ဦးဆန်းဆင့် နေရာတွင် ဦးစိုးဝင်းကို အစားထိုး

ဘုရားထီးတင်ပွဲတစ်ခုသို့ တက်ရောက်ကြည်ညိုနေသည့် ဦးဆန်းဆင့်။ ဘုရားထီးတင်ပွဲတစ်ခုသို့ တက်ရောက်ကြည်ညိုနေသည့် ဦးဆန်းဆင့်။

ငွေကြေးအလွဲသုံးစားမှုဖြင့် ရာထူးမှဖြုတ်ချကာ ထိန်းသိမ်း စစ်ဆေးမှုခံယူနေရသော သာသနာရေး
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့် ၏ နေရာတွင် ယင်းဌာန၏ ဒုတိယ၀န်ကြီး ဖြစ်သူ
ဦးစိုးဝင်း အား အစားထိုးခန့်အပ်ရန် ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ဇွန်လ ၁၉ ရက်နေ့တွင်
တာဝန်မှ ရပ်စဲကြောင်း တရားဝင် ထုတ်ပြန်ခဲ့ပြီးနောက် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စစစ)
က နေပြည်တော် ဥတ္တရသီရိမြို့နယ် ဘုရားကုန်း မြို့မရဲစခန်းတွင် ပုဒ်မ ၄၀၉၊ ၁၀၉ ဖြင့် အမှုဖွင့်
အရေးယူခဲ့ရခြင်း ဖြစ်သည်။

နိုင်ငံတော် သမ္မတသည် ဦးဆန်းဆင့်အား ထုတ်ပယ်ပြီးနောက် ဇွန်လ ၂၀ ရက်နေ့တွင်
သာသနာရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးစိုးဝင်းအား ပြည်ထောင်စုဝန်ကြီးအဖြစ်တာဝန်ပေးရန်
ပြည်ထောင်စုလွှတ်တော် နာယကထံသို့ သ၀ဏ်လွှာပေးပို့ခဲ့သည်။

ဒုတိယ၀န်ကြီး ဦးစိုးဝင်းသည် ယခင် ပြန်ကြားရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့စဉ်
ဌာနတွင်း ငွေကြေးအရှုပ်အရှင်းများရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ဖွဲ့စည်းပုံ
အခြေခံ ဥပဒေ ပုဒ်မ ၁၃၂ (က)ပါ အရည်အချင်းများနှင့် မပြည့်စုံကြောင်း ကန့်ကွက်မည့်သူ
မရှိသောကြောင့် ဇွန်လ ၂၅ ရက်နေ့၊ ပြည်ထောင်စုလွှတ်တော်တွင် သာသနာရေးဝန်ကြီးဌာန
ပြည်ထောင်စု ၀န်ကြီးအဖြစ် အတည်ပြုနိုင်ခဲ့သည်။

ဦးဆန်းဆင့်ကို တာဝန်မှ ရပ်စဲသည့် အကြောင်းရင်းများအနက် မဟာသန္တိသုခကျောင်းပြဿနာမှာ
အကြောင်းရင်းတစ်ရပ်ဖြစ်သော်လည်း ပြည်ထောင်စုဝန်ကြီးတစ်ဦး၏ တာဝန်များကို ကျော်လွန်
လုပ်ဆောင်သည့် အတွက်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က
ဇွန်လ ၂၀ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး ရပ်နားချိန်တွင်
သတင်းမီဒီယာများအား ပြောကြားခဲ့သည်။

ဦးဆန်းဆင့်ကို ရာထူးမှ ထုတ်ပယ်ကာ အမှုဖွင့် အရေးယူသည့်ကိစ္စနှင့် စပ်လျဉ်း၍ ဝေဖန်မှုများ
ထွက်ပေါ်လျက်ရှိသော်လည်း ဦးဆန်းဆင့်အနေဖြင့် ဥပဒေက ပေးအပ်သည့် အခွင့်အရေးများနှင့်
မျှတသည့် တရားစီရင်မှုကို ရရှိနိုင်မည်ဖြစ်ကြောင်း ဦးရဲထွဋ်က ကတိပေးခဲ့သည်။

ဦးဆန်းဆင့်ကို ရမည်းသင်း ထောင်သို့ ဇွန်လ ၂၀ ရက်နေ့က ပို့ဆောင်ခဲ့ပြီး ၎င်း၏ မိသားစုအား
နေအိမ်အကျဉ်းချုပ်ချထားသည့် သတင်းများထွက်ပေါ်နေသော်လည်း ဦးရဲထွဋ်က အတည်ပြုချက်
မပေးခဲ့ပေ။

"ဦးဆန်းဆင့် မိသားစုနဲ့ ပတ်သက်ပြီး ကျွန်တော် မသိပါဘူး။ ပြည်ထဲရေးကို မေးပါ" ဟု ဦးရဲထွဋ်
က ပြောဆိုခဲ့ပြီး ပြည်ထဲရေး ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း က အတည်ပြုချက်
ပေးရန်ငြင်းခဲ့သည်။

"လောလောဆယ် ထုတ်ပြောလို့ မရသေးဘူး။ ဒီထက် ဘယ်သူကနေ ကိုင်ပြီးတော့ ဘယ်လို
လုပ်နေတယ်၊ ဘာညာ ပြောလို့မရသေးဘူး။ သက်ဆိုင်ရာ သတင်းထုတ်ပြန်ရေး အဖွဲ့ တွေ
ဖွဲ့စည်းထားတာ ရှိပါတယ်။ ထိုက်သင့်တဲ့ အချိန်ရောက်ရင် သူတို့လည်း ထုတ်ပြန်မှာပါ။
ဦးရဲထွဋ် တို့လည်း ပါတယ်"ဟု ၎င်းက ဇွန်လ ၂၃ ရက်နေ့ လွှတ်တော်၌ ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း