ယာဉ်စည်းကမ်း ချိုးဖောက်သည့် ယာဉ်မောင်းများကို လိုင်စင်ပိတ်မည်

ယာဉ်စည်းကမ်း ချိုးဖောက်သည့်သူများ၏ ယာဉ်မောင်းလိုင်စင်များကို မော်တော်ယာဉ်နည်းဥပဒေ
ပုဒ်မ ၁၄ ခုအရ ပိတ်သိမ်းအရေးယူသွားမည်ဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး
(ရန်ကုန်) ဒုတိယရဲမှူးကြီးလင်းထွဋ် က ဇူလိုင်လ ၂ ရက်နေ့က ပြောကြားသည်။

"စည်းကမ်းမဲ့မောင်းနှင်တဲ့ ယာဉ်မောင်းတွေရဲ့ ယာဉ်လိုင်စင်တွေကို ဖမ်းဆီးအရေးယူဆောင်ရွက်
သွားမှာပါ။ အခုအရေးယူထားတဲ့ ပုဒ်မတွေထဲမှာ အနည်ဆုံး လိုင်စင် ခြောက်လကနေ လေးနှစ်
ပိတ်သိမ်းတဲ့အထိ အရေးယူဆောင်ရွက်သွားမယ်။ ဒီလိုအရေးယူတဲ့နေရာမှာ ယာဉ်မောင်းလိုင်စင်
အတုနဲ့ မောင်းနှင်တာတွေကို တွေ့ရှိရင်လည်း စာရွက်စာတမ်းအတုပြုလုပ်မှုနဲ့ ဆောင်ရွက်
အရေးယူသွားမှာပါ။ အခုလက်ရှိ ထုတ်ပြန်ထားတဲ့ နည်းဥပဒေပုဒ်မ ၁၄ ခုနဲ့ အရေးယူတာကိုတော့
ပူးပေါင်းမိတ်ဖက်အဖွဲ့ အစည်းတွေနဲ့ ဆောင်ရွက်သွားဖို့ရှိပါတယ်" ဟု ၎င်းကပြောကြားသည်။

ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှု များပြားလာသဖြင့် စည်းကမ်းမဲ့ယာဉ်မောင်းနှင်သူများကို
၁၉၆၄ ခုနှစ် မော်တော်ယာဉ် နည်းဥပဒေပုဒ်မများအရ အရေးယူ ဆောင်ရွက်သွားရန်
စီစဉ်ထားကြောင်း သိရသည်။

ယခုထုတ်ပြန်သည့် ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းမှုနှင့် ပတ်သက်၍ ပညာပေးကာလ သတ်မှတ်
သွားမည် မဟုတ်ဘဲ အဖွဲ့ ပေါင်းဆုံ ညှိနှိုင်းဆောင်ရွက်ပြီးစီးပါက အရေးယူဆောင်ရွက်မည့်
ကာလကို ထုတ်ပြန်သွားမည်ဖြစ်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း