တရားဥပဒေစိုးမိုးရေး အားနည်းချက်က ပဋိပက္ခ လှုံ့ဆော်သူတွေအတွက် အခွင့်အလမ်းလား

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ။ ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ။ ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)

ပြီးခဲ့တဲ့ နိုဝင်ဘာရွေးကောက်ပွဲရဲ့ မဲဆွယ်စည်းရုံးရေးကာလမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပါတီကိုယ်စားလှယ်လောင်းတွေ ဦးစားပေးဟောပြောခဲ့ကြတဲ့ အကြောင်းအရာ တစ်ခုက
တရားဥပဒေစိုးမိုးရေးပါ။

ဒေါ်အောင် ဆန်းစုကြည်ကိုယ်တိုင်ကလည်း အစိုးရဖွဲ့နိုင်ခဲ့ရင် နိုင်ငံအတွင်းမှာ တရားဥပဒေစိုးမိုးမှု
ရှိအောင် လုပ်မယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရသစ်လက်ထက် ကဏ္ဍတချို့မှာ အပြောင်းအလဲတွေ
ဖြစ်ပေါ်နေပြီဖြစ်ပေမဲ့ တရားဥပဒေစိုးမိုးရေး ကဏ္ဍမှာတော့ သိသိသာသာ ပြောင်းလဲတိုးတက်တာမျိုး
မရှိသေးပါဘူး။

အစိုးရသစ်သက်တမ်းအစမှာပဲ တရားဥပဒေစိုးမိုးရေးကို မေးခွန်းထုတ်ရမယ့် ပဋိပက္ခတချို့
ဖြစ်ပွားခဲ့ပါတယ်။

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူမှာရှိတဲ့ အင်္ဂလီကန်ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်းမှာ
စေတီတည်တဲ့ဖြစ်ရပ်၊ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဗလီအဆောက်အအုံဘေးနားမှာ စေတီတည်တဲ့
ဖြစ်ရပ်တွေ ကို အစိုးရအနေနဲ့ ယနေ့ထိတိုင် ညှိနှိုင်းဖြေရှင်း ပေးနိုင်ခြင်းလည်းမရှိသေးပါဘူး။

ကရင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အထက်ပါဖြစ်ရပ်တွေက အစိုးရအဖွဲ့သစ်ရဲ့ရက် ၁၀၀ စီမံကိန်း
အစပိုင်းအတွင်းမှာ ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုကိုယ်တိုင် အဲဒီခရစ်ယာန်ဘုရားကျောင်းကို
သွားရောက်ခဲ့ပြီး သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တာမျိုးရှိပေမဲ့ မြိုင်ကြီးငူ
ဆရာတော်နဲ့ပတ်သက်ပြီး တစ်စုံတစ်ရာဆောင်ရွက်ခဲ့တာမျိုး မရှိခဲ့ပါဘူး။

ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို ကရင်ပြည်နယ်က ပြန်သွားပြီး နောက်ပိုင်းမှာ
ခရစ်ယာန်ဘုရားကျောင်း ၀င်းနဲ့ကပ်လျက်မှာ မြိုင်ကြီးငူဆရာတော်က နောက်ထပ်စေတီတစ်ဆူ
တည်ခဲ့ပါသေးတယ်။

အင်္ဂလီကန်သာသနာပြုရေးအဖွဲ့ (ဘားအံခရိုင်) ရဲ့ အတွင်းရေးမှူး နော်ဆာဝါးကတော့
မြိုင်ကြီးငူဆရာတော်ရဲ့ စေတီတည်မှုအပေါ် သည်းခံခွင့်လွှတ်နိုင်ပေမဲ့လည်း နောက်ထပ်မဖြစ်ပွားဖို့
အတွက် တားဆီးပေးနိုင်ဖို့ အစိုးရအဖွဲ့ကို တောင်းဆိုချင်ပါတယ်လို့ ပြောပါတယ်။

မြိုင်ကြီးငူဆရာတော်ကိစ္စဟာ အရင်အစိုးရလက်ထက်တုန်းကလည်း ဖြစ်ပွားခဲ့ဘူးပြီး
ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

ကရင်ပြည်နယ်ဖြစ်စဉ်တွေထက် ပိုမိုဆိုးရွားတဲ့ဖြစ်ရပ်တွေလည်း ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာ
ဖြစ်ပွားခဲ့ပါသေးတယ်။

သူရဲသမိန်ပဋိပက္ခဖြစ်ပွားအပြီး ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားစဉ်။ နိုင်ဝင်းထွန်း/မြန်မာတိုင်း(မ်)သူရဲသမိန်ပဋိပက္ခဖြစ်ပွားအပြီး ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားစဉ်။ နိုင်ဝင်းထွန်း/မြန်မာတိုင်း(မ်)

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် သူရဲသမိန် ကျေးရွာမှာ အစ္စလာမ်ဘာသာဝင်တစ်ဦးနဲ့
ဗုဒ္ဓဘာသာဝင်တွေအကြား ပုဂ္ဂိုလ်ရေးအခြေခံကာ ဇွန်၂၃ ရက်က ခိုက်ရန်ဖြစ်ပွားခဲ့ရာမှာ
ကျေးရွာအတွင်းမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ နေအိမ်အဆောက်အအုံနဲ့ ဗလီကို
ဖျက်ဆီးခံခဲ့ရပါတယ်။

တိုင်းဒေသကြီးအစိုးရ၀န်ကြီးချုပ် ဦးဝင်းသိန်းကတော့ သူရဲသမိန်ဖြစ်စဉ်မှာ ပါဝင်သူတွေကို
စုံစမ်းစစ်ဆေးကာ အရေးယူဖို့ စီစဉ်မယ်လို့ အစပိုင်းမှာပြောခဲ့ပေမဲ့ ဇွန် ၂၉ ရက်မှာတော့
အရေးယူလိုက်ရင် ပြဿနာတွေ ပိုဆိုးသွားနိုင်တဲ့အတွက် အရေးယူတာမျိုးတွေ မလုပ်တော့ဘူးဆိုပြီး
ပြောလာပြန်ပါတယ်။

"စုံစမ်းတာကိုတော့ ကျွန်တော်တို့ လုပ်မှာပါ။ ရဲတပ်ဖွဲ့ကိုလည်း ကျွန်တော့်ကို အစီရင်ခံ စာတင်ပါလို့
ပြောထားပါတယ်။ အရေးယူဖို့ အစီရင်ခံစာတင်ခိုင်းတာတော့ မဟုတ်ဘူး။ အရေးယူလိုက်ရင် ပြဿနာက
ပြီးတော့မှာ မဟုတ်ဘူး"လို့ ၀န်ကြီးချုပ် ဦးဝင်းသိန်းက မြန်မာတိုင်း (မ်) ကို ပြောပါတယ်။

ဝန်ကြီးချုပ် ဦးဝင်းသိန်းရဲ့ ပြောကြားချက်အပေါ် မြန်မာနိုင်ငံသား မွတ်စလင်ရှေ့နေများအသင်းရဲ့ အဖွဲ့ဝင်
ဦးကျော်ငြိမ်းက ခိုင်လုံမှုမရှိဘူးလို့ ဝေဖန်ပြောကြားလိုက်ပါတယ်။

"တရားဥပဒေစိုးမိုးမှုက အားလုံးရဲ့ အထက်မှာ ရှိနေရမှာပါ။ ပြဿနာထပ်ကြီးမှာစိုးလို့ အရေးမယူဘူး
ဆိုတာတွေ၊ တိုင်တဲ့သူမရှိလို့ အရေးမယူဘူးဆိုတာတွေက အကြောင်းအကျိုး မခိုင်လုံဘူး။
အရေးမယူရင် နောက်ထပ်ကျူးလွန်ဖို့ဆိုတာ လွယ်ကူသွားလိမ့်မယ်။ ဒါမျိုးနောက်တစ်ခေါက်ဖြစ်ရင်
ဘယ်သူတာဝန်ယူမှာလဲ"လို့ ဦးကျော်ငြိမ်း က ဆိုပါတယ်။

သူရဲသမိန်ဖြစ်စဉ်ကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကလည်း သွားရောက်လေ့လာ
စုံစမ်းခဲ့ပေမဲ့ အရေးယူဖို့တစ်စုံတစ်ရာ တိုက်တွန်းခြင်းမရှိခဲ့ဘူးဆိုတာကို ကော်မရှင်ရဲ့ ဇွန် ၃၀ ရက်က
ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဲဒီသတင်းကြေညာချက်မှာ ဖော်ပြထားတာကတော့ ကျေးရွာသားချင်း တစ်ဦးနဲ့တစ်ဦး
ချစ်ကြည်ရင်းနှီးမှု၊ ယုံကြည်မှုပျက်ပြားစေပြီး အထင်အမြင် လွဲမှားစေတဲ့ အမုန်းစကားတွေကို
ဖေ့စ်ဘွတ်ခ်အပါအ၀င် နည်းမျိုးစုံနဲ့ ပြောဆိုမှုတွေကို ရှောင်ကြဉ်သင့်ကြောင်းနဲ့ အစဉ်အဆက်
နေထိုင်လာခဲ့တဲ့ ကျေးရွာသားတွေ ကိုယ့်နေရာမှာ လုံခြုံအေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ဖို့
အစီအမံတွေ ချမှတ်ဆောင်ရွက်ပေးသင့်တယ်လို့ ဆိုပါတယ်။

ကော်မရှင်ဒုဥက္ကဋ္ဌ ဦးစစ်မြိုင်ကတော့ ဘာသာရေးအဆောက်အအုံကို ဖျက်ဆီးတာဟာ
ဥပဒေချိုးဖောက်တာဖြစ်တဲ့အတွက် အရေးယူဖို့ လိုအပ်တယ်လို့ သူ့ရဲ့ အမြင်ကို ပြောပါတယ်။

"ဥပဒေချိုးဖောက်တာမှန်သမျှက လူ့အခွင့်အရေးချိုးဖောက်တာပါပဲ"လို့ ဦးစစ်မြိုင်က ဆိုပါတယ်။

လူနည်းစု အမည်နာမ သတ်မှတ်ချက်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ်တွင် ဆန္ဒထုတ်ဖော်နေစဉ်။ ဓာတ်ပုံ - အီးပီအေလူနည်းစု အမည်နာမ သတ်မှတ်ချက်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ်တွင် ဆန္ဒထုတ်ဖော်နေစဉ်။ ဓာတ်ပုံ - အီးပီအေ

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့် အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီကလည်း
သူရဲသမိန်ဖြစ်စဉ်အပါအ၀င် လူနည်းစု ဘာသာခြားများအပေါ် ဖိနှိပ်အကြမ်းဖက်မှုများကို ရှုတ်ချပေးဖို့နဲ့
ပြစ်မှုကျူးလွန်သည့် မည်သည့်လူမျိုး၊ ဘာသာဝင်မဆို ဥပဒေနဲ့အညီ တိကျစွာအရေးယူရမယ်လို့ သူ့ရဲ့
၁၂ ရက်တာ မြန်မာနိုင်ငံ ခရီးစဉ်အပြီး သတင်းစာရှင်းလင်းပွဲမှာအစိုးရသစ်ကို
တိုက်တွန်းပြောကြားခဲ့ပါတယ်။

"မကြာသေးခင်အချိန်က ဖြစ်ပွားခဲ့တဲ့ကိစ္စမှာ အစိုးရက အရေးမယူဘူးဆိုတဲ့ သတင်းတွေကြောင့်
ကျွန်မ စိုးရိမ်ပူပန်မိပါတယ်။ ဒါဟာမှန်ကန်တဲ့ လုပ်ဆောင်ချက်ဖြစ်တယ်လို့ ကျွန်မ မထင်ဘူး"လို့
မစ္စ ယန်ဟီးလီက ပြောပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်သတင်းစာ ရှင်းလင်းပွဲ
မလုပ်မီ သုံးနာရီအလိုမှာပဲ ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုမှာ ရေမဆေးကျောက်
ရှာဖွေသူအများစုပါဝင်တဲ့ လူအင်အား ၅၀၀ ခန့်ရှိတဲ့ လူအုပ်စုက ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားတဲ့
အစ္စလာမ်ဘာသာဝင်တွေရဲ့ ၀တ်ပြုကိုးကွယ်ဆောင်ကို မီးရှို့ဖျက်ဆီးခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

အစိုးရသစ်လက်ထက်မှာ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခ ဖြစ်စေရန်လှုံ့ဆော်တဲ့ တတိယမြောက်
ဖြစ်စဉ်ဖြစ်ပြီး မီးရှို့ဖျက်ဆီးမှု မဖြစ်ပွားဖို့အတွက်လည်း လုံခြုံရေး အာဏာပိုင်တွေက တားဆီးနိုင်ခဲ့ခြင်း
မရှိဘူးလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ မီးရှို့တဲ့ဖြစ်စဉ်မှာပါဝင်သူ ရာနဲ့ချီ ရှိပေမဲ့လည်း လက်ရှိအချိန်ထိ ပါဝင်သူနှစ်ဦးကိုသာ
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၁၄၅/၄၃၆/ ၁၁၄) နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ကချင်ပြည်နယ်အစိုးရ
အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"နယ်လုံဝန်ကြီးကိုယ်တိုင် သွားရောက် စစ်ဆေးပြီးသွားပါပြီ။ လောလောဆယ်တော့ နှစ်ဦးပေါ့နော်။
စုံစမ်းစစ်ဆေးတာတွေကတော့ မပြီးသေးပါဘူး"လို့ အဆိုပါ တာဝန်ရှိသူက ဆိုပါတယ်။

လက်ရှိမှာတော့ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာမှာရှိတဲ့ ဘာသာရေးဝတ်ပြုဆောင်နဲ့ အနီးတစ်ဝိုက်ကို
မည်သူမှ ၀င်ခွင့်မပြုဖို့ ပြည်နယ်အစိုးရအဖွဲ့က ပုဒ်မ ၁၃၃ အမိန့် ထုတ်ပြန်ထားပါတယ်။

ဘာသာရေးပဋိပက္ခနဲ့ ပတ်သက်တဲ့ လှုံ့ဆော်မှုတွေကို တရားဥပဒေစိုးမိုးမှုနဲ့
ကိုင်တွယ်ဖြေရှင်းသင့်တယ်ဆိုပြီး ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်း
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေအပေါ် ပြည်သူအများစု သဘောကျနှစ်သက်ခဲ့ပေမဲ့
အစိုးရသစ်လက်ထက်အတွင်းမှာ ဘာသာရေး ပဋိပက္ခဖြစ်အောင် လှုံ့ဆော်နေတဲ့ဖြစ်ရပ်တွေအပေါ်
ကိုင်တွယ်နိုင်ခြင်း မရှိသေးပါဘူး။

ဘာသာမတူ လူမျိုးစုတွေအကြား သဟဇာတဖြစ်ရေးကို ရှေးရှုတဲ့အနေနဲ့ ပဋိပက္ခဖြစ်စဉ်တွေအပေါ်
အစိုးရသစ်က ထိထိရောက်ရောက် အရေးယူခြင်း မရှိခဲ့တာက ဘာသာရေး ပဋိပက္ခဖြစ်အောင်
လှုံ့ဆော်ချင်သူတွေအတွက် အခြေအနေတစ်ခု ဖန်တီးပေးထားသလို ဖြစ်နေပါတော့တယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။