယ်၊ သတင်းတွေကလည်း အလျင်အမြန် ရောက်လာနိုင်တယ်ဆိုတော့ တစ်ယောက်ပြောစကား
တစ်ယောက်ကြားရုံလေးနဲ့ မဟုတ်တော့ဘဲ ၂၀၁၅ ရွေးကောက်ပွဲပေါ်မှာ Inform Decision တွေလုပ်ဖို့ အတွက်
ခုလိုတိုးတက်လာတဲ့ နည်းပညာက အများအကြီး အထောက်အကူပြု လာနိုင်မယ်လို့ လည်း ကျွန်တော် ထင်ပါတယ်။'


ဦးနှင်းဦး
                               (ပုစွန်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ)

'ဒီမိုကရေစီနိုင်ငံဖြစ်တဲ့အတွက် ရွေးကောက်ပွဲက မဖြစ်မနေလုပ်ရမှာပဲ။ ဒါပေမဲ့ လွတ်လပ်ပြီး
တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေချင်တယ်။ တည်ငြိမ်အေးချမ်းတဲ့ ရွေးကောက်ပွဲ
ဖြစ်စေချင်တယ်။ ရွေးကောက်ပွဲမှာ ဘယ်သူပဲနိုင်နိုင် နိုင်ငံအတွက် တာဝန်ယူဖို့က
အဓိကပါပဲ။ ၂၀၁၅ ရွေးကောက်ပွဲက ကျွန်တော်တို့နိုင်ငံအတွက် အရမ်းရေးကြီးတယ်။
နိုင်ငံရဲ့စီးပွားရေးနဲ့လည်း ဆက်စပ်နေတဲ့အတွက် ရွေးကောက်ပွဲကြောင့် ပြည်တွင်းရော
နိုင်ငံတကာ စီးပွားရေးတွေအတွက်ပါ စောင့်ကြည့်နေရတဲ့ ရွေးကောက်ပွဲဖြစ်နေတယ်။
ကျွန်တော်ကတော့ နောက်အစိုးရ ဘယ်သူပဲတက်တက် အဓိကက ပြုပြင်ပြောင်းလဲတဲ့
အပိုင်းမှာ အကောင်းဆုံးလုပ်နိုင်ဖို့ကိုပဲ မျှော်လင့်ပါတယ်။ နိုင်ငံစီးပွားရေးကိုလည်း
အကောင်းဆုံး ပြုပြင်ပြောင်းလဲနိုင်ဖို့ ကျွန်တော်တို့ စီးပွားရေးလုပ်ငန်းရှင်တွေကတော့
ဖြစ်စေချင်ပါတယ်။ ရွေးကောက်ပွဲပြီးရင်တော့ ဒီနှစ်မှာ ရင်ဆိုင်ခဲ့ရတဲ့ စီးပွားရေးအကျပ်အတည်းတွေ ပြေလျော့သွားမယ်လို့
ယူဆပါတယ်။ ငွေရေးကြေးရေးအခက်အခဲတွေကို နိုင်ငံတကာက စီးပွားရေးအဖွဲ့အစည်းတွေ ကူညီနိုင်မယ့် အခြေအနေ
မျိုးတွေကိုလည်း ကျွန်တော်တို့မျှော်လင့်တယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ရယ်၊ ပြီးတော့ ကောင်းမွန်တဲ့
စီးပွားရေးအခွင့်အလမ်းတွေရရှိဖို့ မျှော်လင့်ပါတယ်။


ဒေါ်မို့မို့အောင်
                               (အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံအိမ်ခြံမြေ၀န်ဆောင်မှုအသင်း)

 'ရွေးကောက်ပွဲကတော့ ဘယ်လောက်မှ မလိုတော့ဘူး။ ၂၀၁၅ ရွေးကောက်ပွဲကတော့
တော်တော်တော့အရေးကြီးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ ၂၀၁၄၊ ၂၀၁၅ ရဲ့ စီးပွားရေးက
ရင်းနှီးမြှုပ်နှံသူတွေ စဉ်းစားရတဲ့ကာလဖြစ်တယ်။ အဲဒါကြောင့် ၂၀၁၅ စီးပွားရေးက
တော်တော်အေးစက်တဲ့နှစ်လို့ ပြောလို့ရတယ်။ စီးပွားရေး လုပ်ငန်းရှင်တော်တော်များများက
ဒီနှစ်ရွေးကောက်ပွဲကို စောင့်ကြည့်နေကြတယ်။ ဘယ်သူနိုင်နိုင် အဓိကက
နောက် တက်လာမယ့်အစိုးရဟာ ရင်းနှီးမြှုပ်နှံမယ့်သူတွေအတွက် ခိုင်မာတဲ့ ဥပဒေမျိုးတွေကို
လုပ်ပေးနိုင်ဖို့ အရေးကြီးပါတယ်။ ပြည်တွင်းရော ပြည်ပကပါ ဒီနိုင်ငံစီးပွားရေးမှာ
ရင်းနှီးမြှုပ်နှံကြမယ့်သူတွေက တက်လာမယ့်အစိုးရရဲ့ ခိုင်မာတဲ့ ဥပဒေကို
မျှော်လင့်နေကြတယ်။ အဲဒါကြောင့် လာမယ့်အစိုးရသစ်မှာ စီးပွားရေးလုပ်ငန်းတွေ
ပြန်လည်ပတ်လာဖို့ မျှော်လင့်နေပါတယ်။ လောလောဆယ်တော့ ရွေးကောက်ပွဲအခြေအနေအပေါ်မှာ ပြောရခက်တယ်၊
ဘာဖြစ်လို့ လဲဆိုတော့ မဲစာရင်းတွေတောင် မမှန်သေးဘူး။'


ကိုမြင့်သန်း
                               ကြယ်စင်ပရဟိတအဖွဲ့ခေါင်းဆောင် (အင်္ဂပူမြို့နယ်၊ နောက်မီး ကျေးရွာအုပ်စု၊
                               ကြို့ကုန်းကျေးရွာ)

'နိုင်ငံအပြောင်းအလဲဖြစ်လာမယ့် ရွေးကောက်ပွဲမို့ စိတ်ဝင်စားပါတယ်။ ရွေးကောက်ပွဲမှာ
ကျွန်တော်တို့မြို့နယ်အတွက် ဘယ်သူဝင်ပြိုင်မယ်၊ ဘယ်နေ့ကျင်းပမယ် မသိသေးပါဘူး။
ကျွန်တော်တို့ ကျေးရွာက အိမ်ခြေ ၁၁၃ လုံးရှိရာမှာ ရေဘေး ကြောင့် တစ်လုံးသာကျန်ခဲ့ပြီး
စားရေး နေရေး အတွက် ရုန်းကန်နေရဆဲမို့ ရွေးကောက်ပွဲနဲ့ ဆိုင်တာတွေ မသိပါဘူး။
ခုချိန်မှာ လယ်တွေ အားလုံးမြုပ်ပြီး အလုပ်လက်မဲ့ ဖြစ်နေရပါတယ်။ ကျွန်တော်တို့ဒေသက
ခေါင်ပြီး နွမ်းပါးပါတယ်။ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ပေးမယ့် လူကို ရွေးချယ်မှာပါ။
အားကိုးထိုက်တဲ့ ပုဂ္ဂိုလ်ကို ရွေးချယ်မယ်။ ကျန်ဒေသခံတွေကိုလည်း ပြောပြစည်းရုံးသွားမှာပါ။
ဒေသဖွံ့ဖြိုးရေးအတွက် ကျွန်တော်တို့ မစွမ်းဆောင်နိုင်ပါဘူး။ နိုင်ငံတော်က ဒါမှမဟုတ် တာဝန်ရှိတဲ့လူတစ်ယောက်က လုပ်ပေးမှသာ ဖြစ်မှာပါ။ အမှီပြုပြီးနေနိုင်မယ့် အားကိုးရမယ့်လူကို ရွေးချယ်မှာပါ'


ဦးသန်းဝင်း
                               လုံခြုံရေးဝန်ထမ်း၊ ယုဇနပလာဇာ

'မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်ကနေ မဲပေးရမှာပါ။ ကိုယ်စားလှယ်လောင်းကို
မသိသေးပါဘူး။ ရွေးကောက်ပွဲနဲ့ ပတ်သက်တာတွေလေ့လာဖို့၊ နိုင်ငံရေးအကြောင်း
ဆွေးနွေးဖို့ အလုပ်တစ်ဖက်နဲ့ အချိန်မရှိလို့ပါ။ ပါတီအားလုံးတော့ မသိပါဘူး။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ကြံ့ခိုင်ရေးပါတီ နာမည်ကြီးပါတီနှစ်ခုကိုတော့ သိပါတယ်။
အလုပ်က ဆရာက နိုင်ငံရေးအကြောင်း အမြဲပြောပြနေတော့ နည်းနည်းပါးပါးတော့
သိပါတယ်။ ရွေးကောက်ပွဲလုပ်ဖို့ ၆၇ ရက်ပဲ လိုတော့တယ်။ ရွေးကောက်ပွဲကနေ
ကောင်းတာတစ်ခုခုတော့ ဖြစ်လာနိုင်တယ်ဆိုတာသိတယ်။ ကိုယ်တွေအတွက်
ကောင်းတာလုပ်ပေးမယ့် ကိုယ်စားလှယ်ကို ရွေးရမယ်။ ရွေးကောက်ပွဲအပြီး
ကောင်းကောင်းမွန်မွန် အေးအေးဆေးဆေး စားသောက်နေထိုင် နိုင်မယ်ဆိုရင် ကျေနပ်ပါပြီ။
ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ဖို့ပါပဲ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲက ဧရာဝတီတိုင်းကနေ မဲပေးခဲ့ပါတယ်။ ပေးခဲ့တဲ့ကိုယ်စားလှယ်က ဒေသမှာ
လမ်းဖောက်ပေးတာ၊ ကျောင်းဆောက်ပေးတာတွေ စတဲ့ ရပ်ရွာအကျိုးရှိမယ့် ကိစ္စတွေကို လုပ်ပေးခဲ့ပါတယ်။'


  မသီတာ (စမ်းချောင်း)
                                စာရေးဆရာ/နိုင်ငံရေးအကျဉ်းသားဟောင်း

အမျိုးသမီးတွေကို နိုင်ငံရေးအဆုံးအဖြတ်
လုပ်ပိုင်ခွင့်ပေးဖို့ တွန့်ဆုတ်တတ်ကြတဲ့ဓလေ့က အခိုင်အမာရှိနေသလို အမျိုးသမီး
အများစုကလည်း နောက်ကနေ ပံ့ပိုးရတာကိုသဘောကျကြတယ်။ အမျိုးသမီးတွေရဲ့
နိုင်ငံရေးပါဝင်နိုင်ခွင့်အတွက် သီးခြားခွဲတမ်း သဘော သတ်မှတ်ထားတဲ့ဥပဒေမျိုး
ရှိမနေဘူး။ နိုင်ငံရဲ့ဥပဒေ မှာကိုက အမျိုးသမီးတွေရဲ့နိုင်ငံရေးအခန်းကဏ္ဍအတွက်
သတ်သတ်မှတ်မှတ်ပြဋ္ဌာန်းပေးသင့်ပါတယ်။ ပညာရေးစနစ်မှာလည်း အမျိုးသမီးတွေရဲ့
ပညာသင်ကြားခွင့်ကို အာမခံနိုင်အောင် ဥပဒေကြောင်းအရရော၊ နိုင်ငံတော်အဆင့်
ကူညီပံ့ပိုးမှုအရပါ ဆောင်ရွက်ရပါမယ်။ နောက်တစ်ဖက်မှာလည်း လူ့အဖွဲ့အစည်း
အတွင်းမှာ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှု၊ စော်ကား အနိုင်အထက်ပြုမှုအားလုံး
အဆုံးသတ်စေအောင် နည်းပေါင်းစုံနဲ့ အကာအကွယ်ပေးရပါမယ်။ အမျိုးသမီးတွေအတွက် သူ့တို့ဘ၀နဲ့ ပတ်သက်တဲ့
ရွေးချယ်မှုတွေ လွတ်လွတ်လပ်လပ်ပြုလုပ်နိုင်အောင် ဥပဒေအရရော၊ လုပ်ထုံးလုပ်နည်းအရပါ အာမခံချက် ရှိစေရပါမယ်။
ကျန်တဲ့လူမှုရေးအပိုင်းကတော့ လူတွေရဲ့အတွေး အမြင်ကို ပြောင်းပေးရမှာပေါ့။ အမျိုးသမီးတွေကို အားနွဲ့သူအဖြစ်
မြင်နေတာတွေကို အဆုံးသတ်အောင်လုပ်မယ့်နည်းလမ်းတွေ လိုပါတယ်။


  ဆွေဇင်ထိုက်
                                Founder (Communication Services Group) / ရုပ်ရှင်သရုပ်ဆောင်ဟောင်း

'ခုထိ နိုင်ငံရေးစိတ်ဝင်စားမှု၊ လှုပ်ရှားမှုပိုင်းမှာ အမျိုးသမီးတွေက အားနည်းနေတုန်းပဲ။
ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံရဲ့ တန်ဖိုးထားမှုအနေအထား၊ ယဉ်ကျေးမှုနဲ့
အစောကတည်းက စံသတ်မှတ်မှုတွေမှာ အမျိုးသမီးတွေက ဒုတိယလူတန်းစားဖြစ်တယ်။
ယောက်ျားတစ်ယောက်ရဲ့ အရည်အချင်းကိုပိုတော်အောင် အကောင်းမွန်ဆုံးထောက်ပံ့
ပေးနိုင်တဲ့သူ၊ စွန့်လွှတ်နိုင်ပြီး အနစ်နာခံနိုင်တဲ့ အမျိုးသမီးကိုမှ မိန်းမကောင်းလို့
သတ်မှတ်ကြတယ်။ အဲဒီစံနှုန်းရဲ့လွှမ်းမိုးမှုက ခုခေတ်အထိ အရိပ်အမြွက်ပုံစံကျန်နေတုန်းပဲ။
ဒါပေမဲ့ အရင်ခေတ်ကနဲ့ ယှဉ်ရင်တော့ အမျိုးသမီးတွေ ရှေ့ပိုရောက်လာကြပါတယ်။
တော်ပြီးထက်မြက်တဲ့ နိုင်ငံရေးလှုပ်ရှားသူ၊ ဦးဆောင်သူ အမျိုးသမီးတွေပေါ်လာအောင်
အဓိက Mindset ပြောင်းပေးဖို့ လိုတယ်။ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးသိပြီး တန်ဖိုးထားနိုင်ဖို့နဲ့
ယောက်ျားတွေနဲ့ တန်းတူလုပ်နိုင်တဲ့ အရည်အသွေးတွေရှိတယ် ဆိုတာ သိဖို့လိုအပ်တယ်။ ပြီးတော့ အမျိုးသမီးတွေ
ထက်မြက်ဖို့ အမျိုးသမီးထုအတွင်းမှာ စည်းလုံးညီညွတ်ဖို့ လိုအပ်ပါတယ်။


   မငြိမ်းငြိမ်း
                                (သန်းတစ်ရာထုံး ဘဲဥလုပ်ငန်း)

တကယ်လို့ ကိုယ်မဲပေးလိုက်တဲ့ကိုယ်စားလှယ်က ရွေးကောက်ပွဲမှာ အနိုင်ရသွားခဲ့ရင်တော့
ကိုယ့် မြို့နယ်အတွက် ပညာရေး၊ ကျန်းမာရေးစတဲ့ အကြောင်းအရာတွေ လုပ်ပေးစေချင်တယ်။
အခြေခံလုပ်ရမယ့် သန့်ရှင်းရေးလို ဟာမျိုးလေးတွေပါ အဆင်ပြေအောင် လုပ်ပေးစေချင်တယ်။
လက်ရှိ အစိုးလက်ထက်မှာတော့ ကြီးကြီးမားမားပြောင်းလဲတာမရှိဘူးလို့ သုံးသပ်လို့ရမယ်။
ပြီးတော့ လက်ရှိ အစိုးရကို တစ်စုံတစ်ဦးက ချုပ်ကိုင်ထားတယ်လို့ မြင်တယ်။ လာမယ့်
ရွေးကောက်ပွဲမှာ အစိုးရသစ် တက်လာရင်တော့ ပြည်သူတွေ လွတ်လွတ်လပ်လပ်
ပြောခွင့်ဆိုခွင့်တွေ ရှိလာမယ်လို့ထင်တယ်။ ဒါပေမဲ့ အစိုးရသစ်တက်လာခဲ့မယ်ဆိုရင်တောင်
ကြီးကြီးမားမား ပြောင်းလဲမယ်လို့တော့ မထင်ဘူး။


   မနီလာဝင်း
                                (BMTM)

ပြည်သူအတွက် တကယ်အလုပ်လုပ်ပေးနိုင်မယ့် ပါတီ၊ ပြည်သူက ခိုင်းရင်
တကယ်လုပ်ပေးမယ့်ပါတီ၊ တကယ်အခိုင်းခံရဲတဲ့ပါတီကို မဲပေးသွားမှာပါ။ ကိုယ်မဲပေးလိုက်တဲ့
ပါတီကသာ ရွေးကောက်ပွဲမှာ အနိုင်ရသွားရင် နိုင်ငံတကာနဲ့ ချိတ်ဆက်လုပ်ကိုင်နိုင်မယ့်
စီးပွားရေး၊ ပညာရေးစတဲ့ အခွင့်အလမ်း ကောင်းတွေကို လုပ်ပေးစေချင်တယ်။ ရွေးကောက်ပွဲ
မကျင်းပမီအချိန်မှာ ကိုယ်စားလှယ်တွေက လာပြီး မဲဆွယ်တော့မယ်။ အဲဒီလို
မဲဆွယ်နေစဉ်ကာလက ပြောခဲ့တဲ့စကားတွေအတိုင်း သက်ဆိုင်ရာနယ်မြေတွေမှာ
တကယ်လုပ်ပေးနိုင်ရင် ကောင်းတယ်။ တကယ် လုပ်ပေးစေချင်တယ်။ တကယ်လို့သာ
ကိုယ်မဲရရင်ပြီးရောဆိုပြီး အလိမ်အညာတွေနဲ့ ပြည်သူတွေဆီက မဲတွေ လိမ်မသွားဖို့က
အရေးကြီးတယ်။ လက်ရှိအချိန်မှာ မြန်မာနိုင်ငံက ဒီမိုကရေစီ နိုင်ငံလို့ဆိုပေမယ့် ရာနှုန်းပြည့်
မရှိဘူးလို့ ထင်တယ်။ လက်ရှိအစိုးရလက်ထက်မှာ တိုးတက်လာမှုက အနည်းငယ်ပဲရှိတယ်လို့ ထင်တယ်။ လွတ်လပ်ပြီး
တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေချင်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။