နိုင်ငံတော်သမ္မတ ဖိနပ်စီးသောနေရာမှာ ဘုရားရင်ပြင် မဟုတ်ဟု ရှင်းလင်း

ဇူလိုင်လ ၂ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့သော သမ္မတဦးသိန်းစိန်၏
တရုတ်နိုင်ငံ၊ မြင်းဖြူကျောင်းတော်ရှိ ရွှေတိဂုံပုံတူစေတီတော် ရွှေထီးတော်တင် အခမ်းအနားတွင်
ရိုက်ကူးခဲ့သော ဓာတ်ပုံနှင့် ပတ်သက်၍ အငြင်းပွားဖွယ်ကိစ္စကို သမ္မတရုံးညွှန်ကြားရေးမှူး
ဦးဇော်ဌေး(မှူးဇော်)က ၎င်း၏ လူမှုကွန်ယက် စာမျက်နှာမှတစ်ဆင့် ဇူလိုင်လ ၂ ရက်နေ့က
ပြန်လည်ရှင်းလင်း ရေးသားခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟေနန်ပြည်နယ်၊ လော့ယန်မြို့ မြင်းဖြူကျောင်းတော်ရှိ မဟာစိနပဘာ
ရွှေတိဂုံပုံတူစေတီတော် ရွှေထီးတောင်တင် မဟာမင်္ဂလာအခမ်းအနားသို့ သမ္မတဦးသိန်းစိန်
တက်ရောက်ခဲ့စဉ်က ရိုက်းကူးခဲ့သော ဓာတ်ပုံကိုဇူလိုင်လ ၂ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများ
တွင်ဖော်ပြခဲ့ရာ သမ္မတဦးသိန်းစိန် သည် ကော်ဇောနီပေါ်တွင် ဖိနပ်စီးထားသဖြင့် အွန်လိုင်း
စာမျက်နှာများနှင့် လူမှုကွန်ယက်များတွင် ဝေဖန်သံများ ကျယ်ကျယ်လောင်လောင်ပေါ်ထွက်
လာခဲ့ပြီးနောက် သမ္မတရုံးညွှန်/မှူးက ယင်းကဲ့သို့ ထုတ်ပြန်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

"နိုင်ငံတော်သမ္မတကြီးနဲ့ အဖွဲ့ဝင်တွေ စေတီတော် အထွတ်မှာ တင်လှူပူဇော်မယ့်
ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နဲ့ ဌာပနာတော်တို့ကို ပင့်ဆောင်ပြီး စေတီတော်ကို
လက်ယာရစ် လှည့်လည်ပူဇော်ခဲ့ကြတဲ့ ဓာတ်ပုံကို ယခုပို့စ်မှာ ဖော်ပြထားပါတယ်။ ဒီဓာတ်ပုံက
စေတီတော်ပေါ်မှာ လှည့်လည်စဉ် ရိုက်ကူးထားတဲ့ပုံပါ။ ယခုအချို့ဝေဖန်တိုက်ခိုက်နေတဲ့ ပုံက
အများသူငါ ဖိနပ်စီးပြီး သွားလာကြတဲ့မြေနေရာပါ။ မတူပါဘူး" ဟု ၎င်း၏ ရှင်းလင်းချက်တွင်
ပါရှိသည်။

ပူးတွဲဖော်ပြထားသည့် စေတီတော်ပုံတွင် ဘုရားပေါ်တက်သည့် လှေကား (၄)ခုရှိပြီး သမ္မတကြီးက
ဖိနပ်ချွတ်ရသည့် နေရာတွင် ဖိနပ်ချွတ်ခဲ့ပြီး ပြန်ဆင်းလာသောအခါမှသာ ဖိနပ်ပြန်စီးခဲ့ခြင်း
ဖြစ်ကြောင်း ၎င်းက ရေးသားသည်။

"လှေကားရင်းကနေ မင်္ဂလာရထားပျံရှိတဲ့ နေရာအထိ ဖိနပ်စီးပြီး လမ်းလျှောက်ခဲ့တာဖြစ်ပါတယ်။
အဲဒီနေရာက အများပြည်သူ ဖိနပ်စီးသွားလာရတဲ့ နေရာပါ။ သမ္မတကြီးနဲ့ အခမ်းအနားအတွက်
ကော်ဇောနီ ခင်းထားတာကတော့ ထုံးစံအတိုင်းဖြစ်ပါတယ်" ဟု ၎င်းက ရေးသားခဲ့သည်။

ထို့ပြင် ယင်းဓာတ်ပုံကို ကြည့်၍ နိုင်ငံရေး ရည်ရွယ်ချက်ရှိရှိဖြင့် ဝေဖန်တိုက်ခိုက်ကြသည့်အတွက်
စိတ်မကောင်းဖြစ်ရကြောင်း ၎င်းကဆိုသည်။

ယင်းကိစ္စကို အတိအကျသိလိုပါက မြန်မာ့ရုပ်မြင်သံကြား၏ တရားဝင် ဖေ့စ်ဘုတ်ခ်စာမျက်နှာတွင်
လွှင့်တင်ထားသော ရုပ်သံမှတ်တမ်းများကို သွားရောက်ကြည့်ရှုပါက ရှင်းသွားမည်ဖြစ်ကြောင်း
၎င်းက ရေးသားခဲ့သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း