သင်္ဘောချ ကားများ ခေတ္တထားနိုင်မည့် နေရာတစ်ခု ဆောက်လုပ်ရန် ဆွေးနွေးနေ

ရန်ကုန်မြို့၌ မကြာသေးမီက ကျင်းပသွားခဲ့သည့် ထိုင်ဝမ်ကုန်စည်ပြပွဲတွင် ပြသခဲ့သည့် ထိုင်ဝမ်နိုင်ငံထုတ် မော်တော်ယာဉ်တစ်စီးအား တွေ့ရစဉ်။ ဓာတ်ပုံ - မြန်မာတိုင်း(မ်)ရန်ကုန်မြို့၌ မကြာသေးမီက ကျင်းပသွားခဲ့သည့် ထိုင်ဝမ်ကုန်စည်ပြပွဲတွင် ပြသခဲ့သည့် ထိုင်ဝမ်နိုင်ငံထုတ် မော်တော်ယာဉ်တစ်စီးအား တွေ့ရစဉ်။ ဓာတ်ပုံ - မြန်မာတိုင်း(မ်)

ဆိပ်ကမ်းများ၌ ပြည်ပမှ တင်သွင်းလာသည့် ကားများထားရာတွင် နေရာအခက်အခဲရှိမှုကို
ဖြေရှင်းရန် Bonded warehouse တစ်ခုဆောက်လုပ်ရေးကို စီစဉ်နေကြောင်း မြန်မာနိုင်ငံ
မော်တော်ယာဉ် ထုတ်လုပ်သူများနှင့် ဖြန့်ဖြူးရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးထွန်းက
ပြောသည်။

"ဆိပ်ကမ်းမှာကားတွေ အရမ်းကြပ်လာတဲ့အတွက် ဒီလိုမျိုး ဆောက်ဖို့စီစဉ်ခဲ့တာပါ။
လက်ရှိမှာတော့ ဆွေးနွေးညှိနှိုင်းနေဆဲ ဖြစ်ပါတယ်။ သင်္ဘောချလာတဲ့ ကားတွေကို Bonded
warehouse မှာထားပြီး နောက်မှ အကောက်ခွန်ဌာနမှာ အခွန်ဆောင်ပြီး ထုတ်ရင်
ပိုအဆင်ပြေမယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ဒီစနစ်နဲ့ သိပ်မရင်းနှီး ကြသေးဘူး"ဟု
မြန်မာနိုင်ငံမော်တော်ယာဉ် ထုတ်လုပ်သူများနှင့် ဖြန့်ဖြူးရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးထွန်း
က ပြောသည်။

ကားတင်သွင်းသူများ၏ သင်္ဘောချကားများကို ဆိပ်ကမ်းတွင် ထားရှိခွင့်ပေးထားပြီး
ရက် ၆၀ ကျော်ပါက လေလံစာရင်းသွင်းလေ့ရှိသော်လည်း အသနားခံစာဖြင့် ပြန်လည်ထုတ်ယူ
နိုင်သည်။

သို့သော် စက်တင်ဘာ ၁ ရက်နေ့မှ စတင်၍ ဆိပ်ကမ်းတွင် ရက် ၆၀ ကျော်ပါက လေလံအဖြစ်
မသတ်မှတ်တော့ဘဲ သိမ်းဆည်းသွားမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

"ကျွန်တော်တို့ ဆိပ်ကမ်းအနေနဲ့ကတော့ အခုချိန်ထိ ကားတွေသိမ်းမယ့် အစီအစဉ် မရှိသေးပါဘူး။
အကောက်ခွန်ဌာနကို ဖြတ်သန်းပြီးမှသာ ကားတွေကိုအပြင်ကို ထုတ်လို့ရမှာဖြစ်တဲ့အတွက်
Warehouse မှာထားမယ်ဆိုရင်လည်း ဘယ်လို စနစ်နဲ့ လုပ်မလဲတော့ မသိသေးပါဘူး။
ကျွန်တော်တို့ အနေနဲ့ကတော့ လက်ရှိမှာ ဆိပ်ကမ်းမှာ ထားတဲ့ကားတွေကို ကားရဲ့ ထုထည်နဲ့
တွက်ပြီး ရက်အလိုက် ဆိပ်ကမ်းခကောက်ခံနေတာဖြစ်ပါတယ်"ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆိပ်ကမ်းတွင် ကားများ စုပုံနေခြင်းမှာ စာရွက်စာတမ်းမပြည့်စုံမှုမှအစ အကြောင်းအမျိုးမျိုးကြောင့်
ဖြစ်ပြီး ကုမ္ပဏီများထက် တစ်ဦးချင်းတင်သွင်းသူများက ထုတ်ယူရန် ကြန့်ကြာနေနိုင်ခြင်း
ဖြစ်ကြောင်း သိရသည်။

"ကားတွေ ဆိပ်ကမ်းမှာ ပုံနေရတဲ့အကြောင်းက အရောင်းစင်တာတွေကြောင့် ဖြစ်နိုင်ခြေ
နည်းတယ်။ ဘာလို့လဲဆိုတော့ ကားအရောင်းစင်တာတစ်ခု ဖွင့်တော့မယ်ဆိုရင် ကားအစီး ၅၀
ဆံ့တဲ့ အရောင်းပြခန်းနဲ့ ကားအစီး ၂၅၀ ဆံ့တဲ့ ဂိုဒေါင်ပြရတယ်။ တစ်ဦးချင်း တင်သွင်းတဲ့
သူတွေကျတော့ အရောင်းပြခန်းမရှိဘူး။ ဆိပ်ကမ်းမှာထားရတော့ ဈေးသက်သာတယ်။ ပြီးတော့
ကားလာဝယ်တဲ့သူတွေကလည်း လက်ရှိ ရှိနေတဲ့ကားကိုပြရင် ဟောင်းနေပြီလို့ ထင်ကြတယ်။
ဆိပ်ကမ်းမှာထားပြီး မကြာခင်ကမှ ဆိပ်ကမ်းကို ရောက်လာပုံမျိုး နဲ့ရောင်းတော့ ပိုသဘောကျ
ကြတယ်လို့ သိရတယ်"ဟု ဦးစိုးထွန်းက ပြောသည်။

ယာဉ်အိုယာဉ်ဟောင်း အပ်ရန်အတွက် နိုင်ငံတော်အစိုးရက သတ်မှတ်ထားသော ကာလမှာ
နောက်ထပ် လေးလခန့်သာ ကျန်တော့သည့်အတွက် ထပ်မံသွင်းလာမည့် ကားများလည်း
ရှိနေသေးရာ ဆိပ်ကမ်းတွင် ကားများ စုပုံနေနိုင်သေးပြီး ၀န်ထမ်းအင်အား နိုင်နိုင်နင်းနင်းဖြင့်
အချို့ စနစ်များကို ဖြေလျှော့ဆောင်ရွက်ပေးမည်ဆိုပါက ဆိပ်ကမ်းတွင် ကားများ လျော့နည်း
သွားနိုင်သည်ဟု ဆိုကြသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း