ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် ပါတီများ၏ ထုတ်ပြန်ချက် NLD မပါဝင်

ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအတွက် နိုင်ငံရေးပါတီများ တိုက်တွန်းနှိုးဆော်သည့်
သဘောထားကြေညာချက် တစ်စောင်နှင့် ပတ်သက်ပြီး ၎င်းတို့နှင့် သက်ဆိုင်ခြင်း မရှိကြောင်း
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဩဂုတ်လ ၁၃ ရက်နေ့စွဲဖြင့် ကြေညာချက်ထုတ်ကာ
ငြင်းဆိုလိုက်သည်။

ဩဂုတ် ၁၁ ရက်နေ့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ
ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း၏ ဖိတ်ကြားချက်အရ 'နိုင်ငံရေးပါတီများသို့ ငြိမ်းချမ်းရေး ဖြစ်စဉ်များ
ရှင်းလင်း တင်ပြခြင်းနှင့် အပြန်အလှန် ဆွေးနွေးခြင်း' အခမ်းအနားသို့ နိုင်ငံရေးပါတီပေါင်း
၆၆ ပါတီနှင့် လေ့လာသူများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။

နိုင်ငံရေးပါတီဝင်အချို့က ငြိမ်းချမ်းရေးအတွက် တိုက်တွန်းနှိုးဆော်သည့် ကြေညာချက် တစ်စောင်
ထုတ်ပြန်ရန် အစည်းအဝေးခေတ္တ ရပ်နားချိန်တွင် စုဝေးခဲ့ကြပြီး အဆိုပါ စုဝေးမှုမှာ
ဆွေးနွေးနေသော ဆွေးနွေးပွဲခေါင်းစဉ်နှင့် ကိုက်ညီမှု မရှိသောကြောင့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါဝင်ခဲ့ခြင်းမရှိကြောင်း ဖော်ပြထားသည်။

ဆွေးနွေးပွဲအပြီး နိုင်ငံရေးပါတီများက ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် နှစ်ပေါင်းရှည်ကြာစွာ
ဖြစ်ပွားလာခဲ့သည့် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းနိုင်ရေးအတွက် ငြိမ်းချမ်းရေးလိုလားသူတိုင်း
ပူးပေါင်း ဆောင်ရွက်ရန်၊ အပစ်အခတ်ရပ်စဲရေးစာချုပ် တွင် အမြန်ဆုံးလက်မှတ်ထိုးကြရန်၊
ထိုမှတစ်ဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက် လုပ်ဆောင်ရန်၊ ဆွေးနွေးပွဲများတွင် အစိုးရ၊
တိုင်းရင်းသားလက်နက်ကိုင်များနှင့် နိုင်ငံရေး ပါတီများတွေ့ဆုံနိုင်ရေး အမြန်ဆုံးဆောင်ရွက်ရန်
နိုင်ငံရေးပါတီများ၏ လွတ်လပ်သော သဘောဆန္ဒဖြင့်ထုတ်ပြန်ကြောင်း တိုက်တွန်းထားသည်။

နိုင်ငံရေးပါတီများ၏ ထုတ်ပြန်လိုက်သည့် ကြေညာချက်မှာ ယေဘုယျအနေဖြင့် လက်ခံ နိုင်ဖွယ်
ရှိကြောင်း ယူဆရသော်လည်း အစိုးရ နှင့်တွေ့ဆုံသည့်ပွဲတွင် ထုတ်ပြန်လိုက်ခြင်းသည်
တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများအပေါ် ဖိအားပေးရာရောက်သည့်အပြင် အစိုးရအပေါ်
ထောက်ခံရာရောက်သည့် အနေအထားအဖြစ် အထင်မှားသွားနိုင်ကြောင်း ရှမ်းတိုင်းရင်းသားများ
ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောသည်။

"ဒီကိစ္စက ကြိုတင်ပြီးတော့ စီစဉ်ထားသလိုလို ဖြစ်နေတယ်။ အရိုးသားဆုံးပြောရရင် ကျွန်တော်တို့
ပါတီက ဒီကြေညာချက်ကိုတော့ မကြိုက်ဘူး။ အခြားနိုင်ငံရေး ပါတီအချို့ ကလည်း ပြီးမှ
မကြိုက်ဘူးလို့ပြောနေကြတာ တွေလည်း ကြားရတယ်"ဟု ၎င်းကဆိုသည်။

အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့က နိုင်ငံရေးပါတီများနှင့် ဆွေးနွေးမည့်အကြောင်းကို
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်များထံသို့ ကြိုတင် အသိပေးပြီးဖြစ်ကြောင်း
ဆွေးနွေးပွဲတွင် ဦးအောင်မင်းက ပြောဆိုခဲ့သည်။

"နိုင်ငံရေးပါတီတွေအနေနဲ့က ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ပိုပြီးလုပ်ဖို့ နှစ်ဖက်စလုံးကို
တိုက်တွန်းတာဖြစ်တဲ့အတွက် ဒီကြေညာချက်ကို သဘောတူပါတယ်"ဟု ရခိုင်အမျိုးသားပါတီ
ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးအေးသာအောင်က ပြောသည်။

အဆိုပါကြေညာချက်နှင့် ပတ်သက်ပြီး သဘောတူမတူကို အစည်းအဝေးတွင် နိုင်ငံရေးပါတီများ၏
သဘောထားကို ချင်းအမျိုးသားပါတီဥက္ကဋ္ဌ ဦးဇိုဇမ်က မေးမြန်းခဲ့ပြီး သဘောမတူသည့် ပါတီ
မရှိအတွက် အဆိုပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

၎င်း ကြေညာချက် ထုတ်ပြန်သည့် အစည်းအဝေးအချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပါဝင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း