ထိုင်း - မြန်မာ ကုန်သွယ်မှုပမာဏ လာမည့်နှစ်တွင် ဘီလီယံ ၂၀ အထိ တိုးမြှင့်သွားမည်

ပြည့်သက်ဖြိုး/မြန်မာတိုင်း(မ်)ပြည့်သက်ဖြိုး/မြန်မာတိုင်း(မ်)

ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံကုန်သွယ်မှု ပမာဏကို လာမည့် ၂၀၁၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ
ဘီလီယံ ၂၀ အထိ တိုးမြှင့်သွားမည်ဟု သမ္မတရုံးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ
ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဇွန်လ ၂၉ ရက်နေ့က ပြောကြားလိုက်သည်။

“နှစ်နိုင်ငံကုန်သွယ်မှုပမာဏကို ၂၀၁၇မှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀အထိတိုးမြှင့်ဖို့ ထိုင်းနိုင်ငံ
ဒုတိယ၀န်ကြီးချုပ်နဲ့ ဆွေးနွေးခဲ့ပါတယ်၊ နှစ်ဘက်ကလည်း သဘောတူခဲ့ကြပါတယ်” ဟု ၄င်းက
အဆိုပါနေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွ္ပဲ၌ ပြောကြားသည်။

ဇွန်လ ၂၉ ရက်နေ့ ညနေ ၃ နာရီအချိန်က နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ထိုင်းနိုင်ငံ
ဒုတိယ၀န်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝပ် ၀န်ဆူဝန်တို့ နိုင်ငံတော်သမ္မတ
အိမ်တော်ရှိ သံတမန်ဧည့်ခန်းမဆောင်တွင် မိနစ် ၃၀ တွေ့ဆုံစဉ် နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ
တိုးမြှင့်ရေးအတွက် ထည့်သွင်း ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ထို့အပြင် မွန်းလွဲ ၂နာရီခွဲအချိန်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်
တွေ့ဆုံစဉ်ကလည်း ကုန်သွယ်မှုနှင့် ဆက်စပ်ပြီး နှစ်နိုင်ငံနယ်စပ်တစ်လျှောက် အကျိုးဖြစ်ထွန်းစေမည့်
နှစ်နိုင်ငံ ပူးတွဲစီမံကိန်းများအနက် ထားဝယ်အထူးစီးပွားရေးဇုန်ကို ပိုမိုအရှိန်အဟုန်မြှင့်
ဆောင်ရွက်ရန်အတွက် သဘောတူခဲ့ကြသည်။

လက်ရှိတွင် မြန်မာနှင့် ထိုင်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀ သာ
ရှိသည်။

ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်နှင့် နှစ်နိုင်ငံကြား အငြင်းပွားဖွယ်ရှိနေသည့် နယ်နိမိတ်တိုင်းတာရေး
ကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သတ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း
နှစ်နိုင်ငံပူးတွဲကော်မတီဖွဲ့ရန် ဆွေးနွေးခဲ့ကြသည်ဟု ဦးဇော်ဌေးက ဆိုသည်။

“နယ်နိမိတ်ပြသနာအတွက် အကြောင်းအမျိုးမျိုးကြောင့် နှစ်ဦး နှစ်ဘက် တိုင်းတာနိုင်ခြင်း မရှိသေးဘဲ
ရပ်ဆိုင်းထားရပါတယ်၊ ဒီကိစ္စကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ထိုင်းခရီးစဉ်မှာ အဲဒါတွေ
ပြန်ပြီးတိုင်းတာဖို့ ပူးတွဲကော်မတီဖွဲ့ဖို့ ဆွေးနွေးခဲ့ပါတယ်၊ အဲဒါနဲ့ပတ်သတ်ပြီး နှစ်နိုင်ငံနယ်နိမိတ်ဆိုင်ရာ
ပူးတွဲကော်မတီ အစည်းအဝေးကို မကြာခင်မြန်မာနိုင်ငံမှာ ကျင်းပသွား မှာဖြစ်ပါတယ်၊
အဲဒီကနေပြီးတော့ နယ်နိမိတ်အငြင်းပွား မှုတွေကို နှစ်ဦးနှစ်ဘက်ညှိနှိုင်းဖြေရှင်းဖို့ လုပ်ဆောင်သွားမှာ
ဖြစ်ပါတယ်” ဟု ၄င်းက ပြောသည်။

ဗိုလ်ချုပ်ကြီးပရာဝပ်ဝန်ဆူဝန်သည် နှစ်နိုင်ငံတပ်မတော်ကာကွယ်ရေး ၀န်ကြီးဌာနများ ပူးပေါင်းပြီး
ထိုင်း- မြန်မာ နယ်စပ်တစ်လျှောက်မှ နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို
ပူးပေါင်း ဆောင်ရွက်သွားရန်လည်း နိုင်ငံတော်သမ္မတဦးထင်ကျော်နှင့် တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ကို သွားရောက်တွေ့ဆုံစဉ် ဆွေးနွေးခဲ့သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။