၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ(၁) ၏ နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာမူဘောင် ပြန်လည်သုံးသပ်ခြင်းအစည်းအဝေး ဆက်လက်ကျင်းပ

စွမ်းရဲထွဋ်/မြန်မာတိုင်း(မ်)စွမ်းရဲထွဋ်/မြန်မာတိုင်း(မ်)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ(၁) ၏
နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာမူဘောင် ပြန်လည်သုံးသပ်ခြင်း ဒုတိယအကြိမ် အစည်းအဝေးကို
နေပြည်တော်ရှိ Horizon Lake View Resort တွင် ဇူလိုင်လ ၅ရက်နေ့ (၉) နာရီမှ
စတင်ကျင်းပခဲ့သည်။

အစည်းအဝေးတွင် “နိုင်ငံရေးမူဘောင်နဲ့ ပက်သက်ပြီး ရှေ့ဆက်ပြီး ဘယ်လိုဆွေးနွေးသွားကြမလဲ။
အရင်ကလည်း ဘယ်ပုံ၊ ဘယ်နည်းဆွေးနွေးကြမယ်လို့ NCA မှာကတည်းက ဆွေးနွေးထားတာ
ရှိတယ်။ အဲ့ဒီတုန်းက ဆွေးနွေးထားတဲ့ အချက်တွေကို အခုပြန်ပြီး လက်တွေကျကျနဲ့ သုံးသပ်ပြီး
review ပြန်လုပ်ကြတာ။ ထိထိရောက်ရောက်ဖြစ်အောင်။ နောက်တစ်ခုက ဆပ်ကော်မတီ ၂ ရဲ့
UNFC နဲ့ ချင်းမိုင်မှာတွေ့ခဲ့တဲ့ဟာတွေ၊ DPNs, UNFCနဲ့ ကျနော်တို့ ဆပ်ကော်မတီ ၂ တွေ့ဆုံခဲ့တဲ့
အနေအထားတွေ၊ နောက်ထပ် ၀ နဲ့ မိုင်းလား အဖွဲ့နဲ့ တွေ့ဆုံခဲ့တဲ့ ကိစ္စတွေ၊ ၀ နဲ့ မိုင်းလားနဲ့
သွားတွေ့ဆုံတဲ့အခါ အခြေအနေကြုံကြိုက်လို့ PNLA တို့၊ MNDA တို့နဲ့ တွေ့ဆုံခဲ့ တာတွေကို ဒီကနေ့
ဆပ်ကော်မတီ ၁ ကိုရော၊ လက်မှက်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ကိုရော
ပြန်လည်တင်ပြတယ်ဆွေးနွေးခဲ့တယ်” ဟု ယခင်က ကချင်ပြည်နယ် အမျိုးသားလွှတ်တော်
ကိုယ်စားလှယ်ဖြစ်သူ ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ (၁) ကော်မတီဝင်
ဦးခက်ထိန်နမ်က မြန်မာတိုင်း(မ်)သို့ ပြောသည်။

အစည်းအဝေးသို့ အစိုးရဖက်မှ ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ ဦးဆောင်သည့်
ကိုယ်စားလှယ် (၁၀) ဦးနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့အစည်းများမှ ပဒိုစောကွယ်ထူးဝင်းဦးဆောင်သည့် ကိုယ်စားလှယ် (၈) ဦး
ပါဝင်တက်ရောက်ကြသည်။

ဤအစည်းအဝေးကို ဇူလိုင်လ (၄) ရက်နေ့မှ (၆) ရက်နေ့အထိ သုံးရက်တာ
ကျင်းပသွားမည်ဖြစ်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။