စောင့်ကြည့်ရမယ့် အာဆီယံစီးပွားရေး မျှတမှု မူဘောင် စာတမ်း

အာဆီယံဒေသတွင်း စီးပွားရေးဖွံ့ဖြိုးမှု ကွာဟချက်ကို လျှော့ချနိုင်ရေးအတွက် အာဆီယံစီးပွားရေး
မျှတမှုမူဘောင်ကို မြန်မာနိုင်ငံက ကမ္ဘာ့ဘဏ်ရဲ့ ကူညီမှုနဲ့ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်စဉ်ကာလမှာ
လေ့လာသုံးသပ်ရေးဆွဲနေတာ ဖြစ်ပါတယ်။

ဒီမူဘောင်ကို လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် ၂၅ ကြိမ်မြောက် အာဆီယံထိပ်သီး
အစည်းအဝေးမှာ တင်ပြသွားနိုင်ဖို့ ရည်ရွယ်ထားခဲ့တာဖြစ်ပါတယ်။

အထူးသဖြင့် အာဆီယံနိုင်ငံများအနက် စီးပွားရေးဖွံ့ဖြိုးမှု နိမ့်ကျနေဆဲဖြစ်တဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊
လာအို၊ ဗီယက်နမ် နိုင်ငံတွေ ကြား စီးပွားရေးဖွံ့ဖြိုးမှု ကွာဟချက်ကို လျှော့ချ နိုင်ဖို့ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့က တော့ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးမှုကွာဟချက်ကို လျှော့ချနိုင်ဖို့ အသေးစားနဲ့
အလတ်စားစီးပွားရေး လုပ်ငန်းတွေ ဖွံ့ဖြိုးလာအောင် ဆောင်ရွက်ပေးခြင်းနဲ့ အစိုးရ - ပုဂ္ဂလိက
ပူးပေါင်းဆောင်ရွက်မှုကဏ္ဍ မြှင့်တင်ခြင်းတွေကို ဆောင်ရွက်သွားဖို့ရှိတယ်လို့ အမျိုးသားစီမံကိန်း
နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က
ပြောပါတယ်။

၂၀၁၄ အတွက် ထုတ်ပြန်ခဲ့တဲ့ အာဆီယံ အသေးစားနှင့် အလတ်စားလုပ်ငန်း မူဝါဒအညွှန်းကိန်းမှာ
မြန်မာနိုင်ငံအနေနဲ့ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ဖို့
ပတ်ဝန်းကျင်ကောင်းတွေ ဖန်တီးပေးဖို့ လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။

အညွှန်းကိန်းမှာ ဖော်ပြထားချက်အရ မြန်မာနိုင်ငံက အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း
အခြေခံအင်စတီကျူးရှင်းမူဘောင်မှာ ရမှတ် ၂ ဒသမ ၉ မှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ နိုင်ငံစာရင်းမှာ ပါဝင်နေတဲ့ ကမ္ဘောဒီးယားနဲ့ လာအိုကတော့ ၂ ဒသမ ၆ အဆင့်မှာ
ရှိနေခဲ့ပြီး ဗီယက်နမ်ကတော့ ၃ ဒသမ ၈ ရှိပါတယ်။

ယခုနှစ် ဩဂုတ်လကုန်ပိုင်းက ပြုလုပ်ခဲ့တဲ့ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီအစည်းအဝေးမှာ နိုင်ငံတော် ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း
က အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများနဲ့ ပတ်သက်ပြီး မူဝါဒ၊ ဥပဒေ၊ ဆက်စပ်
ဥပဒေတွေ ရေးဆွဲပြုစုရေး၊ လုပ်ငန်းစတင်ထူထောင်နိုင်ရေး၊ ငွေကြေးအရင်းအနှီး လွယ်ကူ
သက်သာစွာ ရရှိရေး၊ လူ့စွမ်းအားအရင်းအမြစ် တိုးတက်ရေးနည်းပညာမြှင့်တင်မှု စံချိန်စံညွှန်းတွေ
သတ်မှတ်ရေး၊ သတင်းအချက်အလက်နဲ့ သုတေသနလုပ်ငန်းတွေ လုပ်ဆောင်ရေး၊ ယှဉ်ပြိုင်နိုင်စွမ်း
မြှင့်တင်ပြီး ဈေးကွက် ထိုးဖောက်ရေး၊ စောင့်ကြည့်အကဲဖြတ်ရေး၊ လုပ်ငန်းအစုအဖွဲ့တွေ ဖွဲ့စည်း
လုပ်ဆောင်နေပေမယ့် မျှော်မှန်းသလောက် ခရီးမပေါက်သေးဘဲ လိုအပ်ချက်နဲ့ စိန်ခေါ်မှုတွေ
ရင်ဆိုင်နေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးမှု ၀န်ကြီးဌာန နိုင်ငံခြားစီးပွားဆက်ဆံရေးဦးစီးဌာန
ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က စီးပွားရေးဖွံ့ဖြိုးမှု ကွာဟချက် လျှော့ချနိုင်ဖို့
အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းနဲ့ အစိုးရနဲ့ပုဂ္ဂလိက ပူးပေါင်းမှု မြှင့်တင်တာတွေ
အပါအ၀င် လိုအပ်တဲ့ကိစ္စတွေ ဆောင်ရွက်နိုင်ဖို့အတွက် မြန်မာနိုင်ငံက ဈေးကွက်၊ နည်းပညာနဲ့
ငွေကြေး လိုအပ်ချက်ရှိနေတုန်းပဲလို့ ဆိုပါတယ်။

"မြန်မာနိုင်ငံက လက်ရှိမှာ ဘယ်လိုထိ ရောက်တဲ့ စီးပွားရေးမူဝါဒ ပြုပြင်ပြောင်းလဲမှုတွေ
လုပ်နေတယ်ဆိုတာကို စီးပွားရေးသမားတွေကိုချပြနိုင်ရင် ရင်းနှီး မြှုပ်နှံမယ့်သူတွေကို
ပိုပြီးစိတ်ဝင်စားလာစေမယ့် အခြေအနေဖြစ်ပါတယ်။ ဒါက စီးပွားရေးဖွံ့ဖြိုးမှု ကွာဟချက်ကို
လျှော့ချနိုင်ဖို့ မြန်မာက အခွင့်ကောင်းကို ရထားတဲ့အချိန်ပဲဖြစ်ပါတယ်" လို့ အာဆီယံ
ဒုတိယအတွင်းရေးမှူးချုပ် မစ္စတာ လင်းဟွန်ဟင်က ပြောပါတယ်။

ရန်ကုန်စီးပွားရေးတက္ကသိုလ် အသုံးချ စီးပွားရေးဌာန ပူးတွဲပါမောက္ခ ဒေါ်သီတာထူး က မြန်မာနိုင်ငံ
အနေနဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်ဖို့ အလားအလာကောင်းတွေ ရှိနေပြီး အဂတိလိုက်စားမှု
အပါအ၀င် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို အောင်မြင်အောင် ကိုင်တွယ် လုပ်ဆောင်ဖို့
လိုအပ်တယ်လို့ ဆိုပါတယ်။

အစိုးရသစ် တက်လာပြီးနောက်ပိုင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် ၂၀၁၃ ခုနှစ်၊
ဩဂုတ်လအတွင်းက အဂတိလိုက်စားမှုကော်မရှင်ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပေမယ့်
ထိရောက်အောင်ဆောင်ရွက်နိုင်တာ မရှိသေးဘူးလို့ ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး
သူကပြောပါတယ်။

"စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်၊ ကွာဟချက်လျော့ကျအောင် လုပ်မယ်ဆိုရင် ဒါတွေကို
အောင်မြင်အောင် ကိုင်တွယ်ဖို့ လိုအပ်သလို အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို
ဆောင်ရွက်ဖို့ လိုအပ်ပါတယ်" လို့ ဒေါ်သီတာထူး ကပြောပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး ယခုနှစ် နိုဝင်ဘာလတွင်း ဩစတြေးလျနိုင်ငံမှာ
ကျင်းပမယ့် ဂျီ ၂၀ အစည်းအဝေးကို မြန်မာနိုင်ငံက ဦးဆောင်ပေးပို့ဖို့ စီစဉ်ထားတဲ့ အာဆီယံ
စီးပွားရေးကဏ္ဍဆိုင်ရာ စာတမ်းမှာလည်း အဂတိလိုက်စားမှု ပပျောက်ရေးအချက် တစ်ချက်ကို
ထည့်သွင်းထားတယ်လို့ ဒေါက်တာကံဇော် က ပြောပါတယ်။

"ကျွန်တော်တို့အနေနဲ့ အဂတိကလိုက်စားမှု တိုက်ဖျက်ရေးကိစ္စကို ဦးစားပေးရည်ရွယ်ချက်
တစ်ခုအနေနဲ့ ကိုယ့်နိုင်ငံအတွင်းမှာရော အာဆီယံဒေသတွင်းမှာပါ အဓိကလုပ်ဆောင်နေပါတယ်"
လို့ ၎င်းကပြောပါတယ်။

အာဆီယံဒေသတွင်း စီးပွားရေးဖွံ့ဖြိုးမှု နိမ့်ကျတဲ့ နိုင်ငံတွေအနက် အဂတိလိုက်စားမှုမှာ မြန်မာနဲ့
ကမ္ဘောဒီးယားနိုင်ငံတို့က အဆိုးရွားဆုံးအခြေအနေမှာ ရှိနေပြီး ငွေကြေးဖောင်းပွမှုမှာ ကမ္ဘာ့ဘဏ်ရဲ့
၂၀၁၃ ခုနှစ် ဩဂုတ်လထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံက ၅ ဒသမ ၅ ရာခိုင်နှုန်းမှာ
ရှိနေပါတယ်။

ကမ္ဘောဒီးယားက ၆ ဒသမ ၅ ၊ လာအိုက ၆ ဒသမ ၆ နဲ့ ဗီယက်နမ်က ၆ ဒသမ ၈ ရာခိုင်နှုန်း
အသီးသီးရှိနေကြပါတယ်။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကြောင့် နိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်ဖို့ နိုင်ငံတကာရဲ့ စိတ်ဝင်စားမှု
ကို ရရှိထားသလို အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု အပါအ၀င် အထူးစီးပွားရေးဇုန် လုပ်ငန်းရင်းနှီးမြှုပ်နှံမှုတွေ
မြန်မာနိုင်ငံတွင်း ၀င်ရောက်လာနေခဲ့သော်လည်း ယင်းတို့ရဲ့ လုပ်ငန်းအကောင်အထည်
ပြီးမြောက်မှု မရှိသေးတာကြောင့် ငွေကြေးဖောင်းပွမှုဟာ ဆက်လက်မြင့်မားနေတာဖြစ်တယ်လို့
ပါရမီ စွမ်းအင်များအဖွဲ့ ကုမ္ပဏီ အကြီးတန်း အကြံပေး ဦးတင်ချို ကပြောပါတယ်။

"ငွေကြေးဖောင်းပွမှုနဲ့ ပတ်သက်တာဖြစ်ဖြစ် အဂတိလိုက်စားမှုနဲ့ ပတ်သက်တာဖြစ်ဖြစ်
မြန်မာနိုင်ငံက အခုထိ တိတိကျကျထုတ် ပြန်တယ်ဆိုတာမရှိသေးဘူး။ ခန့်မှန်းချက်တွေပဲ ရှိတယ်။
ဒါတွေကို တကယ်စိုးရိမ်ပြီး အလေးအနက်ထား လုပ်တာလည်း နည်းတယ်။ ပူးပေါင်း
ဆောင်ရွက်တယ်ဆိုတာလည်း အားနည်းနေတုန်းပဲ" လို့ သူက ဆိုပါတယ်။

စီးပွားရေးဖွံ့ဖြိုးမှု ကွာဟချက်ကို လျှော့ချ နိုင်ဖို့ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေ၊
အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင် ရွက်မှုမြှင့်တင်တာတွေ လုပ်ဆောင်နေရုံနဲ့ မရဘဲ လုပ်ငန်း
အကောင်အထည်ဖော်မှုမှာ ကြုံတွေ့ရနိုင်တဲ့ ငွေကြေးဖောင်းပွမှု၊ အဂတိလိုက်စားမှု စတာတွေ
အတွက်လည်း သီးခြား စီမံချက်တွေ အစိုးရအနေနဲ့ ချမှတ်ထားသင့်တယ်လို့ သူက ပြောပါတယ်။

"အာဆီယံ အစည်းအဝေးတွေမှာတော့ ငွေကြေးဖောင်းပွမှုနဲ့ ပတ်သက်လို့ တိုက်ရိုက် ဆွေးနွေး
ခဲ့တာမျိုးမရှိပါဘူး။ ဒါပေမဲ့ ဒါက ကုန်စည်စီးဆင်းမှု ကုန်ထုတ်လုပ်မှုနဲ့ သက်ဆိုင်တာဖြစ်တဲ့
အတွက် ကုန်စည်စီးဆင်းမှုမှန်ကန်နေမယ်၊ ထုတ်လုပ်မှုရောင်းလို အားရှိနေမယ်ဆိုရင်
ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်မယ့် သဘောရှိပါတယ်။ ဒါကြောင့် ဖွံ့ဖြိုးမှုကွာဟတဲ့
နိုင်ငံတွေအကြား ကွာဟချက်လျှော့ချနိုင်ဖို့ ကုန်ထုတ်မှုအပိုင်းမှာ စနစ်တကျထုတ်နိုင်အောင်
ကျွန်တော်တို့ အဓိကထား ဆွေးနွေးပါတယ်"လို့ ဒေါက်တာကံဇော် ကပြောပါတယ်။

အရည်အသွေးမီ ကုန်ပစ္စည်းတွေ ထုတ်လုပ်နိုင်ရင်၊ ဈေးကွက်အတွင်း ၀ယ်လိုအားနဲ့ ရောင်းလိုအား
ညီညွတ်မျှတအောင် ဆောင်ရွက်နိုင်မယ်ဆိုရင် ငွေကြေးဖောင်းပွမှုနှုန်းကို လျှော့ချနိုင်မှာဖြစ်တဲ့
အတွက် အာဆီယံနိုင်ငံများကြား စီးပွားရေးဖွံ့ဖြိုးမှု ကွာဟချက်ဟာ ထိုအပေါ် မှီတည်ပြီးလျော့ကျ
လာမှာဖြစ်တယ်လို့ သူကဆိုပါတယ်။

"ဒါကအပြောလွယ်သလောက် အလုပ် ခက်ပါတယ်။ လျှပ်စစ်မီး လုံလောက်မှု မရှိတာ၊
စရိတ်မျှတအောင် မထုတ်လုပ်နိုင်သေးတာတွေကြောင့် ဈေးကွက်ထဲမှာ ထုတ်လုပ်မှု
တိုးတက်လာဖို့ဆိုတာ ခက်တယ်။ ထုတ်လုပ်မှု ကုန်ကျစရိတ်ကို လျှော့ချနိုင်ဖို့ လိုအပ်တဲ့အတွက်
ဈေးကွက်ထဲမှာ ၀ယ်လိုအား ရောင်းလိုအား မျှလာဖို့ဆိုတာက ခက်ခဲနေဦးမှာဖြစ် တယ်" လို့
ဦးတင်ချိုက ပြောပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လာမယ့် နိုဝင်ဘာလ အာဆီယံထိပ်သီးအစည်းအဝေးမှာ တင်သွင်းမယ့်
အာဆီယံစီးပွားရေး မျှတမှုမူဘောင်စာတမ်းအတွက် မြန်မာနိုင်ငံက လေ့လာသုံးသပ်ထားတဲ့
အချက်တွေဟာ လက်တွေ့နဲ့ ဘယ်လောက်နီးစပ်သလဲဆိုတာ စောင့်ကြည့်သွားရမှာဖြစ်တယ်လို့
သူက ဆိုပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း