Friday, 19 September 2014

ဒုတိယ မတ်ထပွတ်မဖြစ်လိုတဲ့... ထားဝယ်

ထားဝယ်စီးပွားရေးဇုန် ဧရိယာအတွင်း တည်ဆောက်ရေးလုပ်ငန်းများ ပြင်ဆင်နေသည်ကို ၂၀၁၂ ခုနှစ်အစောပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ-မြန်မာတိုင်း(မ်)ထားဝယ်စီးပွားရေးဇုန် ဧရိယာအတွင်း တည်ဆောက်ရေးလုပ်ငန်းများ ပြင်ဆင်နေသည်ကို ၂၀၁၂ ခုနှစ်အစောပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ-မြန်မာတိုင်း(မ်)

အေးမြတဲ့သစ်ပင်ရိပ်အောက်မှာ ထိုင်ရင်း လွန်ခဲ့တဲ့ နှစ် ၃၀ အတွင်း ဒေသရဲ့ ပြောင်းလဲမှုတွေနဲ့အတူ
ဆုံးရှုံးလိုက်ရတဲ့ သူပိုင်လယ်မြေတွေနဲ့ မိသားစုဘ၀ကို ပြန်လည်ပြောပြနေတဲ့ အဘိုးအိုရဲ့ မျက်ဝန်း
တွေက မှိုင်းညို့လို့နေပါတယ်။

"အရင်တုန်းကတော့ လယ်လုပ်ငန်း လုပ်တာလေ။ လယ်မြေအများကြီးပိုင်တာပေါ့။ အခုတော့
စီမံကိန်းကြောင့် စွန့်လွှတ်လိုက်ရတယ်။ ကိုယ်ပိုင်တဲ့ ခြံ လေးထဲမှာတော့ နိုင်သလောက်စိုက်နေ
ပေမယ့် ညစ်ညမ်းတဲ့ ရေနဲ့ လေထုတွေကြောင့် ရှင်သန်ဖို့ ခဲယဉ်းတယ်"လို့ ပိုးကိုက်နေတဲ့ သရက်ပင်
ကို ကိုင်းပြရင်း အဘိုးအိုက ပြောပါတယ်။

အရင်တုန်းက မတ်ထပွတ်လို့ခေါ်တဲ့ ဒေသမှာ လယ်မြေအများအပြားနဲ့အတူ သာယာချမ်းမြေ့တဲ့
မိသားစုဘ၀ကို ပိုင်ဆိုင်ထားတဲ့ လယ်သမားကြီးနွိုင်ရဲ့ ပျော်ရွှင်မှုနဲ့ သာယာတဲ့မိသားစုဘ၀လေးဟာ
အခုအချိန်မှာတော့ ထိုင်းနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကြီးတွေ အောက်မှာ ပျောက်ကွယ်သွား
ပါပြီ။

"လယ်တွေက စက်မှုဇုန်စီမံကိန်းထဲပါသွားတယ်လေ။ မိသားစုဝင် ခြောက်ယောက်လည်း ကင်ဆာ
ရောဂါနဲ့ ဆုံးသွားပြီ"လို့ အဘိုးအိုနွိုင်က ပြောပါတယ်။ ထိုင်းနိုင်ငံ၊ ရယောင်းပြည်နယ်၊ ပင်လယ်ကမ်း
ဘေးက မတ်ထပွတ်ဆိုတဲ့ ဒေသလေးဟာ နိုင်ငံတော်ရဲ့ အရှေ့ဘက် ပင်လယ်ဒေသဖွံ့ဖြိုးရေးစီမံ
ကိန်း စတင်အကောင်အထည်ဖော်တဲ့ ၁၉၈၁ ခုနှစ်မှာပဲ ပြောင်းလဲမှုတွေကို စတင်ရင်ဆိုင်ခဲ့ရတယ်။
ထိုင်းနိုင်ငံရဲ့ အကြီးမားဆုံးဒေသ ဖွံ့ဖြိုးရေးအတွက် မတ်ထပွတ် စက်မှုဇုန်ဟာ သဘာဝဓာတ်ငွေ့ပိုင်
လိုင်း ဓာတ်အားပေးစက်ရုံ၊ ဓာတုရေနံသန့်စင်စက်ရုံ၊ ကျောက်မီးသွေးစက်ရုံ၊ ပလတ်စတစ်စက်ရုံစတဲ့
နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှုတွေနဲ့ လည်ပတ်လာချိန်မှာတော့ ပင်လယ်ကမ်းခြေ မတ်ထပွတ်ဆိုတဲ့
ဒေသလေးရဲ့ သဘာဝပတ်ဝန်းကျင်၊ ဒေသခံတွေရဲ့ စီးပွားရေး၊ လူမှုရေးနဲ့ ကျန်းမာရေးအခြေအနေ
တွေဟာလည်း တစ်စထက်တစ်စ ယိုယွင်းလာရတယ်လို့ မတ်ထပွတ်ဒေသခံတွေက ဆိုပါတယ်။


ကြီးမားတဲ့ စက်မှုဇုန်တစ်ခုဖြစ်တာကြောင့် ဒေသခံတွေရဲ့ မြေယာ လျော်ကြေးငွေ မမျှတမှုတွေ၊
စက်ရုံတွေ က စွန့်ပစ်ပစ္စည်းတွေကို စည်းကမ်းမဲ့ မြစ်ချောင်းတွေနဲ့ လေထုထဲကို စွန့်ပစ်မှုတွေဟာ
စက်မှုဇုန်ပတ်လည်မှာ နေထိုင်တဲ့ဒေသခံတွေရဲ့ ကျန်းမာရေးကို ခြိမ်းခောက်လာခဲ့တယ်။ ဒီရေနံ
ဓာတုစက်ရုံ မီးခိုးခေါင်းတိုင်ကနေ လေထုထဲမှာ လွင့်ပျံ့နေတဲ့ ဘော်လတိုင်း အော်ဂင်းနစ်ကွန်ပေါင်း
တွေအပြင် အဆိပ်သင့်စေတဲ့ အခြားကွန်ပေါင်း ဓာတ်ငွေ့တွေကြောင့် အခြားပြည်နယ်တွေနဲ့ယှဉ်ရင်
ရယောင်း ပြည်နယ်မှာ ကင်ဆာဖြစ်ပွားမှု ရာခိုင်နှုန်း တွေလည်း မြင့်တက်လာခဲ့ပါတယ်။ အလားတူ
စက်ရုံတွေရဲ့ စည်းကမ်းမဲ့ ရေဆိုးစွန့်ပစ်မှုတွေကြောင့် ပင်လယ်ရေတွေ ညစ်ညမ်းလာတဲ့အတွက်
တံငါ လုပ်ငန်းလုပ်ကိုင်ဖို့ ဒေသခံတွေအတွက် အဆင်မပြေတော့သလို ပင်လယ်ထဲက ငါးတွေဟာ
စားသုံးဖို့မသင့်တော်တော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမယ့် စီးပွားရေးလုပ်ငန်းရှင်တွေ
က တော့ ငါးသေတ္တာလုပ်ပြီး ပြည်ပပို့ကုန်အဖြစ် အခြားနိုင်ငံကိုတင်ပို့တယ်လို့ ဒေသခံတွေက ဆိုပါ
တယ်။ အဆိုးဆုံးကတော့ သတ္တုစိမ့်ဝင်မှု ကြောင့် မြေအောက်ရေ ညစ်ညမ်းလာတဲ့အတွက် ခြံထဲမှာ
ရှိတဲ့ ရေတွင်းတွေကိုပိတ်ပြီး ရေ၀ယ်သုံးနေရတဲ့အတွက် ကုန်ကျစရိတ် ပိုမိုမြင့်တက်လာပါတယ်။


ဒါတွေဟာ စက်မှုဇုန်ရဲ့ ဆိုးကျိုးတွေကြောင့်ဆိုတာ သတိထားမိတဲ့အခါမှာတော့ သူတို့အတွက်
အရာအားလုံးဟာ နောက်ကျခဲ့ပါပြီ။ ၂၀၀၇ ခုနှစ်လောက်မှာတော့ မတ်ထပွတ်ဒေသရဲ့ လေထု
ညစ်ညမ်းမှုဆိုးကျိုး သတင်းတွေဟာ ထိုင်းသတင်း မီဒီယာတွေရဲ့ ခေါင်းကြီးသတင်းတွေ ဖြစ်လာပါ
တော့တယ်။

"စီမံကိန်းမစခင်တုန်းက ကန့်ကွက်ကြတာမျိုးမရှိပါဘူး။ ၁၀ နှစ်လောက် အကြာမှာစပြီး သတိထားမိ
တာ။ သီးနှံ ထွက်လည်း မကောင်း၊ အပင်တွေကလည်း ပုပ်သွားတယ်။ မြေအောက်ရေက သုံးလို့မရ
ဘူး။ ဒီလိုခံစားနေရတာ နှစ် ၂၀ လောက်ရှိပြီ"လို့ မတ်ထပွတ်စက်မှုဇုန်နဲ့ ရှစ်ကီလိုမီတာသာကွာဝေး
တဲ့ ရပ်ကွက်မှာနေထိုင်တဲ့ ပက်ချရီဆိုတဲ့အမျိုးသမီး က ပြောပါတယ်။

ဒီလိုမျိုး ရေထု၊ လေထုညစ်ညမ်းမှုတွေကြောင့် မိုးရာသီရောက်တဲ့အခါ ပထမ ဦးဆုံးရွာတဲ့မိုးမှာ
အက်စစ်ဓာတ်တွေ ပါဝင်တတ်တဲ့အတွက် မထိအောင် ရှောင်ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

"အရင်ကထက် အရေပြားရောဂါတွေ ဖြစ်လာတယ်။ အဖုတွေပေါက်တာ၊ အကွက်တွေဖြစ်လာတာ
မျိုးတွေပေါ့" လို့ ဆိုရင်း ပက်ချရီဟာ သူ့ဘောင်းဘီကို လှစ်လိုက်တဲ့အခါမှာတော့ ကြောက်ဖို့
ကောင်းတဲ့ အညို၊ အမည်းကွက်တွေက သူ့ရဲ့ပေါင်းရင်းလောက်အထိ နေရာယူ လို့ နေလေရဲ့။
မတ်ထပွတ် ဒေသခံတွေအတွက် စက်မှုဇုန်နဲ့ပတ်သက်ပြီး သူတို့နာကျင် ခံစားမှုတွေကိုလျော့ပါးဖို့
သက်ဆိုင်ရာ အစိုးရထံ ပုံစံအမျိုးမျိုးနဲ့ တောင်းဆိုခဲ့တာကြောင့် တချို့စီမံကိန်းတွေကို ရပ်တန့်ထား
ပေမယ့် အခြားသော ကျန်းမာရေးနဲ့ လူမှုရေးပြဿနာတွေကတော့ ယနေ့တိုင် သပွတ်အူသဖွယ်သာ
ဖြစ်လို့ နေပါတယ်။ ရယောင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနရဲ့ လုပ်ငန်းခွင်နဲ့ ပတ်ဝန်းကျင်ဆိုင်
ရာရောဂါများ ကာကွယ်ရေးပညာရှင် မစ္စတာ ထမသွန်အက်ချရီယာမတ်က မတ်ထပွတ်စက်မှုဇုန်
တည်ဆောက်ပြီးနောက်ပိုင်း ရယောင်းပြည်နယ်မှာ ကင်ဆာရောဂါဖြစ်ပွားမှု ရာခိုင်နှုန်းမြင့်တက်လာ
တယ်ဆိုတာကို အတည်ပြုပေမယ့် စက်မှုဇုန်ကြောင့် ဒီရောဂါတွေဖြစ်လာတယ် ဆိုတာကိုတော့
အတိအကျ ပြောဖို့ခဲယဉ်းတယ်လို့ ဆိုပါတယ်။

"စဉ်းစားရတဲ့အချက်က အနီးတစ်ဝိုက်က စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ပိုးသတ်ဆေးသုံးတာကလည်း
များတယ်။နောက်စက်မှုဇုန်ကြောင့် ပြောင်းရွှေ့လာတဲ့ ရွှေ့ ပြောင်းလုပ်သားတွေက တစ်ဆင့်ကူး
တာလားဆိုတာကလည်း စဉ်းစားစရာပဲ"လို့ မစ္စတာထမသွန်က ပြောပါတယ်။

နှစ် ၃၀ အတွင်းမှာ အစိုးရရဲ့ ကျန်းမာရေးဘတ်ဂျက်ကို ကြည့်မယ်ဆိုရင် မတ်ထပွတ်အတွက်
ဘတ်ဂျက်က အခြား ဒေသတွေထက် ပိုများတယ်လို့ သူက ဆိုပါသေးတယ်။

"တိုးတက်မှုကြောင့် ခံစားရတာတွေရှိတယ်။ မကောင်းဘူးချည်းမဟုတ်ဘူး။ အဓိကကတော့ အစိုးရ
က ကောင်းကောင်း ထိန်းချူပ်ထားနိုင်ဖို့နဲ့ တိကျတဲ့ စည်းမျဉ်းစည်းကမ်းတွေရှိဖို့ပဲ။ ထိုင်း နိုင်ငံမှာ
တော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေလို စည်းမျဉ်းစည်းကမ်းတွေရှိ ပေမယ့် စက်ရုံတွေမှာ
လိုက်နာမှုရှိ၊ မရှိ စောင့်ကြည့်မှုမှာ အားနည်းတဲ့အတွက် အခုလိုမျိုး ပြဿနာတွေကြုံနေရတာဖြစ်
တယ်"လို့ မစ္စတာထမသွန်က ပြောပါတယ်။

ထိုင်းအစိုးရအနေနဲ့ ပြည်သူတွေရင်ဆိုင်နေရတဲ့ အခြေအနေတွေကို သိနေပေမယ့်လည်း တိုင်းပြည်
ရဲ့ အဓိက၀င်ငွေတစ်ခုဖြစ်တဲ့ မတ်ထပွတ်ကို ရပ်တန့်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ဒါ့ပြင် ၂၀၀၆
ခုနှစ် ထိုင်းနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရအနေနဲ့ သူ့ရဲ့ တာဝန်ဝတ္တရားတွေ ပျက်ကွက်ရင်
နိုင်ငံသားတွေက အစိုးရကို တရားစွဲခွင့်ပေးထားပါတယ်။ တစ်ဖက်မှာလည်း ဥပဒေတွေဟာ အရင်
ကထက် ပိုမိုတင်းကျပ်လာသလို ပြည်သူလူထုကလည်း ကျန်ရှိ နေတဲ့ စီမံကိန်းတွေကို ဆက်လုပ်ဖို့
လက်မခံတော့အခြေအနေမှာ နောက်ထပ် မဟာဗျူဟာကျတဲ့ နေရာတစ်ခုကို တွေ့ရှိလိုက်ပါတယ်။
ဒီနေရာကတော့ မြန်မာ နိုင်ငံအောက်ပိုင်းက ထားဝယ်ဒေသပဲ ဖြစ်ပါတယ်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ မြောက်ဘက်၊ရေဖြူမြို့နယ်၊ နဘုလယ် ဒေသဟာ ပင်လယ်
ကမ်းရိုးတန်း ဒေသတစ်ခုဖြစ်ပြီး ပထ၀ီဝင်အနေအထား၊ သဘာဝပတ်ဝန်းကျင်၊ သယံဇာတအနေ
အထားနဲ့ အသက်မွေးဝမ်း ကျောင်းလုပ်ငန်းတွေဟာ မတ်ထပွတ် ဒေသနဲ့ ပုံစံတူအနေအထားဖြစ်
တယ် လို့ ရယောင်းဒေသခံတွေက ပြောပါတယ်။

ဒါကြောင့်လည်း ထိုင်းအစိုးရအနေနဲ့ နဘုလယ်ဒေသကို ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွား
ရေးဇုန်ကို အကောင်အထည်ဖော်ဖို့ မြန်မာအစိုးရနဲ့ ၂၀၀၈ ခုနှစ်မှာ နားလည်မှုစာချွန်လွှာ လက်မှတ်
ထိုးခဲ့တယ်။

စီမံကိန်းကို အကောင်အထည်ဖော်ဖို့ အီတာလျံထိုင်း ကုမ္ပဏီဟာ မက်စ်မြန်မာကုမ္ပဏီနဲ့ ပူးပေါင်းပြီး
ထားဝယ်ဖွံ့ဖြိုးရေးကုမ္ပဏီ ကို ထူထောင်ခဲ့တယ်။ စီမံကိန်းလျာထားချက်အရ ထားဝယ်အထူးစီးပွား
ရေးဇုန်ဟာ ဧရိယာစတုရန်း မိုင် ၂၅၀ ၀န်းကျင် အကျယ်အ၀န်းရှိပြီး အဆင့်သုံးဆင့်ခွဲကာ ၂၀၁၀
ပြည့်နှစ်မှ ၂၀၁၉ ခုနှစ်အတွင်း အကောင်အထည် ဖော်သွားမှာ ဖြစ်ပါတယ်။

ကနဦး ရင်းနှီး မြှုပ်နှံမှုကတော့ အမေရိကန်ဒေါ်လာ ၈ ဒသမ ၆ ဘီလျံ ဖြစ်ပါတယ်။ စီမံကိန်းအတွက်
မြေငှားရမ်းမှုကာလ က အမြင့်ဆုံး ၇၅ နှစ် သတ်မှတ်ထားပြီး မြန်မာအစိုးရက ငွေအရင်းအနှီး စိုက်
ထုတ်စရာမလိုဘဲ အကျိုးအမြတ်ရဲ့ ၂၀ ရာခိုင်နှုန်းက ရရှိမှာဖြစ်ပါတယ်။

စီမံကိန်းကို ဇုန်ခြောက်ခုခွဲကာ ရေ နက်ဆိပ်ကမ်းနဲ့ အကြီးစားစက်မှု လုပ်ငန်း၊ ရေနံဓာတုလုပ်ငန်း၊
အသေးစား နှင့် အလတ်စားစက်မှုလုပ်ငန်းများ၊ မြို့ပြ အိမ်ရာများ ပါဝင်မှာဖြစ်ပါတယ်။ ဒါကြောင့်
ထားဝယ်စီးပွားရေးဇုန်ဟာ မြန်မာနိုင်ငံအတွက် နိုင်ငံခြားရင်း နှီးမြှုပ်နှံများ ပိုမိုရောက်ရှိလာနိုင်မှာဖြစ်
သလို ဒေသခံတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းနဲ့ ၀င်ငွေလည်း ပိုမိုတိုးတက်လာမယ်လို့
စီးပွားရေးပညာ ရှင်တွေက ခန့်မှန်းခဲ့ကြပါတယ်။

ဒါ့ပြင် ထားဝယ်ဒေသဟာ ကမ္ဘာတစ်ဝန်းကုန်စည်ကူးသန်းရောင်းဝယ်ဖို့ အချက်အချာကျတဲ့ မဟာ
ဗျူဟာနေရာတစ်ခုလည်းဖြစ်တယ်လို့ ပညာရှင်တွေက သုံးသပ်ခဲ့ကြတယ်။ ဒါပေမယ့် အခြားတစ်
ဖက်မှာလည်း သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံတွေရဲ့ လူမှုစီးပွားရေး၊ ကျန်းမာရေးအခြေအနေ
ယိုယွင်းပျက်စီးမှုတွေကို ကြုံတွေ့ရနိုင်လို့ လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင်ပညာရှင်တွေက သတိ
ပေးထားပါတယ်။

သို့ပေမယ့် ထားဝယ်နဲ့ပတ်သက်တဲ့ အမျိုးမျိုးသော မှန်းဆချက်တွေဟာ ယခုအချိန်အထိ အောင်မြင်
မှုတစ်စုံတစ်ရာမရှိခဲ့သေးပါဘူး။ ထားဝယ်ဖွံ့ဖြိုးရေး ကုမ္ပဏီအနေနဲ့ ရွှေ့ပြောင်းရမယ့် ကျေးရွာတွေ
အတွက် မြေလျော်ကြေး ပေးတာ၊ နဘုလယ်ရွာကနေ ထိုင်း- မြန်မာ နယ်စပ် ဖူနမ်ရွမ်ကျေးရွာအထိ
လမ်းဖောက်လုပ်တာနဲ့ မြေယာပြုပြင်မှုတွေနဲ့ ၀န်ထမ်းအိမ်ရာဆောက်လုပ်မှု တွေကလွဲရင် တခြား
ဘာလုပ်ငန်းမှ အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး။

မြေလျော်ကြေးပေးတဲ့နေရာမှာလည်း တိကျတဲ့၊ သတ်မှတ်ချက်မရှိတဲ့အတွက် ဒေသခံတို့အကြားမှာ
စိတ်ဝမ်းကွဲမှု တောင် ဖြစ်ပေါ်စေတယ်လို့ ထားဝယ် ဒေသရဲ့ ရပ်ရွာအကျိုးပြုအဖွဲ့အစည်း တစ်ခုဖြစ်
တဲ့ ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့က ကိုဘိုဘိုအောင်က ပြောပါတယ်။

အီတာလျံထိုင်း ကုမ္ပဏီအနေနဲ့ ကြီးမားတဲ့စက်မှုဇုန်အတွက် ရင်းနှီးမြှုပ်နှံနိုင်ဖို့ မလွယ်ကူတာကြောင့်၊
လုပ်ငန်းအကောင်အထည်ဖော်မှုမှာ နှေးကွေးခဲ့တာကြောင့် အခုအချိန်မှာတော့ မြန်မာနဲ့ ထိုင်းအစိုးရ
ခေါင်းဆောင်များရဲ့ ကတိက၀တ်တွေနဲ့ စီမံကိန်းကို အရှိန်အဟုန် မြှင့် အကောင်အထည်ဖော်ဖို့
မြန်မာ-ထိုင်း နှစ်နိုင်ငံပူးတွဲကော်မတီထူထောင်ပြီးသွားပါပြီ။

ယခုလ ၇ ရက်နေ့မှာပဲ ထားဝယ် အထူးစီးပွားရေးဇုန်နဲ့ ဆက်စပ်စီမံကိန်းများ အကောင်အထည်ဖော်
ရေးဆိုင်ရာ မြန်မာအဆင့်မြင့်ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဦးဆောင်တဲ့ မြန်မာ
ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်းဝန်ကြီးချုပ် မစ္စရင်လပ်ရှင်နာဝပ် တွေ့ဆုံခဲ့ပြီး ထားဝယ်စီမံကိန်း
အတွက် ဆွေးနွေးခဲ့သလို စီမံကိန်းဆိုင်ရာ သဘောတူစာချုပ်တွေကိုလည်း ချုပ်ဆိုခဲ့ပါတယ်။

ဒါကြောင့် ထားဝယ်ဒေသရဲ့ မျှော်လင့်ချက်ရောင်ခြည်ဟာ ပြန်လည်ဦးမော့လာပြီဖြစ်ပေမယ့်လည်း
ဒေသခံပြည်သူ တွေအတွက် အကျိုးရှိမယ့်၊ ပတ်ဝန်းကျင်ကို မထိခိုက်အောင် အာမခံနိုင်မယ့်
သက်ဝင်လှုပ်ရှားတဲ့ ပြည်သူလူထုဆိုင်ရာ မူဝါဒတွေကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်လာပါပြီ။

"တိုင်းပြည်စီးပွားရေး တိုးတက်အောင်လုပ်ဖို့ မူဝါဒချမှတ်တဲ့သူတွေရဲ့ ခေါင်းထဲမှာ လစ်ဟာနေတာ
ကတော့ လူမှုရေး တရားမျှတမှုပဲ။ ဒေသခံတွေဟာ အမြဲတမ်း ဖယ်ထားခြင်းခံနေရတယ်"လို့
ထိုင်းနိုင်ငံ၊ ချူလာလောင်ကွန် တက္ကသိုလ်ရဲ့ သုတေသနစီမံချက်မှာ ထားဝယ်စီမံကိန်းကို
သုတေသနပြုလုပ် နေတဲ့ ဦးဇော်အောင်က ပြောပါတယ်။

"ဘယ်သူကပဲ ဦးဆောင်လုပ်လုပ် အဓိကကတော့ ပွင့်လင်းမြင်သာမှုရှိဖို့ပဲ။ ရင်းနှီးမြှုပ်နှံမှုဥပဒေက
တော့ ထွက်လာပြီ။ ဒီရင်းနှီးမြှုပ်နှံတွေကို စည်းကမ်းတကျ စစ်ဆေးကိုင်တွယ်ရမယ့် သဘာဝ
ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေက မထွက်သေးဘူး။ မဖွံ့ဖြိုးတဲ့နိုင်ငံ အတွက် ဖွံ့ဖြိုးမှုက ပိုလို
အပ်တယ်။ ဘာတွေ ထိခိုက်နိုင်မလဲဆိုတာကို ကြိုသိဖို့ လိုတယ်။ ဒီအတွက် ကြိုပြင်ဆင်ဖို့လည်း
လိုတယ်"လို့ သစ်တောသယံဇာတနှင့် ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်မှု ထိန်းသိမ်း ရေးအသင်းရဲ့
ဒုတိယဥက္ကဋ္ဌ ဦးအုန်းက ပြောပါတယ်။

ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေဇုန် အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မောင်ဆွေက
စီမံကိန်း အရှိန်မြှင့်ဆောင်ရွက်ဖို့ နိုင်ငံတော် သမ္မတရုံးမှ ကော်မတီခြောက်ခု ဖွဲ့ထားပြီး လုပ်ငန်းများ
ကိုလည်း အသစ်ပြန်လည် ရေးဆွဲနေတယ်လို့ ဆိုပါတယ်။

စီမံကိန်း တစ်ခုချင်းစီအတွက် စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင်ထိခိုက်မှု အစီရင်ခံတွေကို နိုင်ငံ
တကာအဆင့်မီ ISO လက်မှတ်ရထားတဲ့ အဖွဲ့အစည်းတွေနဲ့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

"အဓိကကတော့ ဒေသထွက်ကုန် တွေကို အဆင့်မြှင့်ထုတ်ကုန်ဖြစ်မယ့် လုပ်ငန်းမျိုးတွေ၊ နောက်
လူ့စွမ်းအား အရင်းအမြစ်တွေကို မြှင့်တင်ပေးနိုင်မည့် အိုင်တီလိုစက်ရုံမျိုးတွေ လုပ်မှာပါ။ အပြင်မှာ
ပြောနေကြသလို လူထုကို အန္တရာယ်ဖြစ်မယ့် ရင်းနှီးမြှုပ်နှံမှုမျိုးကို တော့ လက်ခံမှာမဟုတ်ပါဘူး။
သူတို့ လုပ်ချင်တိုင်းလုပ်လို့မရဘူး။ တင်ပြလာတဲ့အချက်အလက်တွေကို သေချာစဉ်းစားပြီးမှ လုပ်
ငန်းတွေကို ခွင့်ပြုမှာပါ"လို့ ဦးတင်မောင်ဆွေက ပြောပါတယ်။

မတ်ထပွတ်ဒေသခံတွေကတော့ ထားဝယ်မှာသာ စက်မှုဇုန်ဖြစ်ခဲ့ရင် ဒုတိယ မတ်ထပွတ်မဖြစ်ဖို့
သတိပေးချင်တယ်လို့ တစ်ညီတစ်ညွတ်တည်း တိုက်တွန်းခဲ့ကြတယ်။

"ထားဝယ်က မတ်ထပွတ်ထက် ၁၀ ဆလောက်ကြီးတယ်လို့ ကြားတယ်။ ကျွန်တော်တို့တုန်းက
တော့ စီမံကိန်းမစခင် ဘာဗဟုသုတမှ မရှိတော့ ဘာမှမလုပ်နိုင်ခဲ့ဘူး။ ဘာသတင်းအချက် အလက်
မှလည်း မရခဲ့ဘူး။ အခုတော့ ဘာမှမတတ်နိုင်ခဲ့ဘူး။ ဒီတော့ ထားဝယ်အတွက် မှာချင်တာက
သတင်းအချက် အလက်မှန်ကိုရအောင် ကြိုးစားပါ"လို့ မတ်ထပွတ်ဒေသခံ ဥဒုံးက၊ဆိုပါတယ်။

"ကျွန်တော်တို့ ထိုင်းပါလီမန်အထိသွားပြီး ဒေသမှာကြုံနေရတဲ့အခက် အခဲတွေကို ရှင်းပြဖူးပါတယ်။
ထိုင်းနိုင်ငံ ပြင်ပမှာ ထိုင်းကုမ္ပဏီတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေးယူဖို့ဆိုတာ
သူတို့အတွက် ခက်ခဲတယ် လို့ပြောတယ်။ အခုအချိန်မှာတော့ ကုမ္ပဏီကနေ အစိုးရချင်းဖြစ်လာ
တော့ ကျွန်တော်တို့ အတွက် ပိုခက်ခဲလိမ့်မယ်။ မကြာခင် အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းတာမျိုး
တွေ ကြုံလာနိုင်တယ်"လို့ ထားဝယ် ဖွံ့ဖြိုးရေးအဖွဲ့က ကိုရဲလင်းမြင့်က ပြောပါတယ်။

အခုအချိန်မှာ နိုင်ငံတော်သမ္မတကြီး အပါအ၀င် ပညာရှင်တွေအားလုံးရဲ့ စကားလုံးထဲမှာတော့
ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့ စကားလုံးပါပဲ။ တကယ်တမ်း လက်တွေ့မှာတော့
ပြည်သူလူထုအတွက် ရေရှည်အကျိုးရှိတဲ့၊ ပတ်ဝန်းကျင်ကို မထိခိုက်တဲ့ ဖွံ့ဖြိုးမှုမျိုးကို ထားဝယ်
အတွက် ဆောင်ကျဉ်း ပေးနိုင်ပါ့မလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။