လယ်ယာမြေများ ပြန်လည်ရရှိရေး စုပေါင်းဆန္ဒထုတ်ဖော်ရန် စီစဉ်နေ

အစိုးရ၊ စစ်တပ်နှင့် ပုဂ္ဂလိကများက အကြောင်းအမျိုးမျိုးကြောင့် သိမ်းဆည်းထားသော
လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် နေပြည်တော်အပါအ၀င် တိုင်းဒေသကြီး ငါးခုနှင့်
ပြည်နယ်တစ်ခုတို့က စုပေါင်းဆန္ဒထုတ်ဖော်ရန် စီစဉ်နေသည်ဟု လယ်သမားနှင့်
အလုပ်သမားရေးရာများ ကူညီဆောင်ရွက်ပေးသူများကွန်ရက် (F. N. I)မှ နေပြည်တော်တာဝန်ခံ
ဦးကျော်ဆွေလတ် က ယခုလ ၁၂ ရက်နေ့တွင် မြန်မာတိုင်း(မ်)ကို ပြောသည်။

နေပြည်တော်၊ ဧရာဝတီ၊ မကွေး၊ ပဲခူး၊ မန္တလေး၊ စစ်ကိုင်းတိုင်းဒေသကြီးများနှင့် ရှမ်းပြည်နယ်
မြောက်ပိုင်းတို့မှ ကိုယ်စားပြုဆန္ဒပြမည့် ခေါင်းဆောင် သုံးဦးစီတို့က ဩဂုတ် လ ၂၀ ရက်နေ့တွင်
နေပြည်တော်၌ ဆန္ဒထုတ်ဖော်သွားမည်ဟု ၎င်းက ဆိုသည်။

ဆန္ဒထုတ်ဖော်မည့်နေရာကို နေပြည်တော် ကောင်စီရုံးရှေ့နှင့် သမ္မတရုံးရှေ့တို့တွင်
သတ်မှတ်ထားသော်လည်း သက်ဆိုင်ရာက ခွင့်မပြုပါက အခြားသော အဓိကကျသည့်
နေရာများကိုစဉ်းစားထားသည်ဟု သိရသည်။

"သတ်မှတ်ထားတဲ့ လယ်ယာမြေဥပဒေ၊ နည်းဥပဒေတွေအတိုင်း စနစ်တကျမလုပ်လို့၊
လုပ်တာတွေလည်း မရှိလို့ တောင်းဆိုတာပါ၊ အခုအခြေအနေကိုကြည့်ရင် တစ်နိုင်ငံလုံး
အတိုင်းအတာအနေနဲ့က ရာခိုင်နှုန်းနဲ့ဆိုရင် အစွန်းအဖျားလောက်ပဲ ဖြေရှင်းပေးတယ်လို့
မြင်တယ်၊ လက်ရှိဖြေရှင်းပေးတယ်ဆိုတာကို အားမရဘူး"ဟု ဦးကျော်ဆွေလတ်က ပြောသည်။

နေပြည်တော်တွင် လယ်ယာမြေပြဿနာနှင့် ပတ်သက်၍ တစ်ခုမျှထိရောက်စွာ ဖြေရှင်းပေးခြင်း
မရှိသေးသည့်အပြင် သိမ်းဆည်းထားသည့် လယ်ယာမြေများအတွက် ထိုက်တန်သည့်
လျော်ကြေးလည်း အပြည့်အ၀မရရှိသေးဟု သိရသည်။

သိမ်းဆည်းခံ လယ်ယာမြေဧကအားဖြင့် ငါးသောင်းကျော်ရှိပြီး လေယာဉ်ကွင်း၊ တပ်သစ်၊
သရက်ဇုန်နှင့် စိုက်ပျိုးရေးလုပ်ငန်းများ အကောင်အထည် ဖော်ရန်ရည်ရွယ်ပြီး ယခင်စစ်အစိုးရ
လက်ထက်ဖြစ်သည့် ၂၀၀၃ ခုနှစ်က စတင်သိမ်းဆည်းခဲ့သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း