ပဋိပက္ခဘေးသင့်ဒေသ ကလေးငယ်များအတွက် အကြင်နာမီးအိမ် ပညာရပ်ဝန်းကလေး

ကျောင်းဝင်းခြံကလေးထဲကို စ၀င်လိုက်တာနဲ့ စာသင်ဝိုင်းဆီက အသံပြိုင်ရွတ်သံက ခရီးဦး
ဆီးကြိုလိုက် ပါတယ်။ တိုင်းရင်းစကားသံဝဲ၀ဲနှင့် သူတို့အားလုံးဆီက အသံပြိုင်ရွတ်ဆိုသံကို
ထူးထူးခြားခြား သတိပြုလိုက်မိပါတယ်။

ဇွန် ကျောင်းဖွင့်ချိန်နှင့်အတူ ကျောင်းသူကျောင်းသားတွေအားလုံး မျက်လုံးများအရောင်တောက်
နေကြ ပါတယ်။ တက်ကြွတဲ့ အသွင်က သူတို့အားလုံးရဲ့ မျက်နှာပေါ်မှာ အထင်းသားမြင်နေရ
တယ်။ "ကျောင်းတက်ရတာပျော်တယ်"လို့ ကျောင်းသူကျောင်းသားတွေ အားလုံးက ကရင်
စကားသံဝဲ၀ဲနှင့်ဆိုပါတယ်။

ဒီနေရာလေးကတော့ မြို့ပြနဲ့ အလှမ်းဝေးတဲ့ မြန်မာပြည်အရှေ့တောင်ဖျား နွမ်းပါးတဲ့ မိသားစု
တွေဆီက လာတဲ့ ကလေးတွေရဲ့ အနာဂတ် ပညာသင်ကြားခွင့်ရရှိရေးကို ကူညီဖေးမပေးနေတဲ့
ဘားအံမြို့ပေါ်က အကြင်နာမီးအိမ် ပညာရပ်ဝန်းကလေးပဲဖြစ်ပါတယ်။ ဆယ်စုနှစ်အတော်ကြာ
လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့တာကြောင့် တိုင်းရင်းသားဒေသတစ်လျှောက် စီးပွားရေး၊
လူမှုရေး၊ ကျန်းမာရေး အစစအရာရာ ဖွံ့ဖြိုးမှုနောက်ကျခဲ့ရသလို ကလေးများလည်း ကျောင်းနေ
ခွင့် ဆုံးရှုံးခဲ့ရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ)နှင့် အစိုးရကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှတဆင့် ပဋိပက္ခအသွင်များ လျော့ကျလာခဲ့ရပြီးနောက်ပိုင်းမှာတော့ ဒေသတွင်းကလေးငယ်များရဲ့ ပညာ
သင်ကြားနိုင်ဖို့ အခွင့်အလမ်းအချို့ တံခါးပွင့်လာခဲ့ပါတယ်။

"အရင်တုန်းက အခြေအနေက မတည်ငြိမ်တော့ သူတို့ပညာသင်ဖို့အခက်အခဲရှိတယ်လေ၊
၂၀၁၁ခုနှစ်နောက်ပိုင်ကျတော့ အခြေအနေက နည်းနည်းကောင်းလာတယ်"လို့ အကြင်နာ
မီးအိမ်ပညာရပ်ဝန်း တည်ထောင်သူ ဆရာကိုကျော်နိုင်က ဆိုပါတယ်။ အကြင်နာမီးအိမ်ပညာ
ရပ်ဝန်းကလေးကို ၂၀၁၂ခုနှစ်မှစတင်စတင်တည်ထောင်ခဲ့ပြီး ကေအန်ယူလက်နက်ကိုင် အဖွဲ့
အစည်းထိန်းချုပ်ရာဒေသများဖြစ်တဲ့ ဒုံသမိ၊ ၀ိလေး၊ကော့ကရိတ်၊ ရွှေကျင်၊ ဖာပွန်၊ ဘီးလင်း ဒေသအတွင်းက ဝေးလံခေါင်သီတဲ့ ကျေးရွာများရှိ နွမ်းပါးသောမိသားစုများမှ
ကျောင်းသူကျောင်းသားများကို ခေါ်ယူကာ ဘားအံမြို့ပေါ်ရှိ အစိုးရအထက်တန်းကျောင်းတွင်
ကျောင်းတက်စေခဲ့ပါတယ်။

"အဓိက ရည်ရွယ်တာကတော့ သူတို့တွေ ဆက်လက်ပညာသင်ကြားနိုင်ဖို့ဖန်တီးပေးချင်တယ်
ပြီးရင် ကိုယ့်ဒေသကိုယ်ပြန်ပြီးတော့ အကျိုးပြုနိုင်ဖို့ပါဘဲ"လို့ ကိုကျော်နိုင်ကပြောပါတယ်။

မနက်စောစောကျောင်းမသွားမီအချိန်နှင့် ကျောင်းဆင်းချိန်၊ စနေတနင်္ဂနွေကျောင်ပိတ်ရက်တွေမှာ
ဘာသာရပ်ဆိုင်ရာ သတင်တန်းတွေအပြင် အခြေခံအင်္ဂလိပ်စကားပြော၊ ယဉ်ကျေးလိမ္မာသင်တန်း
တွေကိုလည်း စေတနာ့ဝန်ထမ်းဆရာ၊ ဆရာမတွေနဲ့သင်ကြားပေးနေပါတယ်။

"သူတို့က မူလတန်းမှာ စနစ်တကျနဲ့သေသေချာချာမသင်ခဲ့ရတော့ အခက်အခဲတော့ရှိတယ်၊
ပဋိပက္ခကြောင့်ရ လာတဲ့ ဒဏ်ရာတို့ဘာတို့တော့ မရှိပေမယ့် စရိုက်ကလေးတွေကိုတော့
သွန်သင်ပေးနေရတယ်"လို့ စေတနာ့ဝန်ထမ်း အင်္ဂလိပ်ဆရာ ဦးငွေသိန်းကဆိုပါတယ်။

ပဋိပက္ခ၏ဒဏ်ကို ဆိုးဆိုးရွားရွားခံစားခဲ့ရတဲ့ ကျောင်းသားကလေးအချို့လည်းရှိနေပါတယ်။
ပြီးခဲ့တဲ့ ၅နှစ်ကျော်ကာလ အတွင်းက အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြားဖြစ်ပွားခဲ့တဲ့
တိုက်ပွဲများကြောင့် ၂ကြိမ်တိုင်မီးရှို့ခံခဲ့ ရတဲ့ ကျေးရွာတွေက ကလေးတစ်ချို့လည်းပါတယ်လို့
ဆရာကိုကျော်နိုင်ကပြောပါတယ်။

"အခုတော့ အခြေအနေတွေက အတော်လေးပြောင်းလဲလာပြီလို့ပြောလို့ရတယ်၊ ဒါပေမယ့်
အဲဒီရွာတွေကိုသွားဖို့ လမ်းခရီးက အတော်လေးကို ခက်နေသေးတယ်"လို့သူကဆိုပါတယ်။
စစ်ပွဲပဋိပက္ခများကြောင့် ထောင်သောင်းချီသော ကရင်တိုင်းရင်းသား များ နေရပ်စွန့်ခွာထွက်ပြေး
ကာ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ဒုက္ခသည်များအဖြစ်ခိုလှုံနေခဲ့ရသလို အရွယ်ရောက်သူ
တိုင်းနီးပါး ရွှေ့ပြောင်း အလုပ်သမားများ အဖြစ် အိမ်နီးချင်းတစ်ဖက်နိုင်ငံများသို့တရားမ၀င်
သွားရောက် လုပ်ကိုင်နေကြ ရဆဲဖြစ် ပါတယ်။

"သမီးက ၆တန်းစာမေးပွဲပြီးကတည်းက ဘန်ကောက်ကိုသွားလုပ်စားတယ်၊ ငါးဒိုင်မှာလုပ်ရတယ်၊
ပိုက်ဆံက ရတာနည်းပါတယ်၊ ဟိုမှာ ၂နှစ်လောက်နေပြီးတော့ အဆင်မပြေလို့ ပြန်လာတာ၊
ကျောင်းနဲ့ဝေးသွားတော့ ပြန်မတက်ချင်တော့ဘူး၊ ဒါပေမယ့် အခုတော့ ကျောင်းမှာပျော်တယ်။
ဘန်ကောက်ပြန်မသွားချင်တော့ဘူး"လို့ ၁၀တန်းကျောင်းသူ နော်သန်းသန်းစိုးကပြောပါတယ်။

နော်သန်းသန်းစိုးတို့ရွာက ရွှေကျင်မြို့နယ်ထဲက အိမ်ခြေ ၅၀သာသာရှိတဲ့ ရွာငယ်လေးတစ်ရွာ
ဖြစ်ပါတယ်။ လမ်းပမ်းဆက်သွယ်ရေးက ခက်ခဲပြီး မြို့ပြနဲ့ အလှမ်းဝေးပါတယ်။ သူတို့တစ်ရွာလုံး
က အရွယ်ရောက်သူ ယောကျာင်္းမိန်းမ အားလုံးနီးပါး ပွဲစားအကူအညီနဲ့ဘန်ကောက်ကိုသွားပြီ
ရရာအလုပ်များကို သွားရောက် လုပ်ကိုင်ကြပါတယ်။ "

ဒီကိုရောက်လာတဲ့ကလေးတွေက မိန်းကလေးတွေများတယ်၊ ယောကျာင်္းလေးတွေက ပညာရေး
ကို စိတ်မ၀င်စားကြဘူး၊ ၄တန်းလောက်အောင်တာနဲ့ ကျောင်းထွက်ပြီး ထိုင်းသွားကြတာပဲ"လို့ အကြင်နာမီးအိမ်ကျောင်းအုပ်ဆရာမကြီး ဒေါ်နော်အုံးကြည်ကပြောပါတယ်။

ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ အထက(၂)ကျောင်းလမ်းမှာရှိတဲ့ အကြင်နာမီးအိမ်ပညာရပ်ဝန်း
တွင် ၆တန်းမှ ၁၀တန်းအထိ ကျောင်းသားဦးရေ ၁၅ဦး၊ မိန်းကလေး ၃၆ဦးရှိပြီး သူတို့ရဲ့နေမှုထိုင်မှု
အားလုံးကို အလှူရှင်များ၏ထောက်ပံ့မှုနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။ အကြင်နာမီးအိမ်ပညာရပ်
ဝန်းကို လှူတန်းချင်ရင်တော့ ဆရာကိုကျော်နိုင်-ရဲ့ ဖုန်း----နံပါတ် ၀၉၄၂၅၀၃၂၂၄၂ ကိုဆက်
သွယ်နိုင်ပါတယ်။

"အဓိကအခက်အခဲကတော့ သူတို့ရဲ့ ကျန်းမာရေးကုန်ကျစရိတ်ပါဘဲ၊ မနှစ်ကဆို အားလုံး
တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက်ဖျားတော့ ဆေးခန်းအကုန်ပို့ရတယ်၊ ကျန်းမာရေး
အတွက်ဆိုပြီးသက်သက်လုပ်ထားတဲ့ ရန်ပုံငွေကမရှိသေးဘူး"လို့ ၎င်းကပြောပါတယ်။

ပညာရပ်ဝန်းကလေးစတင်ဖွင့်လှစ်ချိန် ၂၀၁၂ ခုနှစ်ကစပြီး ၃နှစ်တာကာလအတွင်း အဆိုပါ
ပဋိပက္ခဒေသကျေးရွာများရှိ မိသားစုများကြား စိတ်ဝင်းစားမှုများရရှိခဲ့တယ်လို့ ဆရာ
ကိုကျော်နိုင်ကပြောပါတယ်။

"အရင်တုန်းကတော့ သူတို့ကလေးတွေကို ကျောင်းမထားနိုင်တာနဲ့ ကျောင်းထုတ်ကြတာပဲ၊
အခုသူတို့ကလေးတွေကို လာအပ်တဲ့သူက တော်တော်လေးများလာတယ်၊ ၁၀၀ကျော်
လောက်ရှိတယ်၊ ဒါပေမယ့်လက်ရှိအခြေအနေက တိုးချဲ့လို့မရသေးတော့ မငြင်းချင်ပဲငြင်း
နေရတော့ စိတ်မကောင်းဖြစ်ရတယ်''လို့သူကဆက်ပြောပါတယ်။

ကျောင်းဖွင့်ချိန် ရောက်လာခဲ့ပေမယ့် ဝေလံခေါင်သီတဲ့ တိုင်းရင်းသားဒေသတွေမှာ အခက်အခဲ
ကြောင့် ကျောင်းမတတ်လိုက်ရတဲ့ ကလေးတွေလည်း ရှိနေဆဲ ပဲဖြစ်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း