အာဆီယံ ခေါင်းဆောင်များနှင့် အရပ်ဘက် ကိုယ်စားလှယ်များ တွေ့ဆုံမှု အနည်းငယ်သာအောင်မြင်

အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သည့် မြန်မာအစိုးရ၏ ဆောင်ရွက်ပေးမှုကြောင့်
အာဆီယံထိပ်သီးခေါင်းဆောင်များနှင့် အရပ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်များ မျက်နှာစုံညီ
တွေ့ဆုံနိုင်ခဲ့သော်လည်း အောင်မြင်မှု အနည်းငယ်ခန့်သာ ရရှိခဲ့ကြောင်း အာဆီယံဒေသတွင်းမှ
အရပ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်များက ပြောသည်။

"လူငယ်ကိုယ်စားလှယ်တွေနဲ့ ထိပ်သီးခေါင်းဆောင် တွေ့ခွင့်တော့ရခဲ့တယ်။ ဒီတွေ့ဆုံမှုက
အာဆီယံလူငယ်တွေအတွက်တော့ ပထမဦးဆုံးအကြိမ် တွေ့ဆုံမှု ဖြစ်တယ်။ အာဆီယံဥက္ကဋ္ဌ
အနေနဲ့ အကောင်းဆုံး ကြားဝင်ကူညီဆောင် ရွက်ပေမယ့်လို့ အာဆီယံအဖွဲ့ဝင်နိုင်ငံအစိုးရ
အများစုရဲ့ ကန့်ကွက်မှုကြောင့် ၂၀၁၄ အာဆီယံ လူငယ်ဖိုရမ်ကနေ တက်လာတဲ့ ရွေးချယ်
ကိုယ်စားလှယ် ၂၀ ထဲက ခြောက်ယောက်ပဲ သဘောတူ တွေ့ဆုံခွင့်ရတယ်။ ဒါပေမဲ့ ပထမဦးဆုံး
တွေ့ဆုံမှု ဖြစ်တဲ့အတွက် လူငယ်ကိုယ်စားလှယ်တွေအနေနဲ့ အစိုးရဘက်က စေလွတ်တဲ့ ရွေးချယ်
ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းပြီး အကောင်းဆုံးပြင်ဆင်ပြီးတော့ ထိပ်သီးခေါင်းဆောင်တွေနဲ့
တွေ့ဆုံဖြစ် အောင် ပြုလုပ်ခဲ့တယ်၊ တွေ့ဆုံရတယ်ဆိုပေမယ်လို့ အနည်းငယ်လောက်သာ
အောင်မြင်မှု ရရှိတယ်လို့ ပြောရမှာ ဖြစ်ပါတယ်"ဟု ၂၀၁၄ အာဆီယံလူငယ်ဖိုရမ်ကို တာဝန်ခံ
ဆောင်ရွက်သူ ကိုသက်ဆွေဝင်းက ပြောသည်။

"ဒါပေမဲ့ စုံညီတွေ့ဆုံမှုမှာ ရန်ကုန်ကြေညာချက်စာတမ်းအပေါ် လှိုက်လှဲဝမ်းသာ ကြိုဆိုကြတာ
တွေ့ခဲ့ရပေမယ့် အာဆီယံအစိုးရထိပ်သီး ခေါင်းဆောင်တွေက ပေးထားတဲ့ ကတိက၀တ်တွေ
ကိုတော့ ဆက်လက်အကောင်ထည်ဖော်ပေးမလားဆိုတာ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။
ဒီအတွက် အာဆီယံရေးရာ စောင့်ကြည့် လေ့လာရေး ကော်မတီဖွဲ့ပြီး အစိုးတွေအနေနဲ့ လက်တွေ့
ဖြစ်ပေါ်လာအောင် ကူညီမှုတွေနဲ့ ဖိအားပေးဆောင်ရွက်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်"ဟု
၎င်းက ပြောကြားသည်။

အာဆီယံခေါင်းဆောင်များနှင့် အာဆီယံ လူငယ်ကိုယ်စားလှယ်များသည် မေလ ၁၁ ရက်နေ့
ညနေပိုင်းတွင် မိနစ် ၃၀ ခန့် တွေ့ဆုံခွင့် ရရှိခဲ့ကြပြီး မြန်မာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့မှ
အရပ်ဘက်ဆိုင်ရာ လူငယ်ကိုယ်စားလှယ် ခြောက်ဦးနှင့် အာဆီယံအစိုးရမှ ရွေးချယ်စေလွှတ်သည့်
အစိုးရလူငယ်ကိုယ်စားပြု ၁၄ ယောက် ခန့်တို့နှင့်အတူ စုံညီတွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

တွေ့ဆုံမှုတွင် အိမ်ရှင်မြန်မာကိုယ်စားလှယ်များက ဦးဆောင်ဆွေးနွေးခွင့်ရရှိခဲ့ကြပြီး ထိပ်သီး
ခေါင်းဆောင်များနှင့် တွေ့ဆုံမှုတွင် အပြုသဘောဆောင်သည့် တုံ့ပြန်ပြောကြားချက်များကို
တွေ့မြင်ခဲ့ရကြောင်း ၂၀၁၄ အာဆီယံလူငယ် ဖိုရမ်မှ ရွေးချယ်ခံကိုယ်စားလှယ် မဖွေးယုမွန်က
မြန်မာတိုင်း(မ်)ကို ပြောသည်။

၂၀၁၅ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌရာထူးကို လွဲပြောင်းရယူမည့် မလေးရှားဝန်ကြီးချုပ်ထံ အာဆီယံ
ဒေသတွင်း လူငယ်များ၏ အနာဂတ်အခန်းကဏ္ဍကို တိုးမြှင့်ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ပြီး
အပြုသဘောဆောင်သည့် ကောင်းမွန်မှုများကို တွေမြင်ရသကဲ့သို့ လူ့အခွင့်အရေး တောင်းဆိုမှုနှင့်
ပတ်သက်ပြီး အာဆီယံအစိုးရ ထိပ်သီးခေါင်းဆောင်အချို့၏ အမြင်မကြည်လင်မှုများကိုလည်း
တွေ့မြင်ရကြောင်း မဖွေးယုမွန်က ပြောသည်။

အာဆီယံထိပ်သီး ခေါင်းဆောင်များနှင့် တွေ့ဆုံသည့်အစီအစဉ်သည် ၂၀၀၉ ခုနှစ်က ထိုင်းနိုင်ငံ၌
စတင်ကျင်းပ ပြုလုပ်ခဲ့သည်။

၂၀၀၅ ခုနှစ်တွင် စတင်ပြုလုပ်ခဲ့သည့် အာဆီယံ ပြည်သူ့ဖိုရမ်သည် အရပ်ဘက်ဆိုင်ရာ
ကိုယ်စားလှယ်များ မျက်နှာစုံညီတွေ့ဆုံမှု ကို လေးကြိမ်တိုင်တိုင် ပြုလုပ်နိုင်ခဲ့ပြီး မလေးရှားတွင်
တစ်ကြိမ်၊ ထိုင်းတွင်နှစ်ကြိမ်နှင့် အင်ဒို နီးရှားနိုင်ငံတွင် တစ်ကြိမ်ကျင်းပခဲ့ပြီး ဖြစ်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း