မီဒီယာလွတ်လပ်ခွင့် အားကောင်းရန် အမေရိကန်က တိုက်တွန်းသွားမည်

မီဒီယာသမားများ တရားစွဲဆို ဖမ်းဆီးခံရမှုနှင့် မီဒီယာဖိနှိပ်မှုများအပေါ် စိုးရိမ်မကင်းဖြစ်မိပြီး မီဒီယာ
လွတ်လပ်ခွင့်အပါအ၀င် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ ပိုမိုအားကောင်းရန်
တိုက်တွန်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အမေရိကန်နိုင်ငံ၊ ပြည်သူ့
သံတမန်ရေးရာ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ရစ်ချက်စတန်ဂဲလ်က ပြောသည်။

မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ၎င်း၏ နှစ်ရက်တာခရီးစဉ်အတွင်း မြန်မာနိုင်ငံ နိုင်ငံခြားရေး
ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်
တို့အပြင် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံအခြေစိုက် မီဒီယာအဖွဲ့အစည်းအချို့မှ
မီဒီယာသမားများနှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံနှင့် အမေရိကန် နှစ်နိုင်ငံကြား ပြည်သူ့ဆက်ဆံရေး
ပိုမိုကောင်းမွန်းရန် ဆောင်ရွက်ခဲ့သလို မီဒီယာလွတ်လပ်ခွင့်အတွက် ပိုမိုအားကောင်းရန်
တိုက်တွန်းလုပ်ဆောင်ခဲ့သည်။

"ပြန်ကြားရေးဝန်ကြီးနဲ့ တွေ့တဲ့အချိန်မှာ ကျွန်တော်ပြောခဲ့တာရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့
ခင်ဗျားတို့ သဘောမကျတဲ့ သတင်းတစ်ပုဒ်ကို ဖြေရှင်းဖို့အတွက်ဆိုရင် ခင်ဗျားတို့ရဲ့
အမြင်သဘောထားကို အစကတည်းက ပွင့်လင်း မြင်သာစွာ ပြောဆိုထားနိုင်ဖို့ လိုအပ်ပါတယ်။
ခင်ဗျားတို့ဘက်က ပိုမိုပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုထုတ်ပြန်မှုဟာ ခင်ဗျားတို့အတွက်
ကောင်းသလို သတင်းသမားတွေအတွက်လည်း ကောင်းပါတယ်။ အဲဒီလို မဟုတ်ဘူးဆိုရင်
ပြည်သူတွေက ခင်ဗျားတို့ကို မူဝါဒတွေထဲ ပိတ်မိနေသူလို့ ထင်မြင်နေမှာဖြစ်ပြီး ခင်ဗျားတို့ကလည်း
ပြည်သူကို စိတ်ပျက်ဖွယ်ရာတွေအဖြစ် မြင်နေဦးမှာပဲ ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်
ပူးပေါင်းဆောင်ရွက် တယ်ဆိုတာရှိလာမှာ မဟုတ်ပါဘူးဆိုတာပဲ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ၊
မြန်မာနိုင်ငံရဲ့ မီဒီယာဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်တဲ့အရာတွေနဲ့ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်လာဖို့
လုပ်ငန်းစဉ်တွေအတွက် အားပေးကူညီသွားဖို့လည်း ရှိပါတယ်။ အဆင့်နှစ်ခုအနေနဲ့ လွတ်လပ်ခွင့်
ပေးတာတွေ ဆက်လက်လုပ်ဆောင်သွားဖို့နဲ့ မီဒီယာဖိနှိပ်မှုတွေကို ရပ်တန့်သွားဖို့အတွက်
တိုက်တွန်းသွားမှာဖြစ်ပါတယ်"ဟု ရစ်ချက်စတန်ဂဲလ်က ပြောသည်။

လက်ရှိမှာလည်း မြန်မာနိုင်ငံ၏ မီဒီယာ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အားပေး
ကူညီလျက်ရှိသည့် လုပ်ငန်းစဉ်များ ရှိထားပြီးဖြစ်ကာ ဆက်လက်၍ မြန်မာ - အမေရိကန်
သတင်းသမားအချင်းချင်း အပြန်အလှန် လေ့လာခွင့်ရရှိနိုင်မည့် လုပ်ငန်းစဉ်များနှင့်
ပညာသင်ဆုများပေးအပ်ခြင်းကိုလည်း ဆောင်ရွက်သွားရန်ရှိကြောင်း ၎င်းကပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း