ငြိမ်းချမ်းတည်ငြိမ်ရေး စကားလုံးတွေနဲ့ စက္ကူကျား အာဆီယံ

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ နိုင်ငံခြားရေးဝန်ကြီးများ အာဆီယံပုံစံဖြင့် ဓာတ်ပုံအရိုက်ခံနေစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ နိုင်ငံခြားရေးဝန်ကြီးများ အာဆီယံပုံစံဖြင့် ဓာတ်ပုံအရိုက်ခံနေစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

ယခုလ ၈ ရက်ကနေ ၁၀ ရက်နေ့အထိ နေပြည်တော်မှာ ကျင်းပခဲတဲ့ အရှေ့တောင်အာရှ
နိုင်ငံများအသင်း (အာဆီယံ)ရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေး
တွေမှာ တောင်တရုတ် ပင်လယ်အရေး၊ နျူကလီးယားကင်းမဲ့ဇုန် အကောင်အထည်ဖော်ရေးနဲ့
နျူကလီးယားလက်နက်လျှော့ချရေး တိုက်တွန်းမှုတွေ ရှေ့တန်းရောက်လာခဲ့ပါတယ်။

ဒါဟာ တရုတ်နဲ့ မိတ်မပျက်ချင်သလို အမေရိကန်နဲ့ဆက်ဆံရေး တိုးမြှင့်ချင်တဲ့ မြန်မာနိုင်ငံအတွက်
ခေါင်းခဲစရာကိစ္စတစ်ခု ဖြစ်တယ်လို့ ဒေသတွင်းရေးရာကျွမ်းကျင်သူတွေက ခန့်မှန်းခဲ့ကြပေမယ့်
မြန်မာနိုင်ငံကတော့ အခွင့်ကောင်းတစ်ခုအဖြစ် အသုံးချခဲ့ပြီး အာဆီယံနဲ့ ပြင်ပနိုင်ငံများ
ဆက်ဆံရေး တိုးမြှင့်ဖို့ လှမ်းထားတဲ့ ခြေလှမ်းကို ဆက်လှမ်းဖို့ အခွင့်သာအောင် လုပ်ဆောင်နိုင်ခဲ့
ပါတယ်။

ဒါကတော့ အာဆီယံမှာ ချမှတ်ထားပေမယ့် အခြားသော အဖွဲ့ဝင်နိုင်ငံတွေ အထူးပြု မသုံးခဲ့တဲ့
'ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး' စကားလုံးကို မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌတာဝန် စတင်
ထမ်းဆောင်ချိန်ကတည်းက အထူးအသုံးပြု ဖော်ထုတ်လာတာ ဖြစ်ပါတယ်။

ဒီစကားလုံး အသုံးပြုမှုကြောင့် အမေရိကန်ကိုယ်တိုင် တောင်တရုတ်ပင်လယ်အရေးနဲ့
ပတ်သက်လို့ ငြိမ်းချမ်းစွာဖြေရှင်းဖို့ တိုက်တွန်းလာခဲ့သလို တရုတ်နိုင်ငံကလည်း ဖိလစ်ပိုင်နဲ့
ဗီယက်နမ်နိုင်ငံတွေက တင်ပြလာတဲ့ အဆိုပြုချက်တွေကို လျစ်လျူရှုပြီး မူဘောင်အရ
ဖြေရှင်းနိုင်မယ့် အားလုံးသဘောတူထားပြီး ဖြစ်တဲ့ ကျင့်ဝတ်စည်းကမ်းအကောင်အထည်ပေါ်ဖို့
အတွက် ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ ပြောဆိုလာခဲ့ပါတယ်။

မြန်မာနိုင်ငံဟာဥက္ကဋ္ဌတာဝန် ထမ်းဆောင်ရမယ့် ကာလမှာ စိန်ခေါ်မှုတွေ အများကြီးရှိခဲ့ပါတယ်။
အထူးသဖြင့် ဖြည့်စွက်ပြင်ဆင်ဖို့ သတ်မှတ်သက်တမ်း ကျော်နေပြီဖြစ်တဲ့ အာဆီယံပဋိညာဉ်
စာတမ်း၊ အာဆီယံအစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်ငန်းဆောင်တာ
လမ်းညွှန်ချက်၊ တောင်တရုတ်ပင်လယ် အငြင်းပွားမှု၊ ဘာသာရေး ပဋိပက္ခ၊ ဒေသတွင်း
လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ပြဿနာတွေနဲ့ သဘာဝဘေးအန္တရာယ်ကျရောက်မှု၊
အာဆီယံစီးပွားရေး အသိုက်အ၀န်းဖော်ဆောင်မှုစတဲ့ စိန်ခေါ်မှုများစွာက အသင့်ရှိနေပါတယ်။

ဒါ့ပြင် ပထ၀ီနိုင်ငံရေးအရ မဟာဗျူဟာကျလွန်းမှုကြောင့် အမေရိကန်နိုင်ငံရဲ့ အာရှမူဝါဒသစ်နဲ့
တရုတ်နိုင်ငံရဲ့ ရှိရင်းစွဲ ရင်းနှီးဆက်ဆံမှုကြား နိုင်ငံခြား ဆက်ဆံရေးတည်ဆောက်မှု စိန်ခေါ်ချက်
တွေကလည်း ရှိနေပါတယ်။

တရုတ်နိုင်ငံနဲ့ ပလဲနံပသင့်လွန်းတာကြောင့် မြန်မာက ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ချိန်မှာ
တောင်တရုတ်ပင်လယ်အရေးမှာ တရုတ်နိုင်ငံဘက်ကို အလေးသာသွားနိုင်တယ်လို့ ဖိလစ်ပိုင်နဲ့
ဗီယက်နမ်နိုင်ငံတွေက စိုးရိမ်ခဲ့ကြပေမယ့် မြန်မာက ကျေနပ်လောက်အောင် ဖြစ်တဲ့ရလဒ်
ထွက်ပေါ်ခြင်းမရှိသည့်တိုင် ဦးဆောင်ကိုင်တွယ်နိုင်ခဲ့ပါတယ်။

ထို့အတူ အာဆီယံဒေသဆိုင်ရာ ဖိုရမ်မှာ ရှေ့တန်းရောက်လာတဲ့ နျူကလီးယားကင်းမဲ့ဇုန်
အပါအ၀င် စစ်ရေးကိစ္စဆက်ဆံရေးတွေနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ ဦးဆောင်မှုကို
အလေးထားပေးခဲ့ပြီး အမေရိကန်နဲ့ ဆက်ဆံရေး ကြိုးစကို ပိုမိုခိုင်မာအောင် ထုံးဆက်ဖို့
ကြိုးစားခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီနဲ့ တွေ့ဆုံစဉ်မှာ သမ္မတ ဦးသိန်းစိန် ပြောကြားခဲ့တဲ့
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေ ရှေ့ဆက်သွားနိုင်ဖို့ အမေရိကန်အပါအ၀င် နိုင်ငံတကာက
ပါဝင်ပူးပေါင်းဆောင်ရွက်ပေးဖို့ လိုအပ်တယ်ဆိုတဲ့ စကားကို ထောက်ရှုရင် ဒီကြိုးစားမှုကိုတွေ့နိုင်
ပါတယ်။

ဒီအပိုင်းမှာလည်း အမေရိကန်ရဲ့ သည်းခြေကြိုက် 'ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး' ဆိုတဲ့
စကားလုံးကို အသုံးပြုခဲ့ပါတယ်။

ဒီစကားလုံးကို အသုံးပြုရင်းနဲ့ပဲ မြောက်ကိုရီးယားဆီက တာဝေးပစ်လက်နက် နည်းပညာ
ရယူနိုင်ဖို့ ကြိုးပမ်းမှု မရှိဘူးဆိုတာကို သက်သေခိုင်မာစေဖို့၊ နျူကလီးယား လက်နက် ကင်းမဲ့ဇုန်
သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ဖို့နဲ့ စစ်ရေးပြိုင်ဆိုင်မှု လျှော့ချဖို့ ကိစ္စတွေကို
အလေးပေးခဲ့ပြီး အမေရိကန်ရဲ့ ဦးဆောင်မှုကဏ္ဍကို လမ်းဖွင့်ပေးထားခဲ့တဲ့အတွက် မြန်မာနိုင်ငံရဲ့
ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေအပေါ် အမေရိကန်က ဆက်လက်ကူညီဖို့ သဘောထားကို
ဂျွန်ကယ်ရီ ဆီက ရယူနိုင်ခဲ့ပါတယ်။

"မြန်မာအနေနဲ့ စကားလုံးကအစ သတိထား ကိုင်တွယ်နေပုံရပါတယ်။ တရုတ်နဲ့လည်း
မျက်နှာမပျက်အောင်၊ အမေရိကန်နဲ့လည်း ဆက်ဆံရေးမတင်းမာအောင် ကိုင်တွယ်နေတာ
တွေ့ရပါတယ်"လို့ အာဆီယံရေးရာ ကျွမ်းကျင်သူ ဦးကျော်လင်းဦး ကဆိုပါတယ်။

မြန်မာနိုင်ငံနဲ့ မြောက်ကိုရီးယားလက်နက် နည်းပညာဆက်ဆံရေးအကြောင်း ဖွင့်ထုတ်ခဲ့ဖူးတဲ့
မြန်မာ့အရေးလေ့လာသူ ဆွီဒင်စာရေး ဆရာ ဘာတေးလစ်တနာက အာဆီယံမှာ မြန်မာ
ဦးဆောင်နေမှုက နိုင်ငံတကာဆက်ဆံရေး အထူးသဖြင့် အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံကြား
ဆက်ဆံရေးမှာ မျက်နှာမပျက်အောင် လုပ်ဆောင်နေတယ်လို့ မြင်တယ်လို့ ဆိုပါတယ်။

"တင်းမာမှုတွေ ဖြစ်နေတာထက်စာရင် ငြိမ်းချမ်းတည်ငြိမ်မှုနဲ့ ဆွေးနွေးနိုင်တာ ပိုကောင်းတာပေါ့။
တင်းမာမှုက ဘယ်သူ့အတွက်မှ အကျိုးမရှိဘူးလေ။ မြန်မာနိုင်ငံက ဥက္ကဋ္ဌရာထူးယူချိန်မှာ
ဒီတင်းမာမှုတွေကို ဖြေလျှော့နိုင်ဖို့ ဦးဆောင်နေတာ ထင်ပါတယ်"ဟု နိုင်ငံတကာနှင့် မဟာဗျူဟာ
လေ့လာရေး အင်စတီကျုဒုတိယဥက္ကဋ္ဌ ဦးခင်မောင်လေး က ပြောပါတယ်။

ဒါပေမဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးဆိုတဲ့ စကားလုံးဟာ အာဆီယံဒေသတွင်းထက် နိုင်ငံတကာ
ဆက်ဆံရေး တိုးမြှင့်ဖို့အတွက် မြန်မာနိုင်ငံက အသုံးပြုတဲ့ သံတမန်စကားလုံး သက်သက်သာ
ဖြစ်ပြီး ဘယ်လိုငြိမ်းချမ်းရေး၊ ဘယ်လိုတည်ငြိမ်ရေးလဲဆိုတာကို လက်တွေ့ ထုတ်ဖော်ဖို့
လိုတယ်လို့ အရှေ့တောင်အာရှ သတင်းစာဆရာများအသင်း ဥက္ကဋ္ဌ မစ္စတာ ကဗီကစ်ချောင်တာ
ဗာဝန်က ပြောပါတယ်။

"အရှေ့အာရှ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ပူးတွဲကြေညာချက်ဆိုရင် ခုထိထွက်ပေါ်
လာတာမရှိဘူး။ ဒါက မြန်မာက ဘယ်လောက်လက်တွေ့ ဦးဆောင်နိုင်တယ်ဆိုတာကို
စောင့်ကြည့်ရမယ့်အထဲမှာ ပါတဲ့တစ်ခုပါပဲ"လို့ သူက ပြောပါတယ်။

အာဆီယံကို ဦးဆောင်နေတဲ့ မြန်မာနိုင်ငံ ဟာ လက်တွေ့လုပ်ဆောင်ဖို့ လိုအပ်နေတဲ့ဒေသတွင်း
အရေးကိစ္စတွေဖြစ်တဲ့ လူ့အခွင့်အရေး မြှင့်တင်ကာကွယ်မှုအပိုင်း အပါအ၀င် အာဆီယံပဋိညာဉ်
စာတမ်းပြင်ဆင်မှု၊ နေပြည်တော် ကြေညာစာတမ်းမှာ အထူးပြုပြောကြားထားတဲ့
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းမှု၊ အကြမ်းဖက်မှု တားဆီးရေး၊ လူကုန်ကူးမှု တားဆီးရေး၊
ဒေသတွင်းဖွံ့ဖြိုးမှု ကွာဟချက်လျှော့ချရေးတွေ၊ အမျိုးသမီးနဲ့ ကလေးငယ်တွေ အခွင့်အရေး
ကာကွယ်ရေး စတဲ့ အရေးကိစ္စတွေမှာ တချို့ဟာ ဆွေးနွေးမှုအဆင့်တောင် ထွက်ပေါ်လာခြင်း
မရှိခဲ့ပါဘူး။

"မြန်မာနိုင်ငံအနေနဲ့ လူ့အခွင့်အရေးမြှင့်တင်ကာကွယ်မှုကို တကယ်လုပ်နိုင်ပါ့မလားလို့
စိုးရိမ်မိတယ်"လို့ အာဆီယံအစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်ရဲ့ အရပ်ဘက်ဆိုင်ရာ
ကိုယ်စားလှယ်ဖြစ်တဲ့ မစ္စ ယုယန်က မြန်မာတိုင်း(မ်)ကိုပြောပါတယ်။

လက်တွေ့မှာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးဟာ မေးခွန်းထုတ်ဖွယ်ရာ အခြေအနေမှာပဲ
ရှိနေပြီး တောင်တရုတ်ပင်လယ် အရေးမှာလည်း တရုတ်နိုင်ငံကကျူးကျော် ရန်စမှုတွေ ရှိနေသလို
နျူကလီးယားကင်းမဲ့ဇုန်နဲ့ ပတ်သက်ပြီးလည်း အင်အားကြီးနိုင်ငံတွေက ခုထိလက်မှတ်ရေးထိုးခြင်း
မရှိဘဲ ဆွေးနွေးမှုတွေတောင် ကြန့်ကြာနေတုန်းအဆင့်ပဲ ရှိတယ်လို့ ဦးကျော်လင်းဦးက
ပြောပါတယ်။

ဘာတေးလစ်တနာကတော့ ဘယ်လိုစကားလုံးတွေပဲသုံးသုံး အာဆီယံနိုင်ငံ အားလုံးဟာ
သူ့နည်းသူ့ဟန်နဲ့ တရုတ်နဲ့ ဆက်ဆံရေး ရှိထားကြသလို ကိုယ်ပိုင်အကျိုးစီးပွားကို
ဦးတည်ကြတာမို့ အာဆီယံဟာ မစွမ်းမသန်တော့တဲ့ သက်ကြီးရွယ်အိုတစ်ယောက်လို ချည့်နဲ့
နေနိုင်တယ်လို့ ပြောပါတယ်။

"တကယ်တော့ အာဆီယံရဲ့ လုပ်ဆောင်ချက်တွေဟာ စက္ကူပေါ်မှာပဲ ရှိပြီး လက်တွေ့
အကောင်အထည် ပေါ်လာမှုကတော့ မရှိသလောက်ပါပဲ"လို့ သူကပြောပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း