Friday, 21 November 2014

သမိုင်းမှတ်တမ်းတင်ရမယ့် အကြောင်းအရာတွေ (၁၀(ခ)အစ အစ်မက)

(ယခင်ပတ်အမှအဆက်)
ကျွန်တော့်ရဲ့ ထောင်တွင်းအတွေ့အကြုံ တွေနဲ့ပတ်သက်ပြီး ဆရာကြီးမင်းသိင်္ခ အကြောင်းရေးသား
တဲ့အခါမှာ 'အစ်ကိုခ'၊ 'ဆရာခ'၊ 'ဆရာကြီးမင်းသိင်္ခ' ဆိုပြီး အခေါ်အဝေါ်သုံးမျိုး ပါရှိနေပါတယ်။

ပညာရပ်ဆိုင်ရာအကြောင်းနှင့် ပတ်သက်ပြီး ခေါ်ဝေါ်သုံးနှုန်းတဲ့အခါမှာ 'ဆရာကြီးမင်းသိင်္ခ'၊
'ဆရာခ' ဆိုပြီး သုံးနှုန်းပါတယ်။

လူမှုရေး၊ မိသားစု ပုံသဏ္ဌာန် ခေါ်ဝေါ်တဲ့အခါမှာ 'အစ်ကိုခ'လို့ သုံးနှုန်းပါတယ်။ 'အစ်ကိုခ' လို့ ခေါ်
ဝေါ်တာဟာ မော်ကြီး (မောင်မင်းလွင်)၊ အောင်ကြီး (အောင်ကြီးလွင်)နဲ့ ကျွန်တော်တို့ပဲ ဖြစ်ပါ
တယ်။

မော်ကြီး၊ အောင်ကြီးတို့ဆိုတာက အစ်ကိုခ ခေါ်ဝေါ်တဲ့ အသုံးအနှုန်းပါ။(မော်ကြီး က ယခု ဂျပန်
ရောက်နေပါတယ်။ အောင်ကြီးက နယူးယော့ခ်မြို့မှာ ရောက်နေပါတယ်။)

ဆရာကြီးမင်းသိင်္ခရဲ့ပညာတွေကို ကျွန်တော်တို့အုပ်စုထဲက သင်ယူကြမယ်ဆိုရင် လပေါင်းများစွာ
နေ့စဉ် သင်ကြား ပေးမှာပါ။ (အခုအချိန်ဆိုရင် ကျွန်တော် တို့ထဲက တစ်ယောက်ယောက်ဟာ
ထင်ရှားကျော်ကြားတဲ့ ဆရာကြီး မင်းသိင်္ခ တပည့်ဆိုပြီး ဖြစ်နေရင် ဖြစ်နေမှာပါ။)

ခက်တာက ကျွန်တော်တို့ထဲမှာ ၀ါသနာပါ၊ နားလည်တဲ့သူက မရှိတော့ မသင်ကြားခဲ့ခြင်းပါ။ ပညာ
ရပ်ဆိုတာကလည်း ၀ါသနာပါဦးမှကိုး။ အခု အစ်မအနားမှာ နေနေတဲ့ ဘဏ်နီ (ခ) ဇော်မင်းဦးရယ်၊
ဩစတြေးလျမှာ ရောက်နေတဲ့ ဆန်နီကိုကိုကြီးရယ် နှစ်ယောက်က တော့ လေ့လာသင်ယူတာ
တွေ့ရပါတယ်။

ဒါက ကျွန်တော်နေခဲ့တဲ့ တစ်နှစ် နီးပါးအတွင်းမှာပါ။ ကျွန်တော်ထွက်လာ ပြီးနောက်ပိုင်း ကျန်ခဲ့တဲ့
သူတွေထဲက ဘယ်သူတွေ သင်ကြလဲတော့ မသိပါဘူး။ ဆရာကြီးမင်းသိင်္ခကို ကျွန်တော်တို့
တစ်အုပ်စုလုံးက လေးစားချစ်ခင်ကြပါတယ်။ (ဆရာခထွက်လာတော့လည်း သွားရောက်နှုတ်ဆက်
ဂါရ၀ပြုကြပါတယ်။ တရုတ်ကပြားကလေး မျိုးသိမ်းနဲ့ ကျော်သူရကိုကိုကတော့ ဆရာခဆီ အမြဲ
တမ်းသွားပါတယ်။ ဆရာခ ပါဂျဲရိုးနဲ့ မဟာဂန္ဓာရီခရီးထွက်တော့လည်း စခန်းချ၊ စခန်းဝင်တဲ့နေရာ
အထိ လိုက်ပြီး တွေ့ဆုံပါတယ်။)

ကျွန်တော်တို့အုပ်စုလို့ ပြောရင် ဘကြီးမိုး (မောင်မိုးသူ)နဲ့ ဦးစိုးသိမ်း (မောင်ဝံသ)တို့လည်း ပါပါ
တယ်။ တစ်နေ့တည်း တစ်နေရာတည်းက ခေါ်သွားကြတာလေ။ လူကြီးတွေဖြစ်လို့ သီးခြားစီ
ခွဲထားကြတယ်။

ဘကြီးမိုးနဲ့က တိုက်ထဲမှာ ပြန်တွေ့ကြသေးတယ်။ အစ်ကိုမောင်ဝံသနဲ့က မဆုံဖြစ်ပါဘူး။
(ကျွန်တော်တို့ခြံထဲက ပါသွားတဲ့ အုပ်စုထဲမှာ ပထမဦးဆုံး စလွှတ်ပေးတာက အစ်ကိုမောင်ဝံသ၊
အောင်ကြီးလွင် (ကိုအောင်)နဲ့ ထင်ကျော် (ဂျပန်)တို့ ဖြစ်ပါတယ်။ ကျွန်တော်က တတိယ အသုတ်
ထဲမှာ ပါပါတယ်။)

အစ်ကိုမောင်ဝံသဆိုလို့ ပြောရဦးမယ်။ ဦးစိုးသိမ်းကိုတော့ အစ်ကိုလို့ခေါ်တယ်၊ ငါ့ကျ အန်တီမြင့်တဲ့။
ဦးစိုးသိမ်း ကတော်က ကျွန်တော့်ကို ပြောပါတယ်။ ကျွန်တော် ထောင်ထဲက ပြန်ထွက်လာတော့
အင်းစိန်ထောင်မှာ ၁၀(က)မိသားစုတွေနဲ့ တွေ့တဲ့အခါ အန်တီဝင်း၊ အန်တီတုံ၊ အန်တီမြင့်၊ အန်တီ
နုရွှေ၊ အန်တီမာလို့ ခေါ်နေကြတော့ နှုတ်ကျိုးသွားလို့ပါလို့ ရှင်းပြရပါတယ်။

တကယ်ပါ၊ အန်တီမြင့်က ငယ်ငယ်တုန်းက တော်တော်ချောပါတယ်။ အစ်ကို မောင်ဝံသနဲ့
တက္ကသိုလ် ကျောင်းသူဘ၀ တွဲရိုက်ထားတဲ့ပုံ တွေ့ဖူးလို့ပါ။ ပဲခူးသူ ပဲခူးသားဘ၀တုန်းကပေါ့။
အစ်ကို မောင်ဝံသဆိုရင် အမေရိကန်နိုင်ငံမှာ သတင်းစာပညာသင်သွားတုန်းက ချီကာဂိုမှာ ရိုက်
ထားတဲ့ ဘေးတစောင်းပုံဟာ အမေရိကန်မင်းသားလား အောက်မေ့ရပါတယ်။ (ဟိုခေတ်တုန်းက
တော့ သတင်းစာပညာ လေ့လာချင်ရင် အမေရိကား သွားကြပါတယ်။ ဒီဘက်ခေတ်ကျ တော့
သတင်းစာပညာလေ့လာချင်ရင် တရုတ်ပြည်သွားကြတာကို ဂုဏ်ယူနေပါတယ်။)

အစ်ကိုမောင်ဝံသဟာ ဆရာမင်းသိင်္ခရဲ့ ပညာရပ်ကို ကျွန်တော်တို့အုပ်စုထဲမှာ ပထမဆုံးလက်တွေ့
သိရှိခဲ့သူပါ။ အပြင်ရောက်တော့ သူ့မိတ်ဆွေတွေကို ဆရာမင်းသိင်္ခအကြောင်း ပြောပြပါတယ်။

သူ့မိတ်ဆွေတစ်ယောက်ဖြစ်တဲ့ ကဗျာဆရာ အယ်ဒီတာ ဆရာမောင်သွေးသစ် ကိုလည်း ပြောပြတဲ့
အကြောင်း တစ်ခါတုန်းက ဆရာမောင်သွေးသစ်က ပြောပြခဲ့ဖူးပါတယ်။

ထောင်ထဲမှာ ရှိနေစဉ်တုန်းက အစ်ကို မောင်ဝံသတို့အဖွဲ့ (ဦးရဲထွန်း၊ ဦးမိုးသူ၊ ဦးအောင်လွင်တို့)ထဲ
က ဘယ်နေ့၊ ဘယ်ရက်၊ ဘယ်နှနာရီကျရင် အင်္ဂါသား လွတ်လိမ့်မယ်လို့ ဆရာမင်းသိင်္ခက ပြော
သတဲ့။

ဒါကို ဘယ်သူကမှ မယုံကြဘူး။ ဒီလူကြီး ဒီလိုပဲ ရွှီးနေတာလို့ပြောပြီး ၀ိုင်းဟားကြသတဲ့။ ဆရာ
မင်းသိင်္ခ ကလည်း ပြောမယ်ဆို ပြောစရာက ရှိခဲ့ဖူးတာကိုး။ တစ်နေ့ ကုလသမဂ္ဂ လူ့အခွင့်အရေး
တာဝန်ခံ အင်းစိန်ထောင်ထဲ လာမယ်ဆိုတော့ ထောင်အာဏာပိုင်တွေက ထောင်ထဲက အဆောက်
အအုံ တွေကို ထုံးဖြူသုတ် မွမ်းမံခြယ်သကြတာ ပေါ့လေ။

ဒါကို ဆရာမင်းသိင်္ခက အတိတ်၊ နိမိတ်ကောက်ယူပြီး သူ ရုံးထုတ်ခံရတဲ့ နေ့မှာ အစ်ကိုမောင်ဝံသ
တို့ကို "ကြည့် နေ၊ ကျုပ် ရုံးထုတ်က ပြန်လာတဲ့အခါကျ ရင် ကွင်းလုံးကျွတ်လွတ်စေ အမိန့်ချမှတ်
လိုက်တာကို ခင်ဗျားတို့ ကြားရလိမ့်မယ်" လို့ ပြောသတဲ့။

အဲ ရုံးထုတ်က ပြန်လာတော့ ဆရာမင်းသိင်္ခကို နှစ် ၂၀ ပြစ်ဒဏ် ချလိုက်တယ်ဆိုတော့ သူပြောတာ
ကို ဘယ်သူက ယုံကြည်တော့မှာလဲဗျာ။ အခုလည်း လာပြန်ပြီ။ ဒီတစ်ခါတော့ တကယ်မှန်သွားပါ
တယ်။

ဆရာမင်းသိင်္ခ ပြောတဲ့ရက်၊ အချိန်အတိအကျမှာပဲ အစ်ကိုမောင်ဝံသ (နာမည်ရင်း ဦးစိုးသိမ်း၊ အင်္ဂါ
သား) ထောင်က လွတ်မြောက်ခဲ့ပါတယ်။ အဲခက်တာက ထောင်ပိုင်ကြီးရုံးခန်းက အစ်ကိုမောင်ဝံသ
ကို ခေါ်တယ်ဆို တော့ အစ်ကိုမောင်ဝံသအနေနဲ့ ထင်လိုက်တာက နောက်ထပ်ပုဒ်မတစ်ခု ထပ်တိုး
ပြန်ပြီလို့။ ဟိုရောက်မှ ခုချက်ချင်း လွှတ်ပြီဆိုတာ ဖြုန်းခနဲသိလိုက်ရတော့ သူ့ပါးစပ်က "ဟာ
ဒီတစ်ခါတော့ ကိုအောင်ထွန်းကြီးပြောတာ မှန်သဗျ" ဆိုပြီး လွှတ်ခနဲ ထွက်သွားပါရော။

ဒါနဲ့ ထောင်ပိုင်ကြီးနဲ့တကွ တာဝန်ရှိသူတွေက "ဘာမှန်တာလဲ" ဆိုပြီး မေးကြတော့ ဆရာမင်းသိင်္ခ
ရဲ့ ဟောကြားချက်ကို ပြောချလိုက်တာပေါ့။ ဒီတော့ တာဝန်ရှိသူတွေက ဆရာ မင်းသိင်္ခကို
ချက်ချင်းခေါ်တွေ့၊ မေးခွန်း တစ်ခုမေးတယ်။

"ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်မှာ တကယ်ထင်ပေါ်ကျော်ကြားတဲ့ လူထုခေါင်းဆောင် ဖြစ်
လာမလား" ဆိုတဲ့ မေးခွန်း။ ဆရာမင်းသိင်္ခလည်း အကျပ်ရိုက်သွားတာပေါ့။ နောက်ဆုံး ငြင်းမရတဲ့
အဆုံး သူ့ကို တစ်လအချိန်ပေးပါ။ သက်သတ်လွတ်စား၊ အဓိဋ္ဌာန်ဝင်ပြီးတာနဲ့ အဖြေ ပေးပါ့မယ်လို့
ပြောပြီး တစ်လပြည့်တဲ့ အချိန်မှာ "ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်တွင်သာမက ကမ္ဘာမှာ
ပါ ထင်ပေါ်ကျော်ကြားတဲ့ ဒီမိုကရေစီ ခေါင်းဆောင် အမျိုးသမီးဖြစ်မှာ ဧကန်ပဲ"လို့ ဆရာမင်းသိင်္ခက
ဖြေလိုက်ပါတယ်။

"ကနေ့ ဆရာမင်းသိင်္ခ အသက်ထင်ရှား ရှိနေသေးရင် သူ့ဟောပြောချက်အတိုင်း မှန်နေတာကို
တွေ့မြင်ပြီး ဘယ်လောက် ၀မ်းသာပီတိဖြစ်နေမလဲ မသိဘူး"လို့ ဆရာမောင်သွေးသစ် ပြောပြတာ
ကို ကြားသိခဲ့ရဖူးပါတယ်။

ဆရာခက ကျွန်တော့်ကိုလည်း "ဟေ့ကောင်၊ မင်း တစ်နှစ်မကျော်ဘူး၊ ပြန်လွတ်မှာ။ ထောင်မကျ
ဘူး။ မင်းတို့ထဲမှာ ထောင်ကျမယ့်သူတွပါမယ်။ အမည်ခံ ထောင်ကျပေါ့ကွာ။ ချက်ချင်းပြန်လွတ်
လိမ့်မယ်။ စိတ်ဓာတ်ကျမှာစိုးလို့ ပြန်မပြောပါနဲ့" လို့ မှာပါတယ်။

အစ်ကိုခပြောတဲ့အတိုင်း မှန်ပါတယ်။ ကျွန်တော် တစ်နှစ်မကျော်ပါဘူး။ ထိန်းသိမ်းခံဘ၀ နဲ့ ၁၀ လ
နေပြီး ပြန်လွှတ်ခဲ့ပါတယ်။ ပထမဆုံးအသုတ် အစ်ကိုမောင်ဝံသတို့ က ကိုးလနဲ့ ပြန်လွတ်သွားပါ
တယ်။ ကျွန်တော်က တတိယအသုတ်ပါ။

ဂျင်ဘရောင်း မိုးကျော်သူနဲ့ ပျော်ဘွယ် မောင်စိုးတို့က ဒုတိယအသုတ်ပါ။ ရွေး ကောက်ပွဲအနိုင်
စာရင်းကြောင့် တတိယ အသုတ်လွှတ်ပေးပြီး နောက်ထပ်မလွှတ် တော့ပါ။ စက်တင်ဘာလမှာ
ဘန်နီ ဇော်မင်းဦး အဖေဆုံးတော့ ဘန်နီ့ကို ခဏထုတ်ပေးပါတယ်။

ပြန်ခေါ်သွားပြီး ရက်လည်တဲ့ ညနေမှာ အပြီးပြန်လွှတ် ပေးပါတယ်။ ကျွန်တော်တို့အုပ်စုက ကျန်တဲ့
သူတွေကို ၁၉၉၂ ခုနှစ်အထိ ထားပါတယ်။

၁၉၉၂ ခုနှစ်၊ မတ်လ ၃ ရက်နေ့မှာ ရုံးတင် တရားစွဲဆိုပြီး ထောင်ဒဏ်ရှစ်နှစ်စီ ချပါတယ်။ ၁၉၉၂
ဧပြီလ ၂၃ ရက်နေ့မှာ ၁၁/၉၂ အမိန့်နဲ့ အားလုံး ပြန်လွတ်လာပါတယ်။

ထောင်ကျ တစ်လကျော်ပဲ နေခဲ့ရတာပါ။ ပြန်လွှတ်ပေးတဲ့ပုံတွေကို ရုပ်မြင်သံကြား ကနေ ပြသပါ
တယ်။ ၃ တိုက်မှာ ရောက်နေတဲ့ ခြံထဲက အုပ်စုထဲမှာက ကိုတင်ဆွေမိုးက အသက်အကြီးဆုံးဆို
တော့ ကျွန်တော်တို့အုပ်စု ရဲ့ လူကြီးပါပဲ။

ကျွန်တော်တို့အုပ်စုရဲ့ ထူးခြားချက်က အားလုံဟာ ဘာအသွေး ဘာအရောင် ဘာဂိုဏ်းဂဏအစွဲမှ
မရှိ ခြင်းပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရိပ်အောက်မှာ ရပ်တည်တဲ့ သီးသန့် အုပ်စုလေးသဘော
ဖြစ်နေပါတယ်။

ဘယ်နေရာ ဘယ်တိုက်ရောက်ရောက် အားလုံးနဲ့ ချစ်ခင်ရင်းနှီးကြပါတယ်။ လက်ဝဲလက်ယာ
အုပ်စုတွေနဲ့လည်း နောက်ပိုင်းမှာ အတူတူနေခဲ့ကြဖူးပါတယ်။ ကိုတင်ဆွေမိုး၊ ကိုမော်၊ ကိုအောင်၊
ကိုအောင်ကျော်ဦး၊ ကျွန်တော်တို့က ဒေါ်အောင်ဆန်းစုကြည်ကို အစ်မခေါ်ရ မယ့် အရွယ်တွေပါ။
မျိုးသိမ်း၊ ထင်ကျော်၊ ကျော်သူရကိုကို၊ ဘန်နီဇော်မင်းဦး၊ မိုးမြတ်သူ၊ ပေါ်လွင်ဦး၊ အောင်ကျော်မိုး
တို့က အန်တီခေါ်ရမယ့်အရွယ်တွေပါ။

၁၀ ခန်းမှာက ကိုတင်ဆွေမိုး၊ ကျွန်တော်၊ ရခိုင်ကြည်ဝင်းတို့ နေကြပါ တယ်။ ၉ ခန်းမှာက ကိုမော်၊
ကိုအောင်၊ မောင်မောင်ဦး (ယခုခြံထဲ အစ်မလုံခြုံရေး)၊ သာကေတ သိန်းလွင်တို့ နေကြပါတယ်။
၈ ခန်းမှာက အင်န်အယ်လ်ဒီ ရန်ကုန်တိုင်းတာဝန်ခံ ရှေ့နေကြီး ဘဘ ဦးထွန်းတင်နေပါတယ်။
၇ ခန်းမှာက ကမ္ဘာကျော် မြန်မာဘီလျံနာသူဌေးကြီး တစ်ဦးနဲ့ ဆွေမျိုးတော်သလို မတော်သလို
ကြားရတဲ့ တရုတ်ကပြားကလေး မျိုးသိမ်းရယ်၊ ထင်ကျော် (ဂျပန်)ရယ်၊ ကျော်သူရကိုကို (ယခု
ခြံထဲ အစ်မလုံခြုံရေး)၊ ဘန်နီ (ခ) ဇော်မင်းဦး (ယခုခြံထဲ အစ်မလုံခြုံရေး)နဲ့ မိုးမြတ်သူ (ထောင်မှူး
ကြီးသား၊ မီကို့ ညီလေး၊ ယခု နယူးဇီလန် ရောက်နေ)တို့ နေကြပါတယ်။

၆ ခန်းမှာ က ကျောက်ဘီလူးသား အောင်ကျော်မိုး (အော်ဇီ)၊ လာဘမ်ဘာပေါ်လွင်ဦး (အော်ဇီ)၊
ဆန်နီကလျာကိုကိုကြီး (အော်ဇီ)တို့ နေကြပါတယ်။ ၅ ခန်းတွဲ သတ်သတ်ပါ။ အခန်း ၂၊ ၃၊ ၄၊ ၅
လေးခန်း တွဲက သတ်သတ်ပါ။ အခန်း ၅ မှာ ဆြာကေမြိုး (ကိုမျိုးကြွယ်-ကိုလေးဝ)၊ မန္တလေးက
မိုးကျော်သူ (ဂျင်ဘရောင်း)၊ ပျော်ဘွယ် မောင်စိုး၊ ၀င်းမြင့်ဦးတို့ နေကြပါတယ်။

ကေမြိုးကြီးတစ်ယောက်က တော့ ကွယ်လွန်သွားပါပြီ။ အခန်း ၄ မှာ က ကိုအောင်ကျော်ဦး၊
အတာ၊ ထိန်လင်းအောင်တို့ ညီအစ်ကိုသုံးယောက် နေကြပါတယ်။ ကျွန်တော်တို့နေတဲ့ ၅ ခန်းတွဲ
က လူအများဆုံးပါပဲ။ ပျော်ဘွယ်မောင်စိုးနဲ့ မိုးမြတ်သူတို့ဟာ ရယ်စရာ မောစရာ ပြောတတ်ပြီး
ရွှတ်နောက်နောက် နေတတ်ပါတယ်။

မိုးမြတ်သူ ရွှတ်နောက် နောက် ပြောပြီဆိုရင် ဘဘဦးထွန်းတင် က ရယ်မောပြီး သဘောကျလေ့ရှိ
ပါတယ်။ ညစာထမင်းစားပြီးပြီဆိုရင် ပေါ်ပေါ်နဲ့ မိုးမြတ်သူက အတိုင်အဖောက်ညီညီနဲ့ "ကဲ ပြီးကြ
ပြီလား။ ပြီးရင် စတိတ်ရှိုးသွားကြမယ်"ဆိုပြီး သီချင်းဆိုတဲ့အစီအစဉ် လုပ်လေ့ရှိပါတယ်။ ၅ ခန်းတွဲ
ရဲ့ ထိပ်ဆုံးခန်း အခန်း(၆) ကစပြီး သီချင်းဆိုပါတယ်။ ပေါ်ပေါ်က ပင်တိုင်ပါပဲ။ ဗိုလ်သီချင်းနဲ့ စဖွင့်ပါ
တယ်။ 'လာဘမ်ဘာ' သီချင်းကို အမြဲတောင်းဆိုလို့ သီဆိုပေးရပါတယ်။ ကျွန်တော်တို့ ငယ်ငယ်က
ခေတ်စားခဲ့တဲ့ 'ဘနားနားဘုတ်' သီချင်းလည်း အမြဲဆိုပါတယ်။

ဒါကြောင့် ပေါ်ပေါ်ကို 'လာဘမ်ဘာ'လို့ ထည့်ထည့် ခေါ်ဝေါ်ပါတယ်။ မိုးမြတ်သူ ကတာ့ အခန်း ၇
ရဲ့ အဆိုတော်ပါပဲ။ ဘန်နီတို့က နားငြီးလို့ တော်ပါတော့ပြောလည်း ဆက်ဆိုလျက်ပါပဲ။ ၈ ခန်းက
ဘဘဦးထွန်းတင်ကို ကျွန်တော်က တောင်းဆိုတဲ့အတွက် ဂီတနက်သန် ကိုစောညိမ်းရဲ့ 'နွေနှောင်း
ရွက်ကျန်'နဲ့ ကိုမင်းသူရဲ့ 'ပုံပမာ'သီချင်း တွေကို သီဆိုပြပါတယ်။

အမြဲတမ်း တောင်းဆိုတဲ့အတွက် ဘဘဦးထွန်းတင် က အဲဒီသီချင်းနှစ်ပုဒ်ကို သင်ပေးပါ တယ်။
(ကျွန်တော်က သီချင်းတွေကို ကြိုက်ပေမယ့် မဆိုတတ်ပါဘူး။) ကျွန်တော် 'ပုံပမာ' သီချင်း
တောင်းဆိုတာကို အစတုန်းကတော့ အမှတ်တမဲ့ပါပဲ။ ဒါပေမဲ့ ကျော်သူရကိုကိုနဲ့ ဘန်နီက ရိပ်မိ
သွားတော့ 'မောင့်အနားမှာ ထိုင်လို့ရယ်' စာသားနေရာရောက်ရင် ၀ိုင်းအော် ကြတယ်။

ဘဘဦးထွန်းတင်ကိုလည်း (ဘဘ အဲဒီစာသားနေရာရောက်ရင် မဆိုပြပါနဲ့) ဆိုပြီး ဘဘကိုပြော
တော့ ဘဘက ဘာကြောင့်လဲဆိုပြီး ရယ်ပြီး မေးတယ်။ ကျော်သူရကိုကိုက လွန်ခဲ့တဲ့ ၁၀ နှစ်
(၁၉၇၉-၁၉၈၀)ကတည်းက သူနဲ့ ကျွန်တော် သိလာကြတာပါဆိုပြီး ကျွန်တော့်အကြောင်းတွေ
ပြောပြပါ တယ်။

ဘန်နီလည်း သိတယ်၊ မေးကြည့် ပါပြောတော့ အားလုံးက သိသွားကြပါတယ်။ ကျော်သူရနဲ့ ဘန်နီ
က ကျွန်တော့်ကို အနောက်ဆုံးပါ။ သူတို့အခန်းကနေ အဲဒီသီချင်းစာသားနဲ့ အော်ဆိုပြီး နောက်ပါ
တယ်။

ဩဇာသံအပြည့်ရှိတဲ့ အသံ အောအောနဲ့ တရုတ်ကပြားကလေး မျိုးသိမ်းကလည်း "အေး အပြင်
ရောက်လို့ ကတော့တွေ့ကြပြီပေါ့။ အိမ်ရှေ့ကနေ သွားကို အော်မယ်"ဆိုပြီး နောက်ပါတယ်။
မိုးမြတ်သူပါးစပ်ထဲ ရောက်သွားပြီဆိုရင် ပိုဆိုးတော့တာပါပဲ။ ရယ်တဲ့အခါလည်းရယ်ရ၊ ဒေါသဖြစ်တဲ့
အခါလည်း ဖြစ်ရနဲ့ ထောင်ထဲကအချိန်ကာလတွေကို ကုန်ဆုံးစေပါတယ်။

၇ ခန်းကကောင်တွေအကြောင်းလား၊ ရေးပြရဦးမှာပေါ့။ ဒီကောင်တွေနဲ့ ဘယ်လိုရေစက်ပါလာလဲ
တော့ မသိပါဘူး။ ဆုံနေကြတုန်း။ ထင်ကျော် ဂျပန် ရောက်နေပြီ။ အားနေတဲ့အချိန်ဆို သူ့ မိသားစု
အိမ်ရောက်ပါတယ်။ ထင်ကျော် အဖေ၊ အမေ၊ အစ်မ၊ မိန်းမနီနီ၊ သား ကလေးတို့နဲ့ ရင်းနှီးခဲ့ပါတယ်။

ကျွန်တော့် မိခင်ဆုံးတဲ့ သတင်းကြားတော့ ထင်ကျော်နဲ့ နေလင်း (မှုံကြီး)တို့က ပြည်ပကနေ
ဝမ်းနည်းစကားနဲ့ ကူညီကြပါတယ်။ မိုးမြတ်သူနဲ့ အပြင်ရောက်တော့ အမြဲပဲတွေ့ပါတယ်။ အတူတူ
လည်း နေကြပါတယ်။

ဥမ္မာ၊ မီကိုတို့နဲ့ အခု နယူးဇီလန်ကို ပြောင်းသွားပါပြီ။ တရုတ် ကပြားကလေး မျိုးသိမ်းနဲ့က မတွေ့
ကြ တော့ပါဘူး။ ဒူဘိုင်းက ဘတ်ခ်ျခါလီဖာ တာဝါမှာ သွားနေသလိုလို၊ စင်ကာပူက မရီနာဘေးကို
ပြောင်းနေသလိုလို ကြားမိပါတယ်။ မိချောင်နဲ့ ဘန်နီနဲ့ကတော့ အခုထက်ထိ ဆုံတုန်းပါပဲ။

(ဆက်လက်ဖော်ပြပါမည်။)

 

 

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။