သမ၀ါယမဘဏ်ကို ဦးအိုက်ထွန်း ၀ယ်ယူသည်ဟူသော သတင်းမှာ မဟုတ်ကြောင်း ငြင်းဆို

အင်တာနက် စာမျက်နှာများပေါ်တွင် ပျံ့နှံ့လျက်ရှိသော သမ၀ါယမဘဏ်ကို ရွှေတောင်လုပ်ငန်းစု
ပိုင်ရှင် ဦးအိုက်ထွန်း ၀ယ်ယူထားသည် ဆိုသော သတင်းများမှာ မဟုတ်မှန်ကြောင်း ထိုဘဏ်၏
မန်နေဂျင်းဒါရိုက်တာ ဦးဖေမြင့်က ပြောသည်။

"သမ၀ါယမဘဏ်ကို ဦးအိုက်ထွန်းက ၀ယ်ယူထားတယ်ဆိုပြီး လွန်ခဲ့တဲ့ နှစ်ရက်လောက်က
nick name နဲ့ရေးတဲ့သတင်းတွေ အင်တာနက် စာမျက်နှာတွေမှာ ပျံ့လာတယ်။ ပြီးတော့
ဒီတစ်ပတ်ထုတ် Tomorrow ဂျာနယ်မှာပါ 'CB ဘဏ်ကို ဦးအိုက်ထွန်းမှ ၀ယ်ယူထားသည်
ဆိုသော သတင်းများကြောင့် ငွေပြန်ထုတ်သူများပြား'ဆိုပြီး သတင်းပါလာတယ်။ ဒီသတင်းက
မှားပါတယ်။ သမ၀ါယမဘဏ်ကို ဦးအိုက်ထွန်း ၀ယ်ထားတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး"ဟု
ဦးဖေမြင့်က ပြောသည်။

သမ၀ါယမဘဏ်အကြောင်း ထွက်ပေါ်နေသော သတင်းများမှာ မှားယွင်းနေပြီး ငွေပြန်ထုတ်သူများ
လည်းမရှိကြောင်း ဦးဖေမြင့်က မေလ ၂၀ ရက် နေ့တွင် သမ၀ါယမဘဏ်ရုံးချုပ်၌ ပြောသည်။

"ဘဏ်ဆိုတော့ ငွေထုတ်ငွေသွင်းကတော့ အချိန်တိုင်းရှိနေတယ်။ ဒါပေမဲ့ ဒီရက်ပိုင်းမှာ
ငွေအပ်ထားသူတွေက သိသိသာသာ ငွေပြန်ထုတ်သွားတာမျိုး မရှိပါဘူး။ အပ်ငွေတောင်
ပိုတိုးလာသေးတယ်။ သမ၀ါသမဘဏ်က ခိုင်မာတဲ့ ဘဏ်တစ်ခုဖြစ်ပါတယ်။ ငွေအပ်ထားသူတွေ
အတွက် စိတ်ချရတဲ့ ဘဏ်တစ်ခုဖြစ်ပါတယ်။ ငွေအပ်ထားသူတွေ ပြန်ထုတ်ချင်ရင်လည်း
အချိန်မရွေးထုတ်ပေးနိုင်အောင် စီစဉ်ထားပါတယ်"ဟု ၎င်းက ပြောသည်။

သမ၀ါယမဘဏ်လီမိတက် (CB BANK) အများပိုင်ဘဏ်ကို ၁၉၉၂ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့
တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် ဘဏ်ခွဲပေါင်း ၈၂ ခု ဖွင့်လှစ်ထားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း