အီလက်ထရွန်းနစ် ဗီဇာစနစ်ကို ၄၁ နိုင်ငံအပြင် အခြားနိုင်ငံများအား ဆက်လက်ခွင့်ပြုပေးရန်ရှိ

အီလက်ထရွန်းနစ် ဗီဇာစနစ်ဖြင့် ပထမဆုံးရောက်ရှိလာသည့် ဧည့်သည်တစ်ဦးကို ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ရန်ကုန်လေဆိပ်၌ အမှတ်တရလက်ဆောင် ပေးအပ်နေစဉ်။ ဓာတ်ပုံ - လူဝင်မှုဝန်ကြီးဌာနအီလက်ထရွန်းနစ် ဗီဇာစနစ်ဖြင့် ပထမဆုံးရောက်ရှိလာသည့် ဧည့်သည်တစ်ဦးကို ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ရန်ကုန်လေဆိပ်၌ အမှတ်တရလက်ဆောင် ပေးအပ်နေစဉ်။ ဓာတ်ပုံ - လူဝင်မှုဝန်ကြီးဌာန

ယခုလ ၁ ရက်နေ့မှ စတင်၍ တရားဝင်စတင် လိုက်သည့် မြန်မာ အီလက်ထရွန်းနစ် ဗီဇာ စနစ်ကို
လက်ရှိ ၀န်ဆောင်မှုပေးနေသည့် နိုင်ငံပေါင်း ၄၁ နိုင်ငံအပြင် အခြားနိုင်ငံများ နှင့် ပြည်တွင်း
လေဆိပ်အချို့တွင် မကြာမီ ၀န်ဆောင်မှုပေးရန်ရှိကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ယခုလ ၁ ရက်နေ့တွင် ပြုလုပ်သည့်
သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

"လွန်ခဲ့တဲ့ ဩဂုတ်လဆန်း ကတည်းက အီလက်ထရွန်းနစ်ဗီဇာ ၀က်ဘ်ဆိုက်ကို အစမ်းအသပ်
ကာလအဖြစ် ၀န်ဆောင်မှု စတင်ခဲ့ပါတယ်။ အဲဒီစမ်းသပ် ကာလကနေ ယနေ့အထိ စုစုပေါင်း
နိုင်ငံခြားခရီးသွား ဧည့်သည် ၅၈၀ ကျော်လောက် လျှောက်ထားရာကနေ ၅၀၀ ကျော်လောက်ကို
အွန်လိုင်း ဗီဇာထုတ်ပေးပြီး ဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုကြောင့် နိုင်ငံတကာ ခရီးသွားဧည့်သည်
တွေကိုလည်း ပိုမိုဆွဲဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"ဟု ဦးခင်ရီက ပြောသည်။

"အခုဒီစနစ်ကို မြန်မာနိုင်ငံမှာ သံရုံးရှိပြီး နိုင်ငံနဲ့ မြန်မာနိုင်ငံကို ၀င်ထွက်သွားလာမှုများတဲ့
နိုင်ငံပေါင်း ၄၁ နိုင်ငံက ခရီးသွားဧည့်သည်တွေကို ကနဦး ရန်ကုန်လေဆိပ်တစ်ခုမှာပဲ စပေးနေပါပြီ။
မကြာခင်မှာ မန္တလေးနဲ့ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ် တွေမှာလည်း အလားတူ
ဝန်ဆောင်မှုပေးဖို့ ရှိပါတယ်။ နောက်ထပ် လက်ရှိနိုင်ငံအပြင် အခြားနိုင်ငံသစ်တွေကိုလည်း
တိုးချဲ့ဝန်ဆောင်မှု ပေးဖို့ရှိပါတယ်။ ဘယ်တော့လောက်လဲဆိုတာ လက်ရှိလုပ်နိုင်မယ့်
အလားအလာကိုကြည့်ပြီး ထပ်တိုးပေးမှာပါ။ နောက်အလားတူ နယ်စပ်ဂိတ်တွေမှာလည်း
ဝန်ဆောင်မှု တိုးချဲ့ဖို့အထိ ရည်ရွယ်ထားပါတယ်"ဟု ၎င်းက ဆက်ပြောသည်။

ဗီဇာလျှောက်ထားခမှာ အမေရိကန်ဒေါ်လာ ၅၀ ဖြစ်ပြီး နိုင်ငံတကာငွေချေကတ်များဖြစ်သည့်
ဗီဇာ၊ မာစတာစသော ကတ်များဖြင့် အွန်လိုင်းမှ ပေးချေရမည်ဖြစ်သည်။

နေထိုင်ခွင့်သက်တမ်းအား မြန်မာပြည် ရောက်သည့်နေ့မှ စတင်ခါ၂၈ ရက် နေထိုင်ခွင့်ရမည်
ဖြစ်သည်။

"အွန်လိုင်းကနေ အီလက်ထရွန်းနစ် ဗီဇာ လျှောက်ထားပြီး တစ်နာရီအတွင်းမှာ
လက်ခံရရှိပြီးကြောင်း လျှောက်ထားသူကို ကျွန်တော်တို့ အကြောင်းကြားပေးမှာ ဖြစ်ပြီး
အများဆုံးမှ ငါးရက်လောက်ပဲ ကြာပါတယ်" ဟု ဦးခင်ရီက ပြောသည်။

"ခရီးသွား ဗီဇာတစ်မျိုးတည်း ပေးရခြင်းက လက်ရှိခရီးသွားဧည့်သည်အ၀င်မှာ ခရီးသွားဗီဇာနဲ့
ဝင်ရောက်လာတဲ့ ဧည့်သည် အရေအတွက်က အများဆုံးဖြစ်နေတာ ကြောင့်ပါ။ နောက်ပိုင်းတော့
စီးပွားရေး ဗီဇာကိုပါ ပေးဖို့အထိ ရည်ရွယ်ထားပါတယ်။ အတိအကျအခုတော့ ပြောလို့မရသေးပါ
ဘူး။ သေချာတဲ့အခါ တရားဝင် ကြေညာသွားပါမယ်။ အခုတော့ စီးပွားရေးလုပ်ငန်းရှင်တွေက
စီးပွားရေး ဆိုက်ရောက်ဗီဇာကို လေဆိပ်မှာ လျှောက်ထားလို့ရပါတယ်"ဟု ဦးခင်ရီက ပြောသည်။

အီးဗီဇာကို အာဆီယံ အဖွဲ့ဝင်နိုင်ငံများ အပြင် ဩစတြေးလျ၊ ဘရာဇီး၊ ဘင်္ဂလားဒေ့ရှ်၊ ကနေဒါ၊
ချက်၊ တရုတ်၊ ဒိန်းမတ်၊ အီဂျစ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အိန္ဒိယ၊ အစ္စရေး၊ ဂျပန်၊
တောင်ကိုးရီးယား၊ မြောက်ကိုးရီးယား၊ ကူဝိတ်၊ နီပေါ၊ နယူးဇီလန်၊ နယ်သာလန်၊ နော်ဝေ၊
ပါကစ္စတန်၊ ရုရှား၊ ဆွစ်ဇာလန်၊ အီတလီ၊ စပိန်၊ ဆာဘီးယား၊ ဆော်ဒီအာရေဗျ၊ သီရိလင်္ကာ၊
တူရကီ၊ ဗြိတိန်နှင့် အမေရိကန် တို့ကို ခွင့်ပြုထားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း