အထက်တန်းဘာသာများ မြန်မာဘာသာဖြင့် သင်ကြားနိုင်ရန် ဆွေးနွေး

အခြေခံပညာအထက်တန်းတွင် အင်္ဂလိပ်ဘာသာဖြင့်သာ သင်ကြားနေသော အထွေထွေသိပံ္ပ
ဘာသာတွဲများကို မြန်မာဘာသာဖြင့် ပြောင်းလဲသင်ကြားပေးနိုင်ရန် ဆွေးနွေးညှိနှိုင်းလျက်
ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံရှိ အခြေခံပညာအထက်တန်းများဖြစ်သည့် န၀မတန်းနှင့် ဒသမတန်း
(တက္ကသိုလ်ဝင်တန်း)တို့တွင် သိပ္ပံတွဲဘာသာရပ်များအဖြစ် သင်ကြားကြရသည့် ရူပဗေဒ၊
ဓာတုဗေဒနှင့် ဇီဝဗေဒဘာသာရပ်တို့ကို အင်္ဂလိပ်ဘာသာဖြင့် သင်ကြားခြင်းမှ မြန်မာဘာသာဖြင့်
ပြောင်းလဲသင်ကြားပေးရန် စီစဉ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

"ဒီကိစ္စက ဆွေးနွေးညှိနှိုင်းဆဲအဆင့်ပဲ ရှိပါသေးတယ်။ တရားဝင်ဘာမှ မဖြစ်သေးတာမို့လို့
ပြောဖို့ကစောပါသေးတယ်။ တကယ်တမ်း တိတိကျကျထုတ်ပြန်နိုင်တဲ့အချိန်ကျရင်
အသိပေးသွားပါမယ်။ ကျောင်းသားတွေအနေနဲ့ မြန်မာလိုသင်ကြားရရင် သင်လွယ်၊ တတ်လွယ်
ဖြစ်အောင် ဆွေးနွေးနေတုန်းပါ။ နောက်လာမယ့်နှစ်တွေမှာ တစ်ဆင့်ချင်း တစ်ဆင့်ချင်း
အပိုင်းလိုက် ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာမှာပါ" ဟု ၎င်းကပြောသည်။

လက်ရှိတွင် ၎င်းဘာသာရပ်များကို အင်္ဂလိပ်ဘာသာဖြင့်သာ သင်ကြားနေရခြင်းကြောင့်
ကျောင်းသားများ အောင်ချက်ရာခိုင်နှုန်း လျော့နည်းပြီး အကျအရှုံးများလျက် ရှိနေသည်။

၂၀၁၄-၁၅ ပညာသင်နှစ် အောင်စာရင်းတွင် ရန်ကုန်တိုင်းဒေသကြီး၌ န၀မတန်း အောင်ချက်
ရာခိုင်နှုန်း သိသိသာသာ လျော့နည်းသွားခဲ့ပြီး ယခင်က အောင်ချက် ရာခိုင်နှုန်း ၉၀ ကျော်ရှိခဲ့ရာမှ
အောင်ချက် ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။

"အခုနောက်ပိုင်းမှာ ကိုးတန်းကလေးတွေ စာမလိုက်နိုင်တာကြောင့် အကျတွေ များနေတယ်။
အခြေခံမရှိတဲ့ ကလေးတွေက ရှစ်တန်းအောင်တာနဲ့ ကိုးတန်းလည်းရောက်ရော အင်္ဂလိပ်စာနဲ့
တန်းပြီးထိတွေ့ရတဲ့အတွက် မနိုင်မနင်းဖြစ်ကုန်ကြတယ်။ အခုချိန်မှာ အဆင့်မြင့်ပညာရေးဖြစ်ဖို့
ပညာရေး ပြုပြင်ပြောင်းလဲမှုတွေလုပ်နေလို့ အတန်းတင်ပြီး အောင်ပေးတဲ့ စနစ်မျိုး လုပ်လို့မရဘူး။
တကယ်အရည်အချင်းရှိမှသာ စာမေးပွဲ အောင်မြင်နိုင်မယ့်ခေတ်ပါ" ဟု ဗဟန်းမြို့နယ်
လက်ထောက်ပညာရေးမှူး ဦးတင်ဖုန်း က ပြောသည်။

ယခုကဲ့သို့ သိပ္ပံတွဲဘာသာရပ်များကို မြန်မာဘာသာသို့ သင်ကြားရေး ပြောင်းလဲနိုင်ရန်
အဆင့်မြင့်ပညာသင်ရိုး ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပြီး
အခြေခံပညာအထက်တန်းပညာရေး အောင်ချက်ရာခိုင်နှုန်း မြင့်မားလာစေရန် ဖြစ်သည်။

မြန်မာနိုင်ငံ ပုဂ္ဂလိကဆရာများအသင်းမှ ဒေါက်တာစိုးဝင်းဦးက "ဆရာတို့ကတော့
ဘယ်အပြောင်းအလဲကိုမဆို လက်သင့်ခံရမှာပဲ။ ကောင်းတဲ့ပြောင်းလဲမှုဖြစ်တာကို ကြိုဆိုရမှာပါ။
ဒါပေမဲ့ ဒီအပြောင်းအလဲကို တကယ်ပြုပြင်ပြောင်းလဲနိုင်ဖို့တော့ လိုမယ်" ဟု ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း