နေပြည်တော်၌ အဆင့်မြှင့်ရန် လိုအပ်နေသည့် ဈေးများကို စာရင်းကောက်ယူနေ

အစိုးရ၏ ပထမရက် ၁ဝဝ စီမံချက်အရ နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းရှိ ဈေးများတွင်
ဈေးဆိုင်ခန်းများ စနစ်တကျနှင့် စည်းကမ်းနှင့်အညီ ရောင်းချနိုင်ရေးကို စီစဉ်ဆောင်ရွက်နေသည်ဟု
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှူး ဦးမင်းလွင်စိုးက ပြောသည်။

''နေပြည်တော်မှာ အဆင့်မြှင့်တင်ဖို့လိုအပ်နေတဲ့ဈေးတွေကို နေပြည်တော်စည်ပင်သာယာရေး
ကော်မတီဝင်တွေ၊ဌာနကြီးမှူးတွေ၊ ဈေးများဌာနက ဌာနမှူးတို့ ကွင်းဆင်းကြည့်ရှုတာတွေ လုပ်နေပြီး
အချက်အလက်တွေ ကောက်ယူနေပါတယ်။ အချက်အလက်ကောက်တာဖြစ်ပြီးအဆင့်မြှင့်တင်တဲ့
ကိစ္စက အခု ရက် ၁ဝဝ စီမံချက်နောက်ပိုင်းကာလမှ စတင်ဖြစ်မှာပါ'' ဟု ၄င်းက ပြောသည်။

နေပြည်တော် ကောင်စီနယ်မြေအတွင်း ဈေးပေါင်း ၃၇ ဈေးတွင် ဈေးဆိုင်ခန်းပေါင်း
၁ဝ,၆ဝဝ ကျော်ရှိသည်။ ယင်းဈေးများအားလုံးစုပေါင်းလိုက်ပါက ပျံကျဈေးသည်ပေါင်း
၁ဝ,ဝဝဝ ကျော်ရှိပြီး အဆိုပါဈေးအားလုံးကို နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊
ဈေးများဌာနအရာထမ်း ၁၂ ဦး၊ အမှုထမ်း ၇၄ ဦးနှင့် နေ့စားသန့်ရှင်းရေးဝန်ထမ်း ၁,၅၁၆ ဦးတို့က
ဈေးများဆိုင်ရာစီမံခန့်ခွဲမှုများ၊ သန့်ရှင်းရေး၊ လုံခြုံရေး အစရှိသည်တို့ကို ဆောင်ရွက်လျှက်ရှိသည်။

''ကင်ပွန်းတန်းဈေးမှာတော့ သန့်ရှင်းရေးတွေ၊ ဘာတွေလုပ်နေတာ တွေ့ရတယ်။ ဒါ့ပြင်
ဈေးသည်တွေကိုလည်း စည်းကမ်းထိန်းသိမ်းနေတာ တွေ့ရတယ်။ အဆောက်အအုံ
တချို့ကိုလည်း ဖျက်နေတာ တွေ့တယ်'' ဟု ပျဉ်းမနားရွာကောက်ရပ်နေ ဈေးဝယ်တစ်ဦးက
ပြောသည်။

ကင်ပွန်းတန်းဈေးဟု ဒေသခံများကခေါ်သော အာဟာရသုခဈေးကြီးတွင် ယခင်က ပွဲရုံဆိုင်ခန်းများက
ကားလမ်းဘေး လူးသွားစင်္ကြံပေါ်အထိ ကျူးကျော်၍ ဈေးရောင်းချခဲ့ရာ သက်ဆိုင်ရာက အဆိုပါ
ကျူးကျော်ဆိုင်ခန်းများကို ပြန်လည်ဖျက်သိမ်းနေရသည်ဟု ဈေးများဌာန၊ ညွှန်ကြားရေးမှုး
ဦးမောင်မောင်စံက ပြောသည်။

''ရက် ၁ဝဝ စီမံချက်အရ ဈေးတွေမှာ အမှိုက်တွေကို လိုက်ရှင်းပေးနေပါတယ်။ အရင်ကလည်း
ပုံမှန် ရှင်းပါတယ်။ အခက်အခဲတစ်ခုရှိတယ်။ ကျွန်တော်တို့က ဒီနေ့ရှင်းထားရင် မနက်ဖြန်ကျတော့
မြောင်းတွေထဲ၊ ဈေးသည်တွေဈေးရောင်းတဲ့နေရာတွေမှာ အမှိုက်တွေ ပြန်ပစ်ထားတယ်။
ဈေးသည်တွေက ကိုယ်ရောင်းတဲ့ ဈေးအမှိုက်တွေကို ကိုယ်တာဝန်ယူပြီး စနစ်တကျပစ်ရပါမယ်။
ဈေးများဌာနမှာ ဝန်ထမ်းအင်အားတွေ ထပ်ဖြည့်ပြီး ဈေးသည်တွေ ကိုယ့်အမှိုက်ကိုယ် တာဝန်ယူပြီး
စနစ်တကျ စွန့်ပစ်အောင်လို့ဆွေးနွေးရမယ်။ နောက်တစ်ဆင့်မှာတော့မလိုက်နာဘဲ မနေနိုင်အောင်
ဖိအားပေးရမှာပေါ့'' ဟု ၄င်းက ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။