ရှမ်းလူထုကိုယ်တိုင် တိုက်ဖျက်နေရတဲ့ မူးယစ်ဆေးပြဿနာ

ရှမ်းပြည်နယ် တစ်နေရာတွင် လျှို့ဝှက်စိုက်ပျိုးထားသည့် ဘိန်းခင်းတစ်ခင်းအား တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီရှမ်းပြည်နယ် တစ်နေရာတွင် လျှို့ဝှက်စိုက်ပျိုးထားသည့် ဘိန်းခင်းတစ်ခင်းအား တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် အတွင်းက ကျေးရွာချင်းဆက် လမ်းမပေါ်တွင်ဖြစ်သည်။
အနက်ရောင် အောက်ခံမှာ မာန်ဖီနေသည့် နဂါးအရုပ်ထိုးထားသော တအာင်းရိုးရာ လွယ်အိတ်
ကိုယ်စီ စလွယ်သိုင်းထားသည့် လူငယ် ငါးယောက်၊ ခြောက်ယောက်ခန့်က လာသမျှ ခရီးသွား
ဆိုင်ကယ်များကို လက်ဖြင့် ဟန့်တားနေသည်။

လူငယ်တချို့၏ လက်ထဲမှာ၊ ခါးကြားမှာ လက်ဖြစ် လောက်လေးခွ ကိုယ်စီနှင့်။ ခရီးသွားများ၏
ဆိုင်ကယ်ထိုင်ခုံအောက်ရှိ တူးလ်ဘောက်စ်များ၊ အင်္ကျီများ၊ အိတ်များ၊ ဘောင်းဘီအိတ်များ
ပါမကျန် စေ့စေ့စပ်စပ်လှန်လှော ရှာဖွေ၍ ဘိန်းဖြူ၊ ဘိန်းမည်း၊ ယာဘဆေးပြားများ ပါမပါကို
စစ်ဆေးနေကြသည်။

သူတို့ထဲတွင် ယူနီဖောင်းမပါ၊ သေနတ်မပါ၊ လက်နက်နှင့် တူတာဆို၍ လောက်လေးခွများသာ
ကိုင်ဆောင်ထားကြသည်။

"ကိုယ်က ဒီလို လက်ဗလာကြီးနဲ့ပဲ သွားဖမ်းတာဆိုတော့ အခက်အခဲရှိတယ်။ တစ်ခါတလေလည်း
သူတို့ တုံ့ပြန်တာရှိတယ်။ ဒါပေမဲ့ လူအများကြီးနဲ့ ဆိုတော့ သူတို့ ရှိန်တာရှိတယ်။ မရရအောင်
ဖမ်းတယ်"ဟု နမ့်ခမ်းမြို့နယ် မာန်အောင်ကျေးရွာ မူးယစ်တိုက်ဖျက်ရေးအဖွဲ့မှ စည်းရုံးရေးမှူး
မိုင်းအိုက်နိုင်က ပြောသည်။

မာန်အောင်ကျေးရွာနှင့် အနီးတစ်ဝိုက် ကျေးရွာများတွင် မူးယစ်ဆေးဝါး သုံးစွဲမှု အဆမတန်
မြင့်တက်လာသဖြင့် ယခုကဲ့သို့ လူငယ်များကိုယ်တိုင် တားဆီးရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

မာန်အောင်ကျေးရွာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ကို ၂၀၁၃ ခုနှစ်၊ မတ်လတွင်
စတင်တည်ထောင်ခဲ့ပြီး လူထု အသိပညာပေး ဟောပြောခြင်း၊ မူးယစ် ဆေးဝါးသုံးစွဲသူ၊
ရောင်းဝယ်သူတို့ကို ဖမ်းဆီး၍ သက်ဆိုင်ရာ ရဲစခန်းသို့ ပို့ခြင်း စသည်တို့ကို ဆောင်ရွက်လျက်
ရှိသည်။

ထိုအဖွဲ့သည် အစိုးရက အသိအမှတ်ပြုထားသည့် အဖွဲ့ မဟုတ်၊ လက်နက် ရှိသော
အဖွဲ့အစည်းလည်း မဟုတ်ဘဲ ရပ်ရွာ၏ အင်အား၊ လူထု၏ အင်အားဖြင့် မူးယစ်ဆေးဝါးကို
တိုက်ဖျက်နေကြခြင်း ဖြစ်သည်။

"ကျွန်တော်တို့ ရပ်ရွာမှာတော့ တစ်နှစ်ကို တစ်ခါမှ ရဲဆိုတာကို မြင်ချင်မြင်ရတယ်။ အဲဒါကြောင့်
ကျွန်တော်တို့ ဒေသက သက်ဆိုင်ရာတွေကို အားမကိုးတာ မဟုတ်ဘူး။ အားကိုးတော့
အားကိုးပါတယ်။ ဒါပေမဲ့ တစ်နှစ်မှ တစ်ခါပဲ မြင်ရတဲ့ မျက်နှာတွေမို့လို့ ကျွန်တော်တို့ ဘယ်လိုလုပ်
အားကိုးမလဲ။ ကျွန်တော်တို့ လူငယ်တွေ ဒီတိုင်းထားပစ်ရတော့မှာလား။ ကျွန်တော်တို့
မလုပ်သင့်ဘူးလား။ ဒါတွေဟာ သက်ဆိုင်ရာမှာပဲ တာဝန်ရှိတာမဟုတ်ဘူး။ ကျွန်တော်တို့ပါ
ပူးပေါင်းလုပ်ဖို့လိုတယ်လို့ ပြောချင်တာပါ"ဟု မိုင်းအိုက်နိုင်က ပြောသည်။

မာန်အောင်ကျေးရွာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ စတင်ဖွဲ့စည်းသည့်အချိန်မှ စ၍ ၁၆ လ
အတွင်း နမ့်ခမ်းရဲစခန်းသို့ မူးယစ်ဆေးဝါး သယ်ဆောင်လာသူ ကိုးဦးကို အပ်နှံ နိုင်ခဲ့ပြီး ကိုယ်တိုင်
သုံးစွဲသူများကို ကျေးရွာ ပြည်သူ့စစ်စခန်းနှင့် ဘုန်းတော်ကြီးကျောင်းတို့တွင် မူးယစ်ဆေးဖြတ်ပေး
သည်ဟု ဆိုသည်။

လူငယ်အဖွဲ့က ဖမ်းဆီးရမိသည်များမှာ အများအားဖြင့် ဘိန်းဖြူနှင့် ဆေးပြား (ယာဘ) တို့ ဖြစ်ပြီး
တစ်ခါတစ်ရံ ဘိန်းမည်းသယ်ဆောင် သူများကိုလည်း တွေ့ရကြောင်း သိရသည်။

လူငယ်အဖွဲ့က ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းချသူများကို နမ့်ခမ်းရဲစခန်းက
လက်ခံသော်လည်း ပူးပေါင်း ဆောင်ရွက်ခြင်း၊ အားပေးခြင်းမရှိဟု မိုင်းအိုက်နိုင် က ဆိုသည်။

မာန်အောင် ကျေးရွာကဲ့သို့ပင် လူထုကိုယ်တိုင် မူးယစ်ဆေးဝါး တားဆီးနေသော တာမိုး ညဲမြို့နယ်
လူမျိုးပေါင်းစုံ မူးယစ်ဆေးဝါးတိုက် ဖျက်ရေးအဖွဲ့ကလည်း ရဲတပ်ဖွဲ့က ပိုမို ပူးပေါင်းကူညီစေချင်
ကြောင်းပြောသည်။

"ပြီးခဲ့တဲ့လက သုံးတဲ့သူကို သွားဖမ်းရင်းနဲ့ ရောင်းတဲ့သူပါ မိတော့ ရဲစခန်းကို အကြောင်းကြား
တယ်။ ရဲကတော်တော်နဲ့ ရောက်မလာတာနဲ့ ပြည်သူ့စစ်ခေါင်းဆောင်နဲ့ ရပ်ရွာလူကြီးတွေ
ကိုယ်တိုင် ဖမ်းပြီး ရဲစခန်းပို့တယ်။ အဲဒီတော့ ရဲစခန်းက တရားခံကို ရပ်ရွာက ဖမ်းပြီးပို့တာ
ဥပဒေမှာ မရှိဘူးဆိုပြီး ကျွန်တော်တို့ နဂိုနေရာ ပြန်သွားပြီး သူတို့က ပြန်လာဖမ်းတယ်။
နောက်လည်း အကြောင်းသာ ကြားပါ၊ လာမပို့ နဲ့လို့ဆိုတယ်"ဟု ကော်မတီဝင် ဦးနော်ဆန်းက
ပြောသည်။

တရားဥပဒေစိုးမိုးမှု လျော့ရဲခြင်းကြောင့် လူ့အဖွဲ့အစည်းအတွင်း မူးယစ်ဆေးဝါး ပျံ့နှံ့မှုမှာ
တိုးပွားလျက်ရှိသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်အတော်များများတွင် မာန်အောင်ကျေးရွာ
မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ ကဲ့သို့ပင် ရပ်ရွာအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို
ရပ်ရွာ လူထုကိုယ်တိုင် ပါဝင်လှုပ်ရှား နေကြသည်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (UNODC) ၏ ၂၀၁၃ ခုနှစ် အရှေ့တောင်အာရှဆိုင်ရာ
မူးယစ်ဆေးဝါး စစ်တမ်းအရ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ၂၀၀၉ ခုနှစ်က ဘိန်းစိုက် ဟက်တာ
၁,၆၀၀ သာ ရှိခဲ့သော်လည်း ၂၀၁၃ ခုနှစ်တွင် ၈,၃၀၀ ဟက်တာအထိ တိုးမြင့်လာခဲ့သည်။

၂၀၁၂ - ၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ တစ်ဝန်း ဘိန်းစိုက် ဟက်တာ ၅၇,၈၀၀ ရှိသည့်အနက်
၄၆ ရာခိုင်နှုန်းသည် ရှမ်းပြည်နယ်တွင် စိုက်ပျိုးနေကြခြင်းဖြစ်သည်။

"အလွယ်တကူ ရနေတာကလည်း အခုလက်ရှိ မူးယစ်ဆေးပြဿနာရဲ့ အဓိက အဖြေတစ်ခုပဲ။
အရင်တုန်းကဆိုရင် ဘိန်းစားတစ်ယောက်က ပိုက်ဆံ လေးငါးထောင် ရမှ ဘိန်းရှူလို့ရမယ်။
အခုကျတော့ ငွေ ၁,၀၀၀ လောက်နဲ့ တစ်ရက်စာ လုံလောက်နေတော့ အရင်က မလုပ်နိုင်တဲ့
သူလည်းလုပ်၊ စမ်းကြည့်ချင်တဲ့ လူလည်း လုပ်နေကြတာ" ဟု မူဆယ်မြို့နယ် မုံးမောင်းနယ်
ကချင် နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကော်မတီမှ ဦးဇော်ရာက
ပြောသည်။

မြန်မာနိုင်ငံ မူးယစ်ဆေးဝါး အလွဲသုံးစားပြုမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC) ၏
အချက်အလက်များအရ စိတ်ကြွဆေးပြား ယာဘ သုံးစွဲမှုသည် ၂၀၀၅ ခုနှစ်မှ စတင်၍
နှစ်စဉ်မြင့်တက်လျက်ရှိသည်။

ယာဘသည် ယခုနှစ်ပိုင်းများအတွင်း လူကြိုက်များသော မူးယစ်ဆေးဝါးဖြစ်လာပြီး ပြည်နယ်များ
တွင်သာမက ရန်ကုန်နှင့် မန္တလေးမြို့များအထိ အလွယ်တကူ ပျံ့နှံ့လျက်ရှိသည်။

မူးယစ်တိုက်ဖျက်ရေးကို ဒေသခံ အရပ်ဘက်အဖွဲ့အစည်းများ ကိုယ်တိုင် ပါဝင်လှုပ်ရှားနေမှုကို
မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး
ဗဟိုအဖွဲ့ အဖွဲ့ဝင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲဦးစီးအရာရှိချုပ် ရဲမှူးချုပ်ဝင်းခေါင်က လူထုအနေဖြင့်
ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်နေခြင်းကို ကြိုဆိုသည်ဟု ပြောသည်။

"မူးယစ်ဆေးဝါးမှရယ် မဟုတ်ဘူး လူကုန်ကူးမှုပဲဖြစ်ဖြစ် အခြားသော ရာဇ၀တ်မှုပဲဖြစ်ဖြစ် ဒီလို
တားဆီးကာကွယ်ဖို့ အသိစိတ်ဓာတ်ရှိရှိနဲ့ ရဲတပ်ဖွဲ့နဲ့ပူးပေါင်း ဆောင်ရွက်တယ်ဆိုတာ
ကောင်းသော လက္ခဏာပါ။ သူတို့ပတ်ဝန်းကျင် သူတို့ နယ်မြေလုံခြုံမှုရှိအောင် သူတို့ကိုယ်တိုင်
ပူးပေါင်း ကူညီဆောင်ရွက်မယ်ဆိုတဲ့ အသိစိတ်ဓာတ်နဲ့ ကျွန်တော်တို့ ရဲတပ်ဖွဲ့အပေါ်မှာ
ကူညီခြင်းကို ကျွန်တော်ကတော့ လုံးဝကို ကြိုဆိုပါတယ်"ဟု ၎င်းက ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း