ရုပ်ရှင်များကို အသက်ကန့်သတ်ချက် မလုပ်နိုင်သေး

ရန်ကုန်မြို့ ရုပ်ရှင်ရုံတစ်ရုံ၌ ရုပ်ရှင်မပြသမီ နိုင်ငံတော်အလံအား ပရိသတ်များ အလေးပြုနေကြစဉ်။ လွင်ကိုတိတ်/မြန်မာတိုင်း(မ်)ရန်ကုန်မြို့ ရုပ်ရှင်ရုံတစ်ရုံ၌ ရုပ်ရှင်မပြသမီ နိုင်ငံတော်အလံအား ပရိသတ်များ အလေးပြုနေကြစဉ်။ လွင်ကိုတိတ်/မြန်မာတိုင်း(မ်)

ရုပ်ရှင်များကို ၁၈ နှစ်အောက် မကြည့်ရ၊ လူကြီးများအတွက်သာ စသည်ဖြင့် အသက်အရွယ်
ကန့်သတ်ချက် သတ်မှတ်၍ ကြည့်ရှုနိုင်မည့်စနစ်ကို အကောင်အထည် မဖော်နိုင်သေးသည်မှာ
ရုပ်ရှင်ရုံအရေအတွက် နည်းနေသေး၍ဖြစ်ကြောင်း မြန်မာ့ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာန၏
ညွှန်ကြားရေးမှူး ဦးသိန်းထွန်းအောင်က ပြောကြားသည်။

"မြန်မာနိုင်ငံမှာ ရုပ်ရှင်ကြည့်ကြတဲ့အလေ့ အထအရ မိသားစုအလိုက်၊ ညီအစ်ကိုမောင်နှမ
အသိုင်းအ၀ိုင်း အလိုက် ပေါင်းပြီးကြည့်ကြတာပါ။ အဲဒီတော့ ရုပ်ရှင်ရုံရောက်မှ rating (အသက်
အရွယ်ကန့်သတ်ချက်) သတ်မှတ်လိုက်လို့ ခွဲလိုက်ပြီဆိုရင် ခွဲခံရတဲ့သူတွေက ကြည့်စရာ
ရုပ်ရှင်ရုံ မရှိသေးပါဘူး။ ကျွန်တော်တို့တွေ ရုပ်ရှင်ရုံခွဲလေးတွေ၊ Cineplex တွေ ပေါ်ပေါက်
လာအောင် အထူးကြိုးစားဆောင်ရွက်နေပါတယ်"ဟု ဦးသိန်းထွန်းအောင်က ပြောသည်။

ဒါရိုက်တာဇော်ကိုကိုက "ရုပ်ရှင်ရုံနည်းတာ များတာတော့ ကျွန်တော်တို့ မသိဘူးပေါ့။ ဒါပေမဲ့
တစ်ခုရှိတာက rating စနစ် သတ်မှတ်လိုက်မယ်ဆိုရင် ကောင်းသွားမှာကတော့ မိဘကပဲဖြစ်ဖြစ်၊
ဘယ်သူကဖြစ်ဖြစ် မသိလို့ ကြည့်မိတယ်ဆိုတာတော့ မရှိတော့ဘူးပေါ့။ ကိုယ်ကြည့်ချင်လို့
ကြည့်တာပဲ ရှိတော့မှာပါ။ rating စနစ် ဖြစ်လာရင်တော့ ကောင်းမယ်"ဟု ပြောသည်။

လက်ရှိအချိန်တွင် အနုပညာဖန်တီးသူများဘက်တွင် လူကြီးများကြည့်ရန်အတွက်သာ
ရည်ရွယ်သည့် ရုပ်ရှင်ကို ဖန်တီးမည်၊ လူကြီးလူငယ် မရွေးကြည့်နိုင်သော ဇာတ်ကားကို ရိုက်မည်
စသဖြင့် ဆုံးဖြတ်ပြီး မရိုက်ကူး နိုင်သဖြင့် ဖန်တီး၍ မကောင်းကြောင်း ၎င်းကပြောသည်။

ဦးသိန်းထွန်းအောင်ကမူ "ကျွန်တော်တို့ အနေနဲ့ လက်ရှိမှာ အနုပညာဖန်တီးသူတွေကို
လွတ်လပ်စွာဖန်တီးပါ။ ဖျော်ဖြေရေး မဖြစ်ရင်တောင်မှ အဆိပ်အတောက် မဖြစ်ပါစေနဲ့ဆိုတဲ့
အနုပညာဖန်တီးတဲ့ အနုပညာရှင်၊ အတတ်ပညာရှင်တွေကို ကျွန်တော်တို့ မေတ္တာရပ်ခံထားပါ
တယ်"ဟု ပြောသည်။

ယခင်က ဆင်ဆာမူ ၁၀ ချက်ရှိသည့်အနက် လေးချက်ကို လျှော့ချလိုက်ပြီဖြစ်သော်လည်း
ရုပ်ရှင်များ၊ ဗီဒီယိုများကို ဖန်တီးရာတွင် တိုင်းပြည်နှင့် လူမျိုးကို အန္တရာယ်မဖြစ်စေရန်၊ မြန်မာ့
ယဉ်ကျေးမှု ဓလေ့စရိုက်၊ ဘာသာတရား၏ ဆိုဆုံးမမှုတို့ကို လက်ကိုင်ပြုပြီး လွတ်လပ်မှုနှင့်
တာဝန်ယူမှု၊ လွတ်လပ်မှုနှင့် တာဝန်ခံမှု၊ လွတ်လပ်မှုနှင့် ဆင်ခြင်တုံတရားတို့ကို ထိန်းသိမ်း
လိုက်နာသွားနိုင်ရေး ဆောင်ရွက်သွားရန်လို ကြောင်းကိုမူ ၎င်းတို့ဌာနက အမိန့်ကြေညာစာ
ထုတ်ထားကြောင်း ၎င်းကပြောသည်။

မြန်မာနိုင်ငံတ၀န်းတွင် လက်ရှိအချိန်၌ ရုပ်ရှင်ရုံပေါင်း ၉၃ ရုံရှိသော်လည်း တစ်နေ့လျှင်
တစ်ကြိမ်သာပြသည့် ရုပ်ရှင်ရုံများ ရှိသလို၊ နယ်ဘက်ရှိ ရုံးများ၌ ရက်သတ္တပတ်တစ်ပတ်လျှင်
တစ်ကြိမ်သာပြသည့် ရုံများပင်ရှိနေသေးကြောင်း၊ စွမ်းရည်ပြည့် ပြသနိုင်သည့်ရုံများမှာ များစွာ
မရှိကြောင်း ဦးသိန်းထွန်းအောင် ကပြောကြားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း